← Chapters

သန်းခေါင်ယံ

Vol. 37 Ch. 553

သန်းခေါင်ယံ

Vol. 37 Ch. 553

ကောင်းမင်သည် ချွင်နန်ထံမှ အရေးကြီးသော သတင်းအချက်အလက် အများအပြားကို ရရှိခဲ့သည်။ အကြီးအကဲထန်သည် နှစ်စဉ်လိုလို မွေးနေ့ပွဲကျင်းပလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပို၍ ကြောက်စရာကောင်းလာခဲ့သည်။ အစေခံများနှင့် ရွာသားများအားလုံးသည် သူ့ထံမှ တစ်စုံတစ်ခုကို တောင်းဆိုခဲ့ကြသည်။သို့သော်လည်း သူတို့သည် ထန်အိမ်တော်မှ မထွက်ခွာနိုင်တော့သည်အထိ သူ၏ ဝါးမြိုခြင်းကို ဖြည်းဖြည်းချင်း ခံခဲ့ကြရသည်။

သူသည် ရေနဂါးမင်းထံမှ ကျောက်ခြင်္သေ့များနှင့် အမျိုးသမီးကို ခိုးယူခဲ့သည်။ သူသည် ရွာသားများ၏ အသက်ကို ကြေးပြားများနှင့် အမွှေးတိုင်များအတွက် လဲလှယ်အသုံးချခဲ့သည်။ အကြီးအကဲထန်သည် ချမ်းသာသော်လည်း ယုတ်မာမှုများစွာကို ပြုလုပ်ခဲ့ပြီး ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ရွာသားများသည် အကြီးအကဲထန်မှာ တိရစ္ဆာန်တစ်ကောင်ထက်ပင် ဆိုးဝါးကြောင်း သိသော်လည်း သူ၏မွေးနေ့တွင် လက်ဆောင်များ ယူဆောင်လာကြဆဲ ဖြစ်သည်။ ထန်ဟူကဲ့သို့ စမ်းသပ်သူတစ်ဦးပင်လျှင် အကြီးအကဲထန်၏ မျက်နှာသာပေးမှုကို ရရှိရန် ဘာမဆို လုပ်ဝံ့သည်။ သူသည် ဒေသခံရွာသားများထက်ပင် ပို၍ ဆိုးဝါးနေသေးသည်။

“လောဘကို သတ်လို့မရသရွေ့ အကြီးအကဲထန်ကို ဘာမှလုပ်လို့မရဘူး ၊ ရွာသားတွေက အကြီးအကဲထန်ရဲ့ အားနည်းချက်ကို သိကြပေမယ့် ဘယ်သူက သူ့ကို တကယ်သတ်နိုင်မှာလဲ ၊ ဘယ်သူမှ မသတ်နိုင်ဘူး ၊ သူက အသတ်ခံရမှာ မဟုတ်ဘူး”

ချွင်နန်သည် သူမ ကြုံတွေ့ခဲ့ရသည်များကို ပြန်တွေးမိသွားသည်။ အမုန်းတရားများကြောင့် သူမသည် ဆင်ခြင်တုံတရားနှင့် ရူးသွပ်မှုကြားတွင် ယိမ်းထိုးနေလေသည်။

“ဟင့်အင်း... နင်တို့လည်း ငါ့ကို လိမ်နေတာပဲ ၊ အားလုံးက လူလိမ်တွေ ၊ ဒီရွာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“ငါ မင်းကို သက်သေပြနိုင်ပါတယ်”

ချွင်နန် ဤမျှ ရုတ်တရက် စိတ်လွတ်သွားလိမ့်မည်ဟု ကောင်းမင် မထင်ခဲ့မိပေ။ သူမသည် သူမ၏အတိတ်ကို ပြန်သတိရတိုင်း စိတ်ဖောက်ပြန်သွားလေ့ရှိသည်။ ပုပ်ပွနေသော ခန္ဓာကိုယ်က ကုတင်ပေါ်သို့ အရှိန်ဖြင့် ရိုက်ချလိုက်သည်။ အခန်းထဲရှိ လိုက်ကာစများသည် အခန်းတွင်းရှိ သက်ရှိမှန်သမျှကို ရစ်ပတ်ရန် ကြိုးစားနေကြသည်။

“လူလိမ်တွေ ၊ နင်တို့အားလုံးက လူလိမ်တွေ ၊ ငါ နင်တို့ကို နောက်ထပ် မယုံတော့ဘူး”

“ငါ့ကိုယ်ငါ သက်သေပြဖို့ အခွင့်အရေးတစ်ခုပေးပါ”

ငါးအမြီးက ဝေ့ယမ်းလာရာ ကောင်းမင်မှာ အနိုင်နိုင်ရှောင်လိုက်ရသည်။ အကယ်၍ အမြီးနှင့်သာ ရိုက်မိပါက သူ ကြေမွသွားပေလိမ့်မည်။

“သေစမ်း ၊ ငါ့ကို လိမ်တဲ့သူတွေ အကုန်သေရမယ်”

ချွင်နန်သည် ရမ်းကားစွာ တိုက်ခိုက်နေလေသည်။ အခန်းတစ်ခုလုံး တုန်ခါနေသော်လည်း နုနယ်လှသော ပြတင်းပေါက်များနှင့် တံခါးများမှာမူ အကောင်းအတိုင်းကျန်ရစ်ခဲ့သည်။ ဤအခန်းကို တစ်စုံတစ်ရာသော စွမ်းအားဖြင့် ကာကွယ်ထားပုံရပြီး ချွင်နန်မှာလည်း လွတ်မြောက်နိုင်ခြင်း မရှိပေ။

ကောင်းမင်သည် ဟိုဟိုဒီဒီ ခုန်ပေါက်ရှောင်တိမ်းနေသော်လည်း သူ၏ဓားကို အသုံးမပြုခဲ့ပေ။ ၎င်းမှာ သူမ၏ အလှကို ဖျက်ဆီးမိမည်စိုး၍ မဟုတ်ဘဲ သားသတ်သမားက အပြင်ဘက်တွင် ရှိနေသောကြောင့် ဖြစ်သည်။ ဓားဖြင့် သွေးထွက်အောင် လုပ်မိပါက မတည်ငြိမ်သော အခြေအနေသစ်များ ဖြစ်လာမည်ကို သူစိုးရိမ်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် အခန်းထဲတွင် ပုပ်အဲ့အဲ့နံ့များ ပိုမိုပြင်းထန်လာသည်။ ချွင်နန်၏ လှုပ်ရှားမှုများမှာလည်း နှေးကွေးသွားသည်။ ချွင်နန်၏ ငါးခန္ဓာကိုယ်သည် သံကြိုးများဖြင့် ထိုးဖောက်ခံထားရသည်ကို ကောင်းမင် သတိထားမိလိုက်သည်။ သူမ၏ ငါးဝမ်းဗိုက်တွင် ရွှေရောင်သော့ခလောက်တစ်ခု ရှိနေသည်။သူမ လှုပ်ရှားလိုက်တိုင်း ထိုသံကြိုးများက သူမကို ဒဏ်ရာရစေသည်။

“ရေ...”

အားအင်ကုန်ခမ်းသွားသော ချွင်နန်က အားနည်းစွာ ပြောလိုက်သည်။ သူမသည် ထောင့်ရှိ ကြေးအိုးရှိရာသို့ သူမ၏ ညှိုးနွမ်းနေသော လက်မောင်းဖြင့် ညွှန်ပြလိုက်သည်။ ကောင်းမင်သည် ဓားကို ကိုင်ထားရင်း အိုးကို သွားယူလိုက်သည်။ ထိုအိုးထဲတွင် မိုးရေများ ပြည့်နေသည်။ သူသည် အိုးကို ချွင်နန်၏ ကွဲအက်နေသော နှုတ်ခမ်းများထံသို့ တေ့ပေးလိုက်သည်။ သူမသည် တစ်ငုံမျှသာ သောက်ရဲသည်။

သူမ မျက်နှာပေါ်မှ အရေးအကြောင်းများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သူမ၏ နှုတ်ခမ်းများမှာလည်း ပြန်လည်စိုပြည်လှပလာပြီး ဆွဲဆောင်မှုရှိသည်။ သူမသည် အိုးကို တွန်းဖယ်လိုက်ပြီး ကောင်းမင်ကို စိုက်ကြည့်လိုက်သည်။ ချွင်နန်သည် တစ်ချိန်က မြို့တွင် အလှဆုံး အမျိုးသမီး ဖြစ်ခဲ့ဖူးသည်။ အမျိုးသားများက သူမ၏ ခန္ဓာကိုယ်ကို လိုချင်ကြပြီး အမျိုးသမီးများက သူမ၏ မျက်နှာကို လိုချင်ခဲ့ကြသည်။ ထို့နောက်တွင်မူ သူမသည် မြစ်စောင့်နတ်ထံ ယဇ်ပူဇော်ခံခဲ့ရပြီး မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာခဲ့ရသည်။ သူမသည် လူသားတို့၏ အကြည့်ပေါင်းစုံကို ကြုံတွေ့ခဲ့ဖူးသော်လည်း ကောင်းမင်၏ အကြည့်ကဲ့သို့ အကြည့်မျိုးကိုမူ တစ်ခါမျှ မကြုံဖူးခဲ့ပေ။ သူသည် သူမ၏ အလှတွင် မိန်းမောနေခြင်း မရှိသလို သူမ၏ ရုပ်ဆိုးမှုကိုလည်း ရွံရှာခြင်း မရှိပေ။ သူသည် သူမအပေါ်တွင် အမှန်တကယ် စာနာထောက်ထားနေပုံရသည်။

“ကျွန်မ လူတွေအများကြီးရဲ့ လိမ်ညာတာကို ခံခဲ့ရဖူးတယ် ၊ ကျွန်မကို မြစ်စောင့်နတ်ဆီ ယဇ်ပူဇော်ခဲ့တဲ့ ရွာသားတွေကလည်း ကျွန်မကို ကတိတွေအများကြီး ပေးခဲ့ကြတာပဲ”

“ယုံကြည်မှုဆိုတာ ဒီကမ္ဘာပေါ်မှာ အဖိုးတန်ဆုံး အရာတွေထဲက တစ်ခုပဲ ၊ တစ်ခါ ပျက်စီးသွားရင် ပြန်ရဖို့ ခက်တယ်”

ကောင်းမင်သည် တစ်နည်းနည်းဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သည်။ သူသည် ချွင်နန်ကို နားဝင်အောင် ပြောနိုင်လိမ့်မည်ဟု မထင်ခဲ့သော်လည်း ချွင်နန်က ရုတ်တရက် စိတ်ပြောင်းသွားသည်။

“ရှင်ပြောတာ မှန်ပါတယ် ၊ ဒါကြောင့်လည်း ကျွန်မ ကတိတွေကို ဂရုမစိုက်တာ ၊ ရှင် ဘာတွေ တကယ်လုပ်ပြမလဲဆိုတာ ကျွန်မမြင်ချင်တယ်”

ချွင်နန်သည် သူမ၏ အမုန်းတရားများကို ဖုံးကွယ်လိုက်သည်။ထို့နောက် တဖန်ပြန်လည် ဆွဲဆောင်မှု ရှိလာပြန်သည်။

“ရှင်ပဲ ကျွန်မအတွက် ဒီရွာကြီးတစ်ခုလုံးကို သတ်ပစ်မယ်လို့ ပြောခဲ့တယ် မဟုတ်လား ၊ အကယ်လို့ ရှင် မြောက်ဘက်က ဘိုးဘေးခန်းမထဲကို ဝင်ရဲရင် ယဇ်ပလ္လင်အောက်က ကမ္မည်းပြားတွေကို ထုတ်ပြီး အဲ့ဒီအဆောက်အအုံကို မီးရှို့ပစ်ပါ ၊ ဒါဆိုရင် နောင်ကျ ကျွန်မရှင့်အမိန့်မှန်သမျှကို အကုန်နာခံပါ့မယ်”

“အဲ့ဒီ ကမ္မည်းပြားတွေကို ဘာလုပ်ဖို့လဲ”

ချွင်နန်သည် လက်စားချေခြင်းထက် ပိုသောအရာကို လိုချင်နေသည်ဟု ကောင်းမင် ခံစားရသည်။ သူမသည် အတိတ်က အပြစ်ကင်းသော မိန်းကလေးတစ်ဦး ဖြစ်ခဲ့နိုင်သော်လည်း ယဇ်ပူဇော်ခံရပြီးနောက်တွင် ထိုအရာများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“မြို့ရဲ့ ဘိုးဘေးခန်းမက သိမ်းပိုက်ခံလိုက်ပြီ ၊ ဘယ်သူလုပ်လဲဆိုတာ ဘယ်သူမှ မသိသလို ဘယ်သူမှလည်း ထုတ်မပြောရဲကြဘူး ၊ ရှင် ဒါကို လုပ်ပေးရင် ကောင်းမှုတစ်ခု လုပ်တာပဲလေ”

ချွင်နန်က ပြုံးလိုက်သည်။ စောစောက ရူးသွပ်နေသော အမျိုးသမီး၏ အရိပ်အယောင်များမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ဘိုးဘေးခန်းမကို မီးရှို့ခြင်းမှာ မြို့တစ်ခုလုံးနှင့် ရန်သူဖြစ်ခြင်းပင်။ ကောင်းမင်တွင် လောလောဆယ် ထိုသို့သော အစီအစဉ် မရှိသေးပေ။

“ထားလိုက်ပါတော့ ၊ ရှင် လိမ်နေမှန်း ကျွန်မသိပါတယ်”

ချွင်နန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

“ဘိုးဘွားရိပ်သာကို မီးရှို့ဖို့က ရှင့်အတွက် ခက်ခဲလွန်းတယ်ဆိုရင် တခြားတစ်ခု ခိုင်းမယ် ၊ ကျွန်မဗိုက်မှာ ရွှေရောင်သော့ခလောက်တစ်ခု ရှိတယ် ၊ သော့က အကြီးအကဲထန်ရဲ့ မွေးနေ့ပွဲခန်းမနောက်က လျှို့ဝှက်ခန်းထဲမှာ ရှိတယ် ၊ အကယ်လို့ ရှင် အဲ့ဒီသော့ကို ယူပေးနိုင်ရင် ကျွန်မ ရှင့်ကို အကူအညီသုံးခု ပေးမယ်”

“သော့လား”

“ဟုတ်တယ် ၊ ရွှေသော့တစ်ချောင်း”

ချွင်နန်က ကောင်းမင်ကို ပြောလိုက်သည်။

“အကူအညီ တစ်ခုနဲ့ သုံးခုဆိုတော့ ဘယ်လိုပဲကြည့်ကြည့် ရှင့်အတွက် တွက်ခြေကိုက်ပါတယ်”

“ကောင်းပြီလေ ၊ ငါ စမ်းကြည့်ပါ့မယ်”

ကောင်းမင် ခေါင်းညိတ်လိုက်သည်။ သူသည် ကတိများကို မယုံသော်လည်း သမိုင်းကြောင်းကိုမူ ယုံကြည်သည်။ ချွင်နန်သည် ရွာသားများကို မနှစ်သက်ပေ။ သူ ၎င်းကို အသုံးချနိုင်သည်။

“သွားတော့ ၊ ကျွန်မ ရှင့်ကို တတ်နိုင်သမျှ ကူညီပေးမယ်”

ချွင်နန်သည် ကောင်းမင်အနားသို့ တိုးကပ်လာသည်။ သူမ၏ ကြောက်စရာကောင်းသော ခန္ဓာကိုယ်သည်လည်း နောက်မှ ပါလာသည်။

“ရှင်က ထန်ဟူထက် အများကြီး ပိုချောမှန်း အခုမှ သတိထားမိတော့တယ် ၊ ကျွန်မ တစ်ခါက ဝတ်ခဲ့ဖူးတဲ့ အဝတ်အစားတစ်စုံ ရှင့်ကို ပေးမယ်”

လိုက်ကာစများ လှုပ်ရှားသွားပြီး ငါးအကြေးခွံများနှင့် သွေးများစွန်းထင်းနေသော ပိတ်ချောရှပ်အင်္ကျီတစ်ထည် ကောင်းမင်၏ လက်ထဲသို့ ကျရောက်လာသည်။

“ဒါကို ယူသွားပါ ၊ ဒါက ရှင့်ရဲ့ ဓားကို သားသတ်သမား မသိအောင် ဖုံးကွယ်ပေးနိုင်လိမ့်မယ် ၊ ကျွန်မရဲ့ အဝတ်အစားတွေက အဲ့ဒီစိတ်ပျက်စရာကောင်းတဲ့ သိုးအရေခွံထက် အများကြီး ပိုကောင်းတယ်”

“ကျေးဇူးပဲ”

ရှပ်အင်္ကျီမှာ ပါးလွှာလှသည်။ ကောင်းမင်သည် သိုးအရေခွံကို ဖယ်ရှားလိုက်ပြီး ဓားကို ထိုအင်္ကျီဖြင့် ပတ်လိုက်သည်။ သိုးအရေခွံမှ ငိုကြွေးသံများ ရပ်တန့်သွားသည်။ ကောင်းမင် သက်ပြင်းချလိုက်ပြီး ပြတင်းပေါက်ဆီသို့ သွားကာ အပေါက်ငယ်တစ်ခု ဖောက်လိုက်သည်။

သားသတ်သမားသည် ထန်အိမ်တော်တွင် ရှိနေသော်လည်း အကြီးအကဲထန်က ကိုယ်ထင်မပြပေ။ ကောင်းမင် မျှော်လင့်ထားသလို သူတို့ကြားတွင် ပဋိပက္ခမဖြစ်ပွားခဲ့ပေ။

သားသတ်သမားထံတွင် အသံနှစ်သံ ရှိနေသည်။ စူးရှသော အသံက ကျန်အသံတစ်ခုကို နှစ်သိမ့်ပေးနေလေသည်။ ပဋိပက္ခကို ရှောင်ရှားရန် သူသည် အကြီးအကဲထန်၏ မွေးနေ့ပွဲသို့ တက်ရောက်ရန်အတွက် မွေးနေ့လက်ဆောင်ပင် ယူဆောင်လာခဲ့ကြောင်း ပြောနေသည်။

“လခွမ်းပဲ ၊ ငါက ဘာလို့ အဲ့လိုလုပ်ရမှာလဲ ၊ ငါသာ သူ့မိသားစုတစ်ခုလုံးကို မသတ်နိုင်ရင် ငါ့နာမည် ကျူး မဟုတ်တော့ဘူး”

“အကြီးအကဲထန် ၊ ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့ ၊ ကျွန်တော်က မန်နေဂျာဝမ်ရဲ့ လုပ်ငန်းကို လွှဲယူထားတာဆိုတော့ နောင်မှာ အကြီးအကဲကိုပဲ အားကိုးရတော့မှာပါ”

“ဘာတွေပြောနေတာလဲ ၊ မင်းတို့အားလုံးကို ငါ သတ်ပစ်မယ်”

သားသတ်သမားသည် ပဋိပက္ခများဖြင့် ပြည့်နှက်နေသော သတ္တဝါတစ်ကောင် ဖြစ်သည်။ သူသည် အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးတစ်လုံးနှင့် တူသည်။

“ဒါ ထူးဆန်းတယ် ၊ သားသတ်သမားနဲ့ အကြီးအကဲထန်ရဲ့ အသံတွေကို ငါ ကြားနေရပေမယ့် သူတို့နှစ်ယောက်လုံးကို လူကိုယ်တိုင် မတွေ့ရသေးဘူး”

ကောင်းမင်သည် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ညဉ့်နက်လေလေ ပို၍ ရုန်းရင်းဆန်ခတ် ဖြစ်လာလေလေ ဖြစ်ပေလိမ့်မည်။

“ဟိုင်ရှစ် အာ့ကန်း... တံခါးတွေ ပြတင်းပေါက်တွေကို ပိတ်ထားကြပါ ၊ သူခိုး သတိထားကြပါ”

ကောင်းမင် လှည့်ပြန်ရန် ပြင်လိုက်စဉ် မြောက်ဘက်လမ်းဆီမှ ညကင်းစောင့်အိုကြီး၏ အသံ ထွက်ပေါ်လာလေသည်။

All Chapters