အိပ်မက်ချိုးဖျက်မြို့
Vol. 37 Ch. 541
“ကျောက်တုံးဗုဒ္ဓက ငိုကြွေးနေတယ်၊ ဒါ နိမိတ်ကောင်းတစ်ခု မဟုတ်ဘူး”
စမ်းသပ်သူတစ်ယောက်က နဖူးကို အရေးအကြောင်းထင်အောင် တွန့်ချိုးကာ ပြောလိုက်သည်။
“ဘယ်မှာလဲ ကျောက်တုံးဗုဒ္ဓက၊ အထဲမှာရှိနေတာက သွေးတွေရဲနေတဲ့ လူခေါင်းပြတ်ကြီးပဲ”
သူ့ဘေးက လက်ထောက်ဖြစ်သူက ပြောသည်။
“မင်းက လူခေါင်းကို မြင်တာလား”
ထိုစမ်းသပ်သူမှာ ထိတ်လန့်သွားပြီး အခြားသူများကို အမြန်မေးလိုက်သည်။
“မင်းတို့ကော ဘာမြင်ကြလဲ”
“တွန့်လိမ်နေတဲ့ ထိုက်ဆွေကြီးပဲ”
“အရိုးအိုးတစ်လုံးဟ”
“ပိုးလောက်ကောင်သေတွေ”
“ကိုယ့်မျက်နှာကိုယ်မြင်နေရတဲ့ ကြေးမှုံကြီး”
စမ်းသပ်သူ တစ်ယောက်ချင်းစီသည် မတူညီသောအရာများကို မြင်နေကြရသည်။ ကောင်းမင်က ပိုင်ဖုန်းကို အသာအယာထိကာ မေးလိုက်သည်။
“ခင်ဗျားကော ဘာမြင်လဲ”
ယဇ်ပလ္လင်ကို စတင်မြင်ကတည်းက ပိုင်ဖုန်း၏မျက်နှာမှာ ဖြူလျော်နေခဲ့သည်။
“ပိုင်ရှောင်ရဲ့ နာရေး လူသေဓာတ်ပုံ”
ဒုန်း! ဒုန်း! ဒုန်း!
ယဇ်ပလ္လင်နောက်ကွယ်မှ နံရံဆီမှ ခေါက်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ နံရံထဲရှိ လျှို့ဝှက်ထားသော တံခါးငယ်လေးများစွာ ပွင့်လာကြသည်။ ထိုတံခါးများပေါ်တွင် ထူးဆန်းသော စာသားများ ရေးသားထားသည်။
“ယဇ်ပလ္လင်ထဲမှာ မြင်ရတဲ့ အရာတွေနဲ့ ကိုက်ညီတဲ့ တံခါးတွေထဲကို ငါတို့ဝင်ဖို့ လိုတာလား”
ပထမဆုံး စကားပြောခဲ့သည့် စမ်းသပ်သူက မျက်မှောင်ကြုတ်လိုက်သည်။
“အိပ်မက်ထဲဝင်ဖို့ လုပ်ငန်းစဉ်တစ်ခုတော့ ရှိရမှာပဲ၊ ဒါပေမယ့် ငါအာရုံစိုက်နေတာတောင် ဘာမှသတိမထားမိဘူး...”
မည်သည့် အရိပ်အယောင် သို့မဟုတ် လမ်းညွှန်မှုမှ မရှိပေ။ ခွေးတိုးပေါက်လောက်သာရှိသည့် တံခါးလေးများမှလွဲ၍ အခြားထွက်ပေါက်မရှိချေ။ ကောင်းမင်မှလွဲ၍ ကျန်လူအားလုံးမှာ ဦးနှောက်စမ်းသပ်မှုများစွာကို ကြုံတွေ့ခဲ့ဖူးသူများဖြစ်သည်။ သို့သော် ထိုသို့သောသူများပင် သူတို့အခု ရောက်နေသည်မှာ အိပ်မက်ထဲလား သို့မဟုတ် လက်တွေ့ကမ္ဘာမှာပဲလားဆိုသည်ကို ဝေခွဲမရဖြစ်နေကြသည်။ လူအုပ်ကြီး တုံ့ဆိုင်းနေစဉ်မှာပင် ယဇ်ပလ္လင်ပေါ်ရှိ စက္ကူရုပ်က လှုပ်ရှားလာသည်ကို ကောင်းမင် သတိထားမိလိုက်သည်။ စက္ကူဖြင့်ပြုလုပ်ထားသော မျက်မှန်ကလေးမှာ သူ့ဘက်သို့ လှည့်လာသလို ဖြစ်သွားသည်။ သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး နှလုံးခုန်သံများ မြန်လာလေသည်။ ဘာဖြစ်နေမှန်း သူအတိအကျမသိသော်လည်း အသတ်အဖြတ်ဆန္ဒ၏ အထိအတွေ့မှာ စစ်မှန်သည်။ အန္တရာယ်အဆင့်သည် ယခင်က သူကြုံတွေ့ခဲ့ဖူးသမျှထက် များစွာပိုမြင့်မားနေသည်။
“ဒီမှာ ဆက်နေရင် ငါတို့သေလိမ့်မယ်”
အဓိပ္ပာယ်မရှိသည့် အတွေးတစ်ခု ကောင်းမင်၏ စိတ်ထဲတွင် ပေါ်လာလေသည်။ သူသည် ပိုင်ဖုန်းကို နံရံဆီသို့ ဆွဲခေါ်သွားလိုက်သည်။ အခြားစမ်းသပ်သူများလည်း တစ်စုံတစ်ခုကို အာရုံခံမိပြီး စတင်လှုပ်ရှားလာကြသည်။ သုံးမိနစ်ခန့်အကြာတွင် ယဇ်ပလ္လင်ဘက်သို့ မျက်နှာမူထားသော စမ်းသပ်သူတစ်ဦးမှာ ရုတ်တရက် အော်ဟစ်လိုက်ပြီး ယဇ်ပလ္လင်၏ အောက်ခြေကို ဦးခေါင်းဖြင့် အားကုန်ပြေးတိုက်တော့သည်။
၎င်းမှာ အလွန်အားပါသော တိုက်ချက်ဖြစ်သော်လည်း ယဇ်ပလ္လင်မှာမူ အနည်းငယ်မျှပင် မလှုပ်ရှားပေ။
“သူ ဘာဖြစ်နေတာလဲ၊ အိပ်မက်ဆိုးထဲတောင် မဝင်ရသေးဘူး စိတ်ဖောက်ပြန်သွားတာလား”
“အားဟိုင်”
အမျိုးသမီးတစ်ဦးက သူ့ကို တားဆီးရန် ကြိုးစားလိုက်သော်လည်း မမြင်ရသော အင်အားတစ်ခုက အားဟိုင်၏ ဦးခေါင်းနောက်ကို ဆုပ်ကိုင်ထားသကဲ့သို့ ဖြစ်နေသည်။ သူ၏ ဦးခေါင်းသည် ယဇ်ပလ္လင်အောက်ခြေနှင့် ထပ်မံဆောင့်မိသွားသည်။ သူ့မျက်နှာသည် သွေးများ ချင်းချင်းနီနေပြီး မျက်လုံးများမှာ သဘာဝမဟုတ်သော ရူးသွပ်မှုများဖြင့် တောက်ပနေသည်။ အားဟိုင်သည် ယဇ်ပလ္လင်ကို ဖက်၍ စတင်ရယ်မောတော့သည်။ သူ အခြားသူများဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် သူ၏မျက်နှာပေါ်မှ သွေးများမှာ စီးကျနေဆဲဖြစ်သည်။
ကောင်းမင်၏နှလုံးသားထဲတွင် စိုးရိမ်စိတ်များ ပိုမိုမြင့်တက်လာသည်။ သူသည် တံခါးငယ်လေးများပေါ်မှ စာသားများကို လိုက်ဖတ်ကြည့်သော်လည်း ‘စက္ကူအရုပ်’ ဟူသော စာလုံးကို ရှာမတွေ့ပေ။ စက္ကူရုပ်စကားလုံးပါတဲ့ တံခါးက မရှိဘူးလား။
ထိုအချိန်တွင် စမ်းသပ်သူတစ်ဦးက အော်ပြောလိုက်သည်။
“ယဇ်ပလ္လင်ထဲမှာ မြင်ရတဲ့အရာကို ရေးထားတဲ့ တံခါးထဲ ဝင်ကြ ၊ အချိန်မဖြုန်းနဲ့ ၊ အဆင့် ၅ စမ်းသပ်သူဆီက ငါကြားဖူးတာတော့ မသေဆေးကုမ္ပဏီမှာ အိပ်မက်ဆိုးထဲကနေ ဖိတ်ခေါ်လာတဲ့ ယဇ်ပလ္လင်တစ်ခု ရှိတယ်တဲ့၊ အဲ့ဒီထဲမှာ အသက်ရှင်နေတဲ့ နတ်ဘုရားတစ်ပါး ကိန်းဝပ်နေတာ”
ထို့နောက် သူသည် တံခါးတစ်ခုထဲသို့ တွားဝင်သွားတော့သည်။ ကျန်လူများလည်း ထိုနည်းအတိုင်း လိုက်လုပ်ကြသည်။ ပိုင်ဖုန်းက ကောင်းမင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
“ငါတို့ လမ်းခွဲရတော့မယ် ထင်တယ်၊ အိပ်မက်ထဲကျမှ ပြန်တွေ့ကြတာပေါ့”
“မလိုပါဘူး၊ ခင်ဗျားဝင်တဲ့ တံခါးထဲကိုပဲ ကျွန်တော်လိုက်ခဲ့မယ်”
“မင်းလည်း လူသေဓာတ်ပုံကို မြင်တာလား”
ပိုင်ဖုန်းက မေးလိုက်ရာ ကောင်းမင်က ခေါင်းငြိမ့်ပြလိုက်သည်။ သူမသည် ရှေ့မှ ဦးဆောင်ကာ ‘လူသေဓာတ်ပုံ’ ဟု ရေးထားသော တံခါးထဲသို့ တွားဝင်သွားသည်။ ကောင်းမင်က နောက်မှ လိုက်ပါသွားသည်။ သူတို့ တွားဝင်သွားချိန်တွင် သူတို့နောက်ခန်းထဲမှ ဆုတ်ဖြဲသံများနှင့် ရယ်မောသံများကို ကြားလိုက်သည်။
မှောင်မိုက်နေသော လမ်းကြောင်းထဲတွင် မည်မျှကြာအောင် တွားသွားမိသည်မသိသော်လည်း ကောင်းမင်၏ လည်ကုပ်နောက်ဘက်တွင် နာကျင်မှုကို ခံစားလိုက်ရသည်။ ထို့နောက် မြေကြီးနံ့က နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သူ ဆက်တွားသွားချင်သော်လည်း သူ့ဦးခေါင်းက သစ်သားပြားတစ်ခုကို ဆောင့်မိသွားသည်။ သူ့ရှေ့တည့်တည့်မှာ ရှိနေရမည့် ပိုင်ဖုန်းမှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ လက်ဆန့်၍ ပတ်ဝန်းကျင်ကို စမ်းသပ်ကြည့်လိုက်သည်။ ကျောက်နံရံများ မရှိတော့ဘဲ သစ်သားပြားများဖြင့် အစားထိုးခံလိုက်ရကြောင်း သိလိုက်ရသည်။
“ငါ သစ်သားပြားတွေနဲ့ လုပ်ထားတဲ့ သေတ္တာထဲမှာ ပိတ်မိနေတာပဲ၊ ငါ... ခေါင်းတလားတစ်ခုထဲ ရောက်နေတာလား”
သစ်သားပြား အက်ကြောင်းများကြားမှတဆင့် မြေကြီးများ အောက်သို့ ကျဆင်းလာသည်။ ကောင်းမင်သည် သူ့အသက်ရှူနှုန်းကို ထိန်းညှိလိုက်သည်။ သူသည် အမှောင်ထဲတွင် လက်ဖြင့် စမ်းသပ်ရှာဖွေကြည့်ရာ သူ၏ အပေါ်ဘက်မှ သစ်သားပြားမှာ လျော့ရဲနေပြီး သံရိုက်ထားခြင်းမရှိကြောင်း သတိပြုမိလိုက်သည်။ သူက အသာလေး တွန်းကြည့်လိုက်ရာ လှုပ်ရှားသွားသည်ကို ခံစားလိုက်ရသည်။
“ငါ့ကို အနက်ကြီး မြှုပ်ထားတာ မဟုတ်ဘူးပဲ”
ကောင်းမင်သည် မှန်ကန်သည့် ထောင့်ကို ရှာ၍ အားကုန်တွန်းထုတ်လိုက်သည်။ နောက်ဆုံးတွင် ကျွိခနဲ မြည်သံနှင့်အတူ သစ်သားပြားနှင့်အပေါ်မှ မြေကြီးများမှာ ဘေးသို့ လွင့်စင်သွားတော့သည်။ ကောင်းမင်သည် အပြင်ဘက်မှ လေကောင်းလေသန့်ကို မရှူရှိုက်ရသေးခင် မိုးခြိမ်းသံကြီးက ညကောင်းကင်ကို တုန်ဟည်းသွားစေသည်။ သူက ကျင်းထဲသို့ ပြန်တွားဝင်လိုက်ရင်း ရေရွက်လိုက်သည်။
“မိုးရွာတော့မယ် ထင်တယ်၊ ငါ မိုးရွာတာကို မကြိုက်ဘူး”
ထိုနေရာသည် အလွန်မှောင်မိုက်နေလေသည်။ လ သို့မဟုတ် ကြယ်များကိုလည်း မမြင်ရပေ။ ရေစီးသံများကိုသာ သူကြားရသည်။
“ငါ အနက်ရှိုင်းဆုံးအဆင့် အိပ်မက်ဆိုးထဲကို ရောက်နေတာလား၊ ဒါက ငါ တွေးထားတာနဲ့ ကွဲပြားနေတယ်၊ ငါ့ရဲ့ မှတ်ဉာဏ်အပိုင်းအစတွေကလည်း ဘာတုံ့ပြန်မှုမှ မရှိဘူး၊ တစ်ခုတည်းသော သတင်းကောင်းကတော့...”
ကောင်းမင်သည် ခေါင်းတလားထဲတွင် လဲလျောင်းနေရင်း သူ၏ရင်ဘတ်ကို ဖိထားလိုက်သည်။ သူ၏ နှလုံးခုန်သံနှင့်အတူ အသားသစ်ပင်၏ တည်ရှိမှုကို သူအာရုံခံနိုင်လာသည်။ အိပ်မက်များစွာကို ထိုးဖောက်ထားသော ဧရာမသစ်ပင်ကြီးသည် သူ့ကို လိုက်ရှာနေပုံရသည်။ နံပါတ် ၂ ပေးထားခဲ့သော စကားပြောစက်သည်လည်း စတင်ပြောင်းလဲလာသည်။ ချန်နယ်အချို့မှာ လှိုင်းနှောင့်ယှက်သံများ ထွက်ပေါ်လာပြီး အချက်ပြမှုအချို့ကို ဖမ်းယူနိုင်နေသကဲ့သို့ ရှိသည် ။
“နံပါတ် ၂ ရဲ့ ခန္ဓာကိုယ်အစစ်က မသေဆေးကုမ္ပဏီရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ ဝှက်ထားတာပဲ၊ ကျန်းမင်လီဆိုတဲ့ ကစားသမားကိုလည်း ငါ ရှာဖို့ လိုသေးတယ်၊ ဒါတွေကို ဖြည်းဖြည်းချင်း လုပ်မှဖြစ်မယ်”
ကောင်းမင်သည် ခေါင်းတလားထဲမှ တွားထွက်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူသည် သင်္ချိုင်းဟောင်းတစ်ခုတွင် ရောက်နေပုံရသည်။ သူ ထွက်လာသော ကျင်းသည် အုတ်ဂူမှတ်တိုင်ပင် မရှိပေ။ ခေါင်းတလားထဲတွင်တော့ ပျက်စီးနေသော ပိုက်ဆံအိတ်လေးတစ်လုံးသာ ကျကျန်ရစ်ခဲ့သည်။ ထိုအိတ်ထဲတွင် ကြေးဒင်္ဂါးသုံးပြားနှင့် ဆေးညွှန်းစာတစ်စောင် ပါဝင်သည် ။
“ဘယ်သူက ငါ့ကို အရှင်လတ်လတ် မြှုပ်ခဲ့တာလဲ၊ ကြေးပြားတွေမှာ သွေးတွေနဲ့ တိရစ္ဆာန် အမွေးအမှင်တွေ ပေကျံနေသလိုပဲ”
ကောင်းမင်၏ ယခင်အတွေ့အကြုံအရ သူအိပ်မက်ဆိုးထဲသို့ ဝင်သည့်အခါ မည်သည့်အရာမှ ပါလာလေ့မရှိသော်လည်း ဤတစ်ကြိမ်တွင်မူ ထူးခြားနေလေသည်။ သူသည် ပိုက်ဆံအိတ်ကို သိမ်းဆည်းလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ဖန် ပြန်ကြည့်လိုက်သည် ။
သင်္ချိုင်းဟောင်း၏ အနောက်ဘက်တွင် မြစ်ကြီးတစ်စင်းရှိပြီး မြောက်ဘက်တွင် ဘုရားကျောင်းငယ်လေးတစ်ဆောင် ရှိသည်။ တောင်ဘက်တွင်မူ အဆောက်အအုံ အရိပ်အယောင်များနှင့် မီးရောင်များကို မြင်တွေ့ရသည်။ ကောင်းမင်သည် သူ၏မျက်နှာပေါ်မှ မြေကြီးများကို ခါထုတ်လိုက်ပြီး ကျင်းထဲမှ တက်ရန် ကြိုးစားလိုက်သည်။ ထိုနေရာတွင် သူတစ်ယောက်တည်းသာ ရှိနေသည်ကို သူသတိထားမိလိုက်သည်။ အခြားသင်္ချိုင်းကျင်းများမှ မည်သည့်စမ်းသပ်သူမှ ထွက်မလာကြပေ ။
“ထူးဆန်းတယ်၊ ငါက ပိုင်ဖုန်းနဲ့ တံခါးအတူတူ ဝင်ခဲ့တာလေ၊ ဘာလို့ သူက ဒီမှာ ရှိမနေတာလဲ”
ကောင်းမင်၏ အမြင်အာရုံမှာ အလွန်စူးရှသည်။ ၎င်းမှာ သူ၏ အတွေ့အကြုံများနှင့် ဆက်စပ်နေပေလိမ့်မည်။ အလှမ်းဝေးသေးသော်လည်း သူသည် ရွာဝင်ပေါက်ရှိ ကျောက်တိုင်ကို မြင်လိုက်ရသည်။ ထိုကျောက်တိုင်ပေါ်တွင် စာသားများစွာ ရေးထိုးထားသော်လည်း ထိုစာသားအားလုံးကို ပေါင်းစပ်လိုက်လျှင် ‘အိပ်မက်ချိုးဖျက်မြို့’ ဟူသော သွေးလွှမ်းနေသည့် အမည်တစ်ခုဖြစ်လာသည်။