ကွဲအက်သွားသော ကြေးမုံကို ပြန်လည်ပေါင်းစည်းခြင်
Vol. 44 Ch. 649
“ယောင်းမ... ယောင်းမက လက်ဗလာနဲ့ ပြန်လာတယ်ဆိုတော့... လီအာ...လီအာက ဘယ်လို ဖြစ်သွားတာလဲ?
ရှောင်းလန်ရှင်းက ထိုညှဉ်းပန်းနှိပ်စက်မှုကို တောင့်မခံနိုင်တော့ဘဲ မူးလဲသွားသည်။
"ရှောင်ယင်"
စူးချင်းတစ်ယောက် သူမကို ပြုစုပေးရန် အမြန်ပြေးသွားရပြန်သည်။ စူးချင်းက ရှောင်းလန်ရှင်း၏နှာခေါင်းအောက်မှ အချိုင့်နေရာကို ဖိနှိပ်လိုက်ပြီး သူမ ပြန်လန်းဆန်းသွားစေရန် ဆေးတစ်လုံး တိုက်လိုက်သည်။ ထိုမှသာ ရှောင်းလန်ရှင်းလည်း တဖြည်းဖြည်း ပြန်သတိရလာသည်။
သူမ နိုးလာချိန်တွင် သူမ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသည့် စူးချင်းကို တွေ့လိုက်ရသည်။ စူးချင်းက ရှောင်းလန်ရှင်း၏လက်များ အေးစက်နေသည်ကို ခံစားလိုက်ရပြီး သူမ အထင်လွဲသွားမှန်း နားလည်သွားသည်။
"ရှောင်ယင်၊ ငါ ကလေးကို ပြန်ခေါ်လာပြီ။ စိတ်မပူနဲ့တော့နော်၊ သူ အဆင်ပြေသွားပြီ”
သူမ၏သားလေး အဆင်ပြေနေကြောင်း ကြားလိုက်ရမှ ရှောင်းလန်ရှင်းတစ်ယောက် ချက်ချင်း ခွန်အားပြန်ပြည့်လာသည်။ သူမက စူးချင်းကို အလောတကြီး ကြည့်ကာ မေးလာခဲ့သည်။
"ယောင်းမ၊ ကလေး ဘယ်မှာလဲ?"
စူးချင်းက လီအာကို စနစ်ထဲမှ ထုတ်လိုက်သည်။ ရှောင်းလန်ရှင်းက သူမ၏ကလေးကို မြင်သည်နှင့် ကလေးလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ ငိုလိုက် ရယ်လိုက်လုပ်နေတော့သည်။ မိခင်ဖြစ်သူ၏ရင်ငွေ့ကို မှတ်မိနေသည့် လီအာကလည်း သူ၏ လက်ဖောင်းဖောင်းလေးများကို ဝှေ့ယမ်းရင်း ဝမ်းသာအားရ ရယ်မောနေသည်။
တခဏတာအတွင်းမှာပင် ကောင်းကင်၌ ပြည့်နှက်နေသည့် တိမ်ညိုများ ပြန့်ကျဲလွင့်စင်သွားသလို ရှောင်းလန်ရှင်း၏နှလုံးသားကို ဖိထားသည့် ဝန်ထုပ်ဝန်ပိုးများလည်း ပြေလျော့သွားသည်။ သူမက သူမ၏သားငယ်လေးကို ပွေ့ဖက်ထားရင်း စူးချင်းရှေ့၌ ဒူးထောက်ရန် ပြင်လိုက်သည်။
“ယောင်းမ လီအာကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ငါတို့က မိသားစုတွေလေ၊ မင်းက အဲ့လောက်ယဉ်ကျေးနေဖို့ မလိုဘူး"
စူးချင်းက သူမကို အချိန်မီ ပြန်ဆွဲထူလိုက်သည်။
စူးချင်းက သူမ၏ပင်ကိုစရိုက်အတိုင်း အေးစက်နေမြဲဖြစ်သော်လည်း ရှောင်းလန်ရှင်းအတွက်တော့ နေရောင်ခြည်ထက် ပိုနွေးသလို ခံစားရသည်။
"မင်း ဗိုက်ဆာနေပြီလား ကိုယ် မင်း အကြိုက်ဆုံး ရွှေပိုးမျှင်မုန့် လုပ်ဖို့ မီးဖိုချောင်ကို ညွှန်ကြားထားတယ်၊ ကိုယ် မခု သွားယူပေးရမလား?"
ကြာရှည်စွာ ခွဲခွာရခြင်းက နှလုံးသားမှ ချစ်ခြင်းမေတ္တာကို ပိုနက်ရှိုင်းလာစေသည်။ ထို့အပြင် စူးချင်းက ရှောင်းကျဲယွိကို အချစ်ကူထည့်ထားသောကြောင့် သူ့မျက်လုံးထဲတွင် သူမ တစ်ယောက်သာ ရှိနေတော့သည်။ ရှောင်းကျဲယွိက စူးချင်းကို အလွန် တန်ဖိုးထား ကာကွယ်နေပြီး သူမကို ပု၍ ကြင်ကြင်နာနာ ဆက်ဆံနေသည်။
“အင်း”
ယခု ညနေစောင်းနေပြီ ဖြစ်သောကြောင့် စူးချင်းလည်း အမှန်တကယ် ဗိုက်ဆာနေပြီ ဖြစ်သည်။
မကြာခင်မှာပင် အရသာရှိသော အစားအသောက်များနှင့် သေရည်များကို ပြည့်နေသော စားပွဲကြီးတစ်ခု တည်ခင်းလိုက်ကြသည်။ စူးချင်းက ရေနွေးဖြင့် ရေချိုးရန် သွားခဲ့ပြီး သန့်ရှင်းသော အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ အစားအစာ၏ရနံ့ကို ရှူရှိုက်မိလိုက်သည်နှင့် သူမ၏ဗိုက်က အော်မြည်လာပြန်သည်။
"အရင်ဆုံး ကြက်စွပ်ပြုတ်သောက်လိုက်နော်"
ရှောင်းကျဲယွိက စူးချင်းအတွက် ဟင်းချိုကို သူကိုယ်တိုင် ခပ်ထည့်ပေးနေသည်။
ချင်းအာ ဗိုက်အရမ်းဆာနေတော့ ဟင်းရည်နွေးနွေးလေး သောက်တာက သူမကို ပိုပြီး သက်တောင့်သက်သာ ရှိစေလိမ့်မယ်။
စူးချင်းက ကြက်စွပ်ပြုတ်ကို လှမ်းယူရင်း ကျေကျေနပ်နပ် ပြုံးနေသည်။ နှစ်ယောက်သား အချိန်အတော်ကြာအောင် ခွဲခွာခဲ့ရသည့်အတွက် သူမ၏နှလုံးသားက ရှောင်းကျဲယွိကို ပိုတောင့်တလာပြီး လွမ်းဆွတ်နေခဲ့သည်။ သို့သော်လည်း ယဲ့လွီချွမ်း ရောက်ရှိလာခြင်းက သူတို့စုံတွဲ၏ နွေးထွေးသောအခိုက်အတန့်ကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။
"ကိုယ့်ကျောပေါ်မှာ ဆူးတွေတင်ပြီး ကိုယ်ရဲ့အမှားကို ဝန်ခံပါတယ်၊ ကိုယ့်ကို ခွင့်လွှတ်ပေးပါ"
ယဲ့လွီချွမ်းက ထိုစကားကို မည်သည့်နေရာမှ သင်ယူခဲ့မှန်းမသိဘဲ သူ့နောက်ကျောတွင် ဆူးတစ်စည်းတင်ကာ ရောက်လာပြန်သည်။ စူးချင်းက သူ၏ လက်ရှိအသွင်အပြင်ကို တစ်ချက်အကဲခတ်လိုက်သည်။ တစ်ချိန်က စိတ်ဓာတ်ခိုင်မာပုံရပြီး ရဲရင့်လှသည့် တတိယမင်းသားက အချစ်ရူးတစ်ယောက်သဖွယ် ဖြစ်နေလေသည်။ သူ့၏မျက်လုံးများထဲတွင် နာကျင်မှုများ ပြည့်နှက်နေပြီး သူ့မျက်နှာအမူအရာက ပို၍ပင် နာကျင်နေမှန်း သိသာစေသည်။
စူးချင်းက ခေါင်းငုံ့ကာ အေးအေးဆေးဆေး ဆက်စားနေလိုက်သည်။
အခုအချိန်က ရှောင်ယင်ဆုံးဖြတ်ရမယ့်အချိန်ပဲ၊ ဘယ်သူမှ ဝင်စွက်ဖက်ဖို့ မဖြစ်နိုင်တော့ဘူး။
ထူးဆန်းတာက သူမ ယဲ့လွီချွမ်းရဲ့မှတ်ဉာဏ်တွေကို ဖျက်ပစ်ဖို့ သူ့ကို ဆေးတိုက်ခဲ့ပေမယ့် သူက ဘာလို့ ရှောင်ယင့်ကို မှတ်မိနေတာရတာလဲ?
သူ့ရဲ့စိတ်စွမ်းအားက ဒီလောက်အားကောင်းနေရင် ဘယ်လိုလုပ်ပြီး အချစ်ကူက သူ့ကို ထိန်းချုပ်နိုင်ခဲ့တာတုန်း။
စူးချင်း အတွေးများနေသော်လည်း ယခု ကလေး အဆင်ပြေသွားသဖြင့် ရှောင်းလန်ရှင်းက ယဲ့လွီချွမ်းအပေါ် မုန်းတီးမှုတစ်ဝက်လောက် လျော့နည်းသွားပြီ ဖြစ်သည်။
ယဲ့လွီချွမ်း အလွန်နာကျင်နေသည်ကို မြင်ရချိန်တွင် ရှောင်းလန်ရှင်းက စိတ်မကောင်း ဖြစ်နေပြန်သည်။
“မင်း သူနဲ့ မခွဲနိုင်ရင် ငါ့မှာ နည်းလမ်းရှိတယ်”
စူးချင်းက ရှောင်းလန်ရှင်း၏ ဝမ်းနည်းသော အကြည့်များကို မြင်သွားပြီး စကားစလိုက်ပြန်သည်။
ရှောင်ယင်ရဲ့မျက်လုံးတွေက ယဲ့လွီချွမ်းအပေါ်မှာ ရှိနေတုန်းပဲ။ သူမနဲ့ ရွှေ့ရှန့်တို့ ဒီစုံတွဲကို အလွယ်တကူ ခွဲနိုင်တော့မယ် မထင်ဘူး။
ဒါပေမယ့် မင်ယွဲ့လို ကိစ္စမျိုး ထပ်မဖြစ်ဖို့တော့ သေချာမှ ဖြစ်မယ်၊ ယောက်ျားတစ်ယောက်ရဲ့ စွဲလန်းမှုနဲ့ သစ္စာတရားက ဘယ်နှစ်နှစ်ကြာအောင် ခံနိုင်မှာလဲ? တစ်လင်တစ်မယားစနစ်လို့ခေါ်တဲ့ ဆက်ဆံရေးက လုံလောက်တဲ့ သွေးဆောင်မှု မရှိမှ အလုပ်ဖြစ်တဲ့အရာမျိုးပါပဲ။
"ဘယ်လို နည်းလမ်းလဲ?"
ရှောင်းလန်ရှင်းက ယောင်းမဖြစ်သူကို မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ထိုအကြည့်က ရှောင်းလန်ရှင်း ယဲ့လွီချွမ်းအပေါ် စိတ်မပြတ်နိုင်မှန်း သိသာစေသည်။
"မင်း သူ့ကို အချစ်ကူ ထည့်ထားလိုက်၊ အခုကစပြီး သူ ဘယ်မိန်းမကိုမှ ထပ်ကြည့်တော့မှာ မဟုတ်ဘူး"
စူးချင်းက သူမ၏နည်းလမ်းကို ကမ်းလှမ်းလိုက်ပြီး ရှောင်းကျဲယွိတစ်ယောက် နှုတ်ခမ်းတွန့်သွားရသည်။
ဒါက ချင်းအာရဲ့အကြံပေါ့လေ။ သူကတော့ သူမရဲ့ အစမ်းသပ်ခံပူးငယ်လေးပါပဲ။
ကံကောင်းတာက ချင်းအာ သူ့ကို အချစ်ကူတစ်ခု ထည့်ပေးထားလို့ပေါ့၊ မဟုတ်ရင် သူ ဒီထက်ပိုပြီး ဒုက္ခများသွားနိုင်တယ်။
“....”
ရှောင်းလန်ရှင်းက မဆုံးဖြတ်နိုင်ဟန်ဖြင့် ယဲ့လွီချွမ်းကို လှမ်းကြည့်နေသည်။
သူမ သူ့ကို ချည်နှောင်ဖို့ ဒီနည်းလမ်းကို မသုံးချင်ဘူး။ ဒါပေမယ့် ဒီနည်းလမ်းကလွဲပြီး သူ စိတ်မပြောင်းသွားဖို့ အာမခံချက်လည်း မရှိဘူး။
“မင်းရဲ့ယောင်းမရဲ့ ကမ်းလှမ်းမှုကို မင်း စဉ်းစားသင့်တယ်။ အဲ့တာက တစ်ဖက်လူရဲ့ကျန်းမာရေးကိုလည်း ထိခိုက်စေမှာ မဟုတ်ဘူး”
ရှောင်းကျဲယွိက ထိုကိစ္စနှင့် ပတ်သက်ပြီး ပြောရန် အရည်အချင်းအရှိဆုံးလူ ဖြစ်သည့်အတွက် အခိုင်အမာ ဝင်ပြောလိုက်သည်။
"ရှောင်ယင်၊ ကိုယ့်ကို အချစ်ကူနဲ့ ပြုစားလိုက်"
ရှောင်းလန်ရှင်း တုံ့ဆိုင်းနေသော်လည်း ယဲ့လွီချွမ်းကတော့ အခိုင်အမာ တောင်းဆိုလာခဲ့သည်။
သူ ရှောင်ယင်ကို ပြန်ရနိုင်မယ်ရင် သူ သေပေးဖို့တောင် ဆန္ဒရှိပါတယ်။
သူ့ရဲ့ အပိုင်းပိုင်းကွဲနေတဲ့ မှတ်ဉာဏ်တွေထဲမှာ သူ ရှောင်ယင်ကို သစ္စာဖောက်ခဲ့တဲ့ မှတ်ဉာဏ်တွေ ရှိနေတယ်။ နောင်ထပ် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကာကွယ်ဖို့ စူးချင်းရဲ့အစီအစဉ်ကို သဘောတူလိုက်တာက အကောင်းဆုံးပဲ။
အခြားသူတွေ သူ့ကို အဆိပ်သုံးတာထက် ရှောင်ယင် သူ့အပေါ် အဆိပ်သုံးတာက ပိုကောင်းတယ်လေ။
ယဲ့လွီချွမ်းက ရှောင်းလန်ရှင်းအား အချစ်ကူ အသုံးပြုခွင့်ပေးရန် ဆန္ဒရှိကြောင်း ကြားလိုက်ရသောကြောင့် ရှောင်းကျဲယွိပင် အံ့သြတုန်လှုပ်သွားရသည်။ သူက ယဲ့လွီချွမ်းကို စူးရှသောအကြည့်ဖြင့် ကြည့်ကာ ခက်ခဲသောမေးခွန်းတစ်ခု မေးလိုက်သည်။
"မင်းကို ထီးနန်းနဲ့ ရှောင်ယင် နှစ်ခုထဲက တစ်ခု ရွေးခိုင်းရင် မင်း ဘာကို ရွေးမှာလဲ?"
"ငါ ရှောင်ယင်ပဲ လိုချင်တယ်"
ယဲ့လွီချွမ်းက တွန့်ဆုတ်ခြင်းမရှိဘဲ မဆိုင်းမတွ ပြန်ဖြေလိုက်ပြီး သူ မည်မျှ စိတ်ပိုင်းဖြတ်ထားကြောင်း ပြသနေသည်။
"ရော့ ဒီထဲမှာ အချစ်ကူ ထည့်ထားပြီးပြီ၊ မင်း ကိုယ်တိုင် သူ့ကို သောက်ခိုင်းလိုက်၊ သူ ဘယ်တော့မှ တခြားမိန်းမကို ချစ်နိုင်တော့မှာ မဟုတ်ဘူး"
စူးချင်းက ကြက်စွပ်ပြုတ်ထဲသို့ အချစ်ကူ ထည့်လိုက်ပြီး မျက်ရည်များ ဝဲနေသည့် ရှောင်းလန်ရှင်းကို လှမ်းပေးလိုက်သည်။
သူမ အပြန်လမ်းတွင် ထိုမိုက်မဲသောအစီအစဥ်ကို တွေးလာခဲ့ခြင်း ဖြစ်သည်။
ယဲ့လွီချွမ်းက အချစ်ကူ အခတ်ခံရလို့ စိတ်ပြောင်းသွားခဲ့တာဆိုတော့ အတိအကျ ပြောရရင် သူ့အပြစ်တော့ မဟုတ်ဘူး။ သူ့ကို အခွင့်အရေးပေးသင့်တယ်။ ဒါပေမယ့် ဖုံးကွယ်ထားတဲ့ အန္တရာယ်အားလုံးကိုတော့ ဖယ်ရှားပစ်ရမယ်။
ထို့အတွေးကြောင့် ရှောင်းလန်ရှင်းက ယဲ့လွီချွမ်းအား အချစ်ကူ ခတ်ခိုင်းရန် စိတ်ကူးလာခြင်း ဖြစ်သည်။
အမျိုးသားများက အမျိုးသမီးများထက် အာဏာကို အမြဲတန်ဖိုးထားကြသည်။ အမျိုးသမီးတစ်ဦး၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားရခြင်းက အန္တရာယ်များသည့်အရာတစ်ခုဖြစ်သော်လည်း ယဲ့လွီချွမ်းက ဝန်လေးခြင်းမရှိ ချက်ချင်း သဘောတူခဲ့သည်။
ရှောင်းလန်ရှင်းက အချစ်ကူ ထည့်ထားသည့် ကြက်စွပ်ပြုတ်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်နေသည်။ သူမ သူမကို အခိုင်အမာ လှမ်းကြည့်နေသော ယဲ့လွီချွမ်းကို မော့ကြည့်နေပြီး တွေဝေနေပုံရသည်။
"ကိုယ့်ကိုပေး"
"ထားလိုက်ပါတော့"
ရှောင်းလန်ရှင်းက ကြက်စွပ်ပြုတ်ပန်းကန်လုံးကို အဝေးသို့ လွှင့်ပစ်လိုက်သည်။
သူမ သူ့ကို ထိန်းချုပ်ဖို့ ဒီနည်းလမ်းကို မသုံးချင်ဘူး။
ရှောင်းလန်ရှင်းက ယဲ့လွီချွမ်းကို ကြည့်ကာ တိုးလျသောလေသံဖြင့် ပြောလိုက်သည်။
"ရှင် တကယ်လို့ စိတ်ထပ်ပြောင်းသွားရင် ရှင် ကျွန်မကို ဘယ်တော့မှ ရှာမတွေ့တော့အောင် ကျွန်မ လုပ်ပစ်မယ်"
နောက်ဆုံးတွင် ရှောင်းလန်ရှင်းနှင့် ယဲ့လွီချွမ်းတို့ ပြန်လည်သင့်မြတ်သွားခဲ့ကြသည်။ ရှောင်းကျဲယွိနှင့် စူးချင်းတို့က သူတို့ကို မြို့ပြင်အထိ လိုက်ပို့ပေးခဲ့ကြသည်။ စူးချင်းက ယဲ့လွီချွမ်း၏မှတ်ဉာဏ်များ ပြန်လည်ကောင်းမွန်စေရန် သူ့ကို ဆေးတစ်လုံးကို ထပ်ပေးခဲ့သည်။ ထိုသို့မဟုတ်လျှင် သူက ရှောင်းလန်ရှင်း၏ အကြောင်းကိုသာ မှတ်မိနေပြီး တိုင်းပြည်၏အရေးကိစ္စများကို မေ့နေပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ ကျေးဇူးတင်ပါတယ် မရီး၊ မရီးရဲ့ကြင်နာမှုကို အမြဲမှတ်ထားပါ့မယ်”
စူးချင်းနှင့် ရှောင်းကျဲယွိတို့ကို ကျေးဇူးတင်စကား ပြောပြီး မြင်းပေါ်သို့ ယုံကြည်မှုရှိရှိ တက်သွားသည့် ယဲ့လွီချွမ်းက သူ့၏ပုံမှန် ချောမောသောအသွင်အပြင်ကို ပြန်လည်ရရှိသွားပြီ ဖြစ်သည်။
"ဘဝကို ကောင်းကောင်း ရှင်သန်ပါ၊ မင်းမှာ အခွင့်အရေးတစ်ကြိမ်ပဲ ရှိတယ်ဆိုတာ မမေ့နဲ့။ နောက်တစ်ခါဆိုတာရင်...”
ရှောင်းကျဲယွိက သူ့စကားကို ဆုံးအောင်မပြောဘဲ ယဲ့လွီချွမ်းဘာသာ ကောက်ချက်ချခွင့် ပြုလိုက်သည်။
"နောက်တစ်ခါရှိရင်လည်း ကိုယ်ဘာသာ သတ်သေလိုက်ပါ့မယ်"
ယဲ့လွီချွမ်းက ရှောင်းကျဲယွိ ကိုယ်စားပြောပေးလိုက်သည်။
သူက သူ ဆုံးရှုံးခဲ့တဲ့အရာကို အခုမှ ပြန်ရရှိခဲ့တာလေ။ သူ သူနဲ့ရှောင်ယင်ကြားက ဆက်ဆံရေးကို ပိုပြီး တန်ဖိုးထားတတ်လာပါပြီ။
လီအာက သူ့အမေ၏ရင်ခွင်ထဲမှ တခစ်ခစ် ရယ်မောနေသည်။ သူက သူ့၏ လက်ဖောင်းဖောင်းလေးများကို စူးချင်းဆီသို့ ဆန့်တန်းထားပြီး “တအာအာ” အော်နေကာ သူမနှင့် စကားစမြည်ပြောနေပုံရသည်။
"လီအာ၊ အဒေါ် အချိန်ရရင် မင်းဆီကို လာလည်မယ်နော်"
စူးချင်းက လီအာကို ပွေ့ချီကာ သူ့မျက်နှာလေးကို နမ်းလိုက်ရင်း ကလေးလေးကို ကတိပေးလိုက်သည်။ ထိုစကားက ယဲ့လွီချွမ်းကို သတိပေးခြင်းဟုလည်း ဆိုနိုင်ပေသည်။
ရှောင်းလန်ရှင်းတို့ကို လိုက်ပို့ပေးပြီးနောက် စူးချင်းက ရှောင်းကျဲယွိကို ကြည့်က လှမ်းပြောလိုက်သည်။
“ကျွန်မလည်း ကလေးတွေကို လွမ်းနေပြီ”
လီအာကို ပွေ့ဖက်ထားရသည့် ဤရက်အနည်းငယ်အတွင်းတွင် စူးချင်းက သူမ၏ ချစ်စဖွယ်ကလေးလေးနှစ်ယောက်ကို အပြင်းအထန် လွမ်းဆွတ်နေခဲ့သည်။
ငတုံးလေးကျစ်ချီနဲ့ အဆိုးလေးယွင်အာကရော သူတို့ရဲ့ ခမည်းတော်ဧကရာဇ်ရဲ့ မယ်တော့်ကို လွမ်းဆွတ်နေကြပြီလား?
“အင်း ပြန်ဖို့ အချိန်တန်ပြီ”
ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်သည်။ သူက ဧကရာဇ်ဖြစ်နေပြီး အပြင်တွင် အမြဲမနေနိုင်သော်လည်း လီတာ့နျို၏သေမင်းကျန်စာကို မဖယ်ရှားနိုင်သေးပေ။
မနေ့ညက စူးချင်း အလွန်ပင်ပန်းနေသည်ကို သူ မြင်နေရသောကြောင့် သူမကို ထိုအကြောင်း မပြောဖြစ်ခဲ့ပေ။ ယနေ့လည်း သူ့ညီမနှင့် ယောက်ဖကို လိုက်ပို့ရန် အလုပ်ရှုပ်နေပြီး ပြောရန် အချိန်မရှိပြန်ပေ။ ယခု သူတို့ ယာယီနန်းတော်သို့ ပြန်တော့မည် ဖြစ်သောကြောင့် ထိုအကြောင်းကို မဖြစ်မနေ ပြောရတော့မည် ဖြစ်သည်။
"တာ့နျိုက မင်ကျူးရဲ့သေမင်းကျိန်စာကြောင့် ဒုက္ခရောက်နေတယ်။ သူ့အသက်က မင်ကျူးရဲ့အသက်နဲ့ ဆက်စပ်နေတယ်။ မင်ကျူး သေရင် လီတာ့နျိုလည်း သူ(မ)နဲ့အတူ သေရလိမ့်မယ်”
ရှောင်းကျဲယွိက လက်ရှိအခြေအနေကို အတိုချုံးရှင်းပြလိုက်သည်။
"ကိုယ် အရည်အချင်းရှိတဲ့လူတွေ အများကြီး ရှာပြီး ဆွေးနွေးတိုင်ပင်တွေ့ခဲ့တယ်၊ ဒါပေမယ့် တာ့နျိုရဲ့သေမင်းကျိန်စာကို ဘယ်သူမှ မဖယ်ရှားပေးနိုင်ဘူး။ ချင်းအာ မင်းမှာ အကြံတစ်ခုတလေ မရှိဘူးလား?"