အချိန်ကိုက် ရွာတဲ့မိုး
Vol. 44 Ch. 652
တာအိုဘုန်းကြီးတစ်ပါးက သူ့ကို တွေ့ချင်နေကြောင်း ကြားလိုက်ရချိန်တွင် ရှောင်းကျဲယွိတစ်ယောက် အလွန်ဝမ်းသာသွားရသည်။
"မြန်မြန်လေး၊ သူ့ကို ဒီကို ခေါ်လာခဲ့"
"ဟား ဟား၊ ရွှေ့ရှန့်... မင်းက ငါမှန်း သိနေတယ်ပေါ့"
ကျိုးပေါ်က ကျယ်လောင်သော ရယ်မောသံဖြင့် မြင်းမြီးသားယပ်ကို လှုပ်ခါရင်း ခပ်ကြွကြွ လျှောက်လာနေသည်။ ဘုန်းကြီးအိုကြီးက ထိုမြင်းမြီးသားယပ်ကို ယမ်းရင်း သူ့မုတ်ဆိတ်မွေးသုံးမျှင်ကို သပ်နေရလျှင် သူကိုယ်သူ မသေမျိုးသဖွယ် တင့်တယ်သည်ဟု စိတ်ကြီးဝင်နေသူ ဖြစ်သည်။
“ဆရာဦးလေး၊ ခင်ဗျားက အချိန်ကိုက်ရွာတဲ့ မိုးလိုပဲ၊ ကျွန်တော် ခင်ဗျားအကြောင်း တွေးနေတုန်း ခင်ဗျားက ချက်ချင်းကြီး ရောက်လာတာလေ”
ရှောင်းကျဲယွိက သူ့ဆရာဦးလေး၏ အသံကို ကြားသွားပြီး ရထားလုံးထဲမှ ထွက်လာခဲ့သည်။ သူက ခြေလှမ်းကျယ်ကြီးများဖြင့် ကျိုးပေါ်ဆီသို့ လျှောက်သွားကာ ကျိုးပေါ်၏သူ့လက်နှစ်ဖက်ကို စိတ်အားထက်သန်မှုအပြည့်ဖြင့် ဆုပ်ကိုင်လိုက်သည်။
ကျိုးပေါ်က သူ၏မုတ်ဆိတ်မွေးကို ပွတ်သက်နေရင်း ရှောင်းကျဲယွိကို အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ဒီအညတရတာအိုဘုန်းကြီးက မင်းနဲ့ ချင်းကောင်မလေး ဒုက္ခရောက်နေတာကို အာရုံခံခဲ့မိတယ်၊ ဒါကြောင့် ငါ လှည့်လည်သွားလာနေတာကို စွန့်လွှတ်ပြီး မင်းတို့ကို ကူညီဖို့ အမြန်ပြေးလာခဲ့တာ"
"ကျေးဇူးတင်ပါတယ် ဆရာဦးလေး"
ထိုစကားကို ရှောင်းကျဲယွိ၏စိတ်ကို အလွန်ထိမိသွားစေခဲ့သည်။
ဆရာဦးလေးက လုံးဝငြိမ်ငြိမ် မနေနိုင်တဲ့သူလေ။ သူက တစ်နေရာမှာ သုံးလထက်ပို မနေနိုင်ဘူး။ သူ ဘယ်ရောက်နေလဲဆိုတာကို မှန်းဆလို့ မရသလို သူ့ကို ရှာဖို့ကလည်း ခက်ခဲလွန်းတယ်။ အခု သူ့ရဲ့ခရီးစဥ်တွေကို သူတို့အတွက် လက်လွှတ်လိုက်တယ်ဆိုတာက တကယ်ကို အံ့သြစရာကောင်းလွန်းတယ်။
"ချင်းကောင်မလေးက မော့ချန်မှာ ရှိနေတုန်းလား?"
ကျိုးပေါ်က စူးချင်း ချက်ထားသည့်သေရည်ကို တောင့်တနေပြန်သည်။ စျေးကွက်ထဲတွင် ပါ့ဝမ်စွေ့ ရှိနေသော်လည်း စူးချင်း ချက်ထားသည့် သေရည်ထက်တော့ အရည်အသွေးနိမ့်ကျနေသေးသည်။
ဒီတခေါက် သူ ပြန်လာတာက ကူညီဖို့ ဆိုပေမယ့် အဓိကကတော့ ချင်းကောင်မလေးရဲ့ သေရည်ကို သောက်ချင်တာပါ။
"ဟုတ်တယ်၊ ချင်းအာက လူကြီးတွေကို စိတ်ပူလို့ ကျွန်တော်ကို မြို့တော် အရင်ပြန်ခိုင်းလိုက်တာ"
ရှောင်းကျဲယွိက သူ့၏ဆရာဦးလေးအား လီတာ့နျိုနှင့် မင်ကျူး၊ မင်ယွဲ့တို့အကြောင်း ပြောပြလိုက်သည်။
“အဲဒီလူက ကူကောင်တွေကို ကောင်းကောင်း အသုံးချနိုင်တဲ့အပြင် သက်ရှိဖုတ်ကောင်တွေကိုတောင် ဖန်တီးနိုင်တယ်။ ပြီးတော့ ဉာဏ်ရည်ဉာဏ်သွေးကလည်း တော်တော်ကောင်းပုံရတယ်။ သူ့ရဲ့ သတင်းရယူနိုင်မှုနဲ့ ရုပ်ဖျက်နိုင်စွမ်းကလည်း ကောင်းနေတော့ သူရဲ့ပုံစံအမှန်ကိုတောင် မသိနိုင်သေးဘူး၊ သူက မြောင်မျိုးနွယ်ဝင်ဆိုတာလောက်ပဲ သိရသေးတယ်”
"ဆရာဦးလေး၊ အဲ့ဒီလိုလူကို သိလား?"
ရှောင်းကျဲယွိက ကျိုးပေါ်ကို မေးလိုက်ပြီး ကျိုးပေါ်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“ငါ အဲဒီလိုလူကို သိတယ်။ ဒါပေမယ့် သူက ဘာလို့ ခုထိ အသက်ရှင်နေရတာတုန်း"
ကျိုးပေါ်က ဇဝေဇဝါဖြစ်နေပုံရသည်။
အဲ့လူက သူ သိတဲ့လူဖြစ်နေမယ်ဆိုရင် ဒီအချိန်ဆို အသက်တစ်ရာကျော်နေပြီမဟုတ်ဘူးလား? သာမာန်လူတွေက အသက်တစ်ရာမပြောနဲ့ အသက် ခုနစ်ဆယ်ထိ အသက်ရှင်နိုင်တဲ့သူတောင် ရှားပါးလွန်းတယ်။
"ဆရာဦးလေး ဘယ်သူအကြောင်း ပြောနေတာလဲ?"
ရှောင်းကျဲယွိက သူ့၏ဆရာဦးလေးကို အလောတကြီး ပြန်မေးလိုက်သည်။
“အဲ့လူက မြောင်ကျားရွာက၊ သူက ဗေဒင်ပညာနဲ့ နတ်ဝိဇ္ဇာအတတ်ကို အသုံးပြုနိုင်တယ်။ ဒါပေမယ့် သူက ကူအဆိပ်နဲ့ မကောင်းဆိုးဝါးအတတ်ပညာတွေကို အသုံးဖို့ ပိုပြီး စိတ်အားထက်သန်တယ်၊ သူ မကောင်းမှုတွေ အများကြီးလုပ်ခဲ့တော့ ငါတို့ရဲ့ဆရာအဖိုးနဲ့ အခြားဂိုဏ်းကြီးတွေ အားလုံးက ဆရာသခင်တွေ စုပေါင်းပြီး သူ့ကို သတ်ဖြတ်ခဲ့ကြတယ်။ အဲ့တုန်းက မိုးကြိုးငါးလုံးစင်းတောင် ကျရောက်လာခဲ့သေးတယ်၊ တကယ့်ကို ထိတ်လန့်စရာ အဖြစ်အပျက်ကြီးလေ၊ နောက်ပိုင်းတော့ သူလည်း ဘာသဲလွန်စမှ မကျန်အောင် ပျောက်ကွယ်သွားတယ်"
ကျိုးပေါ်က အတိတ်မှအကြောင်းကို ပြန်ပြောပြနေသည်။
အဲ့အချိန်တုန်းက သူတောင်မှ အသက်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်။ သူတို့ရဲ့ ဆရာအဖိုးနဲ့ အခြား နာမည်ကြီးဂိုဏ်းတွေက လူအိုကြီးတွေ အဲ့မကောင်းဆိုးဝါးဂိုဏ်းက လုမော့လင်ကို သတ်ဖို့ မိုးကြိုးငါးသွယ်ဝင်္ဂပါကို ဖွဲ့စည်းတာ သူ မြင်ဖူးခဲ့တယ်။
လုမော့လင်ကလည်း အရမ်းကို သန်မာလွန်းတယ်။ သူရဲ့ခုနစ်စင်ကြယ်ဝင်္ဂပါက အရမ်း အစွမ်းထက်ပြီး ကြောက်စရာကောင်းတဲ့ စွမ်းအားကို ထုတ်ပေးနိုင်တယ်။ အဲ့အချိန်တုန်းက မဟာဂိုဏ်းကြီးငါးခုက စုပေါင်းဖွဲ့စည်းထားတဲ့ မိုးကြိုးငါးသွယ်ဝင်္ဂပါတောင်မှ သူ့ကို ဒဏ်ရာရစေရုံပဲ တတ်နိုင်ခဲ့တယ်။ ဒါပေမယ့် သူ အသက်ရှင်လား သေလားကို ဘယ်သူမှ မသိကြဘဲ အဲ့အချိန်ကနေ အခုထိ သိုင်းလောကမှာ သူ့ကို တွေ့တဲ့သူ ဘယ်သူမှ မရှိတော့ဘူး။
အဲ့တုန်းက မဟာဂိုဏ်းကြီးငါးခုက စုပေါင်းဖွဲ့စည်းထားတဲ့ မိုးကြိုးငါးသွယ်ဝင်္ဂပါရဲ့ အလယ်ဗဟိုမှာ မီးလောင်ထားတဲ့ အမှတ်အသားကို တွေ့ခဲ့ကြရတယ်။ အဲ့ဒါကြောင့် လုမော့လင် မိုးကြိုးအထိမှန်ခံရပြီး ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒါပေမယ့် အချိန်အတော်ကြာအောင် လိုက်ရှာတာတောင် သူကို ဘယ်မှာမှ ရှာမတွေ့တော့ဘူး။ ဆရာအဖိုး ကောင်းကင်ဘုံမှာ စံမြန်းဖို့ တက်လှမ်းတဲ့နေ့မှာ မြောင်ကျားရွာက လုမော့လင်ကို အာရုံစိုက်ဖို့ သူတို့ရဲ့ဆရာသခင်ကို မှာကြားသွားသေးတယ်။
"အသက်တစ်ရာကျော်လား? ဒါဆို သူ အသက်ဆက်ပြီး ရှင်နိုင်ပါဦးမလား? သူ့တပည့် ဖြစ်နိုင်လား? ဒါမှမဟုတ် မြေးတပည့်လား?"
ရှောင်းကျဲယွိက သူ့ဆရာဦးလေး ပြန်ပြောပြသည့် စကားများကို နားထောင်ပြီး တွေးတွေးဆဆ ပြန်မေးလိုက်သည်။
ဆယ်စုနှစ်များစွာ ပျောက်ကွယ်သွားတဲ့လူက ရုတ်တရက် ပြန်ပေါ်လာဖို့ မဖြစ်နိုင်တော့ဘူး။ ဒါ့အပြင် အသက်တစ်ရာကျော်ပြီတဲ့လား? ဒီလောက်ကြာကြာ အသက်ရှင်နိုင်တဲ့လူကို သူ တစ်ခါမှ မမြင်ဖူးဘူး။
သူ့ရဲ့ဆရာသခင်နဲ့ ဆရာဦးလေးရဲ့ ဆရာအဖိုးတောင် ကောင်းကင်ဘုံကို မတက်လှမ်းခင် ခုနှစ်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်။ ပြီးတော့ လုမော့လင်ဆိုတဲ့လူက မိုးကြိုးငါးသွယ်လည်း ထိမှန်ခံထားရသေးတယ်။ သူ့ရဲ့မွေးစားအဖေဆီကနေ အဲ့မိုးကြိုးငါးသွယ်ရဲ့ စွမ်းအားအကြောင်းကို သူ ကြားဖူးတယ်။ အဲ့လူ အခုအချိန်အထိ အသက်ဆက်ရှင်နိုင်စရာအကြောင်း မရှိဘူး။
“ဒါလည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ငါလည်း ဒီလူအကြောင်း သိပ်မသိဘူး။ သူ တပည့်တွေ ခေါ်ခဲ့သေးလားဆိုတာလည်း ဘယ်သူမှ မသိနိုင်ဘူး။ သူတို့လို ဆိုးညစ်တဲ့ ဂိုဏ်းတွေက မျိုးဆက်သစ်ရှိဖို့ မလွယ်ဘူး၊ မျိုးသုန်းတာ ကြာလှပေါ့”
ကျိုးပေါ်က ရှောင်းကျဲယွိ၏ စကားကို ခေါင်းညိတ်လိုထောက်ခံလိုက်သည်။ သို့သော် သူက ထိုလူအကြောင်းကို များများစားစား မသိသလို ထိုလူထံ၌ တပည့်များ ရှိ မရှိကိုလည်း မသိပေ။
“ဒီကျောက်စိမ်းဆွဲသီးကို မင်းနဲ့အတူ ယူသွားလိုက်။ ဒါက မင်းကို အဆိပ်နဲ့ မကောင်းဆိုးဝါးရန်ကနေ ကာကွယ်ပေးနိုင်ပြီး မင်းရဲ့ဘေးကင်းရေးကို သေချာစေလိမ့်မယ်”
ကျိုးပေါ်က သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူပြီး ရှောင်းကျဲယွိကို လှမ်းပေးလိုက်သည်။ ထိုကျောက်စိမ်းက တောက်ပြောင်မှု မရှိဘဲ လုံးဝ မည်းနက် နေပြီး လျှပ်စီးကြောင်းကြောင့် မည်းနက်သွားသည့် မီးသွေးနှင့်ပိုတူနေသည်။ ကျောက်စိမ်းဆွဲသီး၏ ပုံသဏ္ဍာန်က ပို၍ပင် ထူးဆန်းနေပြီး ကြက်ဖကြီးတစ်ကောင်နှင့် ဆင်တူနေသည်။
ရှောင်းကျဲယွိကတော့ ထိုအရာက သူ့ဆရာသခင်၏ ရတနာပစ္စည်းဖြစ်ကြောင်း မှတ်မိနေသည်။ သူက ထိုကျောက်စိမ်းဆွဲသီးကို ယူကာ သူ့လည်ပင်း၌ ချက်ချင်း ဆွဲထားလိုက်သည်။ စူးချင်း ပေးလိုက်သည့်အိတ်က သူ့ခါးတွင် ရှိနေပြီး ဤရတနာနှစ်ခုက သူ့ကို ကာကွယ်ပေးထားသောကြောင့် ကူပိုးများ သို့မဟုတ် မကောင်းဆိုးဝါးမှော်ပညာများအတွက် စိတ်ပူနေစရာမလိုတော့ပေ။
ရှောင်းကျဲယွိက လက်သီးအုပ်ကာ ကျိုးပေါ်ကို ကျေးဇူးတင်စကားထပ်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာဦးလေး”
“ဒီမှာ ဒါက ကူအဆိပ်ကို ကာကွယ်နိုင်တဲ့ ဆေးညွှန်း။ ဒါက ငါတို့ရဲ့ဆရာအဖိုးဆီကနေ ဆင်းသက်လာတဲ့ လျှို့ဝှက်ချက်ဆေးဖော်စပ်နည်းပဲ။ ပြီးတော့ ဒီဂါထာမန္တန်ကိုပါ ယူထားလိုက်၊ စစ်တပ်ထဲက စစ်သည်တွေအားလုံး ဒီစာလုံးတွေ အလွတ်ကျက်ခိုင်း၊ ပြီးတော့ မန္တန်သင်္ကေတတွေကို သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရေးဆွဲပေးလို့လည်း ရတယ်၊ ဒါက မကောင်းတဲ့မှော်အတတ်တွေအားလုံးကို ကာကွယ်ပေးနိုင်တယ်”
ကျိုးပေါ်က ရှောင်းကျဲယွိကို စုစုပါင်းပစ္စည်းသုံးခု ပေးခဲ့ပြီး တစ်ခုက ကြက်ဖပုံစံကျောက်စိမ်းဆွဲပြား ဖြစ်သည်။ နောက်တစ်ခုက လျှို့ဝှက်ဆေးညွှန်းဖြစ်ပြီး နောက်ဆုံးတစ်ခုက အဆောင်စာရွက် ဖြစ်သည်။
ဒါကလည်း သူ ဒီကို အမြန်ပြေးလာရတဲ့ အကြောင်းရင်းပဲ။ မနေ့ညက သူ ကောင်းကင်ကို မော့ကြည့်ခဲ့ပြီး ဧကရာဇ်ကြယ်ကို တိမ်မည်းတွေ ဖုံးလွှမ်းနေတာ တွေ့ခဲ့ရတယ်။ အဲ့ဒါကြောင့် သူ ရှောင်းကျဲယွိနဲ့ စူးချင်းတို့အတွက် စိတ်ပူသွားပြီး သူရဲ့ နယ်လှည့်ခရီးစဥ်ကို ဖျက်သိမ်းခဲ့ရတယ်။ သူတို့ကို ကူညီဖို့ အမြန်ရောက်အောင် သူတို့ရှိနေမယ့်နေရာကိုတောင် တွက်ချက်ခဲ့ရသေးတယ်။
"ကျေးဇူးတင်ပါတယ် ဆရာဦးလေး"
ရှောင်းကျဲယွိက ထိုအရာများကို အလွန်တန်ဖိုးထားပြီး လျှို့ဝှက်ဆေးဖော်စပ်နည်းကို အလွတ်ကျက်လိုက်ကာ ကူအဆိပ်အား ကာကွယ်နိုင်သည့် မန္တန်ကို တတွတ်တွတ် ရွတ်ဆိုနေသည်။ သူ့၏ဆရာဦးလေးထံတွင် သူနှင့်အတူ လိုက်ပါမယ့် ရည်ရွယ်ချက် မရှိသည်ကို သူ မြင်နိုင်ရသဖြင့် အတွေးတစ်ခု ဝင်လာပြီး သူ့ဆရာဦးလေးကို ချက်ချင်း မေးလိုက်သည်။
"ဆရာဦးလေး မော့ချန်ကို သွားဦးမှာလား?"
ရှောင်းကျဲယွိက သူ့၏ဆရာဦးလေး စူးချင်းကို ကူညီဖို့ မော့ချန်သို့ သွားရန် မျှော်လင့်နေခဲ့သည်။
ချင်းအာကို တစ်ယောက်တည်း ထားခဲ့ရတာ သူ တကယ်ကို စိုးရိမ်နေမိတယ်။
"ဟုတ်တယ်၊ ငါ ချင်းကောင်မလေးကို သွားရှာမလို့။ သူ(မ)ငါကို သေရည်တွေ အကြွေးတင်နေတုန်းပဲ"
ကျိုးပေါ်က အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
ချင်းကောင်မလေး ချက်ထားတဲ့ သေရည်အကြောင်း ပြောလိုက်တာနဲ့ သူ့ပါးစပ်က သွားရည်တောင် မထိန်းနိုင်တော့ဘူး။ ဒီတစ်ခါတော့ ချင်းကောင်မလေးကို မဖြစ်မနေ သူ့အတွက် သေရည်ချက်ခိုင်းရမယ်။
"ဟား ဟား၊ ချင်းအာကလည်း ဆရာဦးလေးကို တွေ့ရလို့ ဝမ်းသာနေမှာ သေချာတယ်"
ကျိုးပေါ် မော့ချန်သို့ အမှန်တကယ် သွားမည်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ရှောင်းကျဲယွိလည်း ချက်ချင်း စိတ်သက်သာရာရသွားပြီး ရယ်ရယ်မောမော ဖြစ်လာသည်။
"ဟုတ်တယ်၊ ငါကို တွေ့ရင် ဘယ်လိုလုပ်ပြီး မပျော်ဘဲ နေနိုင်မှာတုန်း၊ ငါက သူ(မ)ကို ကူညီဖို့ သွားမှာလေ”
ကျိုးပေါ်က ဂုဏ်ယူဝင့်ကြွားနေဟန်ဖြင့် သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်နေပြမ်သည်။ သူက ထိုမုတ်ဆိတ်မွေးကို အလွန်သဘောကျပြီးနေ သူ၏ပညာရှိဟန်ပန်အတွက် မဖြစ်မရှိလိုအပ်သောအရာဟု သတ်မှတ်ထားသည်။
“ဒါဆို ဒီနေရာမှာပဲ ဆရာဦးလေးကို နှုတ်ဆက်ပါရစေ”
ရှောင်းကျဲယွိက လက်သီးပေါ် လက်ဝါးအုပ်ကာ ကျိုးပေါ်ကို အရိုအသေပေးနှုတ်ဆက်လိုက်သည်။ သူလည်း မြို့တော်သို့ အပြေးအလွှား ပြန်ရမည်ဖြစ်ပြီး သစ္စာဖောက်များကို ဖမ်းရဦးမည်ဖြစ်သည်။
ကျိုးပေါ်က သူ့၏လက်ထဲမှ မြင်းမြီးသားယပ်ကို ဝှေ့ယမ်းရင်း ပြန်နှုူတ်ဆက်လိုက်သည်။
“အော့မိသော့ဖော... သွားမယ့်လမ်းမှာ အစစအရာရာ သတိထားပါ”
ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်ပြီး သူ့ဆရာဦးလေးကို အကြံပြုလိုက်သည်။
"ဆရာဦးလေး မြင်းစီးသွားပါလား?"
ရှောင်းကျဲယွိက စစ်သည်တစ်ယောက်အား ကျိုးပေါ်အတွက် မြင်းတစ်ကောင် ယူလာပေးရန် ညွှန်ကြားနေရင်း သူ့စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။
'မြင်းစီးသွားတာက ပိုမြန်ပြီး ဆရာဦးလေး မော့ချန်ကို ပိုပြီး စောစောရောက်သွားနိုင်တယ်'
"ဟား ဟား၊ ကောင်လေး၊ မင်းက အကြံကြီးလှချည်လား? ချင်းကောင်မလေးကို ကူညီဖို့ မင်းရဲ့ဆရာဦးလေးကို အမြန်သွားခိုင်းချင်နေတယ်ပေါ့လေ"
ကျိုးပေါ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ရှောင်းကျဲယွိ၏အတွေးတွေကို အားမနာပါးမနာ ဖော်ထုတ်လိုက်သည်။
ရှောင်းကျဲယွိက မငြင်းဘဲ အရယ်မပျက် တုံ့ပြန်လိုက်သည်။
"ဟား ဟား၊ ဆရာဦးလေးနဲ့ ကျွန်တော်က တစ်ယောက်ကို တစ်ယောက် နားလည်ပေးနိုင်မှု အရှိဆုံးပဲ"
ရှောင်းကျဲယွိက ရထားလုံးထဲသို့ ပြန်ဝင်သွားပြီး မြို့တော်ဘက်သို့ ဦးတည်ကာ အပြေးအလွှား ထွက်ခွာသွားသည်။ ကျိုးပေါ်က ရှောင်းကျဲယွိ ပေးလိုက်သည့် မြင်းကို စီးကာ မော့ချန်ဘက်သို့ ခရီးနှင်လာခဲ့သည်။
စူးချင်းကတော့ သူမတို့၏ ဆရာဦးလေး ရောက်လာမည်ကို မသိသေးပေ။ ယခုအချိန်တွင် သူမက ယောက်ျားတစ်ယောက်အသွင်ဖြင့် လမ်းပေါ်မှာ၌ လျှောက်သွားနေသည်။
ရှောင်းကျဲယွိ ထွက်သွားပြီးနောက်တွက် စူးချင်းက သူမ ရှောင်းကျဲယွိနှင့်အတူ မြို့တော်သို့ ပြန်သွားပြီဖြစ်ကြောင်း သတင်းလွှင့်ရန် ညွှန်ကြားထားခဲ့သည်။ ထိုအရာက ရန်သူကို ထင်ယောင်ထင်မှား ဖြစ်စေပြီး သတိလျှော့ကျသွားစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သူမကတော့ မြို့ထဲတွင် သံသယဖြစ်ဖွယ်လူများ ရှိ မရှိ ကြည့်ရန် လမ်းလျှောက်ထွက်နေခဲ့သည်။ အကောင်းဆုံးနေရာက ဝမ်ယွဲ့(လမင်းတစ်ရာ)အဆောက်အဦး၏ ဒုတိယထပ်ဖြစ်ပြီး ထိုနေရာရှိ ပြတင်းပေါက်နားမှ ထိုင်ကာ အရာအားလုံးကို ငုံ့ကြည့်နိုင်သည်။
ထို့အပြင် ဝမ်ယွဲ့အဆောက်အဦး၏ လုပ်ငန်းက အရှိန်အဟုန်နှင့် တိုးတက်လာပြီး အလွန်စည်းကားနေကာ စည်ကားနေပြီး မတူကွဲပြားသောဖောက်သည်များကို ဆွဲဆောင်နိုင်သည်။ ဧည့်သည်အမျိုးမျိုး ရောထွေးနေသောကြောင့် အစိုးရရုံးတော်တွင် ထိုင်နေရုံဖြင့် မရနိုင်သည့် အချက်အလက်များလည်း ရရှိနိုင်သည်။
စူးချင်းက ဒုတိယထပ်သို့ရောက်ပြီး စံပယ်လက်ဖက်ရည်တစ်အိုး မှာလိုက်သည်။ သူမက အထူးသီးသန့် ဟင်းပွဲအချို့ကိုလည်း မှာယူခဲ့ပြီး ပြတင်းပေါက်နားတွင် ထိုင်ကာ လက်ဖက်ရည်ကို အရသာခံ သောက်နေခဲ့သည်။ တခါတရံတွင် သူမက ပြတင်းပေါက်ဘက်သို့ လှမ်းကြည့်နေတတ်ပြီး ပန်းများနှင့် ရှုခင်းအလှကို ခံစားနေသည့် ပျင်းရိသူတစ်ယောက်သဖွယ် ပြုမူနေသည်။
ထိုအခိုက်အတန့်တွင် ရုတ်တရက် လူတစ်စု ပေါ်လာပြီး သူမ၏အာရုံကို ဖမ်းစားသွားခဲ့သည်။