တာ့ထန်ရဲ့ ကြီးမားတဲ့အပြောင်းအလဲ
Vol. 44 Ch. 644
"ငါလည်း မသိတော့ဘူး၊ အဲ့ဒီကလေးနှစ်ယောက်က အပြင်ရောက်တာနဲ့ ပြန်မလာချင်ကြတော့ဘူး၊ အခုဆို သူတို့သွားတာ တစ်လကျော်နေပြီ၊ ငါလည်း ပင်ပန်းလွန်းလို့ ငါ့ရဲ့အရိုးအိုကြီးတွေတောင် တစ်ချောင်းချင်း ပြုတ်ကျလုနီးပါး ဖြစ်နေပြီ”
ချင်ဖုန်းက ခေါင်းယမ်းရင်း ညည်းညူလိုက်သည်။ လွန်ခဲ့သည့် လဝက်ခန့်တွင် ရှောင်းကျဲယွိက မြို့တော်သို့ စာတစ်စောင် ပို့ခဲ့ပြီး ကိစ္စတချို့ကြောင့် သူတို့ ချက်ချင်း ပြန်မလာနိုင်သေးကြောင်း ပြောပြခဲ့သည်။ သို့သော် အကြောင်းအရင်းကိုတော့ မပြောခဲ့ပေ။ ရလာဒ်အနေဖြင့် နောက်ထပ် လတစ်ဝက်ကျော်သွားသည့်နှင့် နှစ်ယောက်လုံး ပြန်မလာကြသေးပေ။
ကံကောင်းထောက်မစွာဖြင့် မကြာသေးမီက တော်ဝင်နန်းတော်အတွင်း ထူးထူးခြားခြား ဖြစ်ရပ်များ မရှိခဲ့ပေ။ ထို့သို့မဟုတ်လျှင် ချင်ဖုန်းနှင့် စူးဟန်ရွှမ်တို့ ပိုအလုပ်ရှုပ်ရပေလိမ့်မည်။ အသေးအမွှားကိစ္စများသာ ရှိနေသော်လည်း ထိုအရာများကို နေ့တိုင်း ဖြေရှင်းနေရသည်မှာပင် သူတို့အတွက် အလွန်ခက်ခဲနေသေးသည်။
တခြားသူများက ဧကရာဇ်ဖြစ်ရသည်ကို အလွန်ကောင်းသည်ဟု ယူဆနေကြသော်လည်း ချင်ဖုန်းကတော့ တောင်ပုံရာပုံ ရှိနေသည့် လျှောက်တင်လွှာများကို ကြည့်ရင်း ခေါင်းကိုက်နေပြီ ဖြစ်သည်။ သူ မနက်မှ ညအထိ အလုပ်များနေရပြီး သာမန်လူများထက်ပင် ပိုပင်ပန်းနေရသည်။
အခြားတစ်ဖက်မှ ကြည့်လျှင်တော့ ဧကရာဇ်က အခြားသူများ၏ကံကြမ္မာကို ထိန်းချုပ်နိုင်ပြီး လူထောင်ပေါင်းများစွာ၏ လေးစားမှုကို ပိုင်ဆိုင်နိုင်သည်။ မည်သို့ပင်ဖြစ်စေ လူတစ်ယောက်အတွက် မိမိ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ကာ အောင်မြင်မှုများ ရရှိခြင်းတို့က ဂုဏ်ယူစရာ ကောင်းလှပေသည်။
အဖိုးအိုကတော့ ယခုအချိန်တွင် ဘာကိုမှ ဂရုမစိုက်ချင်တော့ဘဲ ထိုနှစ်ယောက် မြန်မြန် ပြန်လာရန်သာ မျှော်လင့်နေခဲ့သည်။
သူက သူ့မြေးနှစ်ယောက်နဲ့ ကစားချင်ရုံ၊ နေ့တိုင်းနေ့တိုင်း သူတို့ရဲ့ အပူအပင်ကင်းတဲ့ အပြုံးတွေကို မြင်ချင်ရုံ၊ သူတို့ရဲ့ ချိုမြိန်ပြီး အပြစ်ကင်းစင်တဲ့ အသံတွေကို ကြားချင်ရုံ၊ ပန်းတွေနဲ့ လမင်းရဲ့အလှကို ခံစားချင်ရုံ၊ ဂီတသံစဥ်တွေ ရေးပြီး စစ်တုရင်ကစားချင်ရုံ၊ လက်ရေးလှနဲ့ ပန်းချီတွေ လေ့ကျင့်ချင်ရုံ၊ ဘဝကို ပေါ့ပေါ့ပါးပါး နေထိုင်ချင်ရုံပါပဲ။
ရွှေ့ရှန့်၊ မင်း မပြန်ရင် ဒီအဘိုးက မင်းကို ပြန်ဖမ်းခေါ်လာဖို့ လူလွှတ်တော့မှာနော်။
စူးချင်း၊ မင်းက ဒီအဘိုးအိုကြီးကို မင်းချက်တဲ့ ဟင်းပွဲတွေ မကျွေးချင်တော့ဘူးလား?
မြစ်ကမ်းဘေး၌ လီအာကို နို့တိုက်ပြီးသွား၍ အနှီးလဲပေးနေသည့် စူးချင်းကတော့ သုံးကြိမ်ခန့်ဆက်တိုက် နှာချေလိုက်ရသည်။ သူမက သူမ၏နှာခေါင်းကို ပွတ်သပ်ရင်း မကျေမနပ် ရေရွတ်လိုက်သည်။
“ဘယ်သူက ငါ့မကောင်းကြောင်းတွေ ပြောနေရတာလဲ?”
တာ့ဟေးကတော့ ဗိုက်ပြည့်အောင် စားသောက်ပြီးသည်မှာ ကြာနေပြီဖြစ်ကာ အလုံအလောက် အနားယူနေပြီ ဖြစ်သည်။ စူးချင်းက သူမ၏ ပစ္စည်းများကို ပြန်ထုပ်ပိုးကာ လီအာကို ချော့သိပ်လိုက်ပြီး စနစ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် သူမ၏အပြန်ခရီးကို ပြန်စတင်လိုက်သည်။
တာ့ထန်ပြည်ထောင်နှင့် အနောက်တိုင်း ဒေသများက နယ်နိမိတ်ထိဆက်စပ်နေသောကြောင့် မော့ချန်သို့ ပြန်ရန် တာ့ထန်ပြည်ထောင်ကို ဖြတ်သွားရမည် ဖြစ်သည်။
စူးချင်း တာ့ထန်ပြည်ထောင်နှင့် အနောက်ဒေသ၏နယ်စပ်ဒေသသို့ ရောက်ရှိချိန်တွင် ညအချိန်ရောက်နေပြီ ဖြစ်သည်။ စူးချင်းက လိုအပ်သော စာရွက်စာတမ်းများကို ထုတ်ယူလိုက်သည်။ ထိုစာရွက်က ဧကရာဇ်အိုကြီးကိုယ်တိုင် ထုတ်ပေးထားခြင်းဖြစ်ပြီး မည်သည့်အချိန်မဆို အတားအဆီးမရှိ ဖြတ်သန်းသွားလာခွင့် ရှိသည်။
တာ့ထန်၏စစ်သည်များက စာရွက်စာတမ်းများကို သေသေချာချာ စစ်ဆေးပြီး စူးချင်းကို မြို့ထဲသို့ ဝင်ခွင့်ပေးလိုက်သည်။ စူးချင်းက ပြဿနာများကို ရှောင်ရှားရန် အမျိုးသားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားပြီး တာ့ဟေးကို ဆွဲကာ တည်းခိုဆောင် လိုက်ရှာနေသည်။
သူမတို့ တာ့ထန်သို့ ရောက်လာတိုင်း ယဲ့လွီချွမ်း၏တဲနန်းတွင် နေ့ထိုင်လေ့ရှိသည်။ သို့သော် ယခုညတွင်တော့ စူးချင်းက ကောင်းမွန်သည့် တည်းခိုဆောင်တစ်ခုကိုသာ ရှာဖွေရန် ဆုံးဖြတ်ထားခဲ့သည်။ သူမ ခရီးသွားနေရသည်မှာ ကြာနေပြီဖြစ်ကာ ရေမချိုးရသဖြင့် ကိုယ်လက်မအီမသာ ဖြစ်နေခဲ့သည်။ စူးချင်းက ရေချိုးပြီး အနားယူရန် တွေးထားသောကြောင့် ကောင်းမွန်သော တည်းခိုဆောင်များတွင်သာ ဧည့်သည်များအတွက် ရေနွေး ပံ့ပိုးပေးနိုင်စွမ်း ရှိကြောင်း သူမ သိထားပြီး ဖြစ်သည်။
စူးချင်းက သူမ၏မြင်းကို ဆွဲရင်း လမ်းမကြီးအတိုင်း လျှောက်နေခဲ့သည်။ ထိုအချိန်တွင် လမ်းပေါ်၌ လူတစ်ယောက်မျှ မရှိဘဲ ထူးဆန်းစွာ တိတ်ဆိတ်နေပြီး လူသူကင်းမဲ့နေသည်ကို စူးချင်း သတိပြုမိသွားခဲ့သည်။ ဘေးပတ်ဝန်းကျင်ရှိ မှောင်ရိပ်များထဲမှ မျက်လုံးပေါင်းများစွာက သူမကို စောင့်ကြည့်နေသကဲ့သို့ ခံစားရပြီး အန္တရာယ်အငွေ့အသက်ကိုလည်း သူမ ခံစားနေရသည်။
သို့သော် စူးချင်းကတော့ ဂရုမစိုက်ပေ။ စစ်သည်ထောင်သောင်းများစွာ ရောက်လာလျှင်ပင် သူမကို မတားဆီးနိုင်မှန်း သူမသိထားပြီး ဖြစ်သည်။ တာ့ထန်၏ တော်ဝင်မြို့တော်တစ်ခုတည်းကသာလျှင် ကြွယ်ဝချမ်းသာပြီး လမ်းများကို အပြာရောင်ကျောက်များ ခင်းကျင်းထားသည်။ အခြားမျိုးနွယ်စုငယ်များ အားလုံးကတော့ ကျောက်သဲလမ်းသာ ရှိနေသေးသည်။ ယခု ညနက်ချိန်၌ ကျောက်ပြားခင်းထားသော လမ်းမပေါ်တွင် မြင်းခွာသံ တခွပ်ခွပ် ထွက်ပေါ်နေပြီး တိတ်ဆိတ်နေသော အချိန်ဖြစ်သောကြောင့် အသံက ပိုမိုကျယ်လောင်နေသလို ဖြစ်နေသည်။
နောက်ဆုံးတွင် စူးချင်းက လမ်း၏ညာဘက်ခြမ်းမှ တည်းခိုဆောင်တစ်ခုကို ရှာတွေ့သွားခဲ့သည်။ တံခါးဝ၌ မီးပုံးများ ချိတ်ဆွဲထားပြီး တံခါးများကိုလည်း ကျယ်ကျယ်ဖွင့်ထားသည်။ ထို့ကြောင့် အပြင်မှ ကြည့်လျှင် အတွင်းထဲမှ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ တည်းခိုဆောင်ပိုင်ရှင်က ကောင်တာတွင် ထိုင်နေပြီး စာရင်းတွက်နေသည်။
စူးချင်းက မြင်းကို ဆွဲကာ ဆက်လျှောက်လာပြီး တည်းခိုဆောင်၏အဝ၌ ရပ်တန့်ကာ လှမ်းမေးလိုက်သည်။
"ဆိုင်ရှင်၊ အခန်းကောင်းကောင်း ကျန်သေးလား?"
“အခန်းနှစ်ခန်း ရှိပါတယ်။ ဧည့်သည်တော်ကြီးမှာ လူဘယ်လောက်ပါလာလဲ?”
တည်းခိုဆောင်ပိုင်ရှင်က မော့ကြည့်လိုက်ပြီး ဟန်လူမျိုးဝတ်စုံ ဝတ်ထားသော ပိန်ပိန်ပါးပါး လူငယ်တစ်ဦးကို တွေ့ရသဖြင့် မတ်တပ်ရပ်ကာ တလေးတစား မေးလိုက်သည်။
"ငါတစ်ယောက်တည်း။ အခန်းတစ်ခန်းပဲ လိုတယ်"
အခန်းလွတ်များ ရှိနေသေးကြောင်း ကြားရသဖြင့် စူးချင်းလည်း ကျေနပ်သွားရသည်။ ဤမျှ ခက်ခဲကြမ်းတမ်းသော ခရီးတစ်ခုအပြီးတွင် နောက်ဆုံး၌ သူမ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်တော့မည် ဖြစ်သည်။
ဤအချန်တွင် ဧည့်သည်များ နည်းပါးသောကြောင့် အခန်းလွတ်များ ရှိနေတတ်သည်။ တည်းခိုဆောင်ပိုင်ရှင်ကလည်း စူးချင်းကို မြင်းကူ ဆွဲပေးရန် အလုပ်သမားတစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး စူးချင်းကို အပေါ်ထပ်သို့ တက်ရန် ဖော်ဖော်ရွှေရွှေ ဖိတ်ခေါ်လိုက်သည်။
“အကောင်းဆုံးအခန်းတွေက ဒုတိယထပ်မှာ ရှိတာပါ၊ ကျေးဇူးပြုပြီး အပေါ်ထပ်ကို လိုက်ခဲ့ပါဦး”
“ဆိုင်ရှင်၊ အချိန်လည်း သိပ်မနောက်ကျသေးပဲနဲ့ ဘာလို့ အပြင်မှာ တစ်ယောက်မှ မရှိတာလဲ?" စူးချင်းက ပေါ့ပေါ့ပါးပါး စူးစမ်းလိုက်သည်။
“တတိယမင်းသား ပျောက်နေပုံရတယ်။ စစ်သည်တွေက သူ့ကို နေ့တိုင်း လိုက်ရှာနေကြတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ ကျုပ်လည်း သေချာမသိဘူး”
တတိယမင်းသား ပျောက်နေကြောင်း ကြားလိုက်ရသောကြောင့် စူးချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ယဲ့လွီချွမ်း ပျောက်နေတာလား?
"သခင်လေး အနားယူလိုက်ပါဦး။ ကျုပ် သခင်လေးအတွက် ရေနွေးပို့ပေးဖို့ အလုပ်သမား လွှတ်ပေးပါ့မယ်"
ဆိုင်ရှင်က တောင်ဘက်ရှိ အခန်းတစ်ခုဆီသို့ လျှောက်သွားကာ တံခါးကို ဖွင့်လိုက်ပြီးမှ စူးချင်းကို အပြုံးဖြင့် လှမ်းပြောလိုက်သည်။
"ဒုက္ခခံပေးလို့ ကျေးဇူးတင်ပါတယ်"
စူးချင်းက ထိုလူ့ကို ခေါင်းညိတ်ပြလိုက်ပြီး အခန်းထဲသို့ ၀င်လိုက်သည်။ ဤတည်းခိုခန်းပိုင်ရှင်က အလယ်ပိုင်းလွင်ပြင်မှ ဧည့်သည်များကို မကြာခဏ ဧည့်ခံလေ့ရှိသောကြောင့် သူ့၏တည်းခိုဆောင်ကို အလယ်ပိုင်းလွင်ပြင်၏ နားနေတည်ခိုဆောင်များအတိုင်း ပြန်လည်မွမ်းမံထားခဲ့သည်။ ထို့ကြောင့် ဤနေရာက အလယ်တွင် စားပွဲရှည်ကြီးတစ်ခုသာ ရှိသည့် တာတာလူမျိူးတို့၏ စက်ဝိုင်းပုံ တဲများနှင့်မတူဘဲ အခန်းထဲတွင် ခုတင်များ၊ စားပွဲများနှင့် ကုလားထိုင်များပင် ရှိနေခဲ့သည်။
စူးချင်းက အခန်းထဲသို့ ဝင်လိုက်ပြီး ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။ ယနေ့ညတွင် လက တိမ်မည်းများ၏နောက်၌ ပုန်းအောင်းနေပြီး ကောင်းကင်တွင် ကြယ်အနည်းငယ်သာ ရှိနေသည်။ အပြင်ဘက်၌ မည်းမှောင်နေပြီး မိမိ၏မျက်နှာရှေ့မှ လက်ကိုပင် မြင်ရမည် မဟုတ်ပေ။
သို့သော် စူးချင်း၏ အမြင်အာရုံက သာမန်လူများထက် အဆများစွာ ပိုကောင်းသည်။ သူမက အမှောင်ထဲ၌ ရွေ့လျားနေသည့် အရိပ်များကို မြင်နိုင်သလို ကျောက်ခင်းလမ်းပေါ်မှ ခြေသံများကိုလည်း ကြားနေရသည်။
ရှပ်...ရှပ်....ရှပ်
စည်းစနစ်ကျကျ ကောင်းမွန်စွာ လေ့ကျင့်ထားသည့် စစ်သည်များ၏ ခြေသံများကဲ့သို့ အသံများ ထွက်လာခြင်းက စူးချင်းကို အတွေးများသွားစေပြန်သည်။
ညသန်းခေါင်မှာ စစ်သည်တွေ လှုပ်ရှားနေတာလား? ပုန်ကန်မှု ဖြစ်ပြီး အပြောင်းအလဲတစ်ခုခု ဖြစ်တော့မယ်ထင်တယ်။
ထို့ကြောင့် စူးချင်းက အနည်းငယ် ပိုစိတ်ဝင်စားသွားပြီး ပြတင်းပေါက်နားတွင် ရပ်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ပုရွက်ဆိတ်များနှင့်တူသော လူတန်းရှည်ကြီးက နန်းတော်ဘက်သို့ တိတ်တဆိတ် ရွေ့လျားနေသည်ကို သူမ မြင်လိုက်ရသည်။
စူးချင်းက အခြားသူများ၏အရေးကိစ္စကို ဝင်မစွက်ဖက်ချင်သည့်အတွက် ပြတင်းပေါက်ကို ပြန်ပိတ်လိုက်သည်။
ဒါက တာတာတွေရဲ့ ကိစ္စပဲ။ သူတို့ဘာသာ ကိုင်တွယ်ဖြေရှင်းပါစေ။
ခဏအကြာတွင် တည်းခိုဆောင်အစေခံက ရေနွေး လာပို့ပေးသည်။ စူးချင်းက ရေချိုးရန် ပြင်ဆင်လိုက်ပြီး တစ်ခုခု တစ်ခုခု လာပို့ပေးရန် ထပ်တောင်းဆိုလိုက်သည်။
တည်းခိုဆောင်အစေခံ ထွက်သွားပြီးနောက် စူးချင်းက သူမ၏အဝတ်အစားများကို ချွတ်ကာ ရေနွေးငွေ့များ ထွက်နေသည့် ရေချိုးကန်ထဲသို့ ဝင်စိမ်လိုက်သည်။ သူမ၏ လက်များကို ရေချိုးစည်၏ဘေးဘက်တွင် တင်ထားပြီး ဤရှားပါးသော ဇိမ်ရှိမှုကို ခံစားနိုင်ရန် မျက်လုံးများ မှိတ်ထားလိုက်သည်။ ပူနွေးနေသည့် ရေချိုးစည်ထဲတွင် စိမ်ရသည်မှာ သက်တောင့်သက်သာရှိလှပြီး ပင်ပန်းနွမ်းနယ်မှုများလည်း ပေါ်လွင်လာသည်။ စူးချင်းက သူမ၏မျက်ခွံများ လေးလံလာသည်ကို ခံစားလိုက်ရပြီး ရေစိမ်နေရင်း အိပ်ပျော်သွားသည်။
တာ့ထန်ပြည်ထောင်၏တော်ဝင်နန်းတော်တွင် အစောင့်များက နန်းတော်ကို ကာကွယ်ရန် အပြန်ပြန်အလှန်လှန် လှည့်ပတ်သွားလာနေကြသည်။ ဧကရာဇ်၏အိပ်ခန်းကတော့ မီးလင်းနေဆဲ ဖြစ်ပြီး ဧကရာဇ်အိုကြီးက မအိပ်နိုင်သေးဘဲ ကြင်ယာတော်လီနှင့် စကားပြောနေခဲ့သည်။
“အရှင်မင်းမြတ်၊ အခု သုံးရက်ရှိပြီ။ ဘာလို့ ချွမ်းအာကို ရှာမတွေ့သေးတာလဲ?”
ကြင်ယာတော်လီက မျက်ရည်များဖြင့် ဧကရာဇ်အိုကြီးကို မေးမြန်းနေသည်။ ပုန်ကန်မှုအပြီးတွင် ယဲ့လွီချွမ်း၏စိတ်အခြေအနေ မတည်မငြိမ်ဖြစ်နေခဲ့သည်။ သူက ဘယ်သူ့ကိုမှ မသိတော့ဘဲ ရှောင်ယင်ဟုသာ အော်နေလေ့ရှိသည်။ သို့သော်လည်း ရှောင်းလန်ရှင်းက သူ့ကို စိတ်ပျက်နေပြီဖြစ်ကာ ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်ပေ။
သူမ၏သားတော် တစ်နေ့ထက်တစ်နေ့ ပိုနွမ်းလျလာသည်ကို မြင်နေရခြင်းက ကြင်ယာတော်လီ၏ အသည်းနှလုံး နာကျင်စေသည်။ သူမက သူမ၏သားတော်ကို နေ့တိုင်း သွားပြုစုပေးခဲ့သည်။ လွန်ခဲ့သည့်သုံးရက်က သူမ သားဖြစ်သူ၏တဲနန်းဆီသို့ သွားခဲ့သော်လည်း သူမ၏ချွမ်းအာက တိတ်တဆိတ် ထွက်ပြေးသွားကြောင်း သက်တော်စောင့်များထံမှ သူမ သိခဲ့ရသည။ ကြင်ယာတော်လီက ဧကရာဇ်အိုကြီးအား သူမ၏သားတော်ကို ကူညီရှာဖွေပေးရန် အလောတကြီး တောင်းပန်ခဲ့သော်လည်း တာ့ထန်ပြည်ထောင်တစ်ခုလုံး ရှာဖွေပြီးသည့်တိုင် ယဲ့လွီချွမ်းကို ရှာမတွေ့ခဲ့ကြပေ။
“သူ မော့ချန်ဘက် သွားတာကို မြင်လိုက်တဲ့သူ ရှိတယ်၊ သူ ရှောင်ယင်ကို ရှာဖို့ သွားတာ ဖြစ်နိုင်တယ်"
ဧကရာဇ်အိုကြီးကလည်း မောပန်းနွမ်းနယ်နေပုံရပြီး အကူအညီမဲ့နေပုံပေါ်သည်။
သူ ဘာအပြစ်တွေ ကျူးလွန်ခဲ့လို့လဲ? သူ့သားသုံးယောက်စလုံးက ပုန်ကန်ခဲ့ကြတယ်။ နှစ်ယောက်သေဆုံးပြီး ကျန်နေတဲ့တစ်ယောက်ကလည်း စိတ်နှောက်နေတယ်။ တာ့ထန်ပြည်ထောင်အတွက် မျှော်လင့်ချက်ဆိုတာ ရှိသေးရဲ့လား?
သူ သူ့ရဲ့ရာဇပလ္လင်ကို အခြားသူဆီ အပ်လိုက်ရတော့မှာလား? ဒါပေမယ့် တိုင်းပြည်ကို အခြားသူလက်ထဲ လွှဲပြောင်းပေးဖို့ဆိုတာ ခက်ခဲလွန်းတယ်။ ပထမအချက်အနေနဲ့ ပြည်သူတွေက ဆန္ဒရှိမှာ မဟုတ်ဘူး။ ဒုတိယအချက်ကတော့ အဲ့လူတွေ အားလုံးက စစ်သွေးကြွနေတဲ့သူတွေ ဖြစ်ကြပြီး တိုင်းပြည် လုံးဝပျက်ဆီးသွားတာမျိုးတောင် ဖြစ်လာနိုင်တယ်။
ယခုအချိန်တွင် မျိုးနွယ်စုအချို့မှ မျိုးနွယ်စုခေါင်းဆောင်များ ဂနာမငြိမ် ဖြစ်နေကြသည်။ သူတို့က ဧကရာဇ်အိုကြီးကို သွားမရှိတော့သည့် ကျားအိုကြီးဟု ထင်နေကြပြီး ယဲ့လွီချွမ်းကလည်း ရူးနေသောကြောင့် သူတို့အတွက် ခြိမ်းခြောက်မှုမဟုတ်တော့ပေ။ ထို့ကြောင့် လူအများက ထီးနန်းကို မျက်စိကျနေကြသည်။
ထိုမျိုးနွယ်စုအကြီးအကဲများအပြင် ဧကရာဇ်အိုကြီး၏ အဖတူအမေကွဲညီတော်လည်း ရှိနေသေးသည်။ သူတို့နှစ်ယောက်က အသက်ဆယ့်ငါးနှစ်ကွာပြီး ညီတော်က ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်များ ရှိသူဖြစ်သည်။ ယခင်ကတော့ သူလည်း ကမူးရှူးထိုး မလုပ်ရဲပေ။ ဧကရာဇ်အိုကြီးက အချိန်ကောင်းတွင် ရှိနေပြီး အရေးပါသော စစ်တပ်အာဏာကို ချုပ်ကိုင်ထားနိုင်သည့် သားသုံးယောက်လည်း ရှိနေသေးသည်။
ယခုတွင်မူ အရာအားက ကွဲပြားသွားပြီ ဖြစ်ကာ အရဲရင့်ဆုံးနှင့် အရည်အချင်းအရှိဆုံး အကြီးဆုံးမင်းသား ကွယ်လွန်သွားခဲ့သည်။ လိမ္မာပါးနပ်သည့် ဒုတိယမင်းသားလည်း သေဆုံးသွားပြီး ယခု ဉာဏ်ပညာအမျှော်အမြင် ပြည့်စုံကာ စွမ်းဆောင်ရည်မြင်မားသော တတိယမင်းသားကလည်း အရူးတပိုင်း ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဧကရာဇ်အိုကြီးထံတွင် အားကိုးစရာ ဘယ်သူမှ မရှိတော့ပေ။
ထီးနန်းဆိုတာက အလှည့်ကျ ပိုင်ဆိုင်သင့်တဲ့အရာဖြစ်ပြီး အင်အားအကောင်းဆုံးသူကပဲ သိမ်းပိုက်နိုင်လိမ့်မယ်။