ညဉ့်နက်ချိန် နန်းတော်ကို ဝန်းရံလာကြခြင်း
Vol. 44 Ch. 645
"အရှင်မင်းမြတ်၊ ချန်ချဲ့ ဒီည ဘာလို့ ဒီလောက် စိတ်မသက်သာဖြစ်နေမှန်း မသိတော့ဘူး၊ ချွမ်းအာ တစ်ခုခု ဖြစ်နေတာများလား?"
ကြင်ယာတော်လီက စိတ်မသက်မသာဖြစ်နေလို ခံစားလိုက်ရပြီး သူမ၏ ရင်ဘတ်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူမ တနေ့လုံး ဂနာမငြိမ် ဖြစ်နေပြီး ညာဘက်မျက်ခွံကလည်း အဆက်မပြတ် တုန်ခါနေသောကြောင့် သူမ ပို၍ပင် စိုးရိမ်ပူပန်နေမိသည်။
"ချွမ်းအာ ဘာမှ မဖြစ်ပါဘူး၊ သူ အဆင်ပြေမှာပါ၊ ကျန်း သူ့ကို ရှာဖို့ မော့ချန်ကို လူတွေ လွှတ်ထားပြီးပြီ။ ရှောင်ယင်ရဲ့အစ်ကိုကလည်း မော့ချန်မှာ ရှိနေတုန်းလို့ ကျန်း သတင်းရထားတယ်။ သူတို့က မိတ်ဆွေဖြစ်ဖူးတော့ ရှောင်းကျဲယွိက ချွမ်းအာကို ဘာမှ မလုပ်လောက်ပါဘူး"
ဧကရာဇ်အိုကြီးက သက်ပြင်းချလိုက်သည်။
သူ အသက်ကြီးလာလေလေ စိုးရိမ်ပူပန်မှုတွေ များလာရလေလေဖြစ်နေပြီ။ ချွမ်းအာက သူ့တပ်တွေကို ခေါ်လာပြီး နန်းတော် ဝန်းရံတိုက်ခိုက်ဖို့ ရောက်လာခဲ့ဖူးတယ်။ ချွမ်းအာက ပုန်ကန်ဖို့ ဦးဆောင်ခဲ့တဲ့အတွက် သူ ချွမ်းအာကို မုန်းတီးခဲ့ပေမယ့် အဲ့ဒါက အဲ့ဒီ မြေခွေးမကြောင့်ပဲ။ ချွမ်းအာက အချစ်မှော်နဲ့ ပြုစားခံထားလို့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘူး။ သူ သူ့သားတော်ကို အပြစ်မတင်နိုင်ဘူးလေ။ သူ့သားကို ရှာရမယ်။ ချွမ်းအာက ရူးနေရင်တောင် သားတစ်ယောက် မရှိတာထက်စာရင် သူ့ဘေးမှာ သားတစ်ယောက်ရှိနေတာက ပိုကောင်းလိမ့်မယ်။
"ချွမ်းအာက ရှောင်ယင်ကို ဒီလောက် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တာလေ။ သူ့အစ်ကိုက ဘယ်လိုလုပ်ပြီး ဒေါသမထွက်ဘဲ နေနိုင်မှာတုန်း။ စူးချင်းဘက်မှာ လီအာကို ကုသပေးနိုင်ဖို့ပဲ မျှော်လင့်တယ်၊ ရှောင်ယင်က ကလေးကြောင့် ချွန်းအာကို ခွင့်လွှတ်ပေးနိုင်ရင် အကောင်းဆုံး ဖြစ်လာနိုင်တယ်"
“ကျန်းလည်း အဲ့လို ဖြစ်လာဖို့ မျှော်လင့်တာပဲလေ၊ စူးချင်း လီအာကို ခေါ်သွားတာ တစ်လခွဲကျော်နေပြီ၊ လီအာ ပြန်ကောင်းလာပြီလားဆိုတာ သိချင်နေမိတယ်"
ဧကရာဇ်အိုကြီးက သူ့မြေးတော်အကြောင်း တွေးမိသွားပြီး မျက်လုံးများ နီရဲလာပြန်သည်။
အဲဒီကလေးက သူ့အချစ်ဆုံးမြေးတော်လေးပါ။ သူရဲ့အကြီးဆုံးသားနဲ့ ဒုတိယသားတော်မှာ သားသမီးတွေ အများကြီး ရှိပေမယ့် သူတို့ရဲ့ဖခင်တွေက ပုန်ကန်ခဲ့တာကြောင့် ဧကရာဇ်တစ်ပါးအနေနဲ့ မြေးတွေကို အဝေးကြီး ပို့လိုက်ရတယ်။
လီအာ မွေးဖွားပြီးချိန်တွင် ဧကရာဇ်အိုကြီးက ထိုကလေးလေးအပေါ် မျှော်လင့်ချက်များစွာ ထားရှိခဲ့သည်။ လီအာ၏မယ်တော်က တာ့ထန်အင်ပါယာ၏ မင်းသမီးဖြစ်ပြီး၊ သူ့၏ဦးရီးတော်က တာ့ထန်အင်ပါယာ၏ဧကရာဇ်ဖြစ်သည်။ ထို့ကြောင့် လီအာထံတွင် ထင်ရှားသော အဆင့်အတန်းတစ်ခု ရှိနေပြီး ဖြစ်သည်။ ထို့အပြင် ရှောင်းကျဲယွိနှင့် စူးချင်းတို့က တာ့ထန်ပြည်ထောင်အတွက် များစွာ အကူအညီ ပေးခဲ့ကြသည်။ ဧကရာဇ်အိုကြီးက စူးချင်းနှင့် ရှောင်းကျဲယွိတို့ကို အမြဲကျေးဇူးတင်နေခဲ့ပြီး သူ့မြေးတော်လေးကို တန်ဖိုးထားဆက်ဆံခဲ့သည်။
ထိုကလေးလေး ငယ်ငယ်ရွယ်ရွယ်နှင့် အဆိပ်ခတ်ခံခဲ့ရသော်လည်း သူက ဧကရာဇ်တစ်ပါးအနေဖြင့် ကူညီနိုင်စွမ်းကင်းမဲ့နေခဲ့ရသည်။ ဤအရာက ဧကရာဇ်အိုကြီးကို အလွန်ဝမ်းနည်းကြေကွဲစေပြီး အပြစ်ရှိသလို ခံစားရစေခဲ့သည်။
“လီအာက ကံကြမ္မာကောင်းကို ပိုင်ဆိုင်တဲ့ကလေးလေးပါ၊ သူ သေချာပေါက်ကယ်တင်ခံရပြီး ကြီးမြတ်တဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်၊ စူးချင်း ရှိနေသရွေ့ သူ နေပြန်ကောင်းလာလိမ့်မယ်"
ကြင်ယာတော်လီက စူးချင်း၏ ဆေးပညာကို အပြည့်အဝ ယုံကြည်နေပြီး စူးချင်းက ကောင်းကင်ဘုံမှ နတ်ဘုရားနှင့်တူသည်ဟု သူမ ခံစားရသည်။ စူးချင်း ရှိနေသရွေ့ မည်မျှ ဖျားနာနေပါစေမှု သူမက ထိုလူကို ငရဲဘုရင်၏လက်ထဲမှ ပြန်လည် လုယူနိုင်စွမ်းရှိသည်။
“ဟုတ်တယ်၊ လီအာက ကောင်းချီးပေးခံရမှာ သေချာတယ်။ ပြန်စဥ်းစားကြည့်တော့ အရေးကြီးတဲ့အခိုက်အတန့်မှာ သူ့အဒေါ်က ချက်ချင်း ရောက်လာခဲ့တာပဲ”
ဧကရာဇ်အိုကြီးက ခေါင်းညိတ်ထောက်ခံလိုက်သည်။
ဟုတ်တယ်... စူးချင်းအနားမှာ ရှိနေသရွေ့ သူ့မြေးကို ကယ်တင်နိုင်မှာ သေချာတယ်။
“အရှင်မင်းမြတ်၊ စက်တော်ခေါ်သင့်ပါပြီ၊ ဒီအတောအတွင်း အရှင်လည်း အရမ်းပင်ပန်းခဲ့ရတယ်"
ကြင်ယာတော်လီက ဧကရာဇ်အိုကြီးအား အိပ်စက်ရန် ညင်ညင်သာသာ တိုက်တွန်းလိုက်သည်။
သူမရဲ့ခင်ပွန်းသည်က လီအာနဲ့ ချွမ်းအာအတွက် နေ့ရောညပါ စိုးရိမ်ပူပန်နေရပြီး အတော်လေး အိုမင်းသွားရှာတယ်။
“ကောင်းပြီ အိပ်ကြရအောင်၊ သူတို့ မကြာခင် ပြန်လာမှာပါ”
ဧကရာဇ်အိုကြီးက ခေါင်းညိတ်လိုက်ပြီး ကြင်ယာတော်လီအတူ အိပ်ယာပေါ်သို့ သွားရန် ထရပ်လိုက်သည်။ ဧကရာဇ်အိုကြီးက ယခုကာလအတွင်း ဆင်းရဲဒုက္ခများကို ခံစားရပြီး သူ ပင်ပန်းလွန်းလှသဖြင့် ခြေလှမ်းနှစ်လှမ်းမျှလျှောက်ပြီးနောက်တွင် ချွေးအေးများ ထွက်ကျလာသည်။
“ချွင်...ချလန်”
နန်းတော်အပြင်ဘက်မှ လက်နက်ချင်းထိသံများ ထွက်ပေါ်လာပြီး စစ်သည်တစ်ယောက်က သတင်းပို့ရန် အပြေးရောက်လာခဲ့သည်။
“ဧကရာဇ်မင်းမြတ်၊ ကြောက်စရာကောင်းတဲ့ တစ်ခုခုဖြစ်သွားပါတယ်၊ ချင်မင်းသားက ပုန်ကန်နေပါပြီ”
"ဘာလဲ?"
ဧကရာဇ်အိုကြီး စိုးရိမ်ခဲ့သည့်အတိုင်းပင် ဖြစ်ပျက်လာခဲ့သည်။ ချင်မင်းသား(ဘုရင်ခံအဆင့်)က ဧကရာဇ်အိုကြီး၏သွေးတစ်ဝက်ညီတော် ဖြစ်သည်။ အတိအကျပြောရလျှင် သူက တရားမဝင်မွေးလာသည့် ကလေးတစ်ယောက်ဖြစ်သည်။ သူတို့၏ခမည်းတော် အမဲလိုက်သွားသည့်အချိန်တွင် အစေခံတစ်ယောက်ကို သဘောကျသွားပြီး သူမနှင့်အတူ တစ်ကြိမ်အိပ်စက်ခဲ့သည်။ နောက်ပိုင်းတွင် ထိုအစေခံမိန်းခလေးက ချင်မင်းသားကို မွေးဖွားခဲ့သည်။
ထိုအကြောင်းကို သိပြီးနောက်တွင် သူတို့၏ခမည်းတော်က ချင်မင်းသားကို နန်းတော်ဆီသို့ ပြန်ခေါ်ဆောင်လာခဲ့သည်။ နိမ့်ကျသည့်အစေခံကို သတ်ပစ်ရန် အမိန့်ပေးခဲ့ပြီး ချင်မင်းသားကိုတော့ ဧကရာဇ်အိုကြီး၏မိခင်အား မွေးစားစေခဲ့သည်။
ချင်မင်းသားက မည်သည့်အရာအတွက်မှ တိုက်ခိုက်ရန် ဆန္ဒမရှိသလို အမြဲတစေ ဟန်ဆောင်နေခဲ့ပြီး သူတို့ခမည်းတော်၏ မျက်နှာသာကို ရရှိခဲ့သည်။ သို့သော် သူ၏ နိမ့်ကျသော နောက်ခံကြောင့် သူတို့ခမည်းတော်က ချင်မင်းသားကို အိမ်ရှေ့စံမင်းသားအဖြစ် မခန့်အပ်ဘဲ ပူပန်ကြောင့်ကြမဲ့သော ဘဝဖြင့် နေထိုင်နိုင်စေရန် နယ်မြေတစ်ခု ပေးအပ်ခဲ့သည်။
အများအားဖြင့်၊ ချင်မင်းသားက အလွန်နှိမ်နှိမ်ချချ နေတတ်ပြီး နာခံတတ်သူ ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် ချင်မင်းသား စစ်သည်များ စုဆောင်းပြီး မြင်းများဝယ်ယူနေကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ဧကရာဇ်အိုကြီးက စုံစမ်းရန် လူများ စေလွှတ်ခဲ့သော်လည်း အထောက်အထား မတွေ့သဖြင့် ထိုကိစ္စကို ဘေးဖယ်ထားခဲ့ရသည်။
ဧကရာဇ်အိုကြီးက ချင်မင်းသားကို အာရုံမစိုက်ခဲ့ဘဲ သူ့၏နယ်မြေက သေးငယ်သောကြောင့် တာ့ထန်ပြည်ထောင်အတွက် အန္တရာယ်နည်းပါးသည်ဟု ထင်မြင်ခဲ့သည်။ ချင်မင်းသားထံ၌ ရည်မှန်းချက်များ ရှိနေလျှင်ပင် ဘာမှ အသုံးမဝင်သောကြောင့် ဧကရာဇ်အိုကြီးက သူ့ကို ဂရုမစိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုလိုအချိန်မျိုး၌ ချင်မင်းသား ရုတ်တရက် ပုန်ကန်လာမည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။
“အရှင်မင်းမြတ်၊ အစောင့်တပ်က သူတို့ကို ဆက်ပြီး မတားဆီးနိုင်တော့ပါဘူး၊ ကျွန်တော်မျိုးတို့ အရှင်မင်းမြတ်ကို ကာကွယ်ပေးပါမယ်၊ အခု ထွက်သွားသင့်နေပါပြီ"
အပြင်ဘက်မှ တိုက်ခိုက်သံများက ကောင်းကင်သို့ပင် ပျံ့လွင့်နေသည်။ ဧကရာဇ်အိုကြီး၏ သက်တော်စောင့်တပ်က သူတို့ကို မတားဆီးနိုင်တော့ပေ။ ထို့ကြောင့် ဧကရာဇ်အိုကြီး၏ အနီးကပ် သက်တော်စောင့်များက ဧကရာဇ်အိုကြီးအား အမြန်ထွက်သွားရန် အကြံပေးနေကြသည်။ ချင်မင်းသားနှင့် အခြားသူများ ရောက်လာလျှင် အချိန်နှောင်းသွားပေလိမ့်မည်။
ဧကရာဇ်အိုကြီးနှင့် ကြင်ယာတော်လီတို့လည်း ဘာမှ မတတ်နိုင်ဘဲ သက်တော်စောင့်များနောက်မှ လိုက်သွားရတော့သည်။ ကျန်တော်ဝင်သက်တော်စောင့်များ ရန်သူကို အသေခံ တိုက်ခိုက်နေကြပြီး ဧကရာဇ်အိုကြီး လွတ်မြောက်သွားစေရန် အချိန်ဆွဲပေးထားကြသည်။
ဧကရာဇ်အိုကြီးနှင့် ကြင်ယာတော်လီတို့က သက်တော်စောင့်များ၏ အကာအကွယ်အောက်ဖြင့် တော်ဝင်နန်းတော်ထဲမှ ထွက်ခွာသွားကြသည်။ သူတို့ မြို့စောင့်တပ်ကို ဆင့်ခေါ်ရန် တွေးထားကြသော်လည်း ချင်မင်းသား၏လူများက နန်းတော်မှ မြို့စောင့်တပ်သို့ သွားသည့်လမ်းအား ပိတ်ဆို့ထားပြီး ဖြစ်သည်။ သက်တော်စောင့်အချို့က အသက်စွန့်ပြီး ဖောက်ထွက်ရန် ကြိုးစားခဲ့သော်လည်း အင်အားက အဆမတန် ကွာခြားနေခဲ့သည်။ တော်ဝင်နန်းတော် သိမ်းပိုက်ခံရတောမည့် အခြေအနေသို့ ရောက်နေသော်လည်း မြို့စောင့်တပ်က သတိပြုမိပုံပင် မရပေ။
ဧကရာဇ်အိုကြီးက ကောင်းကင်ကို မော့ကြည့်ကာ မကြာခင် ကျရောက်တော့မည့် သူ့၏ကံကြမ္မာအတွက် သက်ပြင်းချလိုက်သည်။
ကောင်းကင်က သူ့ကို သတ်ချင်နေပုံပါပဲ!
ကြင်ယာတော်လီ၏ ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး သူမ၏ဖိနပ်ကြောင့် ပြေးလွှားရန် ခက်ခဲနေသည်။ သူမ ပင်ပန်းလွန်းသောကြောင့် မျက်နှာမှ ချွေးများ စီးကျနေသည့်အပြင် ခြေကျင်းဝတ်တွင်လည်း ဒဏ်ရာရနေခဲ့သည်။ သူမ အလွန်စိတ်ဆင်းရဲနေပုံရပြီး သူမ၏ မျက်လုံးများထဲ၌ ထိတ်လန့်မှုများနှင့် အကူအညီမဲ့မှုများ ပြည့်နှက်နေသည်။
သေခြင်းတရားက ကြောက်စရာမဟုတ်ပေမယ့် သူမရဲ့သားတော်နဲ့ မြေးတော်လေးကို နောက်ဆုံးအကြိမ် မတွေ့လိုက်နိုင်တာကတော့ စိတ်မကောင်းစရာပဲ။
“လီကွေ့ဖေး၊ မကြောက်နဲ့နော်။ ကျန်း မင်းနဲ့အတူ ရှိတယ်"
မင်းသားချင်နှင့် သူ့လူများ ဝိုင်းရံလာချိန်တွင် ဧကရာဇ်အိုကြီးက ကြင်ယာတော်လီ၏လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။
ဒီနေ့ သူတို့ သေရမယ်ဆိုတာကို သူ သိနေမှတော့ သူ့ရဲ့ကြင်ယာတော်ကို အဖော်ပြုပြီး ထွက်သွားနိုင်ရင် အကောင်းဆုံးပေါ့။
"အစ်ကိုတော်၊ ခင်ဗျား ဒါကို မမျှော်လင့်ထားဘူးမလား?"
မြင်းပေါ်မှ ချင်မင်းသားက ချင်မင်းသားက သူ့အစ်ကိုတော်ကို ငုံ့ကြည့်နေသည်။ သူ့မျက်လုံးများထဲ၌ မောက်မာမှုများ ပြည့်လျှံနေပြီး ကျေနပ်အားရနေပုံပေါ်သည်။
သူ ဒီနေ့ကို စောင့်မျှော်နေခဲ့ပြီး နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရတယ်။ နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီ။ ဒီနေ့ကစပြီး သူက တာ့ထန်ပြည်ထောင်ရဲ့ဧကရာဇ် ဖြစ်လာလိမ့်မယ်။ အစေခံမရဲ့သားက နိမ့်ကျလို့ ဧကရာဇ်ဖြစ်ဖို့ မသင့်တော်ဘူးတဲ့လား? သွားစမ်းပါ၊ ဒီနေ့ သူက သူ့ခေါင်းကိုမော့ပြီး အစေခံတစ်ယောက်ရဲ့သားက တာ့ထန်ပြည်ထောင်ရဲ့ဧကရာဇ်ဖြစ်လာပြီဆိုတာ တလောကလုံး သိအောင် ပြောပြလိုက်မယ်။
နှစ်ပေါင်းများစွာ စောင့်မျှော်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ သူ အခွင့်အရေးကို ရှာတွေ့ခဲ့တယ်။ ဒါက ကောင်းကင်ဘုံရဲ့ စစ်မှန်တဲ့ အကူအညီပဲ။
“သိုးရေခြုံထားတဲ့ ဝံပုလွေကောင်”
ဧကရာဇ်အိုကြီးက ချင်မင်းသားအား မထီမဲ့မြင်ကြည့်နေပြီး အော်ငေါက်လိုက်သည်။ ဘေးဥပဒ်ကျရောက်လာတော့မည်ဖြစ်သော်လည်း ဧကရာဇ်အိုကြီးက ကြောက်ရွံ့နေသည့်အမှုအရာမျိုး မရှိပေ။ သူက သူ့နောက်ကျောကို တည့်မတ်နေအောင် ထိန်းထားပြီး မားမားမတ်မတ် ရပ်နေသေးသည်။ လေက သူ့ဆံပင်များကို တိုးဝှေ့နေပြီး ဖရိုဖရဲ ဖြစ်နေသည့်တိုင် သူက ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာကို အထိပါးမခံခဲ့ပေ။ သူက ချင်မင်းသားကို ကြည့်ကာ ဒေါသတကြီး အပြစ်တင်လိုက်သည်။
ချင်မင်းသားက သူ့ခေါင်းကို မော့လိုက်ပြီး သူ့မျက်လုံးထဲမှ မျက်ရည်များ ထွက်ကျလာသည်အထိ မောက်မောက်မာမာ ရယ်မောနေသည်။ သူက ဧကရာဇ်အိုကြီးအား ငုံ့ကြည့်ကာ လှောင်ပြောင်လိုက်ပြန်သည်။
"သိုးရေခြုံထားတဲ့ ဝံပုလွေတဲ့လား? ကောင်းတယ်၊ ဒါက ပြီးပြည့်စုံတဲ့ စကားပဲ၊ ကျုပ် ဒီစကားလုံးကို အရမ်းကြိုက်တယ်။ ကျုပ်က ဝံပုလွေပဲ၊ ကျုပ်အမေနဲ့ ကျုပ်ကို အနိုင်ကျင့်ခဲ့တဲ လူသူတော်ယောင်ဆောင်တွေအားလုံးကို ကျုပ် ဖျက်ဆီးပစ်မယ်။ အောင်နိုင်သူတဲ့ ဘုရင်ဖြစ်ပြီး အရှုံးသမားကတော့ ဓားပြပဲ။ ခင်ဗျားကို ကျုပ်လက်နဲ့ ကျုပ်ကိုယ်တိုင် သတ်မယ်။ ဒါပေမယ့် ခင်ဗျားအတွက်တော့ စိတ်မကောင်းဘူး။ ခင်ဗျားရဲ့ သားသုံးယောက်လုံး ပုန်ကန်ခဲ့ကြတယ်၊ ခင်ဗျား ဘယ်လိုအပြစ်တွေများ ကျူးလွန်ခဲ့လို့လဲ? အိုး စကားမစပ်၊ ကျုပ် ခင်ဗျားကို ပြောဖို့ မေ့သွားတယ်၊ ပြည်နှင်ဒဏ်ပေးခံထားရတဲ့ ခင်ဗျားရဲ့မြေးတွေအားလုံးကို ကျုပ် ဖြေရှင်းပြီးပြီ။ စိတ်မပူပါနဲ့၊ ကျုပ် ခင်ဗျားတို့အားလုံးကို သုတ်သင်ပြီး မျိုးဆက်ပြတ်သွားအောင် သေသေချာချာ ဖယ်ရှားပေးမယ်"
သူ့မြေးများ အသတ်ခံရသည်ကို ကြားလိုက်ရချိန်တွင် ဧကရာဇ်အိုကြီးက သည်းမခံနိုင်တော့ဘဲ ချင်မင်းသားကို လက်ညှိုးထိုးက ကြိမ်းမောင်းလိုက်သည်။
“ကလေးတွေက အပြစ်ကင်းတယ်။ မင်းက သားရဲထက်ဆိုးတဲ့ကောင်ပဲ”
ချင်မင်းသားက ဧကရာဇ်အိုကြီး ဒေါသဖြင့် တုန်ယင်နေသည်ကို ကြည့်နေပြီး ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ပြန်သည်။
"သားရဲထက်ဆိုးတဲ့ကောင်လား? ခင်ဗျားအဖေက ကျုပ်အမေကို အနိုင်ကျင့်ပြီး ကွပ်မျက်ခဲ့တယ်။ အဲဒီအချိန်ကတည်းက သူ့ရဲ့ သားစဉ်မြေးဆက်ကို ဖယ်ရှားဖို့ ကျုပ် ကျိန်ဆိုထားပြီးသား။ စိတ်မပူပါနဲ့။ ကျုပ် ဧကရာဇ်ဖြစ်လာရင်တောင် ယဲ့လွီဆိုတဲ့ မျိုးရိုးနာမည်ကို ဘယ်တော့မှ မသုံးဘူး။ ခင်ဗျားတို့ အားလုံး နိမ့်ကျတယ်လို့ ပြောတဲ့ ကျုပ်အမေရဲ့ မျိုးရိုးအမည်ကိုပဲ သုံးမယ်။ မြင့်မြတ်တဲ့လူတွေလို့ ပြောနေကြတဲ့ ခင်ဗျားတို့ အားလုံးကို ကျုပ်သတ်မယ်။ ခင်ဗျားရဲ့မြေးတွေတင်မကပဲ ယဲ့လွီမိသားစုဝင်တွေ အားလုံး သေရမယ်။ ဒီနာမည်ကို တာ့ထန်ပြည်ထောင်ကနေ ပျောက်ကွယ်သွားအောင် ကျုပ်လုပ်ပြမယ်”
ချင်မင်းသား၏မျက်နှာက မည်းမှောင်နေပြီး သူ့အသံတွင် အမုန်းတရားများ ပြည့်နှက်နေသည်။
သူ့အမေ ကွပ်မျက်ခံရတာကို သူကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရတယ်၊ ထုပ်တန်းကနေ ကြိုးဆွဲချခံရပြီး အကူအညီတောင်းဖို့ ကူကယ်ရာမဲ့ သူ့ဆီကို လက်ဆန့်တန်းနေတာကိုလည်း သူ မြင်ခဲ့ရတယ်။ အဲ့အချိန်တုန်းက သူ ယဲ့လွီမိသားစုဝင်တွေအားလုံးကို သူ့အမေနဲ့အတူ မြှုပ်နှံဖို့ ကျိန်ဆိုခဲ့တယ်။
နှစ်ပေါင်းနှစ်ဆယ်ကျော် စောင့်ပြီးတဲ့နောက်မှာ သူ့အတွက် ဒီအခွင့်အရေး ရောက်ရှိလာခဲ့ပြီ။
ချင်မင်းသားက သူ့ဓားကို မြှောက်လိုက်ပြီး ဧကရာဇ်အိုကြီးနှင့် ကြင်ယာတော်လီအား ခုတ်ပိုင်းရန် ပြင်ဆင်နေချိန်တွင် စစ်သည်နှစ်ယောက် အပြေးရောက်လာပြီး သတင်းပို့လာပြန်သည်။
"ဝမ်ရယ်၊ သတင်းဆိုးပါ"