ဖရိုဖရဲများ
Vol. 37 Ch. 555
ထန်ဟူသည် ကောင်းမင်ကို မုန်းတီးသည်။ ကောင်းမင် ပေါ်လာကတည်းက သူ့အတွက် ကောင်းကျိုးတစ်ခုမှ မရှိခဲ့ပေ။
“မွေးနေ့လက်ဆောင်အဖြစ် သေဆုံးသွားတဲ့ ကလေးတွေရဲ့ စာရင်းကို ဘယ်သူက လာပေးမှာလဲ”
ကောင်းမင်သည်လည်း ထန်ဟူကဲ့သို့ပင် တွေးနေမိသည်။ကောင်းမင်သည် ကြောက်ရွံ့မှုကြောင့် တုန်ရီသွား၏။ ဝမ်မင်၏ သတိပေးချက်ကို သူ အခုမှ နားလည်သွားတော့သည်။ ကျန်းမင်လီသည် သူ့အား သေတွင်းထဲသို့ အမှန်တကယ် ပို့လိုက်ခြင်းပင်။
“ကျန်းမင်လီက ငါ့ကို သတ်ချင်နေတာလား... ဒါပေမယ့် ဘာလို့လဲ ၊ ဒါက သူ့အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုလား”
ကောင်းမင် ဆက်လက် စောင့်ကြည့်နေသည်။
ခန္ဓာကိုယ် ပျက်စီးတော့မည့် ထန်ဟူသည် သူ၏နောက်ဆုံးအင်အားကို စုစည်း၍ ခေါင်းခါလိုက်သည်။ သူသည် ကောင်းမင်၏ နာမည်ကို ပြောရန် ကြိုးစားသော်လည်း သူမပြောနိုင်မီမှာပင် သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားတော့သည်။ သွေးများ နေရာအနှံ့ လွှင့်စင်သွားသည်။ ပြူးထွက်နေသော မျက်လုံးများနှင့် ခေါင်းပြတ်ကြီးက ဘောလုံးတစ်လုံးကဲ့သို့ လိမ့်သွားသည်။ ၎င်းသည် ခန်းမ၏ လှေကားထစ်များပေါ်တွင် ခုန်ပေါက်သွားပြီး ထန်အိမ်တော်၏ မြင့်မားသော နံရံကြီးကို တိုက်မိကာ ရပ်တန့်သွားသည်။
မျက်နှာမှာ မှတ်မိနိုင်စရာ မရှိတော့ပေ။ ထန်ဟူသည် အကြီးအကဲထန်၏ မွေးစားသား ဖြစ်လာရန် ကြောက်မက်ဖွယ်ကောင်းသည့် အရာများစွာ ပြုလုပ်ခဲ့သည်။ ထို့ပြင် သူသည် ထန်အိမ်တော်တွင် ဝှက်ထားသော ပြုပြင်မွမ်းမံရေး နည်းလမ်းကိုလည်း ရရှိခဲ့သည်။ သူသည် တောက်ပရန်အချိန်ကျပြီဟု ထင်မှတ်ခဲ့သော်လည်း မှားယွင်းသော မွေးနေ့လက်ဆောင်ကြောင့် အသတ်ခံလိုက်ရသည်။ ၎င်းက အိပ်မက်ချိုးဖျက်မြို့တွင် မည်သူ့ကိုမှ ယုံကြည်၍ မရကြောင်း ကောင်းမင်ကို ပို၍ သေချာသွားစေခဲ့သည်။ ဒေသခံများနှင့် ပူးပေါင်းခြင်းသည် သစ္စာဖောက်ခံရပြီး ယဇ်ပူဇော်ခံရခြင်းဖြင့်သာ အဆုံးသတ်ပေလိမ့်မည်။
“ဟားဟား... လူယုတ်မာအိုကြီးက လူယုတ်မာပေါက်စလေးကို သတ်လိုက်ပြီပဲ ၊ တိရစ္ဆာန်တွေတောင် သူတို့သားသမီးကို ပြန်မသတ်ဘူး ၊ အဘိုးကြီးထန်... ခင်ဗျားက တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်”
“ပါးစပ်ပိတ်စမ်း ၊ လူမှားပြီး ရန်သွားမစနဲ့ကွ”
သားသတ်သမားထံမှ အသံတစ်သံက အကြီးအကဲထန်ကို လှောင်ပြောင်နေပြီး အခြားတစ်သံကမူ သားသတ်သမားကို ပြန်၍ လှောင်ပြောင်နေသည်။ သွေးများ စီးဆင်းလျက်ရှိသည်။ တိရစ္ဆာန်အမွှေးအမျှင်များဖြင့် ပြုလုပ်ထားသော လက်တစ်ဖက်က ထန်ဟူ၏ ခေါင်းကို ဖမ်းဆုပ်လိုက်သည်။ ဆီများပေကျံနေသော လက်ချောင်းများက လူခေါင်းကို ထိခါနီးတွင် မြောက်ဘက်လမ်းတွင် အမွှေးတိုင်တစ်တိုင် လင်းထိန်လာလေသည်။
“ဟိုင်ရှစ် အာ့ကန်း... တံခါးတွေ ပြတင်းပေါက်တွေကို ပိတ်ထားကြပါ ၊ သူခိုး သတိထားကြပါ”
ညကင်းစောင့်အသံက ရုတ်တရက် ဟိန်းထွက်လာသည်။ မီးခိုးများသည် အဖြူရောင် ကြိုးကြာငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လူဦးခေါင်းကို နှုတ်သီးဖြင့် ဆွဲယူကာ ပျံသန်းသွားသည်။
“ညကင်းစောင့်ကောင်”
အကြီးအကဲထန်က ဒေါသတကြီး ဟောက်လိုက်သည်။ အရင်က သူ့ထံမှ ရတနာများကို ဘယ်သူမှ မခိုးယူရဲခဲ့ပေ။
အိမ်အထက်ရှိ ဧရာမလက်ကြီးက မီးခိုးများကို လှမ်းဖမ်းလိုက်သည်။ မွေးနေ့ခန်းမအတွင်းတွင် မျက်လုံးတစ်စုံ ဖြည်းညင်းစွာ ပွင့်ဟလာသည်။ တစ်ချိန်တည်းမှာပင် ကျောက်ခြင်္သေ့များပေါ်ရှိ အနက်ရောင်အစများမှာ လျှောကျသွားသည်။ ကျောက်ခြင်္သေ့များပေါ်တွင် လူမျက်လုံးများ ကြီးထွားလာပြီး ကျောက်သားအရေခွံများလည်း အက်ကွဲကုန်သည်။ ၎င်းတို့သည် ဟိန်းဟောက်သံပေးကာ ညကင်းစောင့်နောက်သို့ ခုန်အုပ်လိုက်ကြသည်။
ကောင်းမင်သည် ထိုအလှည့်အပြောင်းဖြစ်ရပ်ကို မမျှော်လင့်ထားခဲ့ပေ။ ကြောက်တတ်သော ညကင်းစောင့်သည် ပထမဆုံး စတင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ သူသည် အသတ်ခံရသူမှာ ကောင်းမင်ဟု ထင်နေခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် ထန်ဟူ၏ ဦးခေါင်းကို ယူသွားခြင်း ဖြစ်သည်။ သူသည် ထိုခေါင်းကို အထဲမှ အရာများ ထုတ်ပစ်ကာ သူ၏ အရိုက်အရာ ဆက်ခံသူအဖြစ် လုပ်ရန် ကြံရွယ်ထားခြင်း ဖြစ်နိုင်သည်။
“ငါတို့ မြေစောင့်နတ်မင်းဘုရားကျောင်းမှာတုန်းကလည်း ညကင်းစောင့်က နတ်ဘုရားကို တိုက်ဖို့ ဝန်မလေးခဲ့ဘူး ၊ ဒီအဘိုးကြီးက ကြည့်ရတာ နုနယ်ပုံရပေမဲ့ တော်တော်သတ္တိရှိတာပဲ”
ကောင်းမင်သည် မွေးနေ့ခန်းမနောက်ကွယ်ရှိ လျှို့ဝှက်ခန်းကို လှမ်းကြည့်လိုက်သည်။ သူ့လိုပင် တွေးနေသူအချို့ ရှိနေသည်။ အကြီးအကဲထန်၏ မျိုးဆက်များ ထိုင်နေသည့် စားပွဲတွင် အချို့သည် မနာလိုမှုနှင့်လောဘများကြောင့် မျက်လုံးများ ဝင်းလက်တောက်ပနေကြသည်။ ဧည့်သည်အများစုသည် နေရာတွင် ကြောက်လန့်တုန်ရီနေကြသော်လည်း အချို့မှာမူ သူတို့နေရာများမှ စတင် လှုပ်ရှားနေကြပြီ ဖြစ်သည်။ ကျောက်ခြင်္သေ့များသည် လေကို နင်း၍ ညကင်းစောင့်နောက်သို့ လိုက်ပါသွားကြသည်။ သားသတ်သမား၏ ရှေ့တွင် ခေါင်းကြီးသော ကလေးနှစ်ယောက်နှင့် ထန်အိမ်တော်၏ မြင့်မားသော နံရံကြီးများသာ ကျန်ရစ်တော့သည်။
“ခြင်္သေ့တွေ မရှိတော့ပေမဲ့ ခြံထဲမှာ တိရစ္ဆာန်တွေ အများကြီး ရှိသေးတာပဲ ၊ အဲ့ဒီ လူယုတ်မာအဘိုးကြီးကို သတ်ပြီးရင် ဒီနေရာက ငါ့အပိုင် ဖြစ်လာတော့မှာ”
သားသတ်သမား၏ သွေးများက ခြံဝင်းထဲသို့ စိမ့်ဝင်သွားသည်။ အခြားအသံတစ်ခုမှာမူ စောင့်ကြည့်နေသကဲ့သို့ အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။
“ငါတို့နှစ်ယောက်လုံးက ဒီရွာသားတွေပဲ ၊ အကြီးအကဲထန်က ဒီလို အိမ်ကြီးအိမ်ကောင်းနဲ့ နေရပြီး ငါတို့ကျတော့ ဘာလို့ မနေရတာလဲ”
သားသတ်သမားထံရှိ အသံနှစ်ခုစလုံးမှာ တူညီစွာ ယုတ်မာကြသည်။ သို့သော် တစ်သံမှာ စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး အခြားတစ်သံမှာမူ ကောက်ကျစ်စဉ်းလဲသည်။ အခြေအနေ မသေချာသည့် အချိန်တွင် ထိုအသံနှစ်ခုသည် ပြင်ပလူများကို ထင်ယောင်ထင်မှား ဖြစ်စေရန် ငြင်းခုံနေတတ်ကြသည်။သို့သော်လည်း အခွင့်အရေး ရလာသည့်အခါတွင်မူ သူတို့၏ အတွေးများမှာ တစ်ထပ်တည်း ကျသွားကြသည်။
တိရစ္ဆာန်အမွှေးအမျှင်များဖြင့် ရစ်ပတ်ထားသော ခြေထောက်များသည် တံခါးဝကို ကျော်လိုက်သော်လည်း မြေပြင်ပေါ်သို့ ခြေမချနိုင်ပေ။ သွေးများမှာ ခြံဝင်းအတွင်းသို့ စိမ့်ဝင်သွားသည်။ တိရစ္ဆာန်၏ အနက်ရောင် သွေးများသည် ခြံထဲရှိ ကျောက်စရစ်ခဲများကြားမှ ယိုစိမ့်ထွက်လာသည်။
“လုပ်ရဲလှချည်လား”
ကောင်းကင်ရှိ ဧရာမလက်ကြီးက သားသတ်သမားကို ရိုက်ချလိုက်သည်။ ခြံထဲရှိ မီးအိမ်အားလုံး ငြိမ်းသွားသည်။ နံရံတွင် ကပ်ထားသော အဆောင်လက်ဖွဲ့များလည်း အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသည်။ ထိုဟိန်းဟောက်သံသည် မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်လှသည်။
မီးများ ငြိမ်းမသွားမီ ကောင်းမင်က တံခါးကို အသာအယာ ဖွင့်လိုက်သည်။ သူသည် အခြေအနေကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ကျန်းမင်လီ ပေးလိုက်သော ကျမ်းစာအုပ်မှာ သူ့အလိုလို လှုပ်ရှားနေသည်ကို သူ သတိထားမိလိုက်သည်။ ထန်မျိုးနွယ် နာမည်များသည် မကောင်းဆိုးဝါး ဝိညာဉ်များအဖြစ် ပြောင်းလဲသွားပြီး လျှို့ဝှက်ခန်းထဲသို့ စိမ့်ဝင်သွားကြသည်။ မွေးနေ့ပွဲမှာ တစ်ဝက်သာ ရှိသေးသဖြင့် လက်ဆောင်အားလုံးကို လျှို့ဝှက်ခန်းထဲသို့ မပို့ရသေးပေ။ ထိုဝိညာဉ်များသည် အခွင့်ကောင်းတစ်ခု ရရှိသွားကြသည်။ သူတို့သည် အကြီးအကဲထန်နှင့် သွေးချင်းနီးစပ်သူများ ဖြစ်ကြသဖြင့် လျှို့ဝှက်ခန်းတံခါးမှ ချိတ်တံဆိပ်ကို အားနည်းသွားအောင် ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။
ဒေါသက မိုးထိုးလာတော့သည်။အကြီးအကဲထန်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း သားသတ်သမားကြောင့် အချိန်နှောင့်နှေးနေရသည်။
“ယုတ်မာတဲ့အကောင်... ဒါ မင်းရဲ့ ဝဋ်ကြွေးပဲ ၊ ဟားဟား”
“သတ်စမ်း... သူ့ကို သတ်ပစ် ၊ သူ့ဝမ်းဗိုက်ကို ဖောက်ပြီး နှလုံးကို ဝါးမြိုပစ်လိုက် ၊ သူ့ခေါင်းကို မီးအိမ်လုပ်ဖို့ ငါ သုံးချင်တယ်”
သားသတ်သမားနှင့် အကြီးအကဲထန်တို့သည် အမှောင်ထဲတွင် တိုက်ခိုက်နေကြသည်။ ခန်းမထဲရှိ လူများသည် အကြီးအကဲထန် ချက်ချင်း ပြန်မလာနိုင်မှန်း သိသွားသောအခါ သူတို့၏ ဦးနှောက်များ အလုပ်လုပ်လာကြတော့သည်။
အကြီးအကဲထန်သည် လောဘတရားကို ကိုယ်စားပြုသည်။ သူ၏ မျိုးဆက်များနှင့် ဧည့်သည်များသည်လည်း လောဘကြောင့်သာ လှုပ်ရှားနေကြသူများ ဖြစ်သည်။ သူတို့သည် လောဘအတွက်ဆိုလျှင် ဘာမဆို လုပ်ရဲကြသည်။
ပထမဆုံး တုံ့ပြန်လိုက်သူမှာ သူ အချစ်ဆုံးဖြစ်သော အငယ်ဆုံးသား ဖြစ်သည်။ သူသည် အကြီးအကဲထန်နှင့် သူ့ကြားရှိ အနက်ရောင်လိုင်းများကို ဖြတ်တောက်ရန် သူ့လက်မောင်းကို ကိုက်ဖြတ်၍ လည်ပင်းကို ပိုင်းဖြတ်ပြီး ဦးရေခွံကို ဆွဲခွာလိုက်သည်။ အနက်ရောင်လိုင်းများ ပြတ်တောက်သွားသည်နှင့် အငယ်ဆုံးသား၏ ဒဏ်ရာများမှ သွေးများ အရှိန်အဟုန်ဖြင့် စီးထွက်လာသည်။ သို့သော်လည်း သူ၏ မျက်နှာသည် ချက်ချင်း ပြန်လည်နုပျိုသွားပြီး မျက်ဝန်းတစ်ဝိုက်မှ အရေးအကြောင်းများလည်း ပျောက်ကွယ်သွားသည်။
၎င်းကို မြင်လိုက်သောအခါ ဧည့်သည်အချို့သည်လည်း ထိုနည်းအတိုင်း လိုက်လုပ်ကြတော့သည်။ သူတို့သည် လောဘကြောင့် အကြီးအကဲထန်၏ ပိုက်ကွန်ထဲတွင် ပိတ်မိနေခဲ့ကြခြင်း ဖြစ်သည်။ ယခုတွင် လွတ်မြောက်ရန် အခွင့်အရေး ရလာပြီဖြစ်သဖြင့် သူတို့ လက်လွှတ်ခံတော့မည် မဟုတ်ပေ။
ခန်းမအတွင်းတွင် ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။ အကြီးအကဲထန်၏ အငယ်ဆုံးသားသည် ပထမဦးဆုံး လွတ်လပ်ခွင့် ရရှိသွားသူ ဖြစ်သည်။ သူသည် ထွက်ပြေးရန် အလျင်မလိုဘဲ လျှို့ဝှက်ခန်းရှိရာသို့ အပြေးအလွှား သွားလိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသည် အနက်ရောင် သေတ္တာအချို့ကို သယ်ဆောင်ကာ ထွက်လာပြီး နောက်ဖေးနံရံဆီသို့ ပြေးသွားတော့သည်။
“ငါ့ဆီက ဘယ်သူမှ ခိုးလို့ မရဘူးကွ ၊ ဘယ်သူမှပဲ”
အကြီးအကဲထန် ဟိန်းဟောက်လိုက်သည်။ နံရံပေါ်တွင် ဧရာမ ပါးစပ်ကြီးတစ်ခု ပွင့်လာလေသည်။ ၎င်း၏သွားများဖြင့် သူ့သားဖြစ်သူကို သနားညှာတာမှုမရှိ ကိုက်ဖြတ်၍ နှစ်ပိုင်းပိုင်းပစ်လိုက်သည်။ သားဖြစ်သူ၏ ခန္ဓာကိုယ်တစ်ဝက်သည် မြေပြင်ပေါ်တွင် တွားသွား၍ ထွက်ပြေးရန် ကြိုးစားနေဆဲ ဖြစ်သည်။ ၎င်းက ဧည့်သည်များကို ပို၍ လှုံ့ဆော်ပေးလိုက်သည်။ လူများစွာမှာ စတင် လှုပ်ရှားလာကြတော့သည်။
“ဒါ အခွင့်အရေးပဲ”
ကောင်းမင်သည် နောက်သို့ လှည့်ကြည့်၍ ချွင်နန်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ထို့နောက် တံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက်ပြီး လျှို့ဝှက်ခန်းရှိရာသို့ အပြေးအလွှား သွားလိုက်တော့သည်။