အရာရာ အဆင်မပြေဘူး
Vol. 44 Ch. 647
“အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မစူး၊ မင်း ပြန်လာပြီဆိုတော့ လီအာ ဘယ်မှာလဲ? သူ အဆင်ပြေရဲ့လား?”
ကြင်ယာတော်လီက သူမနှင့် ဧကရာဇ်အိုကြီးတို့အား ကယ်တင်ပေးခဲ့သည့်အတွက် စူးချင်းကို အရင်ဆုံး ကျေးဇူးတင်စကားပြောလိုက်သည်။ ထို့နောက် သူမက မြေးဖြစ်သူ၏ အခြေအနေကို စိတ်လှုပ်ရှားစွာ မေးမြန်းလာခဲ့သည်။
"ကျွန်မကို ကျေးဇူးတင်နေဖို့ မလိုပါဘူး၊ ကိစ္စတစ်ခုကို သဘောတူပေးရင် ရပါပြီ"
စူးချင်းက ကြင်ယာတော်လီ၏မေးခွန်းကို မဖြေဘဲ ထိုအစား ဧကရာဇ်အိုကြီးကို လှမ်းကြည့်ကာ သူမ ပြောချင်သည့်ကိစ္စကို ဆွေးနွေးရန် စကားစလိုက်သည်။
ဧကရာဇ်အိုကြီးက တခုခုမှားနေပြီကို ခံစားမိသွားသည်။
အခု စူးချင်းက သူတို့နဲ့ စကားပြောဆိုရာမှာ ဆွေမျိုးတွေလိုမျိူး ရင်းနှီးတဲ့ အမူအရာ မရှိတော့ဘူး။ သူတို့ကို ကယ်တင်ပေးတာတောင် အရင်လိုမျိုး ခြွင်းချက်မရှိ ကူညီပေးတာမျိုး မဟုတ်တော့ဘူး။
စူးချင်းက သူ သဘောမတူနိုင်မည့်အရာတစ်ခုကို တောင်းဆိုတော့မည်မှန်း ရိပ်မိသွားသည့် ဧကရာဇ်အိုကြီးတစ်ယောက် အကျပ်ရိုက်နေရပြန်သည်။ သို့သော်လည်း သူမက သူ့နှင့်တကွ တာ့ထန်ပြည်ထောင်ကိုပါ ကယ်တင်ပေးသူဖြစ်သည်။ သူမ မည်သည့်အခြေအနေကို တောင်းဆိုသည်ဖြစ်စေ သူ ငြင်းပယ်ပိုင်ခွင့် မရှိမှန်းလည်း နားလည်နေသေးသည်။
"ဘယ်လိုကိစ္စမျိုးလဲ?"
နောက်ဆုံးတွင် ဧကရာဇ်အိုကြီးလည်း ဘာမှ မတတ်နိုင်ဘဲ စူးချင်းကိုသာ ပြန်မေးလိုက်ရသည်။
စူးချင်းက သူ့ကို စိုက်ကြည့်နေရင်း ပြတ်ပြတ်သားသား ပြောလာခဲ့သည်။
"ယဲ့လွီချွမ်းနဲ့ ရှောင်ယင်ကို ကွာရှင်းပေးပြီး လီအာကို ရှောင်ယင့်နောက်လိုက်ခိုင်းပေးပါ”
"ဘာ"
ကြင်ယာတော်လီက သူမ နားကြားလွှဲနေသည်ဟု ထင်ကာ အလောတကြီး အသံထွက်လာသည်။
ဘယ်မိန်းခလေးရဲ့မိသားစုမျိုးက ကွာရှင်းဖို့ စပြောလို့လဲ? ပြီးတော့ အလယ်ပိုင်းလွင်ပြင်မှာက အမျိုးသမီးတစ်ယောက်ရဲ့ ဖြူစင်မှုနဲ့ အကျင့်သီလကို ဦးစားပေးတာ မဟုတ်လား? ကွာရှင်းပြီးရင် ရှောင်ယင်က ဘယ်လိုဆက်ပြီး ရှင်သန်နေထိုင်သွားမှာလဲ?
လီအာကို ခေါ်သွားဖို့ဆိုတာကတော့ ထည့်ပြောနေစရာကို မလိုဘူး။ လီအာက တာတာတော်ဝင်မိသားစုရဲ့ သွေးသားလေ။ တိုင်းတစ်ပါးမှာ လှည့်လည်သွားလာနေလို့ ဖြစ်ပါ့မလား?
"အရှင်မင်းမြတ်ကတော့ ဘယ်လိုထင်လဲ?"
စူးချင်းက ကြင်ယာတော်လီကို မကြည့်ဘဲ ဧကရာဇ်အိုကြီးကိုသာ လှမ်းမေးလိုက်သည်။
တကယ်တော့ ဒီဧကရာဇ်အိုကြီး သဘောတူတူ မတူတူ သူမကတော့ ဒီကိစ္စကို မဖြစ်မနေ ရအောင်လုပ်မှာပဲ။ အခု သူမ သူ့ကို မေးနေတယ်ဆိုတာက သူမရဲ့ နောက်ဆုံးလေးစားမှုကို ပြသတဲ့ပုံစံပဲ။
"သခင်မစူးချင်း၊ ချွမ်းအာက အချစ်ကူနဲ့ ပြုစားခံထားရလို့ ရှောင်ယင့်အပေါ် အဲ့လိုတွေ ပြုမူခဲ့တာပါ၊ အခု သူ့မှတ်ဥာဏ်တွေ အားလုံး ပျောက်သွားပြီ၊ သူက ဘယ်သူ့ကိုမှ မသိတော့ဘူး။ ရှောင်ယင်ရဲ့နာမည်ကိုပဲ ခေါ်နေတယ်။ အခုလည်း သူ ပျောက်သွားပြီး မော့ချန်ကို သွားနေတယ်လို့ သတင်းရခဲ့တယ်။ ချွမ်းအာက ငါ့သားဖြစ်ပေမယ့် ငါ့မှာ သူ့ကိုယ်စား ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ မင်း ငါတို့ကို ကယ်တင်ခဲ့တဲ့အတွက် ငါ မင်းကို ကျေးဇူးတင်ပါတယ်။ ဒီကိစ္စကလွဲရင် မင်း တောင်းဆိုချင်တဲ့ အခြေအနေတိုင်းကို လိုက်လျောပေးနိုင်ပါတယ်"
ဧကရာဇ်အိုကြီးက ခေါင်းယမ်းလိုက်သည်။ သူက ချွေးမကောင်းလေးဖြစ်သည့် ရှောင်းလန်ရှင်းကို မဆုံးရှုံးချင်သလို လီအာကိုလည်း လက်လွတ်မခံချင်ပေ။ ထို့ကြောင့် သူက စူးချင်း၏တောင်းဆိုမှုကို ငြင်းပယ်လိုက်သည်။
"ယဲ့လွီချွမ်းက မော့ချန်ကို သွားနေတာလား?"
ထိုစကားက စူးချင်းကို အံ့အားသင့်သွားစေခဲ့သည်။
သူမ ယဲ့လွီချွမ်းကို ကုသပေးနေရင်း သူ့ရဲ့မှတ်ဥဏ်တချို့ကို ဖျက်ပစ်ခဲ့တယ်လေ။ သူမရဲ့ ရည်ရွယ်ချက်က သူနဲ့ ရှောင်ယင်ကို ခွဲထုတ်ဖို့ပါ။ ဒါပေမယ့် ယဲ့လွှီချွမ်းက ဒီလိုအခြေအနေမျိုးမှာတောင် ရှောင်ယင်ကို သတိရနေမယ်လို့တော့ သူမ မမျှော်လင့်ထားမိဘူး။
"အင်း၊ ချွမ်းအာက ရှောင်ယင်အပေါ် တကယ်ကို လေးနက်တဲ့ ခံစားချက်ရှိတာပါ။ သခင်မလေးစူးချင်းအနေနဲ့ အတင်းအကျပ် ဝင်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်၊ တကယ်လို့ ရှောင်ယင်ကိုယ်တိုင် မဖြစ်မနေ လမ်းခွဲဖို့ အခိုင်အမာ ပြောလာရင်တော့ လီအာကို ရှောင်ယင်နဲ့အတူ ထည့်ပေးဖို့ ငါ သဘောတူပေးမှာပါ”
ဧကရာဇ်အိုကြီးက သူကိုယ်သူ ဖိအားပေး ရှင်းပြနေပြီး ရှောင်းလန်ရှင်းအနေဖြင့် လီအာကို ခေါ်သွားချင်လျှင်တော့ သူ သဘောတူပေးမည်ဟု ကတိပေးနေနေခဲ့သည်။ သို့သော် အဓိကလိုအပ်ချက်မှာ ရှောင်းလန်ရှင်းကိုယ်တိုင် ယဲ့လွီချွမ်းအား စွန့်လွှတ်ချင်စိတ်ရှိနေရန် ဖြစ်သည်။
"ကောင်းပါပြီ၊ ကျွန်မလည်း ရှောင်ယင်ရဲ့ အမြင်ကို လေးစားပေးမှာပါ"
စူးချင်းက ခဏလောက်စဉ်းစားနေပြီး ခေါင်းညိတ်သဘောတူလိုက်သည်။
သူမရဲ့ ရည်ရွယ်ချက်က ရှောင်ယင် ပျော်ရွှင်နေပြီး အန္တရာယ်ကင်းနေဖို့ပါ။ ရှောင်ယင်ကို ပြန်ခေါ်သွားမှ သူမနဲ့ ရွှေ့ရှန့်လည်း ရှောင်ယင်ကို အပြည့်အဝ ကာကွယ်ပေးနိုင်မှာလေ။
ဒါပေမယ့် ရှောင်ယင် မပျော်ဘူးဆိုရင် သူမ အဲလိုလုပ်စရာ အကြောင်းမရှိဘူးပေါ့။ သူမ အတင်း ကြိုးပမ်းအားထုတ်နေရင်တောင် အဓိပ္ပာယ်မရှိနိုင်ဘူးလေ။
"သခင်မစူး၊ လီအာကို ကယ်တင်ပြီးပြီလားဟင်? သူ့ကို တွေ့ခွင့်ရနိုင်မလား?"
စူးချင်းက အတင်းအကြပ် ဖိအားမပေးတော့သည်ကို နားလည်လိုက်သည်နှင့် ကြင်ယာတော်လီက မဝံ့မရဲ တောင်းဆိုလာပြန်သည်။ သူမက သူမ၏မြေးလေးကို အရမ်းသတိရနေပြီး နေ့ရောညပါ လွမ်းဆွတ်နေခဲ့သည်။ လီအာ အပြင်းအထန် နေမကောင်းဖြစ်နေသည်ဟုလည်း သူမ အိမ်မက်မက်ခဲ့ပြီး သူမ၏နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သည်။
“သူ အဆင်ပြေသွားပါပြီ”
စူးချင်းက ကြင်ယာတော်လီကို တစ်ချက်လှမ်းကြည့်လိုက်သည်။
တကယ်တော့ သူမလည်း ဧကရာဇ်အိုကြီးနဲ့ ကြင်ယာတော်လီအပေါ်မှာ အမြဲတမ်း အမြင်ကောင်းရှိခဲ့တာပါ။ သူတို့သာ လီအာကို အကာအကွယ် မပေးထားခဲ့ရင် ကလေးက အသတ်ခံရတာကြာနေလောက်ပြီ။
"သူ့ကို တွေ့လို့ ရမလား?"
ကြင်ယာတော်လီက စူးချင်းကို ထပ်တောင်းဆိုလိုက်သည်။ စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး လီအာကို စနစ်ထဲမှ ပြန်ထုတ်လိုက်သည်။ စနစ်ထဲမှ ထွက်လာသည့် လီအာက မီးရှူးတိုင်များကို မြင်သွားပြီး အလွန် စူးစမ်းချင်နေပုံရသည်။ သူ့၏မျက်လုံးလေးများက မီးရှူးတိုင်၏အလင်းရောင်ကို စိုက်ကြည့်နေပြီး လက်သေးသေးလေးနှစ်ချောင်းကို သူ့ပါးစပ်ထဲသို့ ထည့်ထားသည်။ သူ့မျက်နှာလေးက ပန်းရောင်သန်းနေပြီး တစ်ချက်ကြည့်ရုံမျှဖြင့် အဆိပ်များ မရှိတော့မှန်း သိသာနေသည်။
စူးချင်းက ကလေးကို တောက်လျှောက် သိုးနိုးတိုက်ကျွေးလာသောကြောင့် ကလေးက ကိုယ်အလေးချိန်မကျသွားခဲ့ပေ။ လီအာကို ပွေ့ဖက်ထားသည့်အချိန်တွင် သူမ၏အကြည့်များ၌ အစောပိုင်း လူသတ်နေစဥ် တွေ့ရသည့် အေးစက်မှုနှင့် တင်းမာမှုတို့ မရှိတော့ဘဲ အလွန်နူးညံ့သိမ်မွေ့သွားသည်။
"လီအာ၊ လီအာ"
သူမ၏မြေးလေး အသက်ရှင်နေသေးသည်ကို မြင်လိုက်ရချိန်တွင် ကြင်ယာတော်လီတစ်ယောက် မျက်ရည်များ စီးကျလာသည်။ သူမက စူးချင်း၏ရင်ခွင်ထဲမှ လီအာကို ဆွဲယူပွေ့ဖက်လိုက်ပြီး လက်မလွှတ်ချင်ဟန်ဖြင့် အကြိမ်ကြိမ်နမ်းရှိုက်နေသည်။
“သခင်မလေးစူးချင်း၊ ငါတို့ မင်းကို အများကြီးကျေးဇူးတင်ပါတယ်၊ တာတာပြည်သူတွေနဲ့ ချွမ်းအာရဲ့ကိုယ်စား မင်းကို ကျေးဇူးတင်စကားပြောပါရစေ”
ဧကရာဇ်အိုကြီးက အလွန် လိမ္မာပါးနပ်လှပြီး သူ့သားကိုပါ ဆွဲခေါ်ကာ ကျေးဇူးတင်စကား ပြောနေလေသည်။ သူက သူတို့၏အတိတ်မှ ဆွေမျိုးသားချင်း ဆက်ဆံရေးအား စူးချင်း အမှတ်ရရန် မျှော်လင့်နေသေးသည်။
“အခုတော့ ကလေးကို ပြန်ခေါ်သွားမှ ဖြစ်မယ်။ ရှောင်ယင်က ကလေးပြန်လာတာကို စောင့်နေလောက်ပြီ။ ကျွန်မ ရှောင်ယင်ရဲ့အတွေးကို မေးကြည့်မယ်။ ရှောင်ယင်က ကျွန်မတို့နဲ့ ပြန်လိုက်ချင်တယ်ဆိုရင် ကျွန်မတို့ ရှောင်ယင်နဲ့ ကလေးကို ပြန်ခေါ်သွားမယ်။ ရှောင်ယင်က ယဲ့လွီချွမ်းအပေါ် ခံစားချက်တွေရှိနေသေးတယ်ဆိုရင်တော့ သူတို့သုံးယောက်လုံးကို အတူပြန်ပို့ပေးလိုက်မယ်”
သက်ကြီးရွယ်အိုစုံတွဲ၏ကလေးအပေါ်ထားသည့် ချစ်ခင်မှုကို မြင်နေရသောကြောင့် စူးချင်တစ်ယောက် နှလုံးသားမမဲ့နိုင်ဘဲ အာမခံချက် ပေးလိုက်ပြန်သည်။
"သူ့ကို ဒီမှာ ထားခဲ့လို့မရဘူးလား?"
ကြင်ယာတော်လီက မြေးဖြစ်သူကို လက်မလွှတ်ချင်ဘဲ စူးချင်းနှင့် ညှိနှိုင်းရန် ကြိုးစားလိုက်သည်။ ဧကရာဇ်အိုကြီးက သူမကို ပြန်ဆွဲထားရင်း နှစ်သိမ့်ပေးလိုက်သည်။
"ရှောင်ယင်က ကျန်းတို့ထက် ပိုစိုးရိမ်နေမှာ သေချာတယ်၊ သူ့ကို ပြန်ခေါ်သွားပါစေ၊ ရှောင်ယင်နဲ့ လီအာတို့ ပြန်လာမယ်လို့ ကျန်း ယုံကြည်တယ်”
စူးချင်းက ကလေးကို ခေါ်သွားချင်ရင် သူမကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး။ သူ ဒါကို ကောင်းကောင်း သိနေတယ်။ ဒါကြောင့် အခု သူတို့ စူးချင်းအပေါ် နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ဆက်ဆံရမယ်၊ အတင်းအကျပ်တောင်းဆိုလို့ မရဘူး။ မဟုတ်ရင် အကျိုးဆက်က ပြောင်းပြန်ဖြစ်သွားလိမ့်မယ်။ စူးချင်းက အတင်းအကြပ် ဖိအားပေးခံရတာထက် နူးညံ့တာကို ပိုသဘောကျတယ်။
ဧကရာဇ်အိုကြီးက အလွန်နားလည်ပေးနိုင်သည်ကို မြင်နေရသောကြောင့် စူးချင်းက သူမဘက်မှ အနည်းငယ် ထပ်လျော့ပေးလိုက်သည်။ သူမက ကြင်ယာတော်အား လီအာကို တစ်ညတာ စောင့်ရှောက်ခွင့်ပေးရန် သဘောတူခဲ့သည်။ မနက်ဖြန်မနက်မှ သူမ ကလေးကို ပြန်ခေါ်သွားမည်ဖြစ်သည်။
မော့ချန်တွင်.....
ရှောင်းလန်ရှင်းက အိပ်ယာဘေးတွင် ထိုင်နေပြီး မျက်လုံးများ တင်းတင်းမှိတ်ထားသည့် ယဲ့လွီချွမ်းကို စောင့်ကြည့်နေသည်။ သူမကို နှစ်ခါ ကယ်တင်ခဲ့သည့် ပုံရိပ်များကလည်း သူမစိတ်ထဲသို့ တိုးဝင်လာပြန်သည်။
သူက သူမ ချစ်မိသွားသော ပထမဆုံးလူပါ။ သူမ သူ့ကို လွယ်လွယ်နဲ့ ဘယ်လိုမေ့နိုင်မှာလဲ?
အခုတာ့ သူက ခုတင်ပေါ်မှာ ငြိမ်ငြိမ်လေး လှဲလျောင်းနေပြီး သူ့ရဲ့မျက်လုံးနက်နက်တွေကို တင်းတင်းမှိတ်ထားတယ်။ သူ့ရဲ့မျက်လုံးတွေထဲက နက်နဲတဲ့ချစ်ခြင်းမေတ္တာ ဒါမှမဟုတ် ရက်စက်မှု ဘာကိုမှ သူမ မမြင်ရတော့ဘူး။ အခု သူက လမ်းပျောက်နေတဲ့ ကလေးတစ်ယောက်နဲ့ တူနေပြီ။
သူမ သူ့ကို ခွင့်လွှတ်ပေးသင့်လား? ဒါမှမဟုတ် မေ့ပစ်သင့်လား?
ရှောင်းလန်ရှင်းက အတွေးများဖြင့် သူမဘာသာ ဒွိဟဖြစ်နေခဲ့သည်။ လီရွှမ်းအာက သူမ၏အစ်ကိုကြီးကို အစားကျွေးပြီးနောက် ရှောင်းလန်ရှင်းထံသို့ ရောက်လာခဲ့သည်။ ရှောင်းလန်ရှင်း၏ မျက်ရည်များဝဲနေသော မျက်နှာနှင့် နာကျင်နေသော အမူအရာကို မြင်လိုက်ရချိန်တွင် လီရွှမ်းအာလည်း သက်ပြင်းချလိုက်မိသည်။
ရှောင်ယင်က အရင်ကလို အပူအပင်မဲ့ ပျော်ပျော်နေတတ်တဲ့ ရှောင်ယင် မဟုတ်တော့ဘူး။ အခု ရှောင်ယင် အရမ်းဝမ်းနည်းပြီး စိတ်ဓာတ်ကျနေတာကို မြင်ရတော့ သူမလည်း ဝမ်းနည်းရတယ်။
"ရှောင်ယင်"
လီရွှမ်းအာက အစေခံမလေး၏ လက်ထဲမှ အနီရောင်စွန်ပလွံသီးနှင့် အဖြူရောင်မှိုဟင်းချိုပန်းကန်ကို လှမ်းယူလိုက်သည်။
"ရှောင်ယင် တစ်ခုခုစားပါဦး။ နင် ညစာတောင် မစားရသေးဘူး။ ဒီလိုလုပ်နေလို့ မဖြစ်သေးဘူး”
“အစ်မရွှမ်းအာ”
ရှောင်းလန်ရှင်းက သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး အားတင်းကာ ပြုံးပြနေသည်။
“ကျွန်မ ဗိုက်မဆာဘူး”
“ဗိုက်မဆာရင်တောင် စားရမယ်၊ တခြားသူတွေရဲ့အမှားအတွက်နဲ့ ကိုယ့်ကိုယ်ကို အပြစ်မတင်ရဘူးလေ"
လီရွှမ်းအာကလည်း ရှောင်းလန်ရှင်းအပေါ် နှလုံးသားမဲ့ခဲ့သော ယဲ့လွီချွမ်းအကြောင်း ကြားသိခဲ့ပြီး သူ့ကို မြင်ရရုံဖြင့် ဒေါသထွက်လာပြန်သည်။
"သူ့ကြောင့် မဟုတ်ပါဘူး၊ ကျွန်မ လီအာ့အတွက် စိတ်ပူလို့ပါ၊ ယောင်းမ ထွက်သွားတာ တစ်လခွဲကျော်နေပြီ၊ ကလေးက ဘယ်လို ဖြစ်နေပြီလဲ?”
ရှောင်းလန်ရှင်းက ခေါင်းခါရင်း ရှင်းပြလိုက်သည်။ ယဲ့လွီချွမ်း သူမအပေါ် အကြင်နာမဲ့ခဲ့သည့်အတွက် သူမ ဝမ်းနည်းသော်လည်း သူမ၏သားလေးအတွက် ပိုစိုးရိမ်နေမိသည်။
လီအာက ကူကယ်ရာမဲ့ လဲလျောင်းနေတယ်လို့ သူမ အိပ်မက်မက်ခဲ့တယ်။ သူမ အိပ်ရာကနေ နိုးလာပြီး ကလေးကို စမ်းကြည့်လို့ မထိမိတဲ့ ညတိုင်း တစ်ညလုံး ငိုရပြီး ပြန်အိပ်လို့ မရတော့ဘူး။
ထိုကဲ့သို့သော ညှဥ်းပန်းနှိပ်စက်မှုမျိုးက ရှောင်းလန်ရှင်း သည်းခံနိုင်သည့်အရာ မဟုတ်ပေ။
"နက် အစ်မစူးချင်းကို ယုံကြည့်သင့်တယ်၊ အစ်မစူးချင်း ရှိနေသရွေ့ လီအာ နေကောင်းသွားလိမ့်မယ်”
လီရွှမ်းအာကတော့ ယုံကြည်မှု အပြည့်ရှိနေသည်။
နတ်သမားတော်လို့ ခေါ်နိုင်တဲ့ အစ်မစူးချင်းရဲ့ ဆေးပညာက ဖီးနစ်အမွေးနဲ့ ချီလင်ဦးချိုထက်တောင် ရှာတွေ့ဖို့ ခက်ခဲနိုင်သေးတယ်။
ရှောင်းလန်ရှင်းက ခေါင်းညိတ်လိုက်သည်။
သူမလည်း သူမရဲ့ယောင်းမကို ယုံကြည်လို့သာ ဒီလောက်အထိ တောင့်ခံနိုင်တာပါ။ ဒီလိုမှ မဟုတ်ရင် လွန်ခဲ့တဲ့ ရက်ပေါင်းများစွာကတည်းက သူမ ဒီမျှော်လင့်ချက်ကို စွန့်လွှတ်ပြီးသား ဖြစ်နေလောက်ပြီ။
လီရွှမ်းအာက ရှောင်းလန်ရှင်းကို ခဏလောက် အဖော်ပြုပေးပြီးမှ ထွက်သွားခဲ့သည်။ ညဘက်ရောက်လာချိန်တွင် ရှောင်းကျဲယွိက ရှောင်းလန်ရှင်း အနားယူရန် ပြန်ခေါ်လာဖို့ သူ့လူများကို အမိန့်ပေးလိုက်သည်။ ယဲ့လွီချွမ်းအား စောင့်ရှောက်ပေးရန် အစေခံမိန်းကလေးများကိုလည်း စေလွှတ်ပေးခဲ့သည်။
သို့သော်လည်း အာ့လူက ရှောင်းလန်ရှင်းကို ထွက်သွားခွင့်မပြုဘဲ တောင်းပန်နေပြန်သည်။
“ဝမ်ဖေး၊ မသွားပါနဲ့၊ ဝမ်ရယ် နိုးလာပြီး ဝမ်ဖေးကို ရှာမတွေ့ရင် သူ့ကိုယ်သူ နာကျင်အောင် လုပ်လိမ့်မယ်”
"ရှောင်ယင် မသွားပါနဲ့" ယဲ့လွီချွမ်းက အာ့လူနှင့် ပူးပေါင်းပေးနေပုံရပြီး ရုတ်တရက် ထအော်လိုက်သည်။