← Chapters

နောက်ကွယ်ကလူ

Vol. 44 Ch. 651

နောက်ကွယ်ကလူ

Vol. 44 Ch. 651

သို့သော် သူတို့၏ဧကရီ မည်သည့်အရာကို ထုတ်ယူလာပါစေ သူတို့အတွက် မထူးဆန်းတော့ပေ။ ဧကရီ၏ဆရာသခင်က မသေမျိုးဂိုဏ်းမှ ဖြစ်ပြီး မသေမျိုးနတ်ဘုရားသူက အရာအားလုံးပိုင်ဆိုင်သူများ ဖြစ်သည်။

စူးချင်းက ဤလူများ မည်သို့တွေးနေသည်ကို ဂရုမစိုက်ပေ။ သူမက လီတာ့နျို၏ ခန္ဓာကိုယ်ထဲသို့ သွေးများ စီးဝင်သွားသည်ကို စောင့်ကြည့်ပေးနေပြီး သူ့၏သွေးခုန်နှုန်းကို စစ်ဆေးနေသည်။ နှလုံးခုန်နှုန်းကို တိုင်းတာရန် သို့မဟုတ် သွေးပေါင်ချိန်ကို မှတ်တမ်းတင်ရန် ခေတ်မီကရိယာများ မရှိသော်လည်း စူးချင်း၏သွေးခုန်နှုန်း စစ်ဆေးနိုင်စွမ်းက ဤတိကျသော ကရိယာများထက် မနိမ့်ကျပေ။ လီတာ့နျို၏ သွေးခုန်နှုန်းက ပိုမိုအားကောင်းလာပြီး သိသိသာသာ မြန်ဆန်လာပြီ ဖြစ်သည်။

စူးချင်းက လီတာ့နျို၏နှလုံးကို ကာကွယ်ရန် အသားလင်ဇီးမှိုနှင့် အဖိုးတန်ဆေးဖက်ဝင်အပင်များဖြင့် ဖော်စပ်ထားသော အသက်စွမ်းအင်တိုးစေမည့် ဆေးတချို့လည်း တိုက်ကျွေးခဲ့သည်။ နည်းလမ်းအနည်းငယ်ကို ပေါင်းစပ်အသုံးပြုပြီးနောက် နောက်ဆုံးတွင် လီတာ့နျိုတစ်ယောက် ကယ်တင်ခံက်ရပြီ ဖြစ်သည်။

သွေးထုတ်ပေးခဲ့သော သက်တော်စောင့်များကို အနားယူခွင့်ပေးလိုက်ပြီး တစ်ဦးစီကို ငွေငါးလျန်စီ ချီးမြှင့်လိုက်သည်။ သွေးအမျိုးအစား မတူညီသူများကတော့ ကိုယ်ကိုကိုယ် အလွန်အမင်း ဒေါသထွက်နေကြသည်။

ငါတို့ရဲ့သွေးတွေက ဘာလို့ လီတာ့နျိုရဲ့သွေးနဲ့ မတူရတာလဲကွာ.....

အခန်း၏ကြမ်းပြင်တွင် သွေးများ၊ ပိုးကောင်များ၏ ရနံ့များနှင့် ပြည့်နေသည်။ ရှောင်းကျဲယွိက အစေခံမိန်းကလေးများကို သန့်ရှင်းရေး လုပ်ရန် အမိန့်ပေးလိုက်သည်။ အစေခံမိန်းကလေးများက ပိုးကောင်အသေများကြောင့် ထိတ်လန့်တုန်လှုပ်နေကြပြီး သူမတို့ သန့်ရှင်းရေး လုပ်နေချိန်တွင် ထိုကြောက်မက်ဖွယ်ပိုးကောင်ကြီးများ သွေးထဲမှ ခုန်ထွက်လာမည်ကို စိုးရိမ်နေကြသည်။

စူးချင်း၏ ဂရုတစိုက် ကုသပေးမှုကြောင့် တရက်အကြာတွင် လီတာ့နျို ပြန်သတိရလာခဲ့သည်။ သို့သော် သူက မကောင်းဆိုးဝါးမှော်ပညာ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကာ သူ့မျက်လုံးဝန်း၏အနားသတ်များက ပြာနှာနေပြီး သူငယ်အိမ်ကလည်း ထူးဆန်းသည့် သွေးနီရောင် ဖြစ်နေသေးသည်။

သူ့ကို သတ်ရန် မဖြစ်နိုင်သော်လည်း သူကို အသက်ရှင်လျက် ချန်ထားခြင်းကလည်း အခြားသူများအတွက် အလွန်အန္တရာယ်များလှသည်။

ထို့ကြောင့် ရှောင်းကျဲယွိက သူ့ကို မြို့တော်သို့ ပြန်ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ ဤရက်များအတွင်းတွင် စူးချင်းကလည်း ရှေးဟောင်းရိုးရာဆေးနည်းများစွာကို လေ့လာနေခဲ့သည်။ သို့သော်လည်း မရဏကူကို ထိန်းချုပ်နိုင်မည့်ဆေးကို ရှာမတွေ့သေးပေ။

ထိုအရာက စူးချင်းကို အလွန်စိတ်အနှောင့်အယှက်ဖြစ်စေသည်။

တကယ်လို့ သူမ ကာကွယ်ဆေးကို ကြိုတင် မဖော်စပ်နိုင်ရင် တာ့ထန်အင်ပါယာက သိပ်မကြာခင် ကပ်ဆိုးကြီးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်။

စူးချင်းက မင်ကျူးအား စစ်ဆေးမေးမြန်းရန် အကျဥ်းထောင်သို့ သွားခဲ့ပြီး သူမကို မရဏကူနှင့် အချစ်ကူ ပြုစားခြင်းနည်းလမ်းများ သင်ကြားပေးသူကို မေးမြန်းခဲ့သည်။

မင်ကျူးက ညှဥ်းပန်းနှိပ်စက်မှုကို တောင့်မခံနိုင်သောကြောင့် သူမကို သင်ကြားပေးသူက မြောင်မျိုးနွယ်တစ်ဦးဖြစ်ကြောင်း ဝန်ခံခဲ့သည်။

ယဲ့လွီချွမ်း ဟာဆာပြည်ထောင်ကို မတိုက်ခိုက်ခင်ကတည်းက ထိုမြောင်မျိုးနွယ်က မင်းကျူးတို့ညီအစ်မအား စုန်းအတတ်ပညာများ စတင်သင်ကြားပေးနေပြီ ဖြစ်သည်။ ဟာဆာပြည်ထောင် ဖျက်ဆီးခံရသည့်အချိန်တွင်လည်း ညီအစ်မနှစ်ယောက်ကို ကယ်တင်သွားသူမှာ ထိူလူဖြစ်သည်။ နောက်ပိုင်းတွင် ထိုလူက သူမတို့အား ယောက်ျားများကို ဆွဲဆောင်နိုင်မည့် အချစ်ကူသွင်းနည်းကို သင်ကြားပေးခဲ့သည်။

သူမတို့နှစ်ယောက် ထိုနည်းလမ်းကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားပြီးနောက်တွင် ထိုမြောင်မျိုးနွယ်က သူမတို့ကို တာဝန်အသီးသီး ပေးအပ်ခဲ့သည်။ တစ်ယောက်က ယဲ့လွီချွမ်းအား အချစ်ကူဖြင့် ပြုစားရန် တာ့ထန်သို့ သွားခဲ့ရပြီး နောက်တစ်ယောက်ကတော့ လီတာ့နျိုကို ပြုစားရန် မော့ချန်သို့ ရောက်လာခဲ့သည်။

ထိုလူက ဉာဏ်ရည်ထက်မြက်ပုံရသည့်အပြင် စူးချင်းနှင့် ရှောင်းကျဲယွိတို့ မြို့တော်မှ ထွက်ခွာမည့်အချိန်ကိုပါ အတိအကျ သိနေပြီး ကျယ်ပြန့်သောအစီအစဉ်များ ပြုလုပ်ထားခဲ့သည်။ သူ့၏ခြေလှမ်းတိုင်းတွင် ပြည့်စုံသော တွက်ချက်မှုများ ပါ၀င်နေပြီး အမှားအယွင်း မရှိဟု ဆိုနိုင်ပေသည်။

သို့သော်လည်း စူးချင်းကို ထိန်းချုပ်ရန် မလွယ်ကူခြင်းက ထိုအကြံအစည်များအားလုံးကို ပျက်ပြားသွားစေခဲ့သည်။

"အဲ့ဒီမြောင်လူမျိုးက ဘယ်သူလဲ"

ရှောင်းကျဲယွိက မင်ကျူးကို ထပ်မေးလိုက်ပြီး မင်ကျူးက ခေါင်းခါလိုက်သည်။

“ကျွန်မတို့ရဲ့ဆရာသခင်က အမြဲတမ်းမျက်နှာဖုံး ဝတ်ထားတယ်၊ သူ့ရဲ့ရုပ်သွင်အမှန်ကို ဘယ်သူမှ မမြင်ဖူးဘူး။ သူက ယောက်ျားလား မိန်းမလားတောင် ကျွန်မတို့ မသိဘူး။ တခါတရံမှာ သူက အမျိုးသမီးအသံကို အသုံးပြုပြီး တခါတရံမှာတော့ ယောက်ျားအသံနဲ့ စကားပြောတယ်၊ တစ်ခါတလေကျရင်တော့ အဖိုးကြီးအသံဖြစ်သွားရော၊ ကျွန်မလည်း သူ့ရဲ့ရုပ်သွင်အမှန်ကို မြင်ချင်တဲ့အချိန်တွေ ရှိခဲ့ဖူးတယ်၊ ဒါပေမယ့် အပြစ်ပေးခံခဲ့ရပြီး နောက်ထပ် တွေးတောင် ထပ်မတွေးရဲတော့ဘူး”

အရာအားလုံးကို ရှင်းပြပြီးသည်နှင့် မင်ကျူးတစ်ယောက် လေထုတ်ခံလိုက်ရသည့် မိုးပျံပူဖောင်းတစ်လုံးကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွားသည်။

“ကျွန်မကို မြန်မြန် အဆုံးသတ်ပေးဖို့ တောင်းဆိုပါတယ်။ သနားသောအားဖြင့် ကျွန်မရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတော်မူပါ၊ အရှင်မင်းမြတ်ကို တောင်းပန်ပါတယ်”

"သူ့(မ)ကို သတ်လိုက်တော့"

မင်ကျူး၏တည်ရှိမှုက အသုံးမဝင်တော့သည့်အတွက် စူးချင်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။

မိန်းမတစ်ယောက်ရဲ့ ကြင်နာမှုက အုပ်စိုးရှင်တစ်ယောက်ကို ဖန်တီးပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ဒီမိန်းမကတော့ ဆန့်ကျင်ဘက်ပဲ။ မင်း သူမကို လွှတ်ပေးလိုက်တာနဲ့ သူမက ကလဲ့စားချေဖို့ မင်းကို ပြန်လာရှာလိမ့်မယ်။ အဲဒါကြောင့် ပေါင်းပင်တွေကို ခုတ်ရင် အမြစ်တွေကိုပါ ဖယ်ရှားသင့်တယ်။

စူးချင်းက မရဏကူအတွက် ဖြေဆေးကို မဖန်တီးနိုင်မီ မော့ချန်မှ မထွက်သွားချင်သေးပေ။ ထိုမြောင်လူမျိုးများက ဤဒေသတွင် လှုပ်ရှားနေကြကြောင်း သူမ၏ပင်ကိုယ်သိစိတ်က သူမကို ပြောပြနေသည်။ သူမနှင့် ရှောင်းကျဲယွိတို့က မော့ချန်ကို သူမတို့၏ အခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့သလို ထိုလူများကလည်း မြောက်ပိုင်းဒေသကို သူတို့၏နယ်မြေအဖြစ် သတ်မှတ်ထားပုံရသည်။

“ဒါကို ရှင်နဲ့အတူ ယူသွားလိုက်၊ ဒါနဲ့ဆိုရင် ရှင် အဆိပ်အတောက်တွေအားလုံးကို ခံနိုင်ရည်ရှိ လိမ့်မယ်”

စူးချင်းက ရှောင်းကျဲယွိကို အဖိုးတန်ဆေးဖက်ဝင်အပင်များဖြင့် ဖော်စပ်ထားသော အဆိပ်ဖြေဆေးများ ပြည့်နေသည့်အိတ်တလုံး လှမ်းပေးလိုက်သည်။

"ဒီဆေးထုပ်မျိုး နောက်ထပ် နည်းနည်းလောက် လုပ်လို့ ရနိုင်သေးလား?"

ရှောင်းကျဲယွိက စူးချင်းကို ပြန်မေးလိုက်ပြီး စူးချင်းက ခေါင်းယမ်းလိုက်သည်။

"မရတော့ဘူး၊ အဲ့ထဲက ဆေးပင်တွေက အရမ်းရှားပါးပြီး ရှာဖို့ခက်တယ်"

သူမ အလွယ်တကူ ပြုလုပ်နိုင်လျှင် စူးချင်းက သက်တော်စောင့်အားလုံးကို ဆေးအိတ်တစ်အိတ်စီ ပေးထားပြီး ဖြစ်နေပေလိမ့်မည်။ မော့ချန်၏မြို့စောင့်တပ်သားများကိုလည်း တစ်အိတ်စီပေးရမည် ဖြစ်သည်။ သို့သော် လက်ရှိတွင် ထိုအရာက အလွန်အလှမ်းကွာဝေး မျှော်လင့်ချက်တစ်ခု ဖြစ်နေသည်။

"ကိုယ် မင်းနဲ့အတူ နေခဲ့မယ်"

ရှောင်းကျဲယွိက စူးချင်းအတွက် စိတ်ပူနေသော်လည်း စူးချင်းက မြို့တော်ရှိ သူမ၏ မိသားစုအတွက် ပိုစိုးရိမ်နေသည်။

"ရှင် မြန်မြန် ပြန်သွားမှ ဖြစ်မယ်၊ သူတို့ ကျွန်မတို့ရဲ့ လူကြီးမိဘတွေနဲ့ ကလေးတွေကို တိုက်ခိုက်မှာကို ကျွန်မ စိုးရိမ်နေမိတယ်”

“သူတို့အားလုံးကို နန်းတော်ထဲကို ခေါ်ထားလိုက်ပါ၊ ရှောင်ချီနဲ့အတူ ရှိနေရင် သူတို့အတွက် ပိုလုံခြုံလိမ့်မယ်။ ပြီးတော့ ကျွန်မတို့ နန်းတော်ကနေ ထွက်လာတာကို သိတဲ့လူ သိပ်မရှိဘူး။ ရှင် လူလွှတ်ပြီး သစ္စာဖောက်သူလျှိုက ဘယ်သူလဲဆိုတာ ရှာကြည့်လိုက်ပေါ့”

စူးချင်းက သစ္စာဖောက်သူလျှိုများကို အမုန်းဆုံးဖြစ်သည်။ သူမတို့ မြို့တော်မှ ခြေရာဖျောက်ကာ ထွက်ခွာလာခဲ့ကြပြီး ယင်းအကြောင်းကို သိသူက နည်းပါးလှသည်။ ယခု ပေါက်ကြားသွားခဲ့ခြင်းက ၎င်းတို့ထဲတွင် မြောင်မျိုးနွယ်သူလျှိုတစ်ဦး ရှိနေကြောင်း ထင်ရှားနေသည်။

“အင်းပါ၊ ဘာပဲ ဖြစ်ဖြစ် မင်း သတိထားရမယ်နော်”

ရှောင်းကျဲယွိက အလွယ်တကူ ခေါင်းညိတ်သဘောတူလိုက်သည်။

သူ သဘောမတူလို့လည်း မဖြစ်တော့ဘူး‌လေ။ အခြေအနေက အရမ်းအရေးတကြီး ဖြစ်နေပြီ။ အဲဒီလူက သူနဲ့ ချင်းအာရဲ့ နေရာကိုတောင် သိနေတယ်ဆိုတော့ သူတို့ မရှိတာကို အခွင့်ကောင်းယူပြီး သူ့တို့ရဲ့မိသားစုဝင်တွေကို တိုက်ခိုက်ဖို့ ကြိုးစားလာရင် နောက်ဆက်တွဲဆိုးကျိုးတွေကို မှန်းဆဖို့တောင် မဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် သူ တတ်နိုင်သမျှ အမြန်ပြန်မှ ဖြစ်မယ်။

"ကျွန်မ မှတ်ထားပါ့မယ်"

လင်မယားနှစ်ယောက် ပြန်ဆုံတွေ့ရပြီး အတူတူ နေလို့မှ သုံးရက်မပြည့်ခင် ယခု ပြန်ခွဲခွာကြရပြန်သည်။ ဤခွဲခွာခြင်းက ရှောင်းကျဲယွိကို အလွန်စိတ်မသက်မသာ ဖြစ်နေစေသည်။ သူက စူးချင်း တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေပြီး လွမ်တောင်ကို သူမအတွက် ချန်ထားပေးခဲ့သည်။

"လွမ်တောင်က မကောင်းဆိုးဝါးဝိညာဉ်တွေကို ခုခံတွန်းလှန်နိုင်တယ်၊ မင်း ယူထားလိုက်"

"မလိုပါဘူး၊ ရှင် ယူသွားပါ၊ သူတို့ လမ်းတစ်ဝက်ကနေ ရှင့်ကို ချောင်းမြောင်းတိုက်ခိုက်မှာကိုလည်း တွေးထားရမယ်"

စူးချင်းက လွမ်တောင်ကို ပြန်တွန်းထုတ်လိုက်သည်။ သူမက မြို့ထဲတွင် ရှိနေပြီး လုံခြုံသည်ဟု သတ်မှတ်နိုင်သည်။ ရှောင်းကျဲယွိက လမ်းပေါ်တွင် ရှိနေမည်ဖြစ် ဘယ်နေရာတွင်မဆို ခြုံခိုတိုက်ခိုက်ခံရနိုင်သည့် အလားအလာရှိနေသည်။

“မင်း ယူထားလိုက်ပါ၊ ကိုယ်က ဧကရာဇ်ပါ၊ နဂါးချီကြောင့် သူတို့ ကိုယ့်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”

ရှောင်းကျဲယွိက လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် ယုံံယုံကြည်ကြည်ဖြင့် ပြောလိုက်သည်။

သူက ကောင်းကင်ကနေ ကောင်းချီးပေးခဲ့ထားရတဲ့ ကောင်းကင်သားတော်လေ၊ မကောင်းဆိုးဝါးတွေက သူ့ကို ဒုက္ခပေးဝံ့ပါ့မလား?

"ဒါဆို ရှင့်အတွက် ဒီဓားပျော့ကို ပေးလိုက်မယ်"

ရှောင်းကျဲယွိက လွမ်တောင်ကို မဖြစ်မနေ ထားခဲ့ရန် ဆုံးဖြတ်ထားသည်ကို နားလည်လိုက်သောကြောင့် စူးချင်း သူမ၏ခါးမှ ဓားပျော့ကို သူ့အတွက် ပြန်ပေးလိုက်သည်။ ထိုလိုက်လျောညီထွေစွာ လှုပ်ရှားနိုင်သော ဓားပျော့ကလည်း ရတနာဓားတစ်လက် ဖြစ်သည်။ ၎င်းက သံကို ရွှံ့ကဲ့သို့ ဖြတ်တောက်နိုင်ပြီး တိုက်ခိုက်ရန်နှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လက်နက်ကောင်းတစ်လက် ဖြစ်သည်။

ရှောင်းကျဲယွိက ဓားပျော့ကို ချက်ချင်း လက်ခံလိုက်သည်။ ထိုဓားပျော့က ပေါ့ပါးလွန်းသဖြင့် သူ ကိုင်ဆောင်ရန် ကျင့်သားမရ ဖြစ်‌နေသည်။ သို့သော် သူ ထိုဓားပျော့ကို မယူပါက စူးချင်းလည်း လွမ်တောင်ကို လက်မခံမည်မဟုတ်ပေ။ ထို့ကြောင့် သူ အသာတကြည် လှမ်းယူလိုက်ရသည်။

“အပြန်လမ်းမှာ သတိထားနော်။ သူတို့ ရှင့်ကို ချောင်းမြောင်းတိုက်ခိုက်မှာကို ကျွန်မ စိုးရိမ်တယ်"

စူးချင်းက ရှောင်းကျဲယွိကို သတိထပ်ပေးလိုက်ပြီး ရှောင်းကျဲယွိကလည်း သူမကို မှာကြားနေပြန်သည်။

"ကိုယ် သိပါပြီ၊ မင်းလည်း သတိထားရမယ်နော်"

“အင်း”

စူးချင်းက နာနာခံခံ ခေါင်းညိတ်သဘောတူလိုက်သည်။ သူတို့နှစ်ယောက် တစ်ညလုံးအတူတူ ရှိနေကြပြီး မနက်ဖြန်လမ်းခွဲပြီးရင် ပြန်တွေ့နိုင်ရန် မည်မျှကြာမည်ကို မသိသောကြောင့် နှစ်ယောက်သား အလွန်စိတ်အားထက်သန်နေကြသည်။

နောက်တစ်နေ့တွင် ရှောင်းကျဲယွိက သူ့အထုတ်အပိုးကို သူ့ဘာသာသူ ပြင်ဆင်ပြီး ခရီးစထွက်လာခဲ့သည်။ မော့ချန်သို့ ရောက်လာစဥ်က သူ ရုပ်ဖျက်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သလို ယခုလည်း သူ ရုပ်ဖျက်ပြီး ပြန်ထွက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူတို့ ရောက်လာစဥ်ကထက် အစောင့်အကြပ် ဆယ်ဆပိုများပြီး ၎င်းတို့အားလုံးက မော့ချန်မှ စစ်သည်တော်များဖြစ်ကာ ကုန်သည်လှည်းတန်း၏ သာမန်အစောင့်များ အသွင်ဖြင့် လိုက်ပါလာကြသည်။ ရှောင်းကျဲယွိ၏ လုံခြုံရေးကို အနီးကာကွယ်ရန်အတွက် ကုန်သည်များအဖြစ် အသွင်ပြောင်းထားသော ထိပ်တန်းစစ်သည်တချို့လည်း ရှိနေသည်။

အစပိုင်းတွင် ရှောင်းကျဲယွိက လီတာ့နျိုနှင့်အတူတူ ရထားလုံးစီးရန် တွေးထားခဲ့သော်လည်း စူးချင်းက သူမ မော့ချန်တွင် နေခဲ့မည်ဖြစ်သောကြောင့် လီတာ့နျိုကို ထားခဲ့ရန် တောင်းဆိုသည်။

ထိုအရာက ရှောင်းကျဲယွိ၏ လုံခြုံရေးအတွက် စူးချင်း၏ထည့်သွင်းစဉ်းစားမှုတစ်ခုလည်း ဖြစ်သည်။ လီတာ့နျိုက လမ်းတစ်ဝက်တွင် အနှောက်အယှက် ဖြစ်လာပြီး ရှောင်းကျဲယွိအတွက် ခြိမ်းခြောက်မှု ဖြစ်လာမည်ကို သူမ စိုးရိမ်သောကြောင့် ဖြစ်သည်။

သူမ လီတာ့နျိုကို ခေါ်ထားလိုက်ပါက အဆိပ်ဖြေဆေးကို လေ့လာနေရင်း သူ့အပေါ်သက်ရောက်နေသည့် မကောင်းဆိုးဝါး မှော်ပညာအား ဖယ်ရှားရန် နည်းလမ်းများလည်း ရှာဖွေနိုင်ပေလိမ့်မည်။

ရှောင်းကျဲယွိက စူးချင်း ပေးလိုက်သည့် ဆေးအိတ်လေးကို ကိုင်ထားရင်း ရထားလုံးပေါ်တွင် ထိုင်ကာ အတွေးများနေပြန်သည်။

ဒီလူက ဘယ်သူလဲ? ဘာလို့ ဒီလောက်ကြီးမားတဲ့ စွမ်းအားတွေ ရှိနေရတာလဲ?

ဆရာဦးလေးသာ ရှိနေရင် အရမ်းကောင်းမှာပဲ။ ဆရာဦးလေးက အတွေ့အကြုံတွေ အများကြီး ရှိတဲ့သူဆိုတော့ ဒီလူ ဘယ်သူလဲဆိုတာ သိနိုင်လောက်တယ်။

သူ ချင်းအာအတွက် အရမ်းစိုးရိမ်တယ်။ တဖက်လူက အရမ်းလျှို့ဝှက်လွန်းတယ်။ ချင်းအာက အရမ်းအစွမ်းထက်ပေမယ့် အမှောင်ထဲက မြှားတွေကို ကာကွယ်ဖို့က ခက်ခဲလွန်းတယ်။

တစ်ဖက်တွင် စူးချင်း ရှိနေပြီး ကျန်တစ်ဖက်တွင် တိုင်းပြည်နှင့် သူမ၏ မိသားစုဖြစ်နေသောကြောင့် ရှောင်းကျဲယွိတစ်ယောက် အကျပ်ရိုက်နေရသည်။

ထိုအချိန်တွင် ရုတ်တရက် ရထားလုံး ရပ်သွားသည်ကို သူ သတိပြုမိလိုက်ပြီး အပြင်ဘက်သို့ လှမ်းမေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ?"

သက်တော်စောင့်တစ်ဦးက အရှေ့သို့ သွားကြည့်ပြီး သတင်းပို့ရန် ပြန်ပြေးလာသည်။

"အရှင်မင်းမြတ်ကို သတင်းပို့ပါတယ်၊ တာအိုဘုန်းကြီးတစ်ပါးက အရှင်မင်းမြတ်ကို တွေ့ချင်နေပါတယ်"

All Chapters