မွေးနေ့ပါတီ
Vol. 37 Ch. 550
ဝမ်မင်၏ အမူအရာသည် ပြောင်းလဲသွားခြင်း မရှိသော်လည်း ကောင်းမင်၏ မျက်နှာထက်မှ အပြောင်းအလဲ အနည်းငယ်ကို သူမသတိပြုမိသွားသည်။ သူမ ပြောလိုက်သော စကားလုံးများထဲမှ မည်သည့်အချက်က ကောင်းမင်၏သံသယကို နှိုးဆွလိုက်သည်ကို သူမ မသိပေ။ သူမသည် ထိုအချက်ကို လျစ်လျူရှုလိုက်ပြီး ကောင်းမင် ပူးပေါင်းလာစေရန် အမှန်တရားများကို ပိုအသုံးပြုကာ စည်းရုံးလိုက်သည်။
“ငါတို့က အခု နက်ရှိုင်းအဆင့် အိပ်မက်ဆိုးတစ်ခုထဲမှာ ပိတ်မိနေတာ၊ အိပ်မက်လွှတ်ခြင်းဆိုတာက ငါတို့ ဦးနှောက်ထဲက အနက်ရှိုင်းဆုံးအိပ်မက်ဆိုးတွေကို လွှတ်ထုတ်လိုက်တာပဲ၊ ဒီပြုပြင်မွမ်းမံမှုက စမ်းသပ်သူတွေအပေါ် သိပ်ပြီး သက်ရောက်မှု မရှိဘူး၊ နင့်ရဲ့ ခန္ဓာကိုယ်ထဲကို ဘာဆေးမှ ထိုးသွင်းစရာ မလိုသလို ဘုရားကျောင်းတည်ဆောက်ခြင်း ပြုပြင်မွမ်းမံမှုမှာလိုလည်း ကိုယ့်ခန္ဓာကိုယ်ကို စွန့်လွှတ်ဖို့ မလိုဘူး၊ အမည်မသိ သရဲတွေရဲ့ အကူအညီကို ရဖို့ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ အသိစိတ်ကို ယဇ်ပူဇော်ရတဲ့ ဘေးကပ်ဆိုးကို ကြည်ညိုခြင်းနဲ့ နှိုင်းယှဉ်ရင် အိပ်မက်လွှတ်ခြင်းက ကိုယ့်ရဲ့ အိပ်မက်ဆိုးတွေကို ကုန်စင်အောင် သုံးပစ်ရတာဖြစ်လို့ ပိုထိန်းချုပ်လို့ ရနိုင်တယ်”
“မင်းက ပြုပြင်မွမ်းမံတဲ့ နည်းလမ်းတွေကို တော်တော်လေး သိတာပဲ”
ကောင်းမင်က မျက်လုံးပင့်ကြည့်လိုက်သည်။
“ငါ့အဖေရဲ့ မှတ်စုတွေထဲမှာ သတင်းအချက်အလက်တွေ အများကြီး ရှိတယ်၊ ငါတို့အားလုံး ပြုပြင်မွမ်းမံမှုတွေ ပြီးသွားရင် ငါတို့သုံးယောက် အဖွဲ့ဖွဲ့ပြီး တခြားအိပ်မက်ဆိုးတွေကို ဆက်ပြီး စူးစမ်းလို့ရတယ်”
အမျိုးသမီး၏ ကတိကဝတ်မှာ လှပလွန်းလှသော်လည်း ကောင်းမင် စိတ်မဝင်စားပေ။ ထိုအမျိုးသမီးသည် သူအား စတေးရန် မည်သည့်အချိန်မဆို ဝန်လေးနေမည်မဟုတ်ကြောင်း သူသိနေသည်။
“အိပ်မက်လွှတ်ခြင်းက အဲ့လောက် အကျိုးကျေးဇူးတွေ များနေတာကို ဘာလို့ လူနည်းနည်းငယ်ပဲ ဒါကို ရွေးချယ်ကြတာလဲ၊ ဒီမှာ ငါတို့ သုံးယောက်ပဲ ရှိနေတာလေ”
“အိပ်မက်လွှတ်ခြင်းက မြို့ရဲ့ ထောင့်တစ်နေရာမှာ ဝှက်ထားတာ၊ကျောင်းကို လူတိုင်း ရှာမတွေ့နိုင်ဘူး”
ဝမ်ယန်က ဝင်ပြောလိုက်သည်။ သူက လိမ်ညာရာတွင် သူ့အစ်မလောက် မကျွမ်းကျင်ပေ။ သူသည် ကောင်းမင်ကို သတိကြီးစွာဖြင့် ကြည့်နေလေသည်။
“အိပ်မက်ဆိုးထဲမှာ နတ်ဘုရားသရဲတွေရဲ့ စွမ်းအားက အရမ်းသန်မာတယ်၊ ငါတို့ရဲ့ ကိုယ်ပိုင် အိပ်မက်ဆိုးတွေနဲ့ သူတို့ကို မတိုက်ခိုက်နိုင်ဘူး”
ဝမ်မင်က ရှင်းပြသည်။
“အိပ်မက်လွှတ်ခြင်းက တကယ့်အိပ်မက်ဆိုးတွေကို ဖြတ်သန်းဖူးတဲ့သူတွေအတွက်ပဲ သင့်တော်တာ၊ အဲ့ဒီ အိပ်မက်ဆိုးတွေကို လွှတ်ထုတ်လိုက်မှသာ နတ်ဘုရားသရဲတွေကို ကြောက်ရွံ့စေတာ”
ကောင်းမင်သည် ဤပြုပြင်မွမ်းမံမှုက သူနှင့် အတော်လေး သင့်တော်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
“ဒါ့အပြင် အိပ်မက်လွှတ်ခြင်းက တော်တော်လေး ခက်တယ်၊ ပြုပြင်မွမ်းမံမှု (၁၃) မျိုးထဲမှာ အခက်ခဲဆုံးတွေထဲက တစ်ခုပဲ”
ဝမ်မင်သည် ထိုအချက်ကို သိထားသဖြင့် ကောင်းမင်နှင့် ပူးပေါင်းလိုခြင်း ဖြစ်သည်။
“စစ်မှန်တဲ့အကြောက်တရားတွေကို ရင်ဆိုင်ရတာ၊ စိတ်ပျက်အားငယ်မှုတွေကို တွန်းလှန်ရတာနဲ့ ထင်ယောင်ထင်မှား စိန်ခေါ်မှုတွေကြားက ရှင်သန်ရတာတွေက ဘာမှ မဟုတ်သေးဘူး၊ ငါတို့က အဓိပ္ပာယ်မရှိတဲ့ တာဝန်တချို့ကိုလည်း ပြီးမြောက်အောင် လုပ်ဖို့ လိုသေးတယ်”
အိမ်ငယ်လေးထဲရှိ ဝိုင်အိုးများ လိမ့်သွားသံကို ကြားလိုက်ရသည်။ သစ်သားတံခါး ပွင့်လာသည်။ ကျန်းမင်လီက စာအုပ်အချို့ကို ကိုင်ပြီး ထွက်လာသည်။ သူသည် ဝမ်ယန်နှင့် ဝမ်မင်ကို မြင်သော်လည်း မအံ့ဩပေ။ သူသည် ကောင်းမင်၏ရှေ့တွင် ကူးယူထားသော ကျမ်းစာအုပ်တစ်အုပ်ကို ချပေးလိုက်သည်။
“အကြီးအကဲထန်က သူ့ရဲ့ (၆၅) နှစ်ပြည့် မွေးနေ့ကို ကျင်းပနေတယ်၊ ဒီလက်ဆောင်ကို ငါ့ကိုယ်စား သူ့ဆီ သွားပို့ပေးပါ”
ကောင်းမင်က စိုစွတ်နေသော စာအုပ်ကို ကောက်ကိုင်လိုက်သည်။ သူသည် ကျန်းမင်လီကို တစ်ခုခု ဖတ်ရှုနိုင်ရန် ကြိုးစားနေစဉ် ဝမ်မင်က ကောင်းမင်ကို နူးညံ့စွာ သတိပေးလိုက်သည်။
“သတိထား၊ ဒါက ငါပြောခဲ့တဲ့ တာဝန်တွေထဲက တစ်ခုပဲ”
“ဟုတ်ကဲ့၊ ကျွန်တော် သွားပို့ပေးပါ့မယ်”
“နေဦး”
ကျန်းမင်လီသည် ရှေးခေတ်ကျောင်းတော်သားတစ်ဦးနှင့် တူနေသည်။
“အကြီးအကဲထန်က ဘာလို့ သူ့ရဲ့ (၆၅) နှစ်ပြည့် မွေးနေ့ကို (၁၀) နှစ်ဆက်တိုက် ကျင်းပနေတာလဲဆိုတာ မင်းသိလား”
“သူ အသက် (၆၅) နှစ်မှာ သေသွားခဲ့လို့လား”
ကောင်းမင်က ပြန်ဖြေလိုက်သည်။
“ထက်မြက်သားပဲ၊ အခု သွားတော့”
ကျန်းမင်လီက ဝမ်မောင်နှမကို စိုက်ကြည့်ရန် လှည့်လိုက်သည်။
ကောင်းမင်သည် ကျောင်းကနေ ထွက်လာပြီးနောက် တုန့်ဆိုင်းသွားသည်။ သူ ရလာသော တာဝန်မှာ မကောင်းဟု ခံစားနေရသည်။
“အိပ်မက်လွှတ်ခြင်းက ငါ့ရဲ့ အိပ်မက်ဆိုးတွေကို ပြန်ဖန်တီးဖို့ ကူညီပေးနိုင်ကောင်းတယ် ၊ စမ်းကြည့်တာ မမှားပါဘူး”
ကောင်းမင်က မြေစောင့်နတ်ဘုံကျောင်း (တုတီနတ်မင်းဘုရားကျောင်း) နောက်ရှိ ကလေးအဖွဲ့၏ ခေါင်းဆောင်မှာ အကြီးအကဲထန်၏ မွေးစားသားအသစ် ဖြစ်သည်ကို သတိရသွားသည်။ သူသည် ပြုပြင်မွမ်းမံမှု ခံယူပြီးသားဖြစ်ပြီး အဆင့်၅ ဓာတ်ခွဲခန်းသို့ ဝင်ခွင့်ရသူ ဖြစ်သည်။ သူသည် သူ့သူငယ်ချင်းနှစ်ယောက်ကို ကူညီရန်အတွက်သာ ဤမစ်ရှင်တွင် ပါဝင်လာခြင်း ဖြစ်သည်။ လမ်းထောင့်ကို ချိုးပြီးနောက် ကောင်းမင်က ကျမ်းစာအုပ်ကို တစ်ချက်ကြည့်လိုက်သည်။ သူ နားမလည်သော စာလုံးအချို့မှလွဲ၍ နာမည်များစွာ ပါရှိနေသည်။ အများစုမှာ 'ထန်' ဟူသော မျိုးရိုးနာမည်များ ဖြစ်ကြသည်။
“ဒီမွေးနေ့လက်ဆောင်က ထူးဆန်းတယ်”
ညကင်းစောင့်နှင့်အတူ ကင်းလှည့်ခဲ့ပြီးနောက် ကောင်းမင်သည် မြို့ရှိ အဓိကအဆောက်အအုံများ၏ တည်နေရာကို မှတ်မိနေပြီ ဖြစ်သည်။ ထန်မိသားစုမှာ မြို့၏ မြောက်ဘက်တွင်ရှိပြီး ဘိုးဘေးခန်းမနှင့် သိပ်မဝေးချေ။ ထိုမိသားစုသည် လူချမ်းသာမိသားစုများထဲမှ တစ်ခု ဖြစ်သည်။
ကောင်းမင် ထန်မိသားစုအိမ်သို့ လမ်းတစ်ဝက်ခန့် ရောက်သောအခါ သိုးသားရေမှာ တစ်ခုခုကို ကြောက်လန့်နေသကဲ့သို့ ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ကောင်းမင် အကြောင်းရင်းကို နားလည်သွားသည်။ လမ်း၏ တစ်ဖက်အစွန်းမှ ဧရာမအရိပ်မည်းကြီးတစ်ခု လှိမ့်ဆင်းလာသည်ကို သူမြင်လိုက်ရသည်။
“သားသတ်သမား ရောက်လာပြီ”
ကောင်းမင်က လှည့်ပြေးလိုက်သော်လည်း အလွန်နောက်ကျသွားပြီ ဖြစ်သည်။ သားသတ်သမား၏ စူးရှသောအသံနှင့် ကြမ်းတမ်းသော အသံတို့ တစ်လှည့်စီ ထွက်ပေါ်လာသည်ကို သူကြားနေရသည်။
“တွေ့ပြီ၊ ကောင်စုတ်လေး”
“မြည်းနက်က မင်းကို မလိမ်ပါဘူးလို့ ငါပြောသားပဲ၊ မန်နေဂျာဝမ်က ကြိတ်ဆုံထဲမှာ ရှိနေတုန်းပဲ၊ ဓားခိုးတဲ့သူက တခြားတစ်ယောက်ပဲ”
“မင်းပါးစပ်ကို ပိတ်ထားစမ်း ၊ ငါ သိတယ် ၊ ငါ သူ့ကို အရင်သတ်ပြီးမှ မင်းကို သတ်ပစ်မယ်”
“ငါက မင်း၊ မင်းက ငါပဲလေ၊ မင်း ကိုယ့်ကိုယ်ကိုယ် သတ်နိုင်လို့လား”
“ပိတ်ထားစမ်း၊ ပါးစပ်ပိတ်ထား”
သားသတ်သမားက ညနက်နေသည်ကို ဂရုမစိုက်ပေ။ လမ်းထောင့်မှ အရိပ်မည်းကြီးက ပြေးထွက်လာသည်။ ကောင်းမင်သည် သားသတ်သမား မည်သို့ပုံစံရှိသည်ကို လှည့်မကြည့်ဝံ့ပေ။ သူသည် သားသတ်သမားအသံကို စတင်ကြားရကတည်းက မြောက်ဘက်လမ်းဆီသို့ သုတ်ခြေတင်လိုက်သည်။
ဟိုင်ရှစ်အချိန် မရောက်သေးချေ။ မွေးနေ့ပွဲက မစတင်သေးသော်လည်း မြို့ခံများမှာ ပါတီပွဲတက်ရန် ထိုနေရာသို့ ရောက်နှင့်နေကြပြီ ဖြစ်သည်။ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ဧည့်သည်အားလုံး ထူထဲသော ပါးနီများကို လိမ်းခြယ်ထားကြသည်။ သူတို့က လက်ဆောင်သေတ္တာများကို သယ်ဆောင်လာကြသည်။သူတို့သည် အာရုံမစိုက်နိုင်သကဲ့သို့ ရှိနေကြသည်။သူတို့သည် သူတို့၏ လက်ဆောင်များကို အကြီးအကဲထန်က သဘောမကျမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
“ဘာလို့ လူတွေ အများကြီး ရှိနေတာလဲ”
ကောင်းမင် လူအုပ်ထဲသို့ ရောနှောတိုးဝင်လိုက်သည်။ ထိုလူများဆီမှ ပြာနံ့များကို သူရနေသည်။ သူသည် လူတချို့နှင့် မတော်တဆ တိုက်မိသွားသောအခါ အမွှေးတိုင်ပြာများက သူ့အဝတ်အစားပေါ်သို့ ကြွေကျလာလေသည်။
“သူတို့က… အရမ်းပေါ့တာပဲ”
ထိုမြို့ခံများမှာ ညကင်းစောင့် သို့မဟုတ် သားသတ်သမားနှင့် လုံးဝကွဲပြားနေသည်ကို ကောင်းမင် သတိပြုမိသည်။ ထိုလူများမှာ စက္ကူဖြင့် ပြုလုပ်ထားပုံရသည်။
သားသတ်သမားကို စိုးရိမ်သောကြောင့် ကောင်းမင်က လူအုပ်ထဲသို့ ပိုတိုးဝင်လိုက်သည်။ တောက်ပသော အနီရောင်တံခါးကြီးပေါ်တွင် အဖြူရောင်စက္ကူနှစ်ချပ် ကပ်ထားသည်ကို သူ မြင်လိုက်ရသည်။ တံခါးရှေ့ရှိ ကျောက်ခြင်္သေ့ရုပ်များ၏ မျက်လုံးများကို အနက်ရောင်အဝတ်များဖြင့် ဖုံးအုပ်ထားသည်။ တံခါးကို စောင့်ကြပ်နေသော ကလေးနှစ်ယောက်မှာ သစ်သားအရုပ်ခေါင်းကြီးများကို စွပ်ထားပြီး လက်ထဲတွင် ကြီးမားသော မက်မွန်သီးတစ်လုံးစီ ကိုင်ထားကြသည်။
ခန်းမထဲတွင် အဖြူရောင် ဖယောင်းတိုင်များဖြင့် ပြည့်နှက်နေလေသည်။ စားပွဲများပေါ်တွင် စားသောက်ဖွယ်ရာများ ပြည့်နေသည်။ မြောက်ဘက်လမ်းပေါ်တွင် ဧည့်သည်များစွာ ရှိနေသော်လည်း ထန်မိသားစုအိမ်ကြီးမှာမူ ခြောက်ကပ်ကပ် ဖြစ်နေလေသည်။
တိုက်ခတ်လာသော လေသည် ခန်းမထဲရှိ ဖယောင်းတိုင်များကို တဖျတ်ဖျတ် တုန်ခါသွားစေသည်။ ထို့နောက် ဝတ်ရုံနက်ဝတ် လူငယ်တစ်ဦး ခြံထဲသို့ လမ်းလျှောက်ဝင်လာသည်။ သူသည် ခန်းမကို ဦးတည်၍ (၉) ကြိမ်တိုင်တိုင် ဦးညွှတ်ဂါရဝပြုလိုက်သည်။
“မွေးစားအဖေ၊ အချိန်ကျပါပြီ၊ မွေးနေ့ပွဲကို စလိုက်တော့မလားခင်ဗျာ”
ထိုလူ၏ အသံမှာ သာယာပြီး ရုပ်ရည်မှာလည်း ချောမောလှသည်။ ခန်းမအတွင်းပိုင်း၏ အနက်ရှိုင်းဆုံးနေရာမှ ခပ်နိမ့်နိမ့်ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ လူသားအသံမဟုတ်ပေ။ အလွှာလိုက်ရှိနေသော ပြတင်းပေါက်များနှင့် တံခါးများကြောင့် အတွင်း၌ ဘာရှိနေသည်ကို ကောင်းမင် မမြင်ရပေ။
ထိုလူသည် ထိုအသံကို ကြားပြီးမှသာ ဆက်လက်လှုပ်ရှားဝံ့လေသည်။ သူက တံခါးဝသို့ လမ်းလျှောက်လာသည်။ အရုပ်ခေါင်းစွပ်ထားသော ကလေးနှစ်ယောက်က လက်ဆောင်တင်စားပွဲကို တံခါးနှင့် ပိုနီးရာသို့ သယ်ဆောင်လာကြသည်။
ဧည့်သည်များသည် ခြံဝင်းထဲသို့ ဝင်လာကြပြီး သူတို့၏ လက်ဆောင်များကို စားပွဲပေါ်တွင် တင်လိုက်ကြသည်။ ထို့နောက် သူတို့သည် ခြံဝင်းကို ဖြတ်၍ ခန်းမထဲသို့ ဖားယားသော အပြုံးများဖြင့် ဝင်သွားကြလေသည်။ သို့သော်လည်း ကောင်းမင်အံ့အားသင့်သွားရသည်မှာ လူအများအပြားသည် ခန်းမထဲသို့ ဝင်သွားသော်လည်း ခန်းမကြီးမှာမူ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေမြဲ ဖြစ်သည်။
“သူတို့အားလုံး အသတ်ခံလိုက်ရတာလား၊ ဒါမှမဟုတ် အကြီးအကဲထန်က ဧည့်သည်တွေကို စားပစ်နေတာလား”