ကံကြမ္မာအလှည့်အပြောင်း
Vol. 44 Ch. 646
"ဘာဖြစ်နေလို့ ဒီလောက် အော်ဟစ်နေရတာလဲ?"
ချင်မင်းသားက မျက်မှောင်ကြုတ်ရင်း ပြန်မေးလိုက်သည်။ သူ မြှောက်ထားသည့် ဓားက ဧကရာဇ်အိုကြီး၏ ခေါင်းနှင့် လက်တစ်ကမ်းအလိုသာ ရှိတော့သည်။ အနည်းငယ် ထပ်ရွေ့လိုက်သည်နှင့် ဧကရာဇ်အိုကြီး၏ခေါင်း ပြုတ်ကျသွားပေလိမ့်မည်။ သူက ဧကရာဇ်အိုကြီးအား တမင်တကာ ခြောက်လှန့်ချင်နေပြီး သေခြင်းတရားအတွက် ကြောက်ရွံ့စိတ် သွင်းပေးရန် အချိန်ဆွဲနေခြင်းဖြစ်သည်။ သူက ဧကရာဇ်အိုကြီး မသေခင် သူ့ရှေ့၌ ဒူးထောက်ပြီး အသနားခံနေပုံကို မြင်ရရန်လည်း မျှော်လင့်နေသေးသည်။
"မြို့စောင့်တပ်ဖွဲ့က တပ်သားတွေ ရောက်လာပြီး တိုက်ခိုက်နေကြပါပြီ"
သတင်းလာပို့သည့် သက်တော်စောင့်က အတော်လေး တုန်လှုပ်နေပုံရပြီး မြို့စောင့်တပ်သားများ၏အရေအတွက်က သူတို့ထက် အဆပေါင်းများစွာ ပိုများကြောင်း သိသာနေသည်။ အမှန်တကယ် တိုက်ပွဲဖြစ်လာလျှင် အရေအတွက်အရ သူတို့ ရှုံးနိမ့်နိုင်ပေသည်။
ထိုစကားကို ကြားလိုက်ရသည့် ချင်မင်းသား၏ အမူအရာကလည်း သိသိသာသာ ပြောင်းလဲသွားသည်။
ဘာတွေဖြစ်နေတာလဲ? မြို့စောင့်တပ်က ဘယ်လိုသတင်းရသွားတာလဲ?
မဟုတ်သေးဘူး။ သူ ဒီဧကရာဇ်အိုကြီးကို အမြန်ဆုံး သတ်ပစ်ရမယ်။ ဒီဧကရာဇ်အိုကြီး သေသွားတာနဲ့ စစ်တပ်မှာ ခေါင်းဆောင်ဆိုတာ မရှိနိုင်တော့ဘူး။ မြို့စောင့်တပ်ရောက်လာရင် သူက ဧကရာဇ်အိုကြီးရဲ့ သက်တော်စောင့်တွေ ပုန်ကန်ပြီး ဧကရာဇ်အိုကြီးကို သတ်လိုက်တာလို့ ပြောလိုက်မယ်။ သူ့အစ်ကိုတော် သေနေပြီဆိုရင် အဲဒီမြို့စောင့်တပ်သားတွေကလည်း သူ့အမိန့်ကို နားထောင်ရုံကလွဲပြီး ဘာလုပ်နိုင်မှာလဲ? ဘယ်သူက အမှန်တရားကို လိုက်စုံစမ်းနေမှာတုန်း?
မြို့စောင့်တပ်ဖွဲ့ ရောက်လာကြောင်း ကြားလိုက်ရချိန်တွင် ဧကရာဇ်အိုကြီးကတော့ အလွန်ဝမ်းသာသွားပြီး တုန်ယင်နေသည့် ကြင်ယာတော်လီကို ပွေ့ဖက်နှစ်သိမ့်ပေးလိုက်သည်။
"လီကွေ့ဖေး၊ မကြောက်နဲ့တော့နော်၊ ကျန်းတို့ကို ကယ်တင်ပေးမယ့် မြို့စောင့်တပ်သားတွေ လာနေပြီ”
"ကံမကောင်းတာကတော့ သူတို့ရောက်လာတဲ့အချိန်ဆိုရင် မင်းတို့က အလောင်းနှစ်လောင်း ဖြစ်နေလောက်ပြီ"
ချင်မင်းသားက ရက်စက်သည့် လှောင်ပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပြီး သူ၏ဓားရှည်ကို သူ့အစ်ကိုကြီး၏လည်ပင်းပေါ်သို့ ရွေ့လိုက်သည်။
သူ ဒီလူရဲ့ခေါင်းကို ဖြတ်လိုက်တာနဲ့ တာ့ထန်ပြည်ထောင်တစ်ခုလုံးက သူ့အပိုင်ဖြစ်သွားလိမ့်မယ်။
ဧကရာဇ်အိုကြီး၏ သက်တော်စောင့်များက ဧကရာဇ်အိုကြီးအား ကယ်တင်ရန် ရှေ့တိုးလာကြသော်လည်း ချင်မင်းသား၏ လက်အောက်ငယ်သားများက သူတို့အားလုံးကို တားဆီးထားကြသည်။ ဧကရာဇ်အိုကြီးနှင့် ကြင်ယာတော်လီတို့ အသတ်ခံရလုနီးပါး ဖြစ်နေချိန်တွင် လေတိုးသံနှင့်အတူ မြှားတိုလေးတစ်ချောင်း ထွက်ပေါ်လာပြီး ချင်မင်းသား၏ လက်ကောက်ဝတ်ထဲသို့ စိုက်ဝင်သွားသည်။ ကြီးမားသောဓားရှည်က ဧကရာဇ်အိုကြီး၏လည်ပင်းမှ လွှဲချော်သွားပြီး ပုခုံးကို ကျော်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဧကရာဇ်အိုကြီးကတော့ အလွန်ထိတ်လန့်နေပြီး ချွေးအေးများ ထွက်ကျလာသည်။ သူက ဓါး၏အေးစက်မှုကိုပင် ခံစားလိုက်ရပြီး သူ့လည်ပင်းပေါ်တွင် ကြက်သီးများထလာသည်ကိုပင် သူ သတိပြုမိလိုက်သည်၊ ကြင်ယာတော်လီကလည်း အလွန်ထိတ်လန့်နေပြီး မြေကြီးပေါ်သို့ ဒူးထောက်ကျသွားသည်။ သူမ တစ်ကိုယ်လုံး တုန်ယင်နေပြီး ပြန်မထနိုင်တော့ပေ။
"ဘယ်သူလဲ?"
ချင်မင်းသားက ဒဏ်ရာရနေသည့် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရင်း အမှောင်ထဲသို့ လှမ်းကြည့်ကာ ဒေါသတကြီး အော်မေးလိုက်သည်။ ထိုအခိုက်အတန့်တွင် အနက်ရောင်အရိပ်တစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်။ ထိုပိန်ပိန်ပါးပါးပုံရိပ်က အလယ်ပိုင်းလွင်ပြင်မှ လူဖြစ်မှန်း သိသာထင်ရှားနေသည်။ ရောက်လာသူ၏မျက်လုံးများက အေးစက်နေပြီး ဓားပျော့တစ်ချောင်းကို ကိုင်ဆောင်ကာ ဧကရာဇ်အိုကြီးနှင့် ကြင်ယာတော်လီတို့ရှေ့၌ မတ်မတ်ရပ်နေသည်။
ထိုလူက အရပ်မရှည်သော်လည်း အလွန်အမင်းဖိနှိပ်မှုကို ထုတ်လွှတ်နေသည်။ သူက ချွန်ထက်သော ဓားတစ်ချောင်းနှင့်တူနေပြီး သူ့ရှေ့၌ ပိတ်ရပ်နေသည့်လူတိုင်းအား ထိတ်လန့်စေမည် ဖြစ်သည်။
“မိတ်ဆွေ၊ မင်းလမ်းကို မင်းသွားပါ။ ငါ အောင်မြင်ပြီးရင် မင်းကို မြို့နှစ်မြို့ ပေးမယ်"
ချင်မင်းသားက မြို့စောင့်တပ်ဖွဲ့များ မရောက်လာခင် ဧကရာဇ်အိုကြီးအား သတ်ပစ်ရန် စိတ်စောနေသည်။ အချိန်က အရေးကြီးနေပြီး သူ့ရှေ့မှ လူကိုလည်း ပေါ့ပေါ့တန်တန် သဘောထားရန် မဖြစ်နိုင်ကြောင်း သူ နားလည်နေသည်။ ထိပ်တိုက်ရင်ဆိုင်ရလျှင် အချိန်ကုန်မည်ကို စိုးရိမ်သွားသည့် ချင်မင်းသားက အလျင်အမြန် တုံ့ပြန်လိုက်ပြီး မြို့နှစ်မြို့ကို ပေးမည်ဟု ကမ်းလှမ်းလိုက်သည်။ သာမန်လူများအနေဖြင့် ဤမျှကြီးမားသော သွေးဆောင်မှုကို ငြင်းဆန်နိုင်မည်မဟုတ်ဟု သူ ယူဆထားသည်။
သို့သော် ချင်မင်းသားထံတွင် အခြားသောအစီအစဉ်တစ်ခုလည်း ရှိနေသေးသည်။ သူ့ရှေ့မှလူက သဘောတူလိုက်သည်နှင့် သူက အခြေအနေကို အခွင့်ကောင်းယူကာ ထိုလူကိုလည်း သတ်ပစ်မည် ဖြစ်သည်။ ထိုမှသာ သူ ဧကရာဇ်အိုကြီးကို သတ်လိုက်ခြင်းအတွက် အပြစ်လွှဲချစရာ လူရှိလာပြီး သူ ကိုယ်လွတ်ရုန်းနိုင်ပေလိမ့်မည်။
"မြို့နှစ်မြို့လောက်နဲ့ ငါ့ကို ဆွဲဆောင်နိုင်မယ့်လို့ မင်း ထင်နေတာလား?"
ရောက်လာသူက အေးစက်စွာ ရယ်မောလိုက်ပြီး အထင်အမြင်သေးသည့်အကြည့်များဖြင့် ချင်မင်းသားကို လှမ်းကြည့်လိုက်သည်။ ချင်မင်းသားက သူ့ရှေ့၌ မောက်မာနေသည့်လူကြောင့် အလွန်အကျွံဒေါသ ထွက်နေခဲ့သည်။ သို့သော် သူ အံ့ကြိတ်သည်းခံရုံမှလွဲ၍ ဘာမှ မလုပ်နိုင်ပေ။ ထို့ကြောင့် သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့ဒေါသကို ထိန်းချူပ်ကာ သူ့ရှေ့မှလူကို လှမ်းမေးလိုက်သည်။
"ဒါဆို မင်းက ဘယ်နှစ်မြို့ လိုချင်တာလဲ"
"အကုန်လုံး"
ထိုလူက သူ့၏ဓားပျော့ကို ချင်မင်သား၏ရင်ဘတ်သို့ ချိန်ရွယ်ရင်း ထပ်ပြောလာပြန်သည်။
“မင်း အသက်လည်း ပါတယ်”
သူ့ရှေ့မှလူ အလွန်အမင်း မောက်မာနေသည့်ကို တွေ့မြင်နေရသောကြောင့် ချင်မင်းသားက ညှိနှိုင်းရန် မဖြစ်နိုင်ကြောင်း သဘောပေါက်သွားသည်။ သူက သူ့မျက်လုံးများကို မှေးကျည်းလိုက်ပြီး သူ့နောက်မှ သက်တော်စောင့်များကို လက်ဝှေ့ယမ်းပြလိုက်သည်။
"သူတို့ကို သတ်"
"ဒါကို မြန်မြန်အဆုံးသတ်ကြမယ်"
မင်းက အလကားရတဲ့ ဂုဏ်ပြုသေရည်ကို မသောက်ချင်မှတော့ ပြစ်ဒဏ်သင့်တဲ့ အဆိပ်သေရည်ကို ပေးမယ်။
သက်တော်စောင့်များက ရှေ့သို့ တိုးလာပြီး ထိုလူ့ကို ဝိုင်းရံလိုက်ကြသည်။ ဓားဆယ်ချောင်း တစ်ပြိုင်နက် လှုပ်ရှားလာချိန်တွင် ထိုလူက ငန်းတစ်ကောင်ကဲ့သို့ ပျံတက်သွားပြီး သူ၏လက်ထဲမှ ဓားပျော့က အလင်းရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအလင်းရိပ် ဖြတ်သွားသည့်နေရာတိုင်းမှ ခေါင်းများအားလုံးလည်း မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သက်တော်စောင့်ဆယ်ယောက်ကျော် သတ်ဖြတ်ခံလိုက်ရသည်။ မြေပြင်ပေါ်တွင် လူသေအလောင်းများ ပြန့်ကျဲနေခြင်းက ချင်မင်းသားကို ကြောက်ရွံ့သွားစေသည်။
ဒီလူ ဘယ်လိုတိုက်ခိုက်တယ်ဆိုတာကိုတောင် သူ မမြင်လိုက်ရဘူး။ သူ့ဘေးက သက်တော်စောင့်တွေအားလုံးက သိုင်းပညာ ကျွမ်းကျင်တဲ့သူတွေလေ။ ဘာလို့ ဒီလိုမျိုး အလွယ်တကူ သေသွားရတာလဲ?
ချင်မင်းသား ကြောက်ရွံ့နေသည့်လူကလည်း လုံးဝ ရပ်တန့်မသွားပေ။ သက်တော်စောင့်တစ်ဒါဇင်ကျော်ကို သတ်ပြီးနောက် သူက ချင်မင်းသားထံသို့ ပြေးဝင်လာသည်။ ချင်မင်းသားလည်း အလွန်ထိတ်လန့်သွားပြီး အလျန်အမြန် နောက်ပြန်ဆုတ်ကာ သက်တော်စောင့်များအား သူ့ကို ကာကွယ်ပေးရန် အော်ဟစ်အမိန့်ပေးလိုက်သည်။
သို့သော်လည်း သူ့ကို ကာကွယ်ရန် ပြေးလာသည့် သက်တော်စောင့်များလည်း အသတ်ခံလိုက်ရသည်။ သူ ထွက်ပြေးရန်ပင် အချိန်မရလိုက်ဘဲ နောက်ဆုံးတွင် ထိုလူက သူ့ကို မြင်းပေါ်မှ ဆွဲချကာ မေ့မြောသွားသည်အထိ ကန်ထုတ်လိုက်သည်။
ဧကရာဇ်အိုကြီးက သူ့ရှေ့မှ မြင်ကွင်းကို မယုံနိုင်သလို စိုက်ကြည့်နေသည်။
တခဏချင်းမှာပဲ ရလဒ်က လုံးဝကို ကွဲပြားသွားတယ်။ အမှန်ဆို အသတ်ခံရမယ့်လူက သူလေ။ ဒီအလှည့်အပြောင်းက အရမ်းပြင်းထန်လွန်းတယ်။
"ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်ကြီး"
ဧကရာဇ်အိုကြီးက လက်သီးအုပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သော်လည်း ထိုလူက သူ့ကို လုံးဝ လှည့်မကြည့်သေးပေ။ ထိုလူက ဧကရာဇ်အိုကြီးကို နောက်ကျောပေးထားပြီး ချင်မင်းသား၏လက်အောက်ငယ်သားများကို စိုက်ကြည့်နေသည်။ ထိုနောက် သူ၏ အေးစက်သောအသံက ဓားသွားကဲ့သို့ ကြောက်မက်ဖွယ် ထွက်ပေါ်လာသည်။
"လက်နက်ချမလား? အသေခံမလား?"
ချင်မင်းသား၏ လက်အောက်ငယ်သားများက သူတို့၏သခင် အဖမ်းခံလိုက်ရသည်ကို မြင်နေရပြီး သူတို့နောက်မှ တိုက်ခိုက်သံများကိုလည်း ကြားနေရသည်။ မြို့စောင့်တပ်သားများ ရောက်လာသည်မှာ သိသာထင်ရှားနေပြီး သူတို့၏ရှေ့တွင် သေမင်းတမန်နှင့်တူသော လူတယောက် ရှိနေကာ သူတို့နောက်၌ မြို့စောင့်တပ်သား ရှိနေမှန်း သူတို့ နားလည်သွားကြသည်။
လက်နက်ချရင် အသက်ရှင်မယ်။ လက်နက်ချဖို့ ငြင်းဆန်ရင်တော့ သေချာပေါက် သေရွာကို သွားရနိုင်တယ်။
"ကျွန်တော်မျိုးတို့ အညံ့ခံပါတယ်"
တစ်ယောက်ယောက်က ဦးဆောင်ပြီး သူ့လက်နက်ကို ပစ်ချလိုက်သည်။
"ကျွန်တော်မျိုး လက်နက်ချအညံ့ခံပါတယ်"
“ကျွန်တော်မျိုးလည်း အညံ့ခံပါတယ်”
တစ်ယောက်က ဦးဆောင်လိုက်သည်နှင့် တခြားသူများကလည်း သူတို့၏လက်နက်များကို ပစ်ချပြီး ချက်ချင်း အညံ့ခံလိုက်ကြသည်။
"ကျွန်တော်မျိုးတို့ အညံ့ခံပါတယ်”
“....”
မြေပြင်ပေါ်တွင် လက်နက်များ ပြန့်ကျဲနေပြီး ချင်မင်းသား၏ လက်အောက်ငယ်သားအားလုံးနီးပါး လက်နက်ချရန် ရွေးချယ်ခဲ့ကြသည်။ သေသည်အထိ သစ္စာခံထားကြသည့် လူအနည်းစုကတော့ ခုခံနေကြဆဲ ဖြစ်သည်။ ရောက်လာသူက သူတို့အားလုံးကို မျက်တောင်မခတ် သတ်ပစ်လိုက်သည်။
ခုခံမှု တစ်စုံတစ်ရာ မရှိတော့သည့်အချိန်တွင် မြို့စောင့်တပ်သားများလည်း အလျင်အမြန် ပြေးဝင်လာကြသည်။ စစ်သူကြီးက ဧကရာဇ်အိုကြီးအား ဦးညွှတ်အရိုအသေပေးရင်း တောင်းပန်လိုက်သည်။
"အရှင်မင်းမြတ်ကို ကယ်တင်ဖို့ နောက်ကျနေမိပါတယ်။ အရှင်မင်းမြတ် ခွင့်လွှတ်ပေးတော်မူပါ”
“အရမ်းကြီးတော့ နောက်မကျပါဘူး၊ သူတို့အားလုံးကို ဖမ်းလိုက်ပါ”
ဧကရာဇ်အိုကြီးက အိပ်မက်မက်နေသလို ခံစားနေရပြီး အစောပိုင်းမြင်ကွင်းကြောင့် ကြောက်ရွံ့တုန်လှုပ်နေဆဲ ဖြစ်သည်။ သူ့၏တပ်များ ရောက်လာသည်ကို မြင်မှသာ ဧကရာဇ်တစ်ပါး၏ တည်ငြိမ်မှုနှင့် ဂုဏ်သိက္ခာကို ပြန်လည်ရရှိသွားပြီး ချင်မင်းသားနှင့် သူ့၏လက်အောက်ငယ်သားများကို ဖမ်းဆီးရန် စစ်သူကြီးအား အမိန့်ပေးလိုက်သည်။
ချင်မင်းသားက အကန်ခံထားရ၍ မေ့မြောနေခြင်း ဖြစ်ကာ အသက်တော့ မသေသေးပေ။ သူ ပြန်နိုးလာချိန်တွင် ကြိုးချည်ခံထားရကြောင်း သူ ချက်ချင်း နားလည်သွားသည်။ သူက ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချကာ ကူကယ်ရာမဲ့ ညည်းတွားလိုက်သည်။
"ကောင်းကင်ကတောင် ငါ့ကို ဆန့်ကျင်နေတာလား? အခုတော့ ငါ့ရဲ့ ကြိုးစားမှုတွေအားလုံး အလကားဖြစ်သွားပြီ”
“မင်းအမေကိစ္စကို ကိုင်တွယ်ခဲ့တဲ့အချိန်တုန်းက ခမည်းတော်အနေနဲ့ နည်းနည်း ရက်စက်ခဲ့တာ မှန်တယ်၊ ဒါပေမယ့် ခမည်းတော်က မျိုးနွယ်စုတွေရဲ့ ကန့်ကွက်မှုကို လျစ်လျူရှုပြီး မင်းကို နန်းတော်ထဲ ပြန်ခေါ်လာခဲ့တယ်။ ပြီးတော့ ငါ့မယ်တော်... မယ်တော်က မင်းကို သားအရင်းလို ဆက်ဆံခဲ့တယ်၊ မင်းကို စည်းစိမ်နဲ့ အာဏတွေအားလုံးကို ခံစားခွင့်ပေးခဲ့တယ်။ အခု မင်းက ကြင်နာမှုကို ရန်ငြိုးနဲ့ ပြန်ဆပ်တယ်။ ဒါတောင်မှ ကောင်းကင်ဘုံက မင်းကို ကူညီပေးဖို့ မျှော်လင့်ရဲသေးတယ်လား?"
ဧကရာဇ်အိုကြီးက သူ၏ဖအေတူမကွဲညီတော်ကို ကြည့်နေရင်း သူ့နှလုံးသား နာကျင်လာသလို ခံစားနေရသည်။
သူများတွေရဲ့အမြင်မှာ တော်ဝင်မိသားစုက မမျှော်မှန်းနိုင်လောက်အောင် မြင့်မြတ်ပြီး အောင်မြင်နေတယ်လို့ ထင်ရပေမယ့် လက်တွေ့မှ သွေးသားတော်စပ်သူတွေ အချင်းချင်း သတ်ဖြတ်နေကြပြီး ဆွေမျိုးတွေကို ပစ်ပယ်ရမှုရဲ့နာကျင်ခြင်းတွေကို ဘယ်သူက သိနိုင်ပါ့မလဲ?
“တော်ပြီ၊ အပိုတွေ ပြောမနေနဲ့တော့၊ အောင်နိုင်သူက ဘုရင်၊ ရှုံးနိမ့်တဲ့သူက သူခိုးပဲ။ ခင်ဗျား ကျုပ်ကို သတ်ချင်ရင် အခုချက်ချင်း ခုတ်သတ်လိုက်၊ ညှဉ်းပန်းနှိပ်စက်ချင်တယ်ဆိုရင်လည်း ဆန္ဒရှိသလို လုပ်လို့ရတယ်"
ချင်မင်းသားကလည်း ကျောရိုးမာသူဖြစ်ပြီး အသနားခံရန် ငြင်းဆန်နေခဲ့သည်။
“ကောင်းပြီလေ၊ မင်းက နောင်တရ ရမှန်း မသိမှတော့... လာကြစမ်း၊ သူ့ကို ခေါင်းဖြတ်လိုက်တော့”
ဧကရာဇ်အိုကြီးက သူ့မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး သူ၏အကြည့်များက ချက်ချင်း စူးရှလာသည်။
တော်ဝင်မိသားစုမှာ မိသားစုရဲ့ချစ်ခြင်းဆိုတာ နောက်ဆုံးမှ စဥ်းစားပေရတဲ့အရာပါပဲ။ မိန်းမတစ်ယောက်ရဲ့ ကြင်နာမှုကတောင် ကပ်ဘေးကြီးတစ်ခု ယူဆောင်လာလိမ့်မယ်။
ချင်မင်းသားကို ဆွဲထုတ်သွားပြီး ခေါင်းဖြတ်လိုက်ကြသည့်အပြင် သူ့အလောင်းကိုလည်း သူဘာသာသူ ပုပ်ပွသွားအောင် တောထဲသို့ စွန့်ပစ်လိုက်ကြသည်။ သူတို့၏ဓလေ့အရ ပုန်ကန်သူများကို ဘိုးဘွားသင်္ချိုင်းအတွင်းသို့ ဝင်ခွင့်မပြုပေ။
ချင်မင်းသားကို ဖြေရှင်းပြီးနောက် ဧကရာဇ်အိုကြီးက သူ့အသက်ကို ကယ်တင်ခဲ့သည့်လူဆီသို့ လျှောက်သွားလိုက်သည်။
"အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ သခင်မလေးစူးချင်း"
ထိုလူက မျက်ခုံးပင့်ကာ ဧကရာဇ်အိုကြီးကို ကြည့်လိုက်ပြီး သူ့အသံက ယောကျာ်းအသံမဟုတ်တော့ဘဲ မူရင်းအသံဖြင့် ပြန်မေးလိုက်သည်။
"ဧကရာဇ်ကြီးက ကျွန်မကို ဘယ်လို မှတ်မိသွားတာလဲ?"
“ခုန မင်း လှုပ်ရှားလိုက်တဲ့ အကွက်ကို အရင်က မြင်ဖူးတယ်လေ"
ဧကရာဇ်အိုကြီးက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
စူးချင်း သူ့ကို ကယ်တင်ခဲ့တာ ဒါနဲ့ဆို တတိယအကြိမ်.. မဟုတ်သေးဘူး လေးကြိမ်မြောက်ပါ။
ဧကရာဇ်အိုကြီးက စူးချင်း လေပေါ်သို့ ခုန်တက်လိုက်ချိန်တွင် သူမကို မှတ်မိသွားခြင်း ဖြစ်သည်။ သူ တွေ့ဖူးသည့်လူများထဲတွင် စူးချင်းမှလွဲ၍ အခြားမည်သူ့ထံတွင်မျှ ထိုကဲ့သို့ ပြင်းထန်သော လွှမ်းမိုးနိုင်စွမ်းနှင့် သတ်ဖြတ်လိုစိတ် မရှိပေ။
ဧကရာဇ်အိုကြီးနှင့် စူးချင်းတို့၏ အပြန်အလှန်စကားများကို ကြားနေရသည့် ကြင်ယာတော်လီကလည်း ပြန်တည်ငြိမ်သွားပြီ ဖြစ်သည်။ သူမက အစေခံများအား သူမကို ကူတွဲပေးခိုင်းလိုက်ပြီး စူးချင်းရှေ့သို့ ရောက်လာခဲ့သည်။
"စူးသခင်မလား?"
“အင်း”
စူးချင်းက ခေါင်းညိတ်လိုက်သည်။
နောက်ဆုံးတော့ သူမ ဘေးကနေ စောင့်ကြည့်နေဖို့ မရွေးချယ်နိုင်ခဲ့ဘူး။ ဒါပေမယ့် သူမမှာလည်း ဒီအခြေအနေအတွက် တောင်းဆိုချင်တာတွေ ရှိနေသေးတယ်။