မြေအောက်ကမ္ဘာတွင် ဇောက်ထိုးချိတ်ဆွဲခံထားရခြင်း(2)
Vol. 38 Ch. 374
ပထမတွင်တော့ အိမ်ရှင်ဇနီးမောင်နှံသည်လည်း မိဘများ၏ ဖုန်းက အားမရှိသောကြောင့် စက်ပိတ်သွားသည်ဟုသာ ထင်ခဲ့ကြပြီး ခပ်ပေါ့ပေါ့သာ နေခဲ့ကြသည်။
သို့နှင့် သူတို့က တစ်ရွာတည်းနေထိုင်သည့် အိမ်နီးချင်းများအပြင် ရွာသူကြီးထံသို့ပါ ဖုန်းဆက်ခဲ့သော်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ ဖြေဆိုခဲ့ခြင်းမရှိပေ။
ဖုန်းတိုင်းက ‘စက်ပိတ်နေသည်၊ သတ်မှတ်ချိန်အတွင်း ဖြေဆိုခြင်းမရှိပါ’ ဟုသာ ဖြစ်နေခဲ့သည်။
နောက်နေ့မနက်တွင် ဇနီးမောင်နှံလည်း စိတ်ပူနေစွာဖြင့် ထပ်၍ ခေါ်ပြန်သည်။ အခြေအနေမှာတော့ ယမန်နေ့ညအတိုင်းသာလျှင် ဖြစ်နေပေ၏။
ထိုအချိန်တွင်တော့ ဇနီးမောင်နှံနှစ်ယောက်လုံး စိတ်ပူ၍ ခြေမကိုင်မိ၊လက်မကိုင်မိဖြစ်နေခဲ့ကြသည်။
ထို့ကြောင့် နေ့လည်ခင်းတွင် မိဘများအား သွားရောက်ကြည့်ရှုနိုင်ရန် ခွင့်ယူခဲ့ကြသည်။ ပို့စ်ရေးသားသူဖြစ်သည့် သူတို့နှင့် အတူနေထိုင်သည့် ကလေးထိန်းအား ကလေးငယ်ကို ကျောင်းကြို၍ ဂရုစိုက်ထားရန်သာ မှာကြားခဲ့ကြသည်။
ကလေးထိန်းဖြစ်သူလည်း မူလတန်းကျောင်းတက်ခါစ ကလေးငယ်ကို ကျောင်းကြိုပြီးနောက် အိမ်ရှင်ဇနီးမောင်နှံ ညွှန်ကြားခဲ့သည့်အတိုင်း ဂရုစိုက်ထားခဲ့သည်။
ညနေစောင်းသွားပြီဖြစ်သော်လည်း အိမ်ရှင်လင်မယားပြန်မလာခဲ့သေးပေ။
သူမနှင့်ကလေးငယ်တို့ မည်သို့ပင် ခေါ်ဆိုစေကာမူ သူတို့၏ဖုန်းအား ဆက်သွယ်၍ မရနိုင်ခဲ့ပေ။
နောက်တစ်နေ့ ညနေခင်းအထိ ဖုန်းခေါ်ဆို၍ မရခဲ့သောကြောင့် သူမလည်း ပို့စ်တင်၍ အကူအညီတောင်းခဲ့ရခြင်းသာ ဖြစ်သည်။
ကလေးထိန်းအမျိုးသမီးမှာ အံ့လည်း အံ့ဩမိသလို ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။
သူမက ရဲစခန်းသို့ အရင်ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက် ဒေသခံဖိုရမ်တွင်လည်း ပို့စ်တင်ကာ ရေးသားခဲ့သည်။
အိမ်ရှင်လင်မယား၏ မွေးရပ်မြို့နှင့် နီးစပ်သူများ သို့မဟုတ် တစ်ရွာတည်းသားချင်းများ မြင်တွေ့နိုင်ရန်ပင်ဖြစ်ပေ၏။
စုံစမ်းစစ်ဆေးရေးအဖွဲ့ ထိုပို့စ်အား မြင်တွေ့ချိန်တွင် မှတ်ချက်ပေါင်း နှစ်ရာကျော် သုံးရာနီးနီးပင် ရှိနေပြီဖြစ်သည်။
အများစုမှာတော့ ဤအဖြစ်အပျက်သည်က အမှန်တကယ်ဖြစ်သည်ဟု မယုံကြည်ခဲ့ကြချေ။ ပို့စ်တင်သူမှ ယုံတမ်းပုံပြင်တစ်ခု ပြောနေခဲ့သည်ဟုသာ ထင်ခဲ့ကြသည်။
အကြောင်းရင်းမှာ ပို့စ်တင်သည့် အမျိုးသမီးပြောခဲ့သော အိမ်ရှင်ဇနီးမောင်နှံ၏ မွေးရပ်မြေရွာမှာ ‘ထျန်ယွင်ကျေးရွာ’ဖြစ်ပြီး ဖန်းချန်းဒေသခံအများစုမှ ထိုနေရာတွင် ထိုကျေးရွာရှိသည်ဟု ကြားပင်မကြားဖူးခဲ့ကြပေ။
သို့သော် အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့သည်။
တချို့သော ဒေသခံများကလည်း ဖန်းချန်းတွင် ထိုနာမည်ဖြင့် ရွာအမှန်တကယ်ရှိကြောင်း၊ ထိုနေရာသည် ဝေးလံခေါင်းပါးလွန်း၍ ဆင်းရဲသည့်ရွာတစ်ရွာဖြစ်ကြောင်း၊ မြို့နှင့် အင်မတန်ကွာဝေးသောကြောင့် လူအတော်များ မသိကြခြင်း ဖြစ်ကြောင်း ရေးသားခဲ့ကြသည်။
မြေပုံတွင်လည်း ‘ထျန်ယွင်ကျေးရွာ’ဆိုသော နေရာ အမှန်တကယ်ရှိနေခဲ့သည်။
ထိုအချက်သည်က ဤဇာတ်လမ်းအား စိတ်ဝင်စားမှု ပို၍ မြင့်မားလာစေခဲ့သည်။
ထိုအချိန်တွင် ပို့စ်တင်ခဲ့သည့် ကလေးထိန်းအမျိုးသမီးလည်း သူမ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၊ မိဘများကို ရှာမတွေ့သောကြောင့် ငိုယိုနေသည့် ကလေးငယ်၏ ဓာတ်ပုံများကို တင်ခဲ့သောကြောင့် ထိုပို့စ်ကို စိတ်ဝင်စားသူများ ပို၍ များပြားလာခဲ့သည်။
ပို့စ်ကို မြင်ပြီးမကြာမီ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ လူများက ဒေသခံရဲစခန်းနှင့် ဒေသခံဝိဉာဉ်ဆိုင်ရာ အထူးဌာနခွဲတို့ထံမှ ဖုန်းလက်ခံရရှိခဲ့ရသည်။
တိုင်ကြားမှုကို လက်ခံပြီးနောက် ဒေသခံရဲစခန်းမှလည်း ဖုန်းခေါ်ဆိုသူ၏ အချက်အလက်များ၊ သက်သေများစုဆောင်းနိုင်ရန် သွားရောက်စစ်ဆေးခဲ့ကြပြီး ‘ထျန်ယွင်ကျေးရွာ’၏တည်နေရာသို့ ထွက်လာခဲ့ကြသည်။
သို့သော် မြေပုံတွင် ပြနေသော ထျန်ယွင်ကျေးရွာ၏ တည်နေရာသို့ ရောက်ရှိချိန်တွင် ကွင်းပြင်ကျယ်ကြီးနှင့် လမ်းနံဘေးမှ လယ်ကွင်းများကိုသာလျှင် မြင်တွေ့လိုက်ရပေသည်။
ထိုနေရာတွင် ကျေးရွာမရှိနေခဲ့ချေ။
လူနေအိမ်များ၊ ရွာသူရွာသားများလည်း တစ်ဦးတစ်ယောက်မျှပင်မရှိပေ။
ရဲများက ထိုနေရာတစ်ဝိုက်တွင် အခေါက်ခေါက်အခါခါ လှည့်ပတ်ကြည့်ရှုခဲ့ပါသော်လည်း လူကိုမဆိုထားနှင့်၊ ခွေးတစ်ကောင် ကြောင်တမြီးမျှပင် မတွေ့ခဲ့ကြရ။
သို့နှင့် သူတို့က မြေပုံတွင် ပြနေသည့်နေရာက ထျန်ယွင်ကျေးရွာ၏ နေရာအမှန်ဖြစ်ကြောင်းကို အကြိမ်ကြိမ် အတည်ပြုကြည့်ခဲ့ကြသည်။
နောက်ဆုံးတွင်တော့ ဤထူးဆန်းသည့်မြင်ကွင်းက သဘာဝလွန်အဖြစ်အပျက်တစ်ခုသာ ဖြစ်ရမည်ဟု ယူဆကာ ဒေသခံဝိဉာဉ်ဆိုင်ရာအထူးဌာနခွဲထံသို့ ဆက်သွယ်ခဲ့ကြလေ၏။
ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ ထိုသတင်းကို လက်ခံရရှိချိန်တွင် တောက်ဓမ္မဂိုဏ်းမှ လူများက လက်ဦးမှုရသွားခဲ့ပြီဖြစ်သည်။
ဂိုဏ်းတွင်းသူလျှိုများထံမှ ရရှိသည့်သတင်းဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည်လည်း ပျောက်ဆုံးသွားသော ထျန်ယွင်ကျေးရွာသို့ ရောက်ရှိလာခဲ့ကြပြီး ဤကိစ္စအား သူတို့ဦးဆောင်ဖြေရှင်းမည်ဟု ကြေငြာခဲ့ကြသည်။
ထိုအဖွဲ့ထဲတွင် ချန်ချင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ် ပြန်ပေးဆွဲလာသော ယန်ချန်လည်း ပါဝင်ခဲ့သည်။
ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင်များလည်း ရွေးချယ်ရာမရှိတော့ဘဲ ယန်ချန်ကို ကာကွယ်ပေးနိုင်ရန်အတွက်သာ လူထည့်ပေးလိုက်ရသည်။“တောက်ဓမ္မဂိုဏ်းကလူတွေက ဒီထျန်ယွင်ရွာနားလေးမှာ ပူဇော်ပွဲလုပ်တုန်းက ပြောခဲ့ကြတယ်.. ဒီနေရာက ယင်စွမ်းအင်နဲ့ ဖုံးလွှမ်းပြီး အမြင်ကို လှည့်စားထားတဲ့နေရာတဲ့
သူတို့တွေက ယန်ချန်ကို မှော်လက်နက် ကျောက်စိမ်းလက်ချောင်းရိုးနဲ့အတူတူ ဖွဲ့စည်းပုံရဲ့ အလည်တည့်တည့်မှာ ထားခဲ့ကြတယ်!
ကြည့်ရတာ အဲဒီကျောက်စိမ်းလက်ချောင်းရိုးကို ယင်စွမ်းအင်တွေ စုတ်ယူဖို့အတွက် သုံးချင်တာနေမှာပေါ့”
“မကြာပါဘူး.. အဲဒီနေရာမှာ မြူတွေဆိုင်းသွားတယ်လေ.. တကယ်ကို ထူးဆန်းတာပါပဲ.. အဲဒီမြူခိုးထဲမှာ ထျန်ယွင်ရွာနဲ့ ရွာသူကြီးရဲ့ အရိပ်လိုလို ပေါ်လာခဲ့တယ်
ဒါပေမဲ့ သူတို့အဖွဲ့ အဲဒီမြူခိုးထဲကို ဝင်သွားကတည်းက အဆက်အသွယ်ပြတ်သွားလိုက်တာ အခုထိပါပဲ.. ဘယ်သူမှလည်း ထွက်မလာကြသေးဘူး”
ကုကျစ်စုန့် ထိုစကားကိုကြားရပြီးနောက် မျက်မှောင်ကြုတ်မိသည်။
အခြားသူများ မသိသော်လည်း သူမကတော့ ကောင်းကောင်းသိထားသည်။ ယန်ချန်၏ ကိုယ်ပေါ်မှ လက်ချောင်းရိုးသည်က ယင်စွမ်းအင်ကို စုတ်ယူနိုင်သည်မှာ မှန်သော်လည်း လူအများပြောသလောက်ထိ အစွမ်းမရှိနေခဲ့ပါချေ။
သူ့အား ဗဟိုချက်တွင် နေရာချလိုက်ခြင်းအားဖြင့် မကောင်းဆိုးရွားဝိဉာဉ်၏ အာရုံက သူ့ထံသို့ ရောက်လာမည်ဖြစ်သည်။
သို့သော် လက်ချောင်းရိုးကြောင့်မဟုတ်ဘဲ သူ့၏ကိုယ်တွင်းမှ မကောင်းမှုနိမိတ်ဆိုးသည်က မကောင်းမှုဝိဉာဉ်များကို စုဆောင်းနေခြင်းကြောင့်သာလျှင်ဖြစ်ပေသည်။
သူမ ကြိုးစား၍ သန့်စင်ခဲ့ပြီး ယန်ချန်၏ ကျန်းမာရေးကိုတည်ငြိမ်အောင် လုပ်ဆောင်ခဲ့ခြင်းများသည်က ချန်ချင်းဂိုဏ်း၏ ‘လုပ်ဆောင်ချက်များ’ကြောင့် ပျက်ဆီးခဲ့ရလေပြီ။
တစ်ချိန်တည်းမှာပင် ယန်ချန်သည်လည်း မကောင်းဆိုးဝါးဝိဉာဉ်များ၏ နှိပ်စက်မှုဒဏ်အား ခံနေရပေလိမ့်မည်။
ကုကျစ်စုန့် ခေတ္တမျှ စဉ်းစားလိုက်ရင်း ပြောလိုက်သည်။
“ဒါဆိုရင် ကျွန်မကို ထျန်ယွင်ရွာရှိတဲ့ နေရာကို ခေါ်သွားပေးပါ”
သူမကို လာရောက်ကြိုဆိုသည့် အဖွဲ့ဝင်မှာလည်း သူမက ဤမျှ တက်ကြွနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“အခုသွားတော့မှာလား? ကုတောက်ကျန့် ခဏလောက်စောင့်ပြီး နောက်ထပ်လူနည်းနည်းလောက်စုဆောင်းပြီးမှ မသွားချင်ဘူးလား?”
ကုကျစ်စုန့် ခေါင်းရမ်းလိုက်သည်။
“ဟင့်အင်း၊ ကျွန်မ အရင်သွားပြီး ကြည့်ကြည့်ပါဦးမယ်”
“ရပါတယ်.. ဒါဆိုလည်း ကျွန်တော် အဲဒီကို အရင်လိုက်ပို့ပေးမယ်”
ထျန်ယွင်ကျေးရွာ၏ တည်နေရာသို့ ရောက်ရှိနိုင်ရန်အတွက် သူမနေထိုင်သည့်နေရာမှ ၂နာရီခန့် ခရီးနှင်ခဲ့ရသည်။
ထိုအချိန်တွင် ဘေးခုံမှ လိုက်ပါလာသည့် ကုကျစ်စုန့်က ဖုန်းတွင်းမှ မြေပုံကိုကြည့်ပြီး၊ ပြတင်းပေါက်တွင် မြင်တွေ့နေရသော တဖြည်းဖြည်း ခေါင်လာသည့် လမ်းများကို ကြည့်ကာ နှိုင်းယှဉ်နေခဲ့သည်။
ကားကို အရှိန်သတ်လိုက်သည်နှင့် သူမ ကားပြတင်းမှ ခေါင်းပြူကြည့်လိုက်မိသည်။
သူမ၏ မျက်လုံးများက မေးစင်းသွားခဲ့ပြီး သူမ၏ မျက်နှာပေါ်မှ အမူအယာသည်လည်း ပေါ့ပေါ့ပါးပါးပုံစံမှ တည်ကြည်သွားခဲ့သည်။
သူမမျက်လုံးများထဲတွင်တော့ ဤနေရာသည်က သာမန်လူများ၊ အဖွဲ့ဝင်များ နှုတ်မှ ပြောခဲ့သည့် သာမန် ‘နေရာလပ်’တစ်ခု မဟုတ်ပေ။
ဤနေရာမှာ ဆင်ခြေဖုံးရပ်ကွက်တစ်ခုအား ပြောင်းပြန်လှန်ထားသကဲ့သို့ပင် ဖြစ်နေလေ၏။
ထိုနေရာ၏ ပတ်ပတ်လည်မှတဆင့် ဖန်းချန်း၏ မြို့ပြနေရာအထိ ပျံ့နှံ့ဖုန်းလွှမ်းထားသည့် ယင်စွမ်းအင်များကို သာမန်မျက်လုံးဖြင့် မမြင်နိုင်ပေ။
ဤထူးဆန်းသော မြင်ကွင်းမှာ သူမ နန်ပြည်နယ်သို့ သွားရောက်၍ ကျန်းမိသားစု၏ အငယ်ဆုံးသမီး ပျောက်ဆုံးသည့်အမှုကို စုံစမ်းစစ်ဆေးခဲ့သည့်အချိန်အား အမှတ်ရစေခဲ့သည်။
ထိုအချိန်က နန်ပြည်နယ်၏ နယ်စပ်ပေါ်မှ ကောင်းကင်သည်လည်း ဤကဲ့သို့ မီးခိုးရောင်မြူခိုးများ ဖုံးလွှမ်းနေခဲ့သည်။
နန်ပြည်နယ်ပေါ်မှ မြူခိုးတို့က ဖန်းချန်းနှင့်ယှဉ်ပါက နည်းပါးပြီး ယင်စွမ်းအင်လည်း ပို၍ ပါးလွှာသည်ဟု ဆိုနိုင်သည်။
ဤကဲ့သို့ ပတ်ဝန်းကျင်အမှောင်ဖုံးနေသော အခြေအနေတွင် ပို၍ပင် ဆိုးရွားသော၊ ပို၍ပင် ထူးဆန်းသော လျှို့ဝှက်ချက်များ ရှိနေမည်မှာ ငြင်း၍မရနိုင်ပေ။
ကုကျစ်စုန့် ကားထဲမှ ထွက်လိုက်ပြီးနောက် လက်ဖဝါးခန့်အရွယ်ရှိသည့် ကြေးဝါရောင် သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် အမြင့်တစ်နေရာကို ရှာ၍ လေထုကို စစ်ဆေးသည်။ လေသံကို နားထောင်သည်။
ဤနေရာ၏ ဖုန်းရွှေကောင်းကျိုး၊ ဆိုးကျိုးတို့အား ခွဲခြမ်းစိတ်ဖြာကြည့်ခဲ့သည်။
ခေတ္တအကြာတွင် မြှောက်ထားသည့်လက်ကို အောက်သို့ပြန်ချလိုက်လေသည်။ ထိုအခါမှပင် တစ်ချိန်လုံး နှောင့်ယှက်မိမည်ကို စိုးရိမ်သဖြင့် အသက်ပင် ဝဝမရှူရဲသော အဖွဲ့ဝင်မှ လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“ကုတောက်ကျန့် အခြေအနေက ဘယ်လိုလဲဟင်?”
ကုကျစ်စုန့်၏ အဖြေမှာကား ကျောချမ်းဖွယ်ကောင်းလောက်သည်ထိ အေးစက်လွန်းလှသည်။
“ထျန်ယွင်ရွာက ဒီနေရာမှာ ရှိတယ် ဒါပေမဲ့ ကျွန်မတို့ အဲဒါကို အခုမမြင်နိုင်ဘူး.. ဒီနေရာမှာ ယင်နဲ့ ယန်နဲ့က ပြောင်းပြန်ဖြစ်နေတာပဲ”
အဖွဲ့ဝင်လူငယ်လေးမှာတော့ ကုကျစ်စုန့်၏စကားကို နားမလည်နိုင်ခဲ့ပေ။
“ဒါက ဘာကို.. ပြောတာလဲ?”