← Chapters

ဝမ်ကျား၏ မိသားစု

Vol. 37 Ch. 549

ဝမ်ကျား၏ မိသားစု

Vol. 37 Ch. 549

“ဒီကိုလာတဲ့ ကျောင်းသားတွေ အများကြီးရှိပေမဲ့ မင်းလောက် ရိုးသားတဲ့သူတော့ သိပ်မရှိဘူး”

ကျန်းမင်လီသည် ကောင်းမင်ကို စိတ်ဝင်စားသွားကာ မေးလိုက်သည်။

“မင်း ဘယ်သူ့ကို သတ်ချင်တာလဲ”

“ကျွန်တော် မဆုံးဖြတ်ရသေးဘူး”

ကောင်းမင်က အလေးအနက် ပြန်ဖြေသည်။

“ငါ မင်းကို သင်ပေးလိုက်လို့ နောက်ဆုံးကျ မင်း ငါ့ကို ပစ်မှတ်ထားလာရင် ဘယ်လိုလုပ်မလဲ”

ကျန်းမင်လီ၏ စကားသံမှာ ဆရာတစ်ယောက်နှင့် လုံးဝမတူပေ။

“ကျွန်တော့်ကို ရန်ပြုချင်တဲ့သူတွေကိုပဲ ကျွန်တော် သင်ခန်းစာပေးမှာပါ”

ကောင်းမင်က ကျန်းမင်လီ၏ အိမ်ထဲသို့ တစ်ချက်ဝေ့ကြည့်လိုက်သည်။ ရိုးရှင်းသော ထိုသစ်သားအိမ်လေးထဲတွင် စာအုပ် 'အသစ်' များဖြင့် ပြည့်နှက်နေသည်။ အများစုမှာ ကိုယ်ကျင့်တရားဆိုင်ရာ သင်ခန်းစာစာအုပ်များ ဖြစ်ကြသည်။

“ဟန်မဆောင်တဲ့ အဖြေပဲ၊ ဒါပေမဲ့ မင်း ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့တော့ ခက်လိမ့်မယ်”

ကျန်းမင်လီသည် ကောင်းမင်ကို အိမ်ထဲသို့ ဖိတ်ခေါ်ရန် အစီအစဉ်မရှိပေ။

“စာသင်ခန်းထဲသွားပြီး ထိုင်ခုံတစ်ခု ရှာလိုက်ပါ ၊ ငါ စီစဉ်တဲ့အတိုင်းသာ လုပ်ပါ”

အိပ်မက်ချိုးဖျက်မြို့မှာ ထူးဆန်းလှသော်လည်း ဤကျောင်းလေးမှာမူ ခြွင်းချက်တစ်ခု ဖြစ်နေသည်။ ကျန်းမင်လီသည် အခြားရွာသားများနှင့်မတူဘဲ စမ်းသပ်သူတစ်ယောက်နှင့် ပိုတူနေသည်။ သူသည် ကောင်းမင်ကို အမိန့်ပေးလိုုက်ပြီးနောက် သူ့အခန်းထဲသို့ ပြန်ဝင်သွားသည်။ တံခါးမပိတ်ခင် သူက ကောင်းမင်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။

“မင်းလည်း မသေဆေးကုမ္ပဏီရဲ့ အလိမ်ညာခံရပြီး ဒီလိုနေရာကို ရောက်လာရတဲ့ သနားစရာ ဝိညာဉ်လေးပဲ”

ကျန်းမင်လီသည် မသေဆေးကုမ္ပဏီကို လေးစားမှု လုံးဝမရှိချေ။ ကုမ္ပဏီအပေါ် သူ၏မုန်းတီးရွံရှာမှုမှာ အလွန်နက်ရှိုင်းလှသဖြင့် ဆဲဆိုရန်ပင် လေမဖြုန်းချင်တော့သည့်ပုံရသည်။ ကျန်းမင်လီ၏ အပြုအမူနှင့် စကားအရဆိုလျှင် သူသည် ကစားသမားများ ရှာဖွေနေသည့်လူ ဖြစ်သင့်သည်။

“အရာအားလုံးက ချောမွေ့လွန်းနေလို့ ငါတောင် စိုးရိမ်လာပြီ”

ကောင်းမင်သည် သူ၏အထောက်အထားကို ထုတ်မပြောသေးပေ။ ကျန်းမင်လီက သူ့ကို မယုံကြည်ရန်ဖြစ်နိုင်ပြီး တစ်ခုခုမှားယွင်းနေသည်ဟုလည်း ကောင်းမင် ခံစားနေရသည်။ သူသည် အရည်ပျော်မီးတောက်နှင့် မရဏအဆောက်အအုံသို့ ရောက်ခဲ့ဖူးသည်။ ကစားသမားများသည် ဆိုးဝါးသော အခြေအနေတစ်ခုတွင် ရှိနေကြသည်။ သူတို့အများစုသည် ကုသမရသော စိတ်ဒဏ်ရာများ ရှိနေကြသော်လည်း မည်သူကမျှ အလျော့ပေးခြင်း မရှိကြပေ။

“မသေဆေးကုမ္ပဏီက ဂိမ်းကစားသမားတွေကို ဒီလောက်ထိ တွန်းပို့ထားပုံကို စဉ်းစားရရင် ကျန်းမင်လီကို ဒီနေရာမှာ အလွယ်တကူ ပုန်းခွင့် ပေးထားမှာ မဟုတ်ဘူး…မဟုတ်မှလွဲရော… ဒါက ထောင်ချောက်တစ်ခုလား…”

အဆင့် ၅ စမ်းသပ်မှုသည် အရေးကြီးဆုံး စမ်းသပ်မှုများထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို အောင်မြင်သူများသည် အဆင့် ၅ ဓာတ်ခွဲခန်းသို့ ဝင်ရောက်နိုင်ပြီး ကုမ္ပဏီ၏ အဓိကလျှို့ဝှက်ချက်များကို ထိတွေ့ခွင့်ရမည်ဖြစ်သည်။ အကယ်၍ တားမြစ်ဂိမ်းကစားသမားများသာ ဤနေရာသို့ လမ်းစရှာတွေ့သွားပါက ယင်းသည် မသေဆေးဆေးကုမ္ပဏီအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

“ကစားသမားတွေကြားမှာ ကျန်းမင်လီက နာမည်ကြီးပြီး ကစားသမား အများကြီးကို ကယ်တင်ခဲ့ဖူးတယ်၊ သူ့ကို ငါးစာအဖြစ်သုံးပြီး ထောင်ချောက်ဆင်တာက မဆိုးတဲ့ အစီအစဉ်ပဲ”

အိပ်မက်ချိုးဖျက်မြို့သည် အန္တရာယ်ရှိသော နေရာတစ်ခုဖြစ်သည်။ ကျန်းမင်လီအစစ်မှာ ဤနေရာတွင် ရှိနေချင်မှ ရှိနေပေလိမ့်မည်။

“ငါ ကျန်းမင်လီကိုပဲ အားကိုးလို့ မရဘူး၊ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်”

ကောင်းမင်သည် ကျောင်းခန်းမထဲသို့ ဝင်၍ ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်သည်။ ရွဲ့စောင်းနေသော ထုပ်တန်းများကို ကြည့်ရင်း နေရာကြီး ပြိုကျလာမည်ကို စိုးရိမ်နေမိသည်။ ကောင်းမင် သားသတ်ဓားကို ထုတ်၍ သုတ်လိုက်သည်။ဓားကို သိုးသားရေဖြင့် ပတ်ထားပါက ဓား၏ အငွေ့အသက်များကို ဖုံးကွယ်ထားနိုင်ကြောင်း သူမတော်တဆ သတိပြုမိသွားသည်။ သို့သော် သိုးသားရေထဲရှိ ကလေးငယ်မှာမူ ပို၍ ငိုကြွေးနေလေသည်။

“မပူပါနဲ့၊ ငါ မင်းအတွက် ကလဲ့စားချေပေးပါ့မယ်”

အိပ်မက်ဆိုးထဲမှ မကောင်းဆိုးဝါးများကို သတ်ဖြတ်ရန် သူတို့၏ အစစ်အမှန်ဖြစ်တည်မှု သင်္ကေတများကို ဦးစွာ ခွဲခြားသိမြင်ရန် လိုအပ်သည်။ ဥပမာအားဖြင့် ညကင်းစောင့်ကို သတ်ဖြတ်ရန် မြို့၏ စည်းမျဉ်းများကို ဖျက်ဆီး၍ မျိုးရိုးစဉ်ဆက်အလိုက် ညကင်းစောင့်များ ချန်ထားခဲ့သော ကမ္မည်းတိုင်များကို ဖျက်ဆီးပစ်ရန် လိုပေသည်။

သားသတ်သမား လိုက်နာသော စည်းမျဉ်းများမှာ ညကင်းစောင့်နှင့် ကွဲပြားသည်။ သူသည် သတ်ဖြတ်ခြင်းနှင့် ဖရိုဖရဲများကို ကိုယ်စားပြုပုံရသည်။ သူ့ကို သတ်ရန်အတွက် သူ့နောက်သို့ လိုက်လံရမည်ဖြစ်သည်။ ကောင်းမင်သည် သားသတ်သမားနှင့် ပထမဆုံး တွေ့ခဲ့စဉ်က ထိုလူတွင် မတူညီသော အသံတစ်ခု ရှိနေသည်ကို တွေ့ခဲ့ရသည်။ ထိုအသံသည် မြည်းနက်ကို ကာကွယ်ပေးနေသဖြင့် စမ်းသပ်သူတစ်ဦးဦးက သားသတ်သမားနှင့် ပူးပေါင်းသွားခြင်း ဖြစ်နိုင်သည်ဟု ကောင်းမင် သံသယရှိသည်။

ညလေပြင်းက သစ်သားတံခါးကို လှုပ်ခါသွားစေသည်။တံခါးဝတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။ သူတို့သည် အဝတ်ကြမ်းများကို ဝတ်ဆင်ထားပြီး မျက်နှာတွင် ပြာများ ပေကျံနေ၏။သူတို့သည် ရွာသားများနှင့် တူသော်လည်း သူတို့၏ လက်ကောက်ဝတ်ရှိ အနက်ရောင်လက်ပတ်က သူတို့၏ အစစ်အမှန်အထောက်အထားကို ဖော်ပြနေသည်။

“သတင်းက မှန်ရဲ့လား”

ပါးပြင်ပေါ်တွင် လိပ်ပြာတက်တူးရှိသော အမျိုးသားက မေးလိုက်သည်။ ထိုလှပသော ပုံစံကွက်မှာ သူ၏မျက်နှာတစ်ခြမ်းလုံးကို ဖုံးအုပ်ထားသည်။

“(၁၁) ကြိမ်မြောက် ပြုပြင်မွမ်းမံမှုကို စတင်နိုင်မယ့်နည်းလမ်းက ကျောင်းထဲမှာ ရှိတာ၊ အဲ့ဒါကို ငါ့အဖေရဲ့ မှတ်စုတွေကို ဖတ်ရင်း တွေ့ခဲ့တာ၊ ဒီလျှို့ဝှက်ချက်ကို သိတဲ့သူ အများကြီး မရှိနိုင်ဘူး”

အမျိုးသမီးသည် အသက် ၃၀ ဝန်းကျင်ခန့် ရှိသည်။သူမ၏ အသားအရေက ချောမွတ်နေပြီး ဆံပင်အရှည်ကို နောက်တွင် စည်းထားသည်။ သူမတွင် မျက်ဆံနှစ်ခုရှိသည်။

အမျိုးသားက အမျိုးသမီးကို တိတ်တိတ်နေရန် လက်တို့လိုက်သည်။ထို့နောက် ကောင်းမင်ကို လက်ညိုးညွှန်ပြလိုက်သည်။

“တခြားတစ်ယောက်တောင် ဒီကို ရောက်နှင့်နေပြီဆိုတော့ ဒါက ဘယ်လိုလျှို့ဝှက်ချက် ဖြစ်ဦးမှာလဲ၊ ငါတို့ရဲ့ အသုံးမကျတဲ့အဖေကို မယုံခဲ့သင့်ဘူး”

အမျိုးသမီးက စိတ်ပျက်သွားပုံရသည်။သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။သူမသည် ပုန်းကွယ်မနေတော့ဘဲ တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်လိုက်သည်။

“ငါ နင့်ကို မှတ်မိတယ်”

ထိုအမျိုးသမီးက ကောင်းမင်ကို ပြောလိုက်သည်။

“ယဇ်ပလ္လင်အခန်းတုန်းက နင် မိန်းမတစ်ယောက်နဲ့ လူသေဓာတ်ပုံလို့ နာမည်ပေးထားတဲ့ တံခါးထဲ ဝင်သွားတာ ငါတွေ့လိုက်တယ်”

ကောင်းမင်သည် ယဇ်ပလ္လင်ထဲတွင် အမှန်တကယ် စက္ကူရုပ်တစ်ရုပ်ကို မြင်ခဲ့သော်လည်း စက္ကူရုပ်စာသားပါသော တံခါးကို ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့်သာ ပိုင်ဖုန်းနောက်သို့ လိုက်ခဲ့ခြင်း ဖြစ်သည်။

“ငါတို့မှာ ဘာမကောာင်းစိတ်မှ မရှိပါဘူး၊ ငါနဲ့ ငါ့မောင်လည်း လူသေဓာတ်ပုံတူကို မြင်ခဲ့လို့ နင်တို့ကို သတိထားမိသွားတာပါ၊ ငါတို့က မင်းတို့နောက်ကနေ လိုက်လာခဲ့တာလေ”

အမျိုးသမီးက ခန်းမတစ်ဖက်ခြမ်းတွင် ရပ်လိုက်သည်။ သူမ၏မောင်ဖြစ်သူက တံခါးဝတွင် ပိတ်ရပ်ထားသည်။ သူ၏ အင်္ကျီလက်ထဲတွင် ကတ်ကြေးတစ်စုံကို ဝှက်ထားပုံရသည်။

“ငါတို့အားလုံး စမ်းသပ်မှုအတွက် ဒီရောက်လာကြတာပဲ၊ ငါတို့ အချင်းချင်း ကူညီသင့်တယ်”

အမျိုးသမီးသည် ကောင်းမင်အား အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ကြင်နာစွာ ကမ်းလှမ်းလိုက်သည်။

“ငါ့အဖေက မသေဆေးဦးနှောက်နယ်ပယ်ဂိမ်းရဲ့ ပထမဆုံးအသုတ် စမ်းသပ်သူတွေထဲက တစ်ယောက်ပဲ၊ နင် ငါတို့နဲ့ ပူးပေါင်းမယ်ဆိုရင် သတင်းအချက်အလက်အချို့ကို ဝေမျှပေးနိုင်တယ်”

လုံးဝ မလိုအပ်လျှင် ဤစမ်းသပ်သူများသည် ရန်သူမဖြစ်လိုကြပေ။

“ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးလဲ”

“နင်က (၁၁) ကြိမ်မြောက် ပြုပြင်မွမ်းမံတဲ့နည်းလမ်းအတွက် ဒီကိုရောက်လာတာ မဟုတ်လား၊ အဲ့ဒီနည်းလမ်းက ဘေးထွက်ဆိုးကျိုး အနည်းဆုံးလို့ ပြောကြတယ်၊ အဲ့ဒါကို 'အိပ်မက်လွှတ်နည်းလမ်း'လို့ ခေါ်တယ်”

အမျိုးသမီးက ရှေ့နှစ်လှမ်း တိုးလာသည်။

“ငါတို့ ပြုပြင်မွမ်းမံမှု ဘယ်နှစ်ကြိမ်လုပ်နိုင်တယ်ဆိုတာ ကန့်သတ်ချက်မရှိဘူး၊ ငါတို့သာ ပူးပေါင်းမယ်ဆိုရင် ငါတို့ သုံးယောက်လုံး ပြုပြင်မွမ်းမံမှု ခံယူပြီး အဆင့် ၅ ဝင်ခွင့် ရနိုင်တယ်”

“မင်းတို့ နားလည်မှု လွဲနေပြီ၊ ငါက အန္တရာယ်ကနေ ရှောင်တိမ်းဖို့ ဒီကိုလာတာ၊ ပြုပြင်မွမ်းမံမှုတွေကို စိတ်မဝင်စားဘူး”

ကောင်းမင်က လက်ပိုက်ထားသည်။ သူသည် သားသတ်သမားကို မည်သို့ကိုင်တွယ်ရမည်ကိုသာ စဉ်းစားနေဆဲ ဖြစ်သည်။

“ရိုးရိုးသားသား ပြောစမ်းပါ၊ ပြုပြင်မွမ်းမံမှုနဲ့ အဆင့် ၅ ဝင်ခွင့်အတွက် မဟုတ်ရင် နင်ဘာလို့ ဒီကို ရောက်နေမှာလဲ”

အမျိုးသမီး၏ မျက်လုံးများသည် တစ္ဆေမီးတောက်များကဲ့သို့ ကခုန်နေသည်။သူမသည် ကောင်းမင်အား ဖောက်ထွင်းမြင်နိုင်စွမ်း ရှိပုံရသည်။

“ငါတို့ ယဇ်ပလ္လင်ထဲမှာ လူသေဓာတ်ပုံတစ်ခုကို မြင်ခဲ့တယ်၊ ဒါက ငါတို့မှာ တွေ့ချင်တဲ့သူတစ်ယောက် ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ သူက ငါတို့ရဲ့ စွဲလမ်းမှု ဖြစ်လာခဲ့တယ်၊ ယဇ်ပလ္လင်က အဲ့ဒီအဖြေကို ပေးခဲ့တာ”

ကောင်းမင်က ရှင်းပြရန် ဆန္ဒမရှိပေ။ ထိုအမျိုးသမီးသည် သူမဘာသာ ကြိုတင်ယူဆချက်များဖြင့် တွေးတောနေခြင်း ဖြစ်သည်။

“ငါ့နာမည်က ဝမ်မင်ပါ ၊ ဒါက ငါ့မောင်လေး ဝမ်ယန် ၊ ငါတို့က ဘာသာရေးဂိုဏ်းတစ်ခုကနေ ငါ့အဖေ ကယ်ထုတ်လာခဲ့တဲ့ မိဘမဲ့တွေပါ”

ထိုအမျိုးသမီးမှာ စရိုက်ကောင်းပုံရသော်လည်း ကောင်းမင်ကမူ ခေါင်းငုံ့ထားဆဲ ဖြစ်သည်။ သူမ လိမ်ညာနေသည်ဟု သူ ခံစားနေရသည်။

အမျိုးသမီးက သူမ၏အဖေမှာ ပထမဆုံးအသုတ် စမ်းသပ်သူဟု ပြောခဲ့သည်။ ကောင်းမင်သည် ဝမ်ကျားဟုခေါ်သော စမ်းသပ်သူတစ်ဦးကို မှတ်မိသည်။ သူသည်လည်း ပထမဆုံးအသုတ် စမ်းသပ်သူဖြစ်ပြီး မျက်ဆံနှစ်ခု ပါရှိသူဖြစ်သည်။ သူ၏ နာမည်မှာ ဝမ်ကျား ဖြစ်သည်။

All Chapters