မြေအောက်ကမ္ဘာတွင် ဇောက်ထိုးချိတ်ဆွဲခံထားရခြင်း (1)
Vol. 38 Ch. 373
ယန်ချန်ကိုဖမ်းခေါ်သွားသူမှာ တောင်တန်းများကို ပြိုလဲစေ၍ မြစ်များကို ရေလျှံစေသည်ဟု ပြောလျှင် လွန်မည်ဟုမထင်ပါချေ။
ထိုကဲ့သို့သော လူများအား တိုက်ခိုက်ရန်အတွက် ခေတ်မီနည်းပညာကို အသုံးပြုပါက ထိန်းချုပ်၍ မရနိုင်သည့် ဆက်တိုက်ထိခိုက်မှုများနှင့် တုံ့ပြန်မှုများကိုသာ ဖြစ်ပေါ်စေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ထိုကဲ့သို့သော တောက်ကျန့်မျိုး၏ မျက်လုံးထဲတွင် လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်မှ တည်ထောင်ခဲ့သည့် တိုင်းပြည်၏ စည်းမျဉ်းဥပဒေများသည်လည်း ရယ်စရာဟာသတစ်ခုသာ ဖြစ်နေခဲ့လိမ့်မည်။
ယခင်အတိတ်တွင် အစိုးရအရာရှိများက တောက်ဓမ္မပညာရှင်များဖြင့် ငြိမ်းချမ်းစွာ ပူးပေါင်းနေထိုင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ဖူးသည်။ သို့သော် ထိုဥပဒေဘောင်၏ အပြင်မှလူများက နိုင်ငံ၏ ဥပဒေကို စိန်ခေါ်ကာ သာမန်လူများ၏ ဘဝ၊ လုံခြုံရေးတို့အား တန်ဖိုးမရှိဟုသာ သတ်မှတ်ထားခဲ့ကြသည်။
ယန်ချန် ပြန်ပေးဆွဲခံလိုက်ရခြင်းသည်က ဤအစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများကြားမှ ယိုင်နဲ့နဲ့ဖြစ်နေသော ဆက်ဆံရေး၏ နောက်ဆုံးချည်နှောင်ထားသည့် ကြိုးငယ်လေးကို ပြတ်တောက်သွားစေခြင်းပင် ဖြစ်ပေ၏။
ကျန်းရူယွီ ဒေါသကို ထိန်း၍ ပြောလိုက်သည်။
“ဒီအကြောင်းကို သိရပြီးတော့ ဖန်းချန်းမှာရှိတဲ့ ကျွန်မတို့ရဲ့အဖွဲ့သားတွေလည်း ချက်ချင်းပဲ တောက်ဓမ္မဂိုဏ်းက လူတွေကို သွားတားပါသေးတယ်..
ဒါပေမဲ့ ဖန်းချန်းရဲ့ အခြေအနေက အရမ်းကို ဆိုးဝါးနေလိမ့်မယ်လို့ ကျွန်မတို့ မထင်ထားခဲ့ဘူးလေ၊ ဒီတော့ အဲဒီကို လွှတ်ထားတဲ့ အဖွဲ့ဝင်တွေထဲက အမြင့်ဆုံးက ‘ရွှမ်အဆင့်’တောင် မရှိဘူး
ဒါနဲ့ပဲ ကျွန်မတို့ရဲ့အဖွဲ့သားတွေလည်း ချန်ချင်းဂိုဏ်းက လူတွေကို ဘယ်လိုမှ တားလို့မရခဲ့ဘူး.. ဖျောင်းဖျပြောလို့လည်း မရခဲ့ဘူး”
နိုင်ငံတစ်ခုလုံးကိုပင် အထင်သေးရှုံ့ချစိတ်ဖြင့် ကြည့်နေသော၊ အင်မတိအင်မတန် မာနထောင်လွှားသည့် လူတစ်ယောက်အား သာမန်တောက်ကျန့်ငယ်လေးများမှ မည်သို့ ဖျောင်းဖျနိုင်ပါမည်နည်း?
ယန်ချန်အား ထျန်ယွင်ကျေးရွာသို့ ခေါ်သွားခွင့်မပြုလေလေ၊ ချန်ချင်းဂိုဏ်း၏ ဒုခေါင်းဆောင်က ပို၍ပင် ခေါ်သွားချင်လေလေဖြစ်သည်။
ကြံရာမရသည့်အဆုံး ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့သည်လည်း ထိုအားကောင်းသည့် တောက်ကျန့်အား ထိပ်တိုက်ရင်ဆိုင်ရန် လက်လျှော့လိုက်ကြရပြီး တခြားနည်းလမ်းတစ်ခုဖြင့်သာ ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်ကြသည်။
ဖန်းချန်းရှိ ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့မှ အဖွဲ့သားတချို့အား ယန်ချန်ကို ကာကွယ်ပေးရန်အတွက် ထျန်ယွင်ကျေးရွာသို့ အတူလိုက်ပါနိုင်ရန်တောင်းဆိုခဲ့ကြခြင်းပင်။
ထိုမျှ အလျှော့ပေးထားချိန်တွင်ပင် ချန်ချင်းဂိုဏ်း၏ ဒုတိယခေါင်းဆောင်က ကျေနပ်ဟန်မပေါ်ခဲ့ပါချေ။
ထိုစကားများကိုကြားရပြီးနောက် ဖုန်းကို ကိုင်ထားသော်ငြား တစ်ခွန်းတစ်ပါဒမျှ မဟခဲ့သည့် ကုကျစ်စုန့်အသံမှာ ခံစားချက်မဲ့၍ အေးစက်သွားခဲ့သည်။
“ဒီတော့ အခုအခြေအနေက ဘယ်လိုရှိလဲ? ယန်ချန်က အခုဘယ်မှာလဲ?”
ကျန်းရူယွီ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။
“မနေ့က မနက်ကတည်းက ထျန်ယွင်ရွာထဲကို ဝင်သွားတဲ့ ချန်ချင်းဂိုဏ်းသားတွေနဲ့ရော၊ ကျွန်မတို့ အဖွဲ့သားတွေနဲ့ရော အဆက်အသွယ် မရတော့တာပါပဲ”
ပထမတွင်တော့ သူတို့က ချန်ချင်းဂိုဏ်းမှ လူများက မာနထောင်လွှားလွန်း၍ သူတို့နှင့် မဆက်သွယ်ချင်သောကြောင့်ဟု ထင်ခဲ့ကြသည်။
သို့သော် တစ်ရက်တိတိ စောင့်ဆိုင်းပြီးချိန်တွင်ပင် အဖွဲ့သားများထံမှပင် စာတစ်စောင်မှမရခဲ့သောကြောင့် တစ်စုံတစ်ခု လွဲမှားနေပြီဖြစ်ကြောင်းကို သတိထားမိလိုက်ကြသည်။
ညနေခင်းအထိ သတင်းတစ်စုံတစ်ရာ မရသေးသောကြောင့် အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ကြသည့် ဝိဉာဉ်ဆိုင်ရာ အထူးဌာနမှ အဖွဲ့သားများလည်း ထျန်ယွင်ကျေးရွာတွင်းသို့ ဝင်ရောက်သွားသည့်အဖွဲ့က အထဲဘက်တွင် တစ်ခုခု မတော်တဆဖြစ်နေပြီဖြစ်ကြောင်းသိလိုက်ကြသည်။
သူတို့အဖွဲ့နှစ်ခုက အဆက်အသွယ်ပြတ်သွားခဲ့ချေပြီ။
ဤမျှသာဆိုပါက ဌာနချုပ်မှလူများက ဤအမှုအား ညတွင်းချင်း ‘အန္တရာယ်ရှိ’အဆင့်သတ်မှတ်၍ ဆုကြေးငွေထုတ်မည်မဟုတ်သေးပေ။
“ကျွန်မတို့ စုံစမ်းနေတဲ့အမှုတစ်ခုဖြစ်တဲ့ သေခြင်းကာတွန်းစာအုပ်အမှုကလည်း ဖန်းချန်းမှာ နာမည်ကြီးပဲ.. အဲဒီကိစ္စကလည်း အတော်လေး ရှုပ်ထွေးတယ်
ဒါနဲ့ ဌာနချုပ်ကနေ အဖွဲ့ထဲက စီနီယာတစ်ယောက်ကိုပါ ကူညီစုံစမ်းပေးလို့ရအောင် လွှတ်ခဲ့တယ်လေ.. သူ မနေ့က ညနေခင်းပဲ ရောက်လာခဲ့တယ်”
“ချန်ချင်းဂိုဏ်းက ကျွန်မတို့အဖွဲ့သားတွေနဲ့ ယန်ချန်ကို ခေါ်ပြီး ရွာထဲကို စုံစမ်းဖို့ဝင်သွားပြီးတဲ့နောက်မှာ အဆက်အသွယ်ပြတ်သွားတယ်ဆိုတာကို သိတော့ အဲဒီစီနီယာလည်း တခြားလုပ်ဖော်ကိုင်ဖက်တွေကိုပါ ခေါ်ပြီး ထျန်ယွင်ရွာကို ချက်ချင်းသွားခဲ့တာ”
ခေတ္တမျှ ရပ်လိုက်ပြီးနောက် ကျန်းရူယွီ တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒီနေရာကိုလည်း ရောက်ရော တွေ့လိုက်ရတာက... အဲဒီနေရာက သစ်ပင်ခြောက်တွေ တစ်ပင်စ၊ နှစ်ပင်စလောက်ပဲ ရှိတဲ့ ဗလာဟင်းလင်းနေရာကြီးဖြစ်နေတယ်..
အဲဒီနေရာက တကယ်တော့ လူသူကင်းမဲ့တဲ့နေရာသက်သက်ဖြစ်ပြီး ဘာထျန်ယွင်ရွာမှလည်း မရှိဘူးတဲ့လေ…”
“အဲဒီရွာက အစတုန်းကတော့ နယ်မြို့လေးရဲ့ အစွန်မှာရှိတာ..အခုကျတော့ လူတွေတင်မကဘူး အိမ်တွေပါကို မရှိတော့တာတဲ့!”ဖန်းချန်းမှ အဖြစ်အပျက်များ၏ အကြမ်းဖျင်းအား ကျန်းရူယွီထံမှ သိရပြီးနောက် ကုကျစ်စုန့်လည်း ဖန်းချန်းသို့ သွားရောက်စစ်ဆေးမည့် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်အတူ လိုက်ပါရန် သဘောတူခဲ့သည်။
သူမ လက်ခံလိုက်သည်နှင့်တပြိုင်နက် ထိုအမှုကို စောင့်ကြည့်နေကြသည့် အဖွဲ့သားများသည်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ထပ်တိုးပါလာသည့် လူစာရင်းကို သတိပြုမိသွားကြသည်။
နာရီဝက်အတွင်းမှာပင် ‘ကုကျစ်စုန့် ဖန်းချန်းစုံစမ်းရေးအဖွဲ့နှင့် ပူးပေါင်းလိုက်ခြင်း’ ဆိုသော သတင်းက ဝိဉာဉ်ဆိုင်ရာ အထူးဌာနအတွင်း၌ ဟိုးလေးတကျော်ဖြစ်သွားခဲ့သည်။
နောက်တစ်နေ့မနက်တွင် ကုကျစ်စုန့်တစ်ယောက် ဌာနချုပ်မှ စီစဉ်ပေးသည့် ဖန်းချန်းသို့ သွားသော လေယာဉ်ပေါ်တွင် ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင်များနှင့်အတူ လိုက်ပါစီးနင်းလာခဲ့သည်။
လေယာဉ်ပေါ်မှ ဆင်းလာပြီးနောက် ဖန်းချန်းတွင်တာဝန်ကျသည့် ဝိဉာဉ်ဆိုင်ရာအထူးဌာနအဖွဲ့သားများက သူမကို လာရောက်ကြိုဆိုပေးခဲ့ကာ ယာယီတည်းခိုမည့်နေရာသို့ လိုက်ပို့ပေးခဲ့ကြသည်။
“ကုတောက်ကျန့်ရောက်လာပြီဆိုတော့ ဒီအမှုက နည်းနည်းတော့ မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီပေါ့!”
ကုကျစ်စုန့်အနေဖြင့် သူမအား လာရောက်ကြိုဆိုသည့် တောက်ကျန့်ကို တစ်ကြိမ်တစ်ခါမျှပင် မမြင်မတွေ့ဘူးသော်ငြား တစ်ဖက်လူကတော့ သူမ၏အကြောင်းကို ကောင်းစွာသိနေခဲ့ပြီး ယုံကြည်မှုလည်း အပြည့်ရှိနေဟန်ပေါ်သည်။
သူမ သိမထားသည်မှာ သူမသည်က ခက်ခဲရှုပ်ထွေးလှသည့် အမှုကြီးများကို ဖြေရှင်းပေးနိုင်ခဲ့ပြီး တောက်ဓမ္မဂိုဏ်းများကိုလည်း နှိမ့်ချနိုင်ခဲ့သောကြောင့် ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ တောက်ကျန့်ငယ်လေးများမှ သူမအား အိုင်ဒေါတစ်ယောက်၊ စီနီယာတစ်ယောက်အဖြစ် သတ်မှတ်ထားကြပြီး ‘ဝိဉာဉ်ရေးရာ’အစီအစဉ်ကိုလည်း ဆက်တိုက်စောင့်ကြည့်နေခဲ့ကြခြင်းကိုပင် ဖြစ်ပေ၏။
ကုကျစ်စုန့် ချောင်းဟန့်လိုက်ပြီး ဆက်ပြောလိုက်သည်။
“အခုလက်ရှိအခြေအနေကို အရင်ပြောကြတာပေါ့”
“ကောင်းပါပြီ”
ကုကျစ်စုန့်၏ ဖန်းချန်းကို လာခဲ့ရသော အဓိကရည်ရွယ်ချက်သည်က ထျန်ယွင်ကျေးရွာသို့ သွားရောက်၍ ပျောက်ဆုံးနေသည့် အဖွဲ့သားများကို ရှာဖွေရန်၊ ပြန်ပေးဆွဲခံလိုက်ရသည့် ယန်မိသားစု၏ ယန်ချန်အား ကယ်တင်ရန်ဖြစ်ကြောင်းကို သူ ကောင်းကောင်း သဘောပေါက်ပေသည်။
“ကျွန်တော်တို့တွေ ဖန်းချန်းကို စရောက်ပြီး စုံစမ်းစစ်ဆေးမှုတွေစတင်တဲ့အချိန်တုန်းက ဒီဖန်းချန်းရဲ့ဒေသခံတွေကလည်း ဆိုးဆိုးဝါးဝါး သေဆုံးမှုတွေ အများကြီးဖြစ်တဲ့အကြောင်းတွေကို ပြောပြခဲ့ကြတယ်..
ဒါက ကျွန်တော်တို့ စုံစမ်းနေတဲ့ နောက်ထပ်တစ်မှုပါ”
“ဖန်းချန်းက နယ်မြေခံရဲစခန်းကလည်း ဒီကိစ္စကို အင်တာနက်ပေါ်မှာတင်ထားပြီး သေသေချာချာ လေးလေးနက်နက် ဆွေးနွေးနေကြတာဆိုတော့ ဒီအမှုတွေနဲ့ပတ်သတ်ပြီး လူစိတ်ဝင်စားမှုမြင့်နေခဲ့တယ်လို့ပြောရမှာပေါ့”
“ဒီနေရာမှာ အံ့ဩစရာကောင်းတာတစ်ခုက ဒီလောက် ကြမ်းတမ်းပြီး ပြင်းထန်တဲ့ အမှုကြီးတစ်ခုက ဖန်းချန်းရဲ့ အပြင်ဘက်ကလူတွေရဲ့ အာရုံစိုက်ကို မရရှိခဲ့တာပါပဲ
ပြီးတော့ ဒီအမှုနဲ့ပတ်သတ်တဲ့အရာမှန်သမျှကိုလည်း ထိပ်တန်းရှာဖွေမှုမှာ တစ်ခုမှ မတွေ့ရဘူးလေ”
ထိုမဖြစ်နိုင်သော ထူးခြားမှုတစ်ရပ်က စုံစမ်းစစ်ဆေးခြင်းအဖွဲ့၏ သတိပြုခြင်းကိုခံခဲ့ရသည်။
အနည်းငယ်စုံစမ်းစစ်ဆေးပြီးချိန်တွင်တော့ ဤဖြစ်ရပ်၏ နောက်ကွယ်တွင် သာမန်မဟုတ်သည့် အကြောင်းရင်းတစ်ခု ရှိရမည်ဟု ယူဆခဲ့ကြသည်။
ဖန်းချန်းတွင် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ရန်နှင့် နယ်မြေခံလူထု၏ စိုးရိမ်စိတ်များ လျော့ပါးစေရန်အတွက် စုံစမ်းရေးအဖွဲ့မှ ဤအမှုအား အင်တာနက်တစ်ခုလုံး၏ အာရုံကို သိမ်းယူနိုင်ရန်၊ အင်တာနက်မှ တဆင့် သဲလွန်စ ရှာဖွေနိုင်ရန်အတွက် အသုံးချခဲ့ကြသည်။
ကံမကောင်းစွာပင် အင်တာနက်ပေါ်မှ ထူးခြားအသုံးဝင်သည့် အချက်အလက်များ မရရှိခဲ့သောကြောင့် အမှုသည်လည်း နှောင့်နှေးခဲ့ရသည်။
ထိုအချိန်တွင် အင်တာနက်ပေါ်၌ သဲလွန်စများ ရှာဖွေနေခဲ့သည့် အဖွဲ့သားတစ်ဦးသည် ဖန်းချန်းဒေသခံဖိုရမ်အတွင်း တင်ထားသော လူပျောက်ကြေငြာတစ်ခုအား ရှာတွေ့ခဲ့သည်။
ပို့စ်တင်သူမှာ မိသားစုတစ်ခုအတွက် ၅နှစ်ကျော်ကြာအောင် ကလေးထိန်းအဖြစ် လုပ်ကိုင်ခဲ့သည့် အမျိုးသမီးတစ်ဦးဖြစ်သည်။
သူမက အိမ်ရှင်မိသားစုနှင့် အင်မတန်ရင်းနှီးသောကြောင့် မိသားစုဝင်များကဲ့သို့ပင် ဖြစ်နေခဲ့သည်။
သူမ၏စကားအရ ဤသက်လတ်ပိုင်းအရွယ်လင်မယားမှာ ဖန်းချန်း၏ မြို့ထဲတွင် အလုပ်ကြိုးစားလုပ်ကိုင်သူများ ဖြစ်ကြသည်။
မိသားစုထဲမှ သက်ကြီးရွယ်အိုများမှာ မြို့ပြ၏ ကျဉ်းကြပ်သော နေအိမ်များဖြင့် နေသားမကျသောကြောင့် မွေးရပ်ရွာသို့ ပြန်ကာ ဘန်ဂလိုတစ်လုံးတည်ဆောက်၍ နေထိုင်ခဲ့ကြသည်။
ပုံမှန်အတိုင်းပင် သက်ကြီးရွယ်အိုများနှင့် သားသမီးများက ရံဖန်ရံခါ ဖုန်းပြောတတ်ကြသည်။
သူမ ဤဖိုရမ်တွင် အကူအညီတောင်းရသည့်အကြောင်းအရင်းမှာ အောက်ပါအကြောင်းကြောင်းဖြစ်ပေ၏။
လွန်ခဲ့သည့် ၂ရက်ခန့်က အိမ်ရှင်လင်မယားမှ မိဘများထံသို့ မိသားစုသင်္ချိုင်းနေရာ ပြန်လည်ပြုပြင်မည့်ကိစ္စဖြင့် ပတ်သတ်၍ ဆွေးနွေးရန် ဖုန်းဆက်ခဲ့သည်။
သို့သော် အကြိမ်ပေါင်းမည်မျှ ခေါ်ဆိုပါစေ၊ တစ်ကြိမ်မျှ ဖုန်းမဝင်ခဲ့ပါချေ။