ဒီမြို့ကို ဖျက်ဆီးပစ်လိုက်
Vol. 37 Ch. 552
ကုတင်ပေါ်တွင် ရှိနေသောအမျိုးသမီးသည် မယုံနိုင်ဖွယ် လှပသည်။သူမ၏အပြုံးသည် လူတစ်ယောက်၏ ဝိညာဉ်ကိုပင် ဆွဲယူသွားနိုင်သည်။သို့သော်လည်း ကောင်းမင်သည် အလှအပကို ခံစားနေမည့် အခြေအနေတွင် မရှိပေ။သူ့မျက်လုံးများက အခြားလူများ မမြင်နိုင်သည့်အရာများကို မြင်နေရသည်။စုတ်ပြဲနေသော အဝတ်များနှင့်လိုက်ကာနောက်ကွယ်မှတဆင့် ကောင်းမင်မြင်နေရသည်မှာ ပုတ်ပွနေသော ဧရာမငါးကြီးတစ်ကောင်ဖြစ်သည်။
ထိုအမျိုးသမီးချဉ်းကပ်လာရာ ငါးခန္ဓာကိုယ်က လှုပ်ရှားသွားသည်။ လိုက်ကာများအားလုံးသည် ကောင်းမင်အား ပင်လယ်နက်ထဲ ဆွဲချရန်ကြိုးစားနေသကဲ့သို့ တအိအိလှိုင်းထလကြသည်။
“အနားတိုးခဲ့ပါဦး ၊ ရှင်က အရမ်းချောလွန်းလို့ ကျွန်မနှလုံးသားလေးတောင် ယားယံနေပြီရှင်”
ချွင်နန်က လိုက်ကာနောက်မှ သူမ၏ချောမွတ်နေသော လက်ကို ဆန့်ထုတ်လိုက်သည်။လက်သည် အဖြူရောင်ကျောက်စိမ်းတစ်ခုကဲ့သို့ တောက်ပနေလေသည်။သို့သော်လည်း လက်သည် သူမဦးခေါင်းနှင့် နှစ်မီတာအကွာထိ ဆန့်ထုတ်လာသည်။အလွန်ထူးဆန်းသည်ပင်။
“မင်းက ငါချောတယ်လို့ ထင်တာလား”
ကောင်းမင်က အတော်လေး ရိုးသားသည်။
“ဒါဆိုရင်တော့ မင်းတကယ်ဗိုက်ဆာနေတာဖြစ်မယ်”
ကောင်းမင်သည် မည်သည့်အရာမှ မပြုလုပ်သော်လည်း ချွင်နန်၏မျက်လုံးထဲတွင် သူသည် သူမကို လှည့်စားရန် အရာအားလုံးလုပ်ဆောင်နေသကဲ့သို့ ဖြစ်သည်။
ချွင်နန်သည် ကောင်းမင်ကို ဝါးမြိုရန်ကြိုးစားနေသည့်အလား သူမ၏ခန္ဓာကိုယ်ကို ဆွဲဆောင်မှုရှိစွာ လှုပ်ရှားလိုက်သည်။
“ဒီကို လာခဲ့ပါ”
လိုက်ကာစများက နူးညံ့သည့်လေပြေများကဲ့သို့ ကောင်းမင်ကို ထိခတ်သွားသည်။သေးငယ်သော အခန်းလေးသည် အဝတ်နှင့်ချည်မျှင်များနှင့်လုပ်ထားသော မြစ်တစ်စင်းအဖြစ်ပြောင်းလဲသွား၏။ သစ်သားကုတင်တစ်ခုသာ တစ်စင်းထဲသော လှေကလေးဖြစ်လာသည်။လှေကလေးသည် ရေလှိုင်းများကြားထဲတွင် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။အရာအားလုံးသည် ပူဖောင်းများနှင့် ပန်းရောင်ချည်းသာဖြစ်လာသည်။ ကောင်းမင်သည် ကုတင်ဘေးသို့ သူဘယ်လို ရောက်သွားမှန်း မသိလိုက်ပေ။လိုက်ကာများက ပိတ်နေဆဲဖြစ်သော်လည်း ကောင်းမင်သည် ကုတင်ပေါ်ရှိ ဧရာမခန္ဓာကိုယ်ကြီးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
ချွင်နန်သည် မမျှော်လင့်ထားလောက်အောင် လှပသည်။သို့သော်လည်း သူမ၏ခန္ဓာကိုယ်အောက်ပိုင်းမှာ ဧရာမမြစ်ငါးကြီးတစ်ကောင်နှင့် ဆက်နေခြင်းဖြစ်သည်။ အနံ့အပြင်းဆုံးရေမွှေးသည်ပင် ပုတ်သိုးနေသော အနံ့ကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။
“လာလေ”
ချွင်နန်၏အသံက ဖျားယောင်းနေသော်လည်း ကောင်းမင်က တုတ်တုတ်မလှုပ်ပေ။ကုတင်ဘေးရှိ ပါးလွှာသော လိုက်ကာစများသည် အလွှာပါးတစ်ခုကို ကိုယ်စားပြုသည်။ကောင်းမင်သာ နောက်တစ်လှမ်းတိုးလိုက်ပါက များစွာသောအရာများ ထွက်ပေါ်လာမည်ဖြစ်သည်။ ညှို့မြူနိုင်သောအသံက ကောင်းမင်ကို ဆက်လက်ခေါ်ဆောင်နေသော်လည်း ကောင်းမင်က မလှုပ်မယှက်ပင်။ချွင်နန်မှာ တဖြည်းဖြည်းစိတ်မရှည်ဖြစ်လာတော့သည်။ သူမအသံက မချိုမြိန်တော့ပေ။ သူမလည်ချောင်းထဲတွင် ကျိုးပဲ့နေသည့် အခွံများရှိနေသကဲ့သို့ ကြမ်းရှလာလေသည်။ လိုက်ကာစများ၏ လှုပ်ရှားမှုသည်လည်း အရင်ကကဲ့သို့ မနူးညံ့တော့ပဲ ရေထဲတွင် ပုန်းအောင်းနေသည့် ဧရာမမြွေကြီးများကဲ့သို့ ဖြစ်လာလေသည်။
“နင် ထန်ဟူနဲ့ဆုံဖူးတယ်နော် ဟုတ်တယ်ဟုတ် ၊ သူ့မှာ ရှိတာအကုန် ငါပေးနိုင်တယ် ၊ငါ နင့်ကို အိပ်မက်ချိုးဖျက်မြို့မှာ အံ့မခန်းဘဝတစ်ခုပေးနိုင်တယ် “
ထို့နောက် ချွင်နန်၏လေသံက ရေခဲကဲ့သို့အေးစက်သွားသည်။
“ဒါမှမဟုတ် ငါနင့်ကို ဒီနေရာမှာ ကျွန်တစ်ယောက်အဖြစ် ပြောင်းလဲပစ်နိုင်တယ် ၊ ငါ နင့်နှလုံးကို ဆွဲထုတ်ပြီး ငါ့ကို ထာဝရအလုပ်အကျွေးပြုလို့ရအောင် စက္ကူရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲပစ်မယ်”
“ငါက သန့်ရှင်းမနေဘူးနော် ၊ ငါက ခုလေးတင် သင်္ချိုင်းထဲကနေ တက်လာတာ ၊ ငါဝတ်ထားတဲ့ အဝတ်တွေကလည်း အလောင်းတွေဆီက ကောက်လာတာ”
ကောင်းမင် သက်ပြင်းချလိုက်သည်။ချွင်နန်သည် သူ့အား မြိုချပစ်ချင်နေသကဲ့သို့ ကြည့်နေခြင်းဖြစ်သည်။ယင်းက ဆန္ဒတစ်ခုထက် ပိုသည်။
“အဲဒီတော့ ဘာဖြစ်လဲ”
ချွင်နန်က ရယ်မောလိုက်သည်။
“ဆိုတော့ ငါတို့က အတူတူပဲပေါ့ ၊ ငါဟာ ဒီမြို့ရဲ့ မြစ်စောင့်နတ်ဆီ ယဇ်ပူဇော်ခံခဲ့ရတဲ့ မိန်းမတစ်ယောက် ၊ ရေနဂါးမင်းရဲ့ ရက်ရက်စက်စက် နှိပ်စက်ညှင်းပန်းမှုကြောင့် ငါဟာ လူတစ်ယောက်ဆိုရုံလောက်ပဲ ရှိတော့တယ် ၊ နောက်ဆုံးတော့ အကြီးအကဲထန်က ငါ့ကို ကိုယ်လုပ်တော်တစ်ယောက်အဖြစ် လက်ခံခဲ့တယ် ၊ နင်က ငါ့အတွက် အသင့်တော်ဆုံးပဲ”
သစ်သားကုတင်က လှုပ်ယမ်းသွားသည်။လိုက်ကာစများသည် သေခြင်းတရားအစက်အပြောက်များ၊ ဒဏ်ရာများကို ထုတ်ဖော်ရန် လျှောကျသွားသည်။ချွင်နန် လှုပ်ရှားလိုက်ရာ ကြမ်းပြင်ပေါ်တွင် အကြေးခွံများ အပါအဝင် သွေးမည်းများ ပြန့်ကျဲသွား၏။ ပြီးပြည့်စုံစွာလှပနေသော မျက်နှာက ကောင်းမင်ကို ငုံ့ကြည့်လိုက်သည်။ချွင်နန်သည် မာနကြီးသူဖြစ်သည်။သူမသည် သူမ၏တစ်ဖက်ခြမ်းကို အခြားလူများအား မပြသချင်ပေ။အကယ်၍ ကောင်းမင်သည် ရွံ့ရှာမှု ၊မုန်းတီးမှု တစ်စွန်းတစ်စကို ပြသခဲ့ပါက သူမသည် ကောင်းမင်အား အရက်စက်ဆုံးနည်းလမ်းများဖြင့် ကိုင်တွယ်တော့မည်ဖြစ်သည်။ သူတို့သည် တစ်ဦးကို တစ်ဦးအချိန်အတော်ကြာအောင် စိုက်ကြည့်နေကြသည်။ကောင်းမင်၏ မျက်လုံးထဲတွင် မည်သည့်စိတ်ခံစားချက်မှ မရှိချေ။ထို့ပြင် သူသည် လိုက်ကာစများ ပြုတ်မကျခင်ကတည်းက အရာအားလုံးကို မြင်ခဲ့ပြီးသားဖြစ်သည်။ သူသည် သူမ၏အလှတရားဖြင့် ဆွဲဆောင်မခံခဲ့ရပေ သို့မဟုတ် သူမ၏ အရုပ်ဆိုးလှသော ခန္ဓာကိုယ်ကိုလည်း မရွံရှာခဲ့ပေ။
“ငါမင်းကို ဒုက္ခမပေးချင်တဲ့ အကြောင်းအရင်းတစ်ခုထက် ပိုရှိတယ်”
ကောင်းမင်က ဓားကိုထုတ်လိုက်သည်။ကျူးဟူသော စာလုံးတစ်ဝိုက်တွင် အသတ်အဖြတ်စွမ်းအင်များ ရစ်ပတ်လျက်ရှိသည်။ထိုဓားသည် တိရိစ္ဆာန်များကိုသာမက အခြားအရာများကိုပါ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
“ငါ မြို့က သားသတ်သမားကို ဒေါသထွက်စေခဲ့တယ် ၊ သူက ငါနဲ့ဆက်စပ်တဲ့သူမှန်သမျှကို သတ်ပစ်မယ်လို့ ကျိန်ဆိုခဲ့တယ် ၊ ငါတို့က တစ်ယောက်ကို တစ်ယောက်မသိကြပေမယ့် မင်းက ကြင်ကြင်နာနာနဲ့ ငါ့ကို ကာကွယ်ပေးခဲ့တယ် ၊ ငါမင်းကို ပိုဒုက္ခရောက်အောင် ဘယ်လိုလုပ်နိုင်မှာလဲ”
ထန်ဟူနှင့်ကောင်းမင်ကြားရှိ အကြီးမားဆုံးကွာခြားချက်မှာ ထန်ဟူသည် ဟန်ဆောင်ကောင်းလွန်းခြင်းဖြစ်သည်။ သူသည် သူ့နှလုံးသားထဲရှိ ကြောက်ရွံ့မှုနှင့်ရွံရှာမှုတို့ကို ဖုံးကွယ်၍ ချွင်နန်နှင့်မိတ်ဆွေဖွဲ့ခဲ့ခြင်းမှာ သူ့ရည်မှန်းချက်များ အောင်မြင်ရန်သာဖြစ်သည်။ ကောင်းမင်ကမူ ချွင်နန်အား တကယ့်လူတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့ခြင်းဖြစ်သည်။သူသည် အလွန်များပြားလှသော မကောင်းဆိုးဝါးများကို မြင်ဖူးခဲ့ပြီဖြစ်သဖြင့် အပြင်ပိုင်းရုပ်ရည်ဖြင့် အရူးလုပ်မခံရတော့ပေ။
“စကားတော့ ကောင်းသားပဲ ၊ ဒါပေမယ့် ဒါက ဆင်ခြေသက်သက်ပဲဆိုတာ ငါသိတယ်”
ကုတင်ဝန်းကျင်ရှိ လိုက်ကာစများ ပြုတ်ကျသွားသည့်အခိုက်အတန့်တွင် ချွင်နန်သည် ဖျက်ဆီးရန်အတွက် အသင့်ဖြစ်နေပြီးသားဖြစ်သည်။ သို့သော်လည်း ကောင်းမင်သည် ကြောက်ရွံ့နေပုံ မရသောကြောင့် သူမအံ့အားသင့်သွားခဲ့သည်။
“ဒါက ဆင်ခြေတစ်ခုမဟုတ်ဘူး ၊ ငါက ရိုးရှင်းတဲ့လူတစ်ယောက်ပဲ ၊ ငါက ကြင်နာမှုကို ကြင်နာမှုနဲ့ပြန်ပေးဆပ်တယ် ၊ အမုန်းတရားကို အမုန်းတရားနဲ့ ဆပ်တယ်”
ကောင်းမင်က ပြောလိုက်သည်။
“မင်းက မင်းအခန်းကို ငါ့အတွက် အကာအကွယ်တစ်ခုအဖြစ်ပေးခဲ့တယ် ၊ နောင်ကျရင် မင်းငါ့ဆီက ဘာလိုလို မင်းဆန္ဒကိုဖြည့်ဆည်းပေးဖို့ ငါအစွမ်းကုန်လုပ်ပေးမယ်”
ချွင်နန်သည် သူအတည်ပြောနေသည်ဟု လုံးဝမယုံပေ။
“ငါ မင်းအတွက် အကြီးအကဲထန်ကို သတ်ပေးနိုင်တယ် ဒါမှမဟုတ် ရေနဂါးမင်းပေါ့”
ကောင်းမင်သည် ချွင်နန်အမုန်းဆုံးမှာ မည်သူဖြစ်သည်ကို သိခဲ့ပြီးဖြစ်သည်။သူ ကမ်းလှမ်းလိုက်သည်။
“မင်းဟာ ရွာသားတွေရဲ့ ယဇ်ပူဇော်ခြင်းခံခဲ့ရတယ် ၊ လူတိုင်းရဲ့ လက်တွေပေါ်မှာ မင်းရဲ့သွေးတွေ ရှိတယ် ၊ မင်းဖြစ်စေချင်တယ်ဆိုရင် ငါမင်းအတွက် ဒီမြို့ကိုဖျက်ဆီးပေးမယ် “
ချွင်နန်က ကောင်းမင်ကို မယုံကြည်သေးသောကြောင့် တုန့်ဆိုင်းသွားသည်။သို့သော်လည်း သူမသည် နိမ့်ကျသောလူသားတစ်ယောက်က ရေနဂါးမင်းအား သတ်မည်ဟုပြောရဲသည်ကို ဟာသတစ်ခုဟု တွေးလိုက်မိသည်။သူမသည် ရေနဂါးမင်းကို တကယ်သတ်ချင်နေခဲ့ခြင်းဖြစ်သည်။ အကြီးအကဲထန်သည် သူမအား သူမ၏ဆန္ဒကြောင့် ကယ်တင်ခဲ့ခြင်းဖြစ်သော်လည်း သူမ၏အသွင်ပြောင်းသွားသော လက်ရှိအခြေအနေကို တွေ့သွားသဖြင့် သူမအား စွန့်ပစ်ခြံဝင်းတစ်ခုအတွင်း သော့ခတ်ပိတ်ထားခဲ့သည်။တစ်မြို့လုံးက သူမကို ယဇ်ပူဇော်ခဲ့ကြသောကြောင့် သူမ ထိုလူအားလုံးကို မုန်းတီးသည်။တစ်ချိန်က သူမသည် မြို့၏ အသက်ဝင်မှုနှင့် တောက်ပမှုတို့ကို ကိုယ်စားပြုသော်လည်း ရွာသားများက သူမကို ဖျက်ဆီးပစ်ခဲ့ကြသည်။သွေးများစွန်းထင်းနေသော လိုက်ကာစများသည် တဖျတ်ဖျတ်ဖြစ်နေလေသည်။ ချွင်နန်၏ လှပသောမျက်နှာလေးသည် အမုန်းတရားများဖြင့် ထွင်းထုခံထားရသည်။
“ထန်ဟူက မင်းကို အသုံးချနေရုံသက်သက်ပဲ ၊ သူက အခု အကြီးအကဲထန်ရဲ့ မွေးစားသားဖြစ်သွားပြီ ၊ ငါတို့ကြားက အကြီးမားဆုံးကွာခြားချက်က သူက ဒီမြို့ရဲ့တစိတ်တစ်ပိုင်းဖြစ်ချင်နေတာ ၊ ငါကတော့ ဒီမြို့ကို ဖျက်ဆီးချင်တာ “
ကောင်းမင်က အခိုင်အမာပြောလိုက်သည်။ဓားသွားသည် ချွင်နန်နှင့်ကောင်းမင်ကြားတွင် ရှိနေသည်။
“မင်း ငါ့ကို ယုံရင် ငါ့ကိုယ်ငါ သက်သေပြဖို့ အချိန်တစ်ချို့ပေးပါ ၊ မင်း ငါ့ကို မယုံရင်တော့ ငါ့အသက်နဲ့ရင်းပြီး မင်းကို သေတဲ့အထိ တိုက်မယ်”
ကောင်းမင်၏လေသံက အပြောင်းအလဲမရှိပေ။သူ့စကားလုံးများက ခြိမ်းခြောက်မှုတစ်ခုမဟုတ်။ယင်းသည် ရိုးရှင်းသော အမှန်တရားသာဖြစ်သည်။
ကံကောင်းသည်က ကောင်းမင်ထံတွင် သားသတ်သမား၏ဓား ရှိနေခြင်းပင်။မဟုတ်လျှင် သူ ချွင်နန်ကို ဘာမှ လုပ်နိုင်မည်မဟုတ်ပေ။
အခန်းအပြင်ဘက်တွင် အကြီးအကဲထန်သည် သားသတ်သမားနှင့် တိုက်ခိုက်နေသည်ဟု ထင်ရသည်။အခန်းအတွင်းတွင်မူ ကိစ္စများက တင်းမာနေလေသည်။
အချိန်အတော်ကြာပြီးနောက် ချွင်နန်က သူမ၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို ပြန်လှဲချလိုက်သည်။ သူမက မျက်လွှာချ၍ ပြောလိုက်သည်။
“အဓိပ္ပါယ်မရှိတာပဲ ၊ နင် အကြီးအကဲထန်ကိုတောင် ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး”
“မင်း ဘယ်လိုပြောနိုင်တာလဲ”
ကောင်းမင်က သူမကို စိန်ခေါ်လိုက်သည်။
“ထန်အိမ်တော်အပြင်ဘက်က ကျောက်ခြင်္သေ့ကြီးတွေကို နင်တွေ့တယ်မလား ၊ အဲ့ဒါတွေကို ရွာဘိုးဘေးခန်းမရှေ့မှာ ထားဖို့သုံးတာပဲ ၊ အကြီးအကဲထန်က အဲ့ဒါတွေကို ဒီကို ရွေ့လာတာ ၊ သူက ရွာသားတွေရဲ့ လောဘကို ကိုယ်စားပြုတယ် ၊ လူတွေရဲ့ နှလုံးသားထဲမှာ လောဘရှိနေသရွေ့ သူဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး”