ချွင်နန်
Vol. 37 Ch. 551
ကောင်းမင်သည် ဝမ်မင်ပြောခဲ့သည့် ကြောင်းကျိုးမဆီလျော်သော ကျန်းမင်လီပေးခဲ့သည့် တာဝန်များကို အမှတ်ရလိုက်သည်။ထို့ကြောင့် မွေးနေ့ခန်းမအတွင်းပိုင်းသည် အလွန်အန္တရာယ်များပေမည်။နောက်ဆုံးတွင် ကောင်းမင်၏အလှည့်ရောက်လာသည်။ကျန်းမင်လီ၏ ကျမ်းစာကို သူထုတ်လိုက်သည်။သူသည် စာအုပ်ကို စားပွဲပေါ်မတင်ဘဲ ထိုလူနှင့် ခေါင်းကြီးကြီးခလေးများကို လှမ်းကြည့်လိုက်သည်။
ထိုလူနှင့်ကောင်းမင်သည် တစ်ယောက်ကို တစ်ယောက် အနက်ရောင်လက်ပတ်များဝတ်ထားသည်ကို မြင်သည်။
“မင်းက ထန်ဟူလား”
ကောင်းမင်က နူးညံ့စွာမေးလိုက်သည်။
သူ့မျက်လုံးထဲတွင် ထိတ်လန့်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း အမူအရာက ပြောင်းလဲမသွားပေ။
“ခင်ဗျား ဘယ်လိုသိတာလဲ”
“ငါ မင်းမိတ်ဆွေနှစ်ယောက်နဲ့ ဆုံခဲ့တယ် ၊ လီကျူးနဲ့ လီဇူး”
ကောင်းမင်က တိုက်ရိုက်ပင် ပြောလိုက်သည်။
“ငါ ရွာသားတစ်ယောက်ရဲ့ အသားနှလုံးကို လီဇူးဆီ ပို့ပေးခဲ့တယ် ၊ ပြီးတော့ လီကျူးဆီကနေ သားသတ်သမားကို အဝေးကို မျှားခေါ်သွားပေးခဲ့တယ် ၊သူတို့က မင်းက ငါတို့ကို ကူညီနိုင်မှာမို့လို့ မင်းကိုသွားရှာဖို့ ပြောခဲ့တယ်”
ကောင်းမင်သည် ‘ငါ’ဟု မသုံးဘဲ ‘ငါတို့’ဟု သုံးနူန်းခဲ့သည်။ယင်းက သူသည် သူ့မိတ်ဆွေနှစ်ဦးနှင့် အဖွဲ့တစ်ခု ဖွဲ့ခဲ့ပုံရသည်။
ထန်ဟူက မည်သည့်တုန့်ပြန်မှုမှ မပေးဘဲ ယဉ်ကျေးစွာပြုံးပြလိုက်သည်။
“ခင်ဗျားရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် ၊ ကျေးဇူးပြုပြီး အထဲဝင်ပေးပါ”
ထန်ဟူသည် ကောင်းမင်ကို လက်ကောက်ဝက်မှ ဆွဲကိုင်လိုက်သည်။သူက အနက်ရောင်လက်ပတ်ကို ခပ်တင်းတင်းဖိလိုက်သည်။သူသည် ကောင်းမင်ထွက်ပြေးသွားမှာစိုးရိမ်နေသည့်အလား အထဲသို့ တွန်းလွှတ်လိုက်သည်။လီကျူးနှင့် လီဇူးတို့သည် သူတို့ခေါင်းဆောင်အား အကြွင်းမဲ့ ယုံကြည်ကြသည်။ထို့ကြောင့်သာ သူတို့သည် ဝိညာဉ်ဘုရားကျောင်းနှင့် ဝက်ဖြူတစ်ကောင်အဖြစ် စိတ်လိုလက်ရပြောင်းခဲ့ကြခြင်းဖြစ်သည်။
ကောင်းမင်သည် သူတို့၏ဆက်ဆံရေး သဘာဝကို မသိသော်လည်း သူ၏ ပထမဆုံးအမြင်အရ ထန်ဟူသည် အလွန်ကောက်ကျစ်စဉ်းလဲကြောင်း သူသိသည်။သူသည် သူ့ခံစားချက်များကို ကောင်းမွန်စွာဖုံးကွယ်ထားခြင်းဖြစ်သည်။
“ဒီနေရာက စကားပြောလို့ ကောင်းတဲ့နေရာမဟုတ်ပါဘူး ၊ ကျုပ်နဲ့လိုက်ခဲ့ပါ”
ထန်ဟူသည် ဧည့်သည်များရှေ့တွင်ပင် ကောင်းမင်အား ထန်မိသားစုအိမ်ထဲသို့ ဆွဲခေါ်သွားသည်။ ကောင်းမင်သည် သူ့အမူအရာမှတဆင့် ဘာမှ မမြင်ရသော်လည်း သူ့ထံမှဖြာထွက်နေသော မကောင်းသည့်စွမ်းအင်များကို ခံစားမိနေသည်။
“ကျုပ်မိတ်ဆွေတွေက ခင်ဗျားကို ကျုပ်ဆီလာအကူအညီတောင်းခိုင်းလိုက်တာလား”
သူတို့ ခြံဝင်းထဲရောက်လာကြသော်လည်း ထန်ဟူက လက်ကို မလွှတ်သေးပေ။ အကြောင်းမသိသူများဆိုပါက သူတို့သည် သူငယ်ချင်းကောင်းများဖြစ်သည်ဟု ယူဆကြမည်ဖြစ်သည်။
ကောင်းမင် ခေါင်းငြိမ့်လိုက်သည်။သူ့အာရုံအများစုကို မွေးနေ့ခန်းမတွင်သာ အာရုံစိုက်ထားသည်။ ခန်းမထဲသို့ ဧည့်သည်များ ပိုဝင်ရောက်သွားကြသည်နှင့် ဖယောင်းတိုင်မီးများ ပိုမိုတောက်ပစွာ လောင်ကျွမ်းလာကြသည်။
“ခင်ဗျားက ဧည့်သည်တစ်ယောက်အဖြစ် ဟန်ဆောင်ဖို့ တော်တော်သတ္တိရှိတာပဲ ၊ အကြီးအကဲထန်သာ ဒါကို ရှာတွေ့သွားရင် ခင်ဗျားကို အရှင်လတ်လတ် အရေခွံဆုတ်လိမ့်မယ်ဗျ”
ထန်ဟူက ကောင်းမင်သည်လည်း ကျန်းမင်လီကိုယ်စား လာရောက်ခြင်းဖြစ်ကြောင်း မသိသေးပေ။
“ဒါဆို ငါ ဘာလုပ်ရမလဲ၊ လီကျူးနဲ့လီဇူးက ဒုက္ခရောက်နေပြီ ၊ သားသတ်သမားကလည်း ငါ့ကို ရှာနေတယ်”
ကောင်းမင်က ကြောက်ရွံ့နေသည့်ပုံ ဟန်ဆောင်လိုက်သည်။
“ငါ ဒီမလာခင်က မွေးနေ့ပွဲအတွက် ပြင်ဆင်ခဲ့ရတယ် ၊ ဒီလက်ဆောင်ကို ရှာဖို့ အချိန်အများကြီး ကုန်ခဲ့ရတာ”
“ဒါကြောင့် အခု ကျုပ်ခင်ဗျားကို ဖုံးကွယ်ထားရုံပဲ တတ်နိုင်တာပေါ့ ၊ မွေးနေ့ပွဲပြီးသွားရင် ခင်ဗျားကို ပြန်ပို့ပေးမယ်”
ထန်ဟူသည် ကြင်နာစွာပြောလိုက်ရင်း ကောင်းမင်ကို အရှေ့ဘက်အခန်းများဆီသို့ ခေါ်ဆောင်သွားသည်။
“ငါ ပုန်းလို့ရပေမယ့် လီကျူးနဲ့…”
“ကျုပ်တို့မှာ အချိန်မရှိဘူးဗျ၊ မွေးနေ့ပွဲမှာ တစ်ခုခု အမှားအယွင်းဖြစ်သွားရင် ကျုပ်တို့နှစ်ယောက်လုံး သေသွားလိမ့်မယ် ၊ တခြားလူတွေကို ဘယ်လိုလုပ် ကယ်တင်နိုင်မှာလဲ”
ထန်ဟူ၏လေသံသည် နူးညံ့သော်လည်း ခိုင်မာနေသည်။
ခြံဝင်းထဲတွင် ဝတ်ပြုကိုးကွယ်ထားကြသော နန်ကျိရှန်းဝမ်(သက်ရှည်နတ်ဘုရား)နှင့် မာကူရှို့ရှန်း(သက်ရှည်နတ်ဘုရားမ)တို့ကို ရှောင်ရှား၍ ထန်ဟူသည် ကောင်းမင်အား သူ့နောက်တွင် ပုန်းခိုင်းထားရင်း ထန်မိသားစုအိမ်၏ အရှေ့ဘက်ထောင့်ချိုးဘက်သို့ ခပ်သွက်သွက်သွားလိုက်သည်။ ခြံဝင်းထဲတွင် မီးပုံးများနှင့် မီးများချိတ်ဆွဲထားသော်လည်း ထိုအခန်းသည် ခြောက်ကပ်နေပုံရသည်။မည်သည့် ဧည့်သည်မှ ထိုနေရာသို့ မလာချင်ကြပေ။ထိုနေရာသည် အစေခံများပင် ဝေးဝေးရှောင်ကြသော နေရာဖြစ်သည်။
“ဧည့်သည်တွေအားလုံး နေရာယူပြီးရင် အကြီးအကဲထန်က ဒီနှစ်ရဲ့မွေးနေ့ဝတ်စုံနဲ့ပေါ်လာပြီး ဆရာသခင်ထိုင်ခုံမှာ ထိုင်လိမ့်မယ်၊ သူ့ရဲ့ သားသမီးအနေနဲ့ ကျုပ်က သူ့ကို ကန်တော့ပြီး ချီးမြောက်ရလိမ့်မယ် ၊ လောလောဆယ်တော့ ခင်ဗျားဒီမှာ ပုန်းနေလို့ရတယ်”
ထန်ဟူသည် ထန်မိသားအိမ်၏ စည်းမျဉ်းများကို စိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည်။ သူက တံခါးဆီ လျှောက်သွားလိုက်ပြီး အသာအယာခေါက်၍ ညင်သာစွာပြောလိုက်သည်။
“ချွင်နန် ၊ ငါ့မှာ မိတ်ဆွေတစ်ယောက်ပါလာတယ် ၊ မိသားစုက မွေးနေ့ပွဲလုပ်နေတာဆိုတော့ သူမင်းနဲ့ ခဏလောက် ပုန်းနေလို့ရမလား”
ကောင်းမင်သည် ချက်ချင်းပင် တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရသည်။အမျိုးသမီးတစ်ဦး ဤနေရာတွင် နေနေခြင်းဖြစ်သည်။ထန်ဟူက ဘာလို့သူ့ကို ထန်မိသားစုထဲက အမျိုးသမီးတစ်ယောက်နဲ့ နေစေချင်တာလဲ။
“ဟူလန် ၊ နောက်ဆုံးတော့ ရှင်ရောက်လာပြီပေါ့ ၊ ရှင် ကျွန်မအကြောင်းမေ့သွားပြီလို့တောင် ထင်နေတာ ၊ ရှင့်ကို တစ်နေ့လုံးမတွေ့ရတာ ကျွန်မနှလုံးသားကို ဓားနဲ့ဖြတ်နေသလို ခံစားရတယ်”
အသံသည် အလွန်အမင်းဆွဲဆောင်မှုရှိသော်လည်း ထန်ဟူမျက်လုံးထဲရှိ လှောင်ပြောင်မှုမှာ ထင်ရှားနေသည်။သို့သော်လည်း သူက အမျိုးသမီးကို ချစ်ခင်ကြင်နာစွာဖြင့် နှစ်သိမ့်ပေးလိုက်ဆဲဖြစ်သည်။
ကောင်းမင်မှာ တစ်ခုခုမှားနေကြောင်း သေချာသွားသည်။ထန်ဟူသည် အကြီးအကဲထန်၏မွေးစားသား ဖြစ်ပြီး အမျိုးသမီးမှာ ထန်မိသားစုဝင်တစ်ယောက်ဖြစ်သည်။ထိုဆက်ဆံရေးက ရှုပ်ထွေးပေသည်။
တံခါးက ဖြည်းညင်းစွာပွင့်လာသည်။ မိတ်ကပ်နံ့သည် ဆွေးမြေ့ပုတ်သိုးနေသော ရနံ့နှင့် ရောယှက်နေသည်။ကောင်းမင်သည်ပင် မသက်မသာဖြစ်မှုကြောင့် မျက်မှောင်ကြုတ်လိုက်ရသည်။ သို့သော် ထန်ဟူ၏ခန့်ငြားသောမျက်နှာမှာ တစ်ချက်ပင်တွန့်မသွားချေ။ သူ့မျက်လုံးများက အချစ်ဖြင့်တောက်ပလာလေသည်။
‘မင်းဘဝလည်း တော်တော်ခက်ခဲပါလားကွာ’
ကောင်းမင် စိတ်ထဲက ညည်းတွားလိုက်သည်။သူသည် အခန်းထဲတွင် မကောင်းဆိုးဝါးတစ်ကောင်ဖြင့် မနေလိုပေ။ သူထွက်သွားရန် ပြင်လိုက်စဉ် အပြင်ဘက်မှ ဧည့်သည်များ၏အော်ဟစ်သံကို ကြားလိုက်ရသည်။
“ငါကြားတယ် ၊ လူယုတ်မာလေးက ငိုနေတာပဲ ၊ ဒီအကောင်စုတ်က ငါ့ဓားနားမှာပဲ ၊ သစ္စာဖောက်ကောင် ၊ ငါ သူ့ကို ရှာတွေ့ရင် သူ့မိဘတွေရှေ့မှာ အပိုင်းပိုင်းဆွဲဖြဲပစ်မယ် “
“ရှူး …မင်း သူ့ကို ရှာမတွေ့သေးဘူးလေ ဒါကြောင့် အော်ဟစ်မနေနဲ့ ၊ မင်းက သူတို့ကို ထွက်ပြေးအောင် ခြောက်လှန့်နေတာပဲ”
“မင်းငါ့ကို ထပ်နှောက်ယှက်ပြန်ပြီ ၊ မင်းကို ဓားနဲ့ထိုးပစ်မယ်”
“ပါးစပ်ပိတ်ထားစမ်း ၊ အကြီးအကဲထန်က ပွဲကျင်းပနေတာကွ”
“သတ်မယ် သတ်မယ် ၊ အဲ့ဒီမှာ ဘာပွဲလုပ်မှာလဲ ၊ သူက လူအများစုထက် ပွဲကျင်းပနေတယ် ၊သူက သေပြီးနေလောက်ပြီ”
အရှေ့ဘက်ဂိတ်တံခါးတွင် သားသတ်သမား၏ အသံထွက်ပေါ်လာသည်။ ဧရာမအားကြီးဖြင့် ဂိတ်အပြင်ဘက်မှ ကျောက်ခြင်္သေ့ရုပ်ကြီးကို တွန်းလဲပစ်လိုက်သည်။သို့သော်လည်း သားသတ်သမားသည် ခြံဝင်းထဲသို့ခြေမချပေ။
“ငါ ကြားတယ် ၊ လူယုတ်မာလေးနဲ့ သူခိုးက အဲ့ထဲမှာပဲ”
ဂိတ်တံခါးမှ မီးအိမ်များသည် အမှောင်ထု၏ဝါးမြိုခြင်း ခံလိုက်ရသည်။ခန်းမအတွင်းရှိ ဖယောင်းတိုင်များ တဖျတ်ဖျတ်ဖြစ်သွားသည်။ခန်းမအနက်ပိုင်းအတွင်းမှ သားရဲတစ်ကောင်ကဲ့သို့ ဟိန်းသံတစ်ခုထွက်ပေါ်လာသည်။ခြံဝင်းသည် အသက်ဝင်လာဟန်ရသည်။နံရံများက ကျုံ့ဝင်သွားပြီး မီးအိမ်များအားလုံး စတင်ငိုကြွေးတော့သည်။သားသတ်သမားတစ်ယောက်တည်းဖြင့် ကောင်းမင်ကို သတ်ဖြတ်ရန်မလုံလောက်ပေ။အကယ်၍ သူသည် အကြီးအကဲထန်နှင့်သာ တပြိုင်နက်တည်းရင်ဆိုင်ရပါက သေဖို့ သေချာပေသည်။
‘ငါ သူတို့နဲ့ တွဲလုပ်လို့ မရနိုင်ဘူး’
သားသတ်သမား သူ့ဆီအတင်းဝင်မလာခင် ကောင်းမင်က လဲကျဟန်ဆောင်လိုက်သည်။သူ့အား ထန်ဟူက အခန်းထဲ တွန်းထည့်လိုက်သည်။
ဘန်း။
တံခါး ပိတ်သွား၏။ ထန်ဟူ့မျက်နှာက လုံးဝပြောင်းလဲသွားသည်။
“ချွင်နန် ၊ ငါ့မိတ်ဆွေက ကြမ်းတမ်းပြီး ငယ်ရွယ်တယ်၊ သူက အသားကောင်းတစ်ခုပဲ၊ ကျေးဇူးပြုပြီး ကျေကျေနပ်နပ် သုံးဆောင်လိုက်ပါ”
“ထန်ဟူ မင်းလူလိမ်”
“ခင်ဗျားက အရမ်းတုံးတာပဲ ၊ သူတို့ထဲက တစ်ယောက်က ဝက်တစ်ကောင် ၊ နောက်တစ်ယောက်က အိမ်တစ်လုံးဖြစ်နေပြီ၊ ခင်ဗျား ဘာလို့ သူတို့ကို ယုံရတာလဲ”
ထန်ဟူ့မျက်နှာသည် ယခင်ကနွေးထွေးမှုများ ကွာကျသွားသည်။သူ့နှလုံးသားသည် အချို့သောစိတ်ဒဏ်ရာတစ်မျိုးမျိုးဖြင့် ပုံပျက်နေပြီဖြစ်သည်။
“သူတို့က မင်းကို သူတို့အသက်နဲ့ယုံကြည်ခဲ့တာ ဒါပေမယ့် မင်းကတော့ သူတို့ကို အသုံးချခဲ့ရုံပါလား ၊ မင်းက သူတို့ကို ဈေးညှိလို့ရမယ့်ချစ်ပြားတွေလို ဆက်ဆံခဲ့တာပဲ”
“ဒါကြောင့် ကျုပ်က သူတို့ကို ဘယ်လိုရှင်သန်ရမယ်ဆိုတာ ပြခဲ့တာလေ ၊ ခုခံဖို့ တွေးမနေနဲ့ ၊ ပျော်ရွှင်ပါစေ ၊ ခင်ဗျားလည်း ကျုပ်လိုဖြစ်လာပြီး ဒီမှာ ထာဝရနေနိုင်လာမှာပါ ၊ ခင်ဗျား ညတွေကို နောက်ထပ် ကြောက်စရာမလိုတော့ပါဘူး”
ထန်ဟူက အဆောင်တစ်ခုကို ထုတ်ယူ၍ ၎င်းကို တံခါးတွင် ကပ်လိုက်သည်။ထို့နောက် ထွက်ခွာသွားတော့သည်။
“အရသာရှိလိုက်တာ ၊ ဟူလန်ပြောတာမှန်တယ် ၊ ရှင်က အရသာရှိတဲ့ အသားကောင်းလေးပဲ ၊ တစ်ကိုက်လေးကိုက်လိုက်ရင် ကျွန်မကောင်းကင်ဘုံ တက်တော့မယ်ထင်တယ်”
အမျိုးသမီးအသံသည် အချစ်များဖြင့် ယိုစီးကျနေသည်။သူမသည် ကောင်းမင်ထံမှ ယန်စွမ်းအင်ကို အနံ့ခံနေပုံ ရသည်။
ကောင်းမင် နောက်လှည့်ကြည့်လိုက်သည်။အခန်းထဲတွင် အလျားမညီသော ပိုက်ကွန်တစ်ခု ချိတ်ဆွဲထားသည်။အသုံးမဝင်သော စားပွဲများ ၊ ထိုင်ခုံများကဲ့သို့ ပရိဘောဂများ မရှိပေ။သစ်သားကုတင်တင်တစ်ခုလုံးကို ပျော့ပျောင်းသော ပိုက်ကွန်တစ်ခုဖြင့် ဖုံးအုပ်ထားသည်။အမျိုးသမီးအသံ ထွက်လာသည်နှင့် ပိုက်ကွန်က လျှောကျသွား၏။ အမှောင်ထုထဲမှ အမျိုးတစ်ဦး၏ ဦးခေါင်းတစ်လုံး ထွက်ပေါ်လာသည်။သူမသည် ထူးထူးခြားခြားလှပသည်။ သို့သော် သူမ၏လည်ပင်းအောက်ပိုင်းတစ်ဝိုက်သည် ငါးကြေးခွံများ ၊သေဆုံးနေသော အစက်အပြောက်များဖြင့် တောက်ပနေလေသည်။