← Chapters

ဘယ်လိုပူးပေါင်းကြံစည်မှုမျိုးလဲ?

Vol. 44 Ch. 650

ဘယ်လိုပူးပေါင်းကြံစည်မှုမျိုးလဲ?

Vol. 44 Ch. 650

“အခု သွားကြည့်ကြမယ်”

လီတာ့နျို သေမင်းကျိန်စာနှင့် ရင်ဆိုင်နေရသည်ဟု ကြားလိုက်ချိန်တွင် စူးချင်းက ရှောင်းကျဲယွိကို ချက်ချင်း သွားကြည့်ရန် တောင်းဆိုလိုက်သည်။

ဒီအတောအတွင်း တခြားသူတွေကို ထိန်းချုပ်နိုင်တဲ့ ကျိန်စာတွေ သုံးနေတဲ့ လူတစ်စု ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ ဒီလို တစ်သီတစ်တန်းကြီး ရုတ်တရက် ပေါ်လာတာက လုံးဝကို ပုံမှန်မဟုတ်ဘူး။ ဒါက ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုအတွက် အစပျိုးနေတဲ့ လုပ်ဆောင်မှုတွေ ဖြစ်နိုင်လား?

ရှောင်းကျဲယွိက စူးချင်းကို ခေါ်ပြီး လီတာ့နျို၏ အခန်းဆီသို့ ရောက်လာခဲ့သည်။ ကုတင်ဘေးတွင် ထိုင်နေပြီး သူမ၏အစ်ကိုကြီးကို အစားအစာ ခွံ့ကျွေးနေသည့် လီရွှမ်းအာက စူးချင်း ပြန်လာသည်ကို မြင်သွားပြီး ဝမ်းသာအားရဖြင့် အပြေးအလွှား နှုတ်ဆက်လိုက်သည်။

“အစ်မစူးချင်း၊ နောက်ဆုံးတော့ အစ်မ ပြန်ရောက်လာပြီ”

လီရွှမ်းအာကိုယ်တိုင် အလွန်ပင်ပန်းနေပြီး သူမ၏ကလေးကလည်း နေမကောင်းဖြစ်နေသောကြောင့် သူမ တစ်ရက်လောက် အိမ်ပြန်ပြီး အနားယူခဲ့ရသည်။ ထို့ကြောင့် စူးချင်း ပြန်ရောက်နေသည်ကို သူမ မသိခဲ့ခြင်း ဖြစ်သည်။ ယခု စူးချင်းကို မြင်လိုက်သည်နှင့် သူမက ကယ်တင်ရှင်တစ်ယောက်ကို မြင်လိုက်ရသလို ခံစားနေရသည်။

“စိတ်မလောနဲ့ဦး၊ ငါ မင်းရဲ့အစ်ကိုကြီးကို အရင်ကြည့်ပေးမယ်”

စူးချင်းက လီရွှမ်းအာကို ခေါင်းညိတ်ပြလိုက်ပြီး လီရွှမ်းအာ၏လက်ထဲမှ သူမလက်ကို ပြန်ဆွဲထုတ်လိုက်သည်။ စူးချင်းက ရှောင်းကျဲယွိ၊ ရှောင်ယင်နှင့် သူမ၏ကလေးများမှ လွဲ၍ အခြားမည်သူ့၏ ထိတွေ့မှုကိုမျှ ကျင့်သားမရသေးပေ။

လီရွှမ်းအာက အလျင်အမြန် နေရာဖယ်ပေးလိုက်သည်။ ထိုအချိန်မှသာ စူးချင်းက ခုတင်ပေါ်မှ လီတာ့နျိုကို မြင်လိုက်ရပြီး အလွန်အံ့ဩသွားရသည်။ ယခင်က အလွန်သန်မာထွားကြိုင်းသည့်လူတစ်ယောက်က ယခု အရိုးပေါ်အ‌ရေတင်ဖြစ်နေသည်။ သူ့မျက်လုံးများက ချိုင့်ဝင်နေပြီး သူ့မျက်နှာက အပြာရောင်သန်းနေသလို သူ့နှုတ်ခမ်းများကလည်း မည်းနက်နေပြီ ဖြစ်သည်။ ဒဏ္ဍာရီလာ လူသေမျက်နှာဟု ခေါ်သည့် အခြေအနေမျိုး ဖြစ်သည်။

ဒီလိုပုံပန်းသွင်ပြင် ဖြစ်နေမှတော့ ဘယ်လိုလုပ်ပြီး မျှော်လင့်ချက် ရှိတော့မှာလဲ?

ဒါပေမယ့် ရွှေရှန့်က လီတာ့နျိုနဲ့ ကျန်းလောင်ချီကို အရမ်းဂရုစိုက်တယ်လေ။ အခု လီတာ့နျိုတစ်ခုခု ဖြစ်သွားရင် ရွှေ့ရှန့် အတော်လေး စိတ်ဓာတ်ကျသွားနိုင်တယ်။

စူးချင်း၏မျက်နှာအမူအရာက ပိုလေးနက်လာပြီး သူမက လီတာ့နျို၏သွေးခုန်နှုန်းကို စစ်ဆေးရန် ခုတင်ဘေးသို့ ဝင်ထိုင်လိုက်သည်။

လီတာ့နျို၏သွေးခုန်နှုန်းက လုံးဝမရှိသလောက်ဖြစ်နေပြီး အရမ်းအားနည်းနေသည်။ သို့သော် မင်ကျူး သူ့အပေါ် ထားခဲ့သည့် သေမင်းကျိန်စာကြောင့် သူ့သွေးကြောထဲမှ ထူးဆန်းသည့်သွေးခုန်နှုန်းကို စူးချင်း ရှာတွေ့သွားခဲ့သည်။

သူ သေဆုံးသွားသည်နှင့်တပြိုင်နက် ဓား၊ လှံလက်နက်များ တိုးမပေါက်နိုင်သည့် ခွန်အားအလွန်ကြီးသော လူသားဖုတ်ကောင်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

အသက်ရှင်နေတဲ့ လူတွေကို လူသားဖုတ်ကောင် အဖြစ်ဖန်တီးတဲ့ ဒီမကောင်းဆိုးဝါး နည်းလမ်းက မြောင်လူမျိုးတွေနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်မလား? မင်ကျူးနဲ့ မင်ယွဲ့တို့နှစ်ယောက်စလုံးကလည်း အဲ့ဒီလူရဲ့အသုံးချခံတွေ ဖြစ်နိုင်တယ်။

လီတာ့နျိုလို အသက်ရှင်နေတဲ့ ဖုတ်ကောင်တွေ ဘယ်လောက်တောင် ရှိနေပြီလဲ? ဒီလူတွေ အပြင်ဘက်ကို ရောက်လာတာနဲ့ ပြည်သူတွေအတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်လာလိမ့်မယ်။

"ချင်းအာ၊ မင်း သူ့ကို ကုသပေးနိုင်လား?"

စူးချင်း လီတာ့နျို၏သွေးခုန်နှုန်းကို အချိန်အကြာကြီး စစ်ဆေးနေပြီး ဘာမှ မပြောသည်ကို မြင်နေရသောကြောင့် ရှောင်းကျဲယွိ၏မျက်ခုံးများ တွန့်ချိုးလာပြီ ဖြစ်သည်။ သူ့မျက်လုံးများနှင့် မျက်နှာအမူအရာကလည်း လေးနက်လာပြီး သူ အလွန်အမင်း စိုးရိမ်နေပြီ ဖြစ်သည်။

ချင်းအာတောင်မှ တာ့နျိုကို မကုပေးနိုင်တော့ဘူးဆိုရင် ဘယ်သူက ကုသပေးနိုင်တော့မှာလဲ?

သူ တကယ်ပဲ သူ့မျက်စိရှေ့မှာ တာ့နျို သေသွားတာကို ကြည့်နေရတော့မှာလား?

"ကျွန်မ ကြိုးစားကြည့်ရုံပဲတတ်နိုင်တယ်၊ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဒီသေမင်းကျိန်စာအပြင် နောက်ထပ် မကောင်းဆိုးဝါး မှော်ပညာတစ်ခုလည်း ရှိနေသေးတယ်။ သေမင်းကျိန်စာကို ကုသဖို့ လွယ်ပေမယ့် အဲ့ဒီမကောင်းဆိုးဝါး မှော်ပညာကတော့ ဖယ်ရှားဖို့ တော်တော် ခက်ခဲနိုင်တယ်"

စူးချင်းက လီတာ့နျို၏လက်ကောက်ဝတ်ပေါ်မှ သူမ၏လက်ကို ပြန်ဖယ်ရှားလိုက်ပြီး သူ့ကို ကြမ်းပြင်ပေါ်သို့ ချပေးရန် သက်တော်စောင့်များကို တောင်းဆို လိုက်သည်။ ထို့နောက် ရှောင်းကျဲယွိထံမှ လွမ်တောင်ကို တောင်းယူလိုက်သည်။

ရှောင်းကျဲယွိက ယဲ့လွီချွမ်း၏ အချစ်ကျိန်စာကို ကုသပေးခဲ့သည့် စူးချင်း၏ နည်းလမ်းများကို မြင်တွေ့ဖူးသူ ဖြစ်သည်။ သူက မည်သည့်မေးခွန်းမျှ မမေးဘဲ လွမ်တောင်ကို စူးချင်းဆီသို့ ချက်ချင်းလှမ်းပေးလိုက်သည်။

"ဒီလို အဖိုးတန်ရတနာဓားမျိုးတွေက သူတို့ရဲ့ကိုယ်ပိုင် ဝိညာဉ်စွမ်းအင် ရှိကြတယ်၊ ရတနာဓားရဲ့ နတ်စွမ်းအင်က မကောင်းဆိုးဝါးဝိညာဉ်တွေအတွက်တော့ ခြိမ်းခြောက်မှုကြီးတစ်ခုပဲ"

စူးချင်းက ရှောင်းကျဲယွိကို ရှင်းပြလိုက်ပြီး ရှောင်းကျဲယွိကလည်း သူ နားလည်းကြောင်း ခေါင်းပြန်ညိတ်ပြလိုက်သည်။

သူ့ရဲ့ ဆရာသခင်ကလည်း ဒီဓားမှာ သတ်ဖြတ်ခြင်းစွမ်းအင်ရော နတ်စွမ်းအင်ပါ နှစ်မျိုးလုံးရှိပြီး မကောင်းဆိုးဝါးဝိညာဉ်တွေကို တွန်းလှန်ဖို့နဲ့ အကာအကွယ်အဖြစ်သုံးဖို့ သင့်တော်တဲ့ ရတနာတစ်ခုလို့ ပြောပြခဲ့ဖူးတယ်။

လီရွှမ်းအာနှင့် သူမ၏ခင်ပွန်းကတော့ စူးချင်းဘာလုပ်မည်ကို မသိကြဘဲ ဇဝေဇဝါ ဖြစ်နေကြသည်။ စူးချင်း လီတာ့နျို၏ လက်ကောက်ဝတ်အား လွမ်တောင်ဖြင့် လှီးဖြတ်နေသည်ကို မြင်လိုက်ရချိန်တွင် လီရွှမ်းအာတစ်ယောက် သူမ၏အဝတ်အစားများကို တင်းနေအောင် ဆုပ်ကိုင်ထားပြီး ကြောက်ရွံ့တုန်လှုပ်နေကာ အသက်ပင် မရှူရဲတော့ပေ။

ဒီလို လူနာ ကုသတဲ့နည်းကို သူမ ပထမဆုံး မြင်ဖူးတာပဲ။ သွေးတွေ အများကြီး ထွက်လာရင် အစ်ကိုကြီး သေသွားနိုင်လား?

သူမ အလွန်စိုးရိမ်နေသော်လည်း လီရွှမ်းအာက စူးချင်းကို ယုံကြည်သောကြောင့် လုံးဝ ဝင်မတားပေ။ စူးချင်းက သူမအစ်ကိုကြီး၏ အကျိုးအတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းနှင့် သူမ၏အစ်ကိုကြီးအား ထိခိုက်အောင် လုပ်မည်မဟုတ်မှန်း သူမ သိထားပြီး ဖြစ်သည်။

စူးချင်းက လီတာ့နျို၏လက်ကောက်ဝတ်ကို မလှီးဖြတ်ခင် သူ့ကို ဆေးတစ်လုံး အရင်တိုက်ထားခဲ့သည်။ ယခု သူမက အပ်စိုက်ကုထုံးဖြင့် သူ့ခန္ဓာကိုယ်ထဲမှ အဆိပ်များကို တွန်းထုတ်လိုက်သည်။

လီတာ့နျို၏ လက်ကောက်ဝတ် ဒဏ်ရာမှ လက်ညှိုးလောက်ရှည်ပြီး အမွေးအမှင်များ ဖုံးလွှမ်းနေသည့် ပိုးကောင်ကြီးတစ်ကောင် တွားသွားထွက်လာသည်ကို လူတိုင်း မြင်လိုက်ရသည်။ ထိုအမွေးအမှင်များပေါ်တွင် လီတာ့နျို၏သွေးများ စွန်းထင်းနေဆဲဖြစ်သည်။ အပြင်သို့ တွားသွားထွက်လာသည့် ထိုပိုးကောင်ကြီးက မတ်တပ်ထရပ်လိုက်ပြီး ဂျုံစေ့လောက်ကြီးသည့် မျက်လုံးမည်းမည်းနှစ်လုံးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေပုံက ကြောက်စရာကောင်းလွန်းလှသည်။

လီရွှမ်းအာက ခင်ပွန်းဖြစ်သူ၏ရင်ခွင်ထဲသို့ ဝင်ပုန်းသွားပြီး အစေခံနှစ်ယောက်ကလည်း အော်ဟစ်ကာ သက်တော်စောင့်များနောက်သို့ ပြေးပုန်းကြတော့သည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့၏နောက်သို့ လိုက်ပါလေ့ရှိသည့် သက်တော်စောင့်များက ယဲ့လွီချွမ်း၏ခန္ဓာကိုယ်ထဲမှ ထွက်လာသော အချစ်ကူကို မြင်ဖူးကြသည်။ သို့သော်လည်း ဤမျှကြောက်စရာကောင်းသည့် အကောင်မျိုးကိုတော့ မတွေ့ဖူးကြပေ။ သူတို့အားလုံး တုန်လှုပ်နေကြပြီး သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ကြက်သီးမွေးညင်းများ ထလာသည်ကို ခံစားနေမိကြသည်။

စူးချင်းက ရှောင်းကျဲယွိ၏ လွမ်တောင်ဖြင့် ထိုပိုးကောင်ကို လှမ်းခုတ်လိုက်သော်လည်း ပိုးကောင်းကြီးက အန္တရာယ်ကို ခံစားမိပုံဖြင့် ကြမ်းပြင်ပေါ်မှ ခုန်တက်သွားပြီး ရှောင်းကျဲယွိဆီကို ပျံသန်းသွားသည်။

"ဧကရာဇ်မင်းမြတ်ကို ကာကွယ်ကြ"

သက်တော်စောင့်များက အော်ဟစ်လိုက်ကြပြီး ရှောင်းကျဲယွိ ရှေ့သို့ ပြေးဝင်ကာ ကာကွယ်ပေးလိုက်ကြသည်။ သူတို့လည်း သူတို့၏ဓားများဖြင့် ထိုမရဏကူကို ခုတ်ပိုင်းနေကြသော်လည်း ထိုသတ္တဝါက လေထဲတွင် လှည့်ပတ်လှုပ်ရှားရင်း ဓားများ ရှောင်တိမ်းနေသည်။ ၎င်းက ရှောင်းကျဲယွိ၏ ခန္ဓာကိုယ်နားသို့ မချဥ်းကပ်နိုင်မှန်း နားလည်သွားပုံဖြင့် အနီးဆုံးသက်တော်စောင့်တစ်ယောက်ကို ရွေးချယ်ကာ သူ့ပါးစပ်နားသို့ ပျံသန်းသွားသည်။

ထိုသက်တော်စောင့်၏ မျက်နှာက စက္ကူဖြူကဲ့သို့ ဖြူဖျော့သွားပြီး သူ အလွန်ကြောက်လန့်နေမှန်း သိသာလှသည်။ သူက ရှောင်တိမ်းရန်ပင် မေ့လျော့နေပြီး ထိုမရဏကူ သူ့ပါးစပ်နားသို့ ပျံသန်းလာသည်ကို ကြောင်တက်တက် စိုက်ကြည့်နေသည်။ ထိုအရေးကြီးသည့် အခိုက်အတန့်တွင် ရှောင်းကျဲယွိက သူ့‌ရှေ့မှ ထိုသက်တော်စောင့်ကို ကန်ထုတ်လိုက်သည်။ ထိုမရဏကူက ပစ်မှတ်ကို လွဲချော်သွားပြီး ရှောင်းကျဲယွိဆီသို့ ပြန်လှည့်လာပြန်သည်။ ထိုအချိန်တွင် အေးစက်သည့်ဓားအလင်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ထိုမရဏကူလည်း လွမ်တောင်ကြောင့် နှစ်ပိုင်းဖြတ်ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ကြမ်းပြင်ပေါ်မှ ထိုမရဏကူက သွေးများဖြင့် တုန်ခါနေဆဲဖြစ်သောကြောင့် စူးချင်းက နောက်ထပ်နှစ်ပိုင်း ဆက်တိုက်ပိုင်းဖြတ်လိုက်ပြီး ထိုမရဏကူကို အပိုင်းလေးပိုင်းဖြစ်အောင် ပြောင်းလဲသွားစေခဲ့သည်။ သို့သော်လည်း ပိုပြီး ထူးဆန်းသည့်အရာတစ်ခု ဖြစ်ပျက်လာပြီး ထိုမရဏကူ၏ခန္ဓာကိုယ် အပိုင်းလေးပိုင်းက တုန်ခါလာကာ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။ နောက်ဆုံးတွင် ထိုအပိုင်းလေးပိုင်းက မရဏကူလေးကောင်အဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းက အမှန်တကယ် ထိတ်လန့်ဖွယ်ကောင်းလှသည်။ စူးချင်းက ထိုမရဏကူကို မှီတွယ်ရှာခွင့်မပေးချင်သောကြောင့် လူတိုင်းကို ထွက်သွားရန် အမိန့်ပေးလိုက်သည်။ ရှောင်းကျဲယွိကတော့ မထွက်သွားဘဲ သက်တော်စောင့်တစ်ယောက်ဆီမှ ဓားကို ဆွဲယူပြီး စူးချင်းနှင့်အတူ တိုက်ခိုက်ရန် ကျန်နေခဲ့သည်။

"မြန်မြန်လုပ်၊ အဲ့ဒါတွေကို ခုတ်ပြီးတာနဲ့ ဒီအလောင်းပျော်ဆေးမှုန့်ကို ချက်ချင်းဖြူးလိုက်၊ ဒါတွေကို ထပ်ပွားခွင့်ပေးလို့ မဖြစ်ဘူး"

စူးချင်းက ရှောင်းကျဲယွိကို နှင်ထုတ်၍ မရနိုင်မှန်း နားလည်နေပြီး ဘာလုပ်ရမည်ကိုသာ ပြောပြလိုက်သည်။

သူက သူမကို အန္တရာယ်တောထဲမှာ ထားခဲ့ပြီး ထွက်သွားမယ့်လူမျိုး မဟုတ်ဘူးလေ။

"အင်း"

ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်သည်။ သူ၏ သိုင်းပညာစွမ်းရည်အရ ဤပိုးကောင်းအနည်းငယ်ကို ကိုင်တွယ်ဖြေရှင်းရန် မခက်ခဲပေ။

နှစ်ယောက်သား စကားပြောနေကြစဉ်မှာပင် ထိုမရဏကူများက သူတို့၏ ပါးစပ်ထဲသို့ ဝင်ရန် ပျံတက်လာပြန်သည်။ စူးချင်နှင့် ရှောင်းကျဲယွိတို့က ထိုမရဏကူများကို အလျင်အမြန် နှစ်ခြမ်းခွဲလိုက်ကြသည်။ စူးချင်းက အလောင်းပျော်ဆေးမှုန့်ကို ချက်ချင်းဖြန်းလိုက်ရာ ထိုမရဏကူများ အရည်ပျော်သွားပြီး ထပ်မပွားနိုင်တော့ပေ။

ထိုအချိန်မှသာ စူးချင်းတစ်ယောက် သူမ၏နဖူးမှ ချွေးအေးများကို သုတ်နိုင်တော့သည်။ ၎င်းက လူသားတစ်ဦးနှင့် တိုက်ခိုက်ခြင်းထက် များစွာပိုခက်ခဲသည်။ သူတို့ အနည်းငယ် နှေးကွေးသွားပါက ၎င်းတို့က တစ်ကောင်မှ နှစ်‌ကောင်၊ နှစ်‌ကောင်မှ‌ လေးကောင် ဆတိုးပွားများလာပေလိမ့်မည်။ သူတို့၏ သိုင်းပညာစွမ်းရည် မြင့်မားလေလေ၊ ၎င်းတို့က ပိုမိုမြန်ဆန်စွာ ပွားများလေလေဖြစ်ပြီး ဖြေရှင်းရန် မဖြစ်နိုင်သည့် အခြေအနေမျိုး ဖြစ်လာနိုင်သည်။

"ဒါကြီးက အရမ်း ကြောက်စရာကောင်းတယ်"

ရှောင်းကျဲယွိက တုန်လှုပ်နေဟန်ဖြင့် စူးချင်းကို လှမ်းပြောလိုက်သည်။

"ဒီလိုအရာမျိုးသာ ရှောင်မိသားစုစစ်တပ်ထဲကို ရောက်လာခဲ့ရင် အကျိုးဆက်က တွေးရဲစရာတောင် မရှိဘူး"

"ဟုတ်တယ်၊ ကျွန်မ မရဏကူကို ကာကွယ်နိုင်မယ့် ဆေးဝါးတစ်မျိုး အမြန်ဆုံး ဖန်တီးမှ ဖြစ်တော့မယ်"

စူးချင်း၏မျက်နှာအမူအရာက ပုံမှန်ထက် ပိုလေးနက်နေသည်။

ဒီအရာတွေက အမြောက်တွေထက်တောင် ပိုအစွမ်းထက်နေသေးတယ်။ သူမ ဒါတွေကို မြန်မြန် တန်ပြန်နိုင်ဖို့ ဆေးဝါးတစ်မျိုး ဖန်တီးရမယ်၊ အချိန်မီ မတားဆီးနိုင်ရင် ထန်မင်းဆက်က လူတွေအားလုံး လမ်းလျှောက်နေတဲ့ ဖုတ်ကောင်တွေ ဖြစ်လာလိမ့်မယ်။

စစ်သားတွေဆီကို ဒီမရဏကူ ကူးစက်ခံလိုက်ရရင် သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ပိုကြီးမားလာလိမ့်မယ်။ သူတို့ကို အမြောက်တွေနဲ့တောင် ပစ်ခတ်နိုင်ပါ့တော့မလား?

"ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးပါပဲ၊ ချင်းအာ"

ရှောင်းကျဲယွိက စူးချင်းကို အားနာနေသည့်အကြည့်ဖြင့် ကြည့်ရင်း ကျေးဇူးတင်စကားဆိုလိုက်သည်။

သူက သူမကို အဆုံးမရှိတဲ့ ဒုက္ခတွေ ပေးနေမိတယ်။ သူမသာ သူ့နဲ့ မတွေ့ဆုံခဲ့ရင် သူမ သူမ နှစ်သက်တဲ့ အေးချမ်းတဲ့ တောဓလေ့နဲ့ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေလောက်ပြီ။

တိုက်ပွဲက အရာအားလုံးကို ခဏတာ နှောင့်နှေးစေခဲ့ပြီး လီတာ့နျိုက သွေးအများကြီး ဆုံးရှုံးခဲ့ရသည်။ စူးချင်းက သွေးတိတ်အောင် အလျင်အမြန် ကြိုးစားလိုက်ပြီး သွေးအားဖြည့်ဆေး တိုက်လိုက်သော်လည်း အချိန်မမီတော့ဘဲ နောက်ကျနေပြီး ဖြစ်သည်။ သူကို အမြန်ဆုံး သွေးသွင်းရန် လိုအပ်နေသည်။

စူးချင်းက လီတာ့နျို၏သွေးအမျိုးအစားကို စစ်ဆေးလိုက်ပြီ သူမနှင့် ရှောင်းကျဲယွိတို့၏ သွေးအမျိုးအစားများ နှစ်ခုလုံးက သူ့သွေးအမျိုးအစားနှင့် မကိုက်ညီပေ။

ရှောင်းကျဲယွိက အပြင်မှ စစ်သည်များကို အထဲဝင်ခိုင်းလိုက်ပြီး သွေးစစ်ရန် တန်းစီခိုင်းလိုက်သည်။ စူးချင်းက သွေးအမျိုးအစား ကိုက်ညီသူများထံမှ သွေးကို ချက်ချင်း ထုတ်ယူပြီး လီတာ့နျိုဆီသို့ ပြန်သွင်းပေးသည်။

ထိုနေရာတွင် ရှိနေသည့်လူများအားလုံး စူးချင်း အသုံးပြုနေသည့်အရာများကို ယခင်က မမြင်ဖူးကြပေ။ စူးချင်း တစ်စုံတစ်ယောက်အား သွေးသွင်းပေးသည်မှာလည်း ပထမဆုံးအကြိမ် ဖြစ်ပြီး သူတို့အားလုံးက ထိုပစ္စည်းကိရိယာများအကြောင်း သိချင်နေကြသည်။

All Chapters