← Chapters

ထောင်ချောက်ထဲသို့ ဖြားယောင်းခေါ်ဆောင်ခြင်း

Vol. 44 Ch. 655

ထောင်ချောက်ထဲသို့ ဖြားယောင်းခေါ်ဆောင်ခြင်း

Vol. 44 Ch. 655

“ငါတို့က ဝမ်းဝရုံလုပ်ကိုင်စားသောက်နေတဲ့ လမ်းဘေးဖျော်ဖြေသူတွေပါ”

မျက်နှာဖုံးစိမ်းနှင့်လူက စကားပြောနေရင်း စူးချင်းနားသို့ တရွေ့ရွေ့ချဥ်းကပ်လာသည်။ သူ လမ်းလျောက်နေစဥ် သူ့အင်္ကျီလက်ဝများက လေတိုက်၍ လွင့်ပျံနေပုံဖြင့် အနည်းငယ် လှုပ်ခတ်နေသည်။

သို့သော် သူ စူးချင်းနားသို့ မရောက်ခင် စူးချင်းက သူမ၏လက်ကို မြှောက်လိုက်ပြီး သူ့ဆီသို့ မြားတိုလေးတစ်စင်း ပစ်လွှတ်လိုက်သည်။ မြားတိုလေးက ထိုလူ၏အင်္ကျီလက်ထဲမှ အဆိပ်ပြင်းပုံရသည့် မြွေစိမ်းလေးတစ်ကောင်ကို မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေခဲ့သည်။ ထိုအဆိပ်ပြင်းမြွေက လက်ချောင်းထက် အနည်းငယ် ပိုတုတ်ပြီး အတော်အတန်ရှည်လျားသော မြွေမျိုးဖြစ်ကာ အဆိပ်အလွန်ပြင်းသည့် မြွေတစ်မျိုးဖြစ်သည်။

သူ့၏အလစ်တိုက်ခိုက်မှု ကျဆုံးသွားသည်ကို မြင်လိုက်ချိန်တွင် ထိုလူက ကျားသစ်အား စောင့်ကြပ်နေသည့် သူ့လက်အောက်ငယ်သားများကို လှမ်းကြည့်လိုက်ပြန်သည်။ ကျားသစ်ကို စောင့်ကြည့်နေသည့် ဆီဆေးသုတ်ထားသောလူက ကျားသစ်၏လှောင်အိမ်ကို ဖွင့်ပေးရန် ရှေ့တိုးလိုက်သည်။ တချိန်တည်းမှာပင် စူးချင်းကလည်း လွမ်တောင်ကို ကိုင်ထားရင်း သူမ၏ စစ်နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်သည်။ သူမက ဓားတစ်ချက်တည်းဖြင့် လှောင်အိမ်ရှေ့တွင် ရပ်နေသော မျက်နှာဆီဆေးသုတ်ထားသူနှစ်ဦးအပါအဝင် လှောင်အိမ်အတွင်းရှိ ကျားသစ်ကိုပါ သတ်ပစ်လိုက်သည်။

အသက်ရှုအောင့်ပြီး နောက်ပြန်ဆုတ်သွားသည့် စစ်သည်များကလည်း ကျန်လူများကို တိုက်ခိုက်ရန် ပြန်ပြေးဝင်လာကြသည်။ စူးချင်း အချိန်မီ ညွှန်ကြားခဲ့သောကြောင့် ဆေး၏သက်ရောက်မှုကို မည်သူမျှ မခံစားကြရပေ။ အင်အားကြီးမားသော စစ်သည်တပ်ဖွဲ့က တိုက်ပွဲကို အလျင်အမြန် အသာစီးရလာပြီး ထိုနေရာတစ်ဝိုက်ကို ချက်ချင်း ထိန်းချုပ်နိုင်ခဲ့သည်။

သူတို့ဘက်မှ အခြေအနေ ဆိုးရွားလာသည်ကို မြင်လိုက်သည်နှင့် အစွယ်ပါသည့် မျက်နှာဖုံးအစိမ်းရောင်ကို ဝတ်ဆင်ထားသည့်လူက သူ့လက်အောက်ငယ်သားများကို ဂရုမစိုက်တော့ဘဲ ချက်ချင်း ထွက်ပြေးသွားသည်။ စူးချင်းကလည်း သူ့နောက်ကို ချက်ချင်း လိုက်ပါသွားသည်။

ဤလူက စူးချင်း သူ့နောက်သို့ လိုက်ရန် တမင်တကာ ဖြားယောင်းခေါ်ဆောင်နေပုံရသည်။ စူးချင်းက သူ မည်သည့်လှည့်ကွက်မျိုး ထပ်သုံးမည်ကို သိချင်သောကြောင့် သူ့ကို ချက်ချင်း မသတ်ဘဲ သူနောက်မှ လိုက်ကာ သူ့ကို လိုက်ဖမ်းနေခဲ့သည်။

မြို့တွင်းမှ တိုက်ပွဲကတော့ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားပြီး ကျွမ်းဘားသမားများအားလုံး သေသူသေ အဖမ်းခံရသူ အဖမ်းခံရနှင့် အပြီးသတ်သွားသည်။ စစ်သည်များက ဖရိုဖရဲဖြစ်နေသည့် လမ်းမများကို အမြန်ပြန်လည် ထိန်းသိမ်းလိုက်ကြသည်။

ကျွမ်းဘားသမားများအားလုံး ရုံးတော်သို့ ပို့ဆောင်လိုက်ကြသည်။ စီရင်စုအမတ်ကလည်း ထိုကျွမ်းဘားသမားများ၏ပစ္စည်းများနှင့် ခန္ဓာကိုယ်များကို ရှာဖွေစေပြီး ၎င်းတို့ထံမှ အရာအားလုံးကို ယူဆောင်ရန် သူ့လူများအား ချက်ချင်း အမိန့်ပေးလိုက်သည်။ ထို့နောက် ကြမ်းတမ်းရက်စက်သော စစ်ဆေးမေးမြန်းမှုများ စတင်လာခဲ့သည်။

စူးချင်းက အစိမ်းရောင်မျက်နှာဖုံးနှင့်လူ၏ နောက်သို့ လိုက်ပါသွားပြီး ထိူလူက သူမကို မြို့ပြင်ဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။

စူးချင်း ထိုလူ့နောက်သို့ လိုက်သွားပြီး သိပ်မကြာခင်မှာပင် ကျိုးပေါ်၏မြင်းကလည်း မော့ချန်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ကျိုးပေါ်လည်း ကျားနှင့် ကျားသစ်များအကြောင်း ပြောနေသည့် စကားသံများကို ကြားလိုက်ရပြီး ချက်ချင်း သွားမေးလိုက်သည်။

“အော့မိသောဖော့... ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ?”

“ကျွန်တော်တို့မြို့ကို ဆပ်ကပ်အဖွဲ့တစ်ဖွဲ့ ရောက်လာခဲ့တာ၊ နောက်တော့......”

အတင်းအဖျင်း ပြောရသည်ကို နှစ်သက်သူအချို့က အဖြစ်အပျက်များကို မြန်မြန်ဆန်ဆန် ပြောပြလာသည်။ ကျိုးပေါ်တစ်ယောက် နားထောင်လေလေ သူ့အမူအရာက ပိုတင်းမာလေလေ ဖြစ်လာသည်။ မျက်နှာဖုံးစိမ်းနှင့်လူက မြို့ပြင်ဆီသို့ ထွက်ပြေးသွားပြီး လူတစ်ယောက်က လိုက်ဖမ်းနေသည်ကို ကြားလိုက်ချိန်တွင် သူ့အမူအရာက ပို၍ပင် တင်းမာလာသည်။

"အဲဒီလူက ဘယ်လိုပုံစံလဲ"

“သူက တော်တော်ပိန်တယ်၊ အရပ်က ဒီလောက် ရှည်တယ်။ ဒါပေမယ့် အရမ်း အစွမ်းထက်တာနော်၊ ဓားပဲ ကိုင်ထားတာတောင် ကျားကို သတ်နိုင်တယ်”

စူးချင်းထံမှ ကယ်တင်ခံခဲ့ရသည့် ဆိုင်ရှင်က သူမကို အလွန်ကျေးဇူးတင်နေပြီး သူ့‌ရှေ့မှ တာအိုဘုန်ကြီးအား အားရပါးရ ဝင်ပြောပြလိုက်သည်။

"သူတို့ ဘယ်ဘက်ကို ထွက်သွားတာလဲ?"

ကျိုးပေါ်က စိုးရိမ်တကြီးဖြင့် ပြန်မေးလိုက်သည်။

အဲ့ဓားက လွမ်တောင်ပဲ ဖြစ်ရမယ်။ လွမ်တောင်က ရှောင်းကျဲယွိရဲ့လက်ထဲမှာ မရှိရင် စူးချင်းရဲ့လက်ထဲမှာပဲ ရှိနိုင်တယ်။ ဒီကောင်မလေးက ဘာလို့ သူ့နောက်ကို တယောက်တည်း လိုက်သွားရတုန်းကွာ?

"ဟိုဘက်"

ဆိုင်ရှင်က တာ့ထန်နှင့် ဟာဆာနိုင်ငံကြား အနောက်အရပ်သို့ ညွှန်ပြလိုက်သည်။

"ကျေးဇူးပဲ"

ကျိုးပေါ်က ဆိုင်ရှင်ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး မြင်းကို ဒုန်းစိုင်းသွားတော့သည်။

စူးချင်းက မျက်နှာဖုံးစိမ်းနှင့်လူ၏နောက်သို့ လိုက်နေပြီး ထိုလူက မယုံနိုင်လောက်သည့် အမြန်နှုန်းဖြင့် ပြေးနေမှန်း သူမ သတိပြုမိလိုက်သည်။ သို့သော်လည်း သူမ တမင်တကာ အရှိန်လျှော့လိုက်တိုင်း သူက နှေးသွားပြီး သူမကို ပြန်စောင့်ပေးနေပုံရသည်။

ခဏအကြာတွင် စူးချင်းက အနားယူရန် မြေပြင်ပေါ်သို့ ထိုင်ချသွားသည်။ သူမ သူ့အား လိုက်မဖမ်းတော့သည်ကို မြင်ရချိန်တွင် ထိုလူက အနည်းငယ် စိုးရိမ်သွားပုံရသည်။ သူက စူးချင်းအနီးသို့ ချဥ်းကပ်ရန် ဆန္ဒရှိနေပုံရသော်လည်း သူမ၏လက်ထဲမှ လွမ်တောင်ကြောင့် တွန့်ဆုတ်နေပုံရသည်။

စူးချင်းက ပတ်ဝန်းကျင်၏မြေပြင်အနေအထားကို အကဲခတ်နေပြီး သူမတို့ ပြေးလွှားလာသည့်လမ်းကြောင်းက အလွန်ရင်းနှီးနေသည့်နေရာဖြစ်ကြောင်း သဘောပေါက်သွားသည်။

ဒီနေရာက သူမနဲ့ ရွေ့ရှန့် တာ့ထန်ပြည်ထောင်က ပထမမင်းသားရဲ့ စစ်ရေးအကြံပေး ယဲ့ချန်ရှန်းနောက်ကို လိုက်လာတုန်းက အဲ့လူ ယစ်ပူဇော်တဲ့ နေရာ မဟုတ်ဘူးလား?

အဲ့တုန်းက ယဲ့ချန်ရှန်းက လူသေတွေကို လူသားဖုတ်ကောင်တွေအဖြစ် အသုံးပြုခဲ့တယ်။ အခု လီတာ့နျိုက အသက်ရှင်ရက်နဲ့ လူသားဖုတ်ကောင်အဖြစ် ပြောင်းလဲလုနီးပါး ဖြစ်ခဲ့ရတယ်။ ပြီးတာ့ အခုလည်း မြို့သူမြို့သားတွေကို ရွှေမှုန့်တွေဖြင့် ဖြန်းပြီး နှင်းဆီပျားရည်တွေ ဝေပေးခဲ့တယ်။ မြို့တွင်းကလူတွေကို လူသားဖုတ်ကောင်အဖြစ်သုံးဖို့ ပစ်မှတ်ထားနေတာလား?

အခု သူမ ဒါကို ရှာတွေ့ခဲ့လို့ပေါ့။ သူမသာ ရှာမတွေ့ခဲ့ရင် စစ်တပ်တစ်ခုလုံး အသက်ရှင်ရက်နဲ့ ဖုတ်ကောင်တွေအဖြစ် ပြောင်းသွားလိမ့်မယ်။ သူတို့ရဲ့အစီအစဥ်သာ အောင်မြင်သွားလို့ကတော့ ကပ်ဆိုးကြီးတစ်ခု ဖြစ်လာမှာ အသေအချာပဲ။

"ဘာလဲ? မင်း ငါ့နောက် လိုက်မဖမ်းရဲတော့ဘူးလား?

မျက်နှာဖုံးစွပ်ထားသည့် ထိုအမျိုးသားက စူးချင်းကို စကားလုံးများဖြင့် ရန်စနေသည်။ စူးချင်း မတ်တပ်ထရပ်လိုက်ချိန်တွင်တော့ သူ အလွန်ကြောက်ရွံ့သွားပုံဖြင့် နောက်ပြန်ဆုတ်သွားသည်။ ထို့နောက် နောက်ပြန် လှည့်ပြီး ဆက်ပြေးသွားပြန်သည်။

စူးချင်းက စနစ်ထဲမှ ပစ္စတိုတစ်လက်ကို ထုတ်လိုက်ပြီး ထိုလူ၏ခြေထောက်ကို ချိန်ရွယ်ကာ လှမ်းပစ်လိုက်သည်။ ကျည်ဆန်က ထိုလူ၏ဒူးခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ထိုလူလည်း မြေပြင်ပေါ်သို့ ဒူးထောက်လျက် လဲကျသွားသည်။

စူးချင်းက သူ့ဆီသို့ အေးအေးဆေးဆေး လျောက်သွားနေပြီး ထိုမျက်နှာဖုံးစွပ်လူက ပြန်ထရန် ရုန်းကန်နေသည်။ တချိန်တည်းမှာပင် သူက စူးချင်းကို ထိတ်လန့်တကြား စိုက်ကြည့်နေသည်။

ဒါက ဘယ်လို လက်နက်မျိုးလဲ။ သူ့အရိုးတောင် ကျိုးသွားပြီ ထင်တယ်။

စူးချင်းက သူ့၏မျက်နှာဖုံးကို ဖယ်လိုက်ရာ ဖြူဖျော့သော မျက်နှာတစ်ခုကို တွေ့လိုက်ရပြီး ထိုလူက သူ့မျက်နှာကို လက်ဖြင့် အမြန်အုပ်လိုက်သည်။ စူးချင်းကတော့ အလွန်အမင်း အံ့သြသင့်သွားရသည်။

ဒါက ယဲ့လွီချွမ်း မဟုတ်ဘူးလား?

ထိုမျက်နှာက စူးချင်းကို အလွန်ဒေါသထွက်သွားစေသည်။

သူမနဲ့ ရွှေ့ရှန့်တို့က ရှောင်ယင်အပေါ်ထားတဲ့ သူ့ရဲ့နက်ရှိုင်းတဲ့ ချစ်ခင်မှုကို ယုံကြည်ပြီး အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ကို ပြန်လွှတ်ပေးလိုက်မိပြီ။

"ယဲ့လွီချွမ်း၊ ရှောင်ယင် ဘယ်မှာလဲ?"

စူးချင်းက ယဲ့လွီချွမ်းကို လေသံမာမာဖြင့် အော်မေးလိုက်သည်။ ယဲ့လွီချွမ်းက စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့ထားသည်။ စူးချင်းက ရှောင်းလန်ရှင်း၏ဘေးကင်းရေးအတွက် အလွန်စိုးရိမ်နေပြီး သူ ဝန်ခံလာစေရန် အတင်းအကြပ် ဖိအားပေးသော ဆေးတစ်မျိုး တိုက်လိုက်သည်။

ထိုဆေးက အမြဲတမ်း အလွန်ထိရောက်ခဲ့သော်လည်း သူ့အပေါ်တွင်တော့ အကျိုးသက်ရောက်မှု မရှိပုံရသည်။

စူးချင်းက သူ့အား အရိုးကွဲ‌ဖျက်ဆေး သုံးရန် ဆုံးဖြတ်လိုက်သော်လည်း ထိူလူက နာကျင်မှုကို ခံစားနိုင်သည့် အာရုံကြောများ မရှိပုံရသည်။ သူက နာကျင်မှုကို လုံးဝ မခံစားနိုင်တော့ပုံရသည်။

ယဲ့လွီချွမ်းထံတွင် ထိုစွမ်းရည်မရှိသောကြောင့် စူးချင်းလည်း အနည်းငယ် သံသယဖြစ်လာသည်။ သူမက ထိုလူ၏မျက်နှာကို သေသေချာချာ ကပ်ကြည့်လိုက်ပြီး ပွတ်ပင် ပွတ်ကြည့်လိုက်သေးသည်။ သူ့မျက်နှာပေါ်မှ ရုပ်ဖျက်ထားမှုကို ဖယ်ရှားပေးနိုင်မည့် ဆေးအချို့ကိုပင် ဖျန်းခဲ့သော်လည်း သူ့မျက်နှာက ပြောင်းလဲသွားခြင်း မရှိပေ။

ဒီလူက တကယ်ပဲ ယဲ့လွီချွမ်း ဖြစ်နိုင်သလား?

စူးချင်းက သူ့သွေးခုန်နှုန်းကို စမ်းသပ်လိုက်ပြီး ယခုတစ်ကြိမ်တွင်တော့ သူမ ကောက်ချက်ချနိင်သွားသည်။

သူမ ယဲ့လွီချွမ်းကို အေးစက်စွာ စိုက်ကြည့်ရင်း ထပ်မေးလိုက်သည်။

"မင်း ငါ့ကို ဘယ်ကို ခေါ်သွားဖို့ ကြိုးစားနေတာလဲ?"

"မင်းပဲ ငါ့ကို လိုက်ဖမ်းနေတာ မဟုတ်ဘူးလား?”

ထိုလူက စူးချင်းကို အေးစက်သော အပြုံးဖြင့် ပြန်ကြည့်နေပြီး သူ့အကြည့်များထဲ၌ သရော်လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။

"ငါ့ကို လှည့်စားလို့ ရမယ်လို့ နင် ထင်နေတာလား?"

စူးချင်းကလည်း သူ့မျက်လုံးများကို စိုက်ကြည့်ကာ အေးစက်စွာ ပြန်ပြောလိုက်သည်။

“မင်း လှည့်စားမခံချင်ဘူးဆိုရင်လည်း ဒါက မင်းရဲ့ ရွေးချယ်မှုပဲ ၊ ဒါပေမယ့် ဘယ်သူက ငါ့ကို ညွှန်ကြားနေတယ်ဆိုတာ မင်း မသိချင်ဘူးလား? ပြီးတော့ မင်းရဲ့ယောင်းမကိုရော မတွေ့ချင်ဘူးလား?"

ယဲ့လွီချွမ်းက စူးချင်းကို စိန်ခေါ်သလို ကြည့်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။

"ကောင်းပြီလေ၊ လမ်းပြပေး"

စူးချင်းက သူ့ကို မြေကြီးပေါ်မှ ဆွဲထူလိုက်သည်။ ထိုအရာထောင်ချောက်တစ်ခုမှန်း ကြိုသိနေသည့်တိုင် စူးချင်းက ၎င်းကို ရဲရင့်စွာ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီ၊ မင်းက သတ္တိတော့ရှိသားပဲ”

ယဲ့လွီချွမ်းက စူးချင်းကို ချီးကျူးနေရင်း ခက်ခက်ခဲခဲ ထရပ်လိုက်သည်။ သူက သူ့၏ရတနာလက်နက်တစ်ခုကို ထုတ်ယူကာ ချိုင်းထောက်အဖြစ် အသုံးပြုနိုင်မည့် အလုံးတုတ်တုတ် သစ်ကိုင်းတစ်ကိုင်းကို ခုတ်ဖြတ်လိုက်သည်။ စူးချင်းကတော့ သူ့ကို ဘေးမှ အေးတိဆေးစက် စောင့်ကြည့်နေသည်။

ယဲ့လွီချွမ်းက ကောင်းကင်ကို မကြာခဏ မော့ကြည့်နေသောကြောင့် စူးချင်းကလည်း သူ့၏အကြည့်အတိုင်း ကောင်းကင်ကို လိုက်မော့ကြည့်လိုက်သည်။

အရင်က တိမ်ကင်းစင်နေတဲ့ ကောင်းကင်မှာ ဘယ်တုန်းက တိမ်မည်းတွေ ပေါ်လာတာလဲ?

ကျိုးပေါ်က မော့ချန်၏အနောက်ဘက်တံခါးမှ ပြေးထွက်လာသည်။ သူက မြို့တံခါးမှ ထွက်နေရင်း အော်ပြောလိုက်သည်။

“မြို့တံခါးတွေကို ပိတ်လိုက်၊ ဘယ်သူ့ကိုမှ မြို့ထဲကို ဝင်ခွင့်မပေးနဲ့တော့။ ဖျော်ဖြေပွဲကြည့်ခဲ့တဲ့လူတွေအားလုံးကို ဖမ်းထားကြ၊ ပြီးရင် သူတို့ကို ခွေးမည်းသွေးစိမ်ထားတဲ့ ကြိုးတွေနဲ့ ချည်နှောင်ထား”

ရှောင်းမိသားစုစစ်တပ်မှ စစ်သည်တော်တော်များများက ကျိုးပေါ်ကို မှတ်မိကြသည်။ ဤတာအိုဘုန်းကြီးက ဧကရာဇ်မင်းမြတ်၏ ဦးရီးတော် ဖြစ်သောကြောင့် သူ့စကားက စစ်သည်များက ဂရုစိုက်မှုကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် သူတို့က စီရင်စုအမတ်လီဖူဟိုင်ကို သတင်းပို့ရန် လူတစ်ယောက် စေလွှတ်လိုက်ကြသည်။

လီဖူဟိုင်က မြို့တံခါးအားလုံးကို ချက်ခြင်း ပိတ်ခိုင်းလိုက်သည်။ နောက်ပိုင်းတွင် တစ်မြို့လုံး ဖမ်းဆီးမှုများ ပြည့်နှက်လာပြီး လူသာမက ခွေးနက်များကိုပါ ဖမ်းဆီးကာ သတ်ဖြတ်ပြီး ၎င်းတို့၏သွေးများကို ထုတ်ယူနေကြသောကြောင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားလာသည်။

မြို့တံခါးမှ ထွက်လာခဲ့သည့် ကျိုးပေါ်ကလည်း ကောင်းကင်မှ အပြောင်းအလဲကို မြင်သွားခဲ့ပြီး သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူက မြင်းကို ဒရကြမ်း ဒုန်းစိုင်းရန် ကြာပွတ်ကို အပြင်းအထန် ဝှေ့ယမ်းနေသည်။

ကောင်းကင်မှာ တိမ်မည်းများက ပိုမိုများပြားလာပြီး မှောင်မိုက်နေသည့် တိမ်မဲများ အစုလိုက်အပြုံလိုက် ဖြစ်ပေါ်လာသည်။ တနေ့တာကလည်း ကုန်ဆုံးလာပြီ ဖြစ်သောကြောင့် မှောင်စပြုလာကာ အေးစက်သောလေများ စတင်တိုက်ခတ်လာသည်။ ဤမြင်ကွင်းကို မြင်လိုက်ချိန်တွင် ကျိုးပေါ် စီးလာသည့်မြင်းက ရပ်တန့်သွားပြီး နောက်ပြန်ဆုတ်သွားသည်။ ကျိုးပေါ် မည်မျှပင် ပြင်းပြင်းထန်ထန် ကြိမ်းမောင်းနေပါစေ မြင်းကြီးက နောက်တလှမ်းတိုးရန် ငြင်းဆန်နေသည်။

ကျိုးပေါ်တစ်ယောက် သူ့မြင်းကို စွန့်လွှတ်ဖြင့် ခြေထောက်ဖြင့် ပြေးရန်သာ ဆုံးဖြတ်လိုက်ရတော့သည်။ သူက ကောင်းကင်ကို မော့ကြည့်ရင်း ပြေးလွှားနေခြင်း ဖြစ်ရာ တိမ်မည်းများ ဘယ်ဘက်ခြမ်း၌ စုပုံနေသည်ကို မြင်သွားပြီး ထိုနေရာသို့ ပြေးသွားတော့သည်။

“ချင်းကောင်မလေး၊ မင်းရဲ့ဆရာဦးလေးက မင်းကို ကယ်ဖို့ ရောက်လာပြီ”

All Chapters