← Chapters

ညကင်းစောင့်

Vol. 37 Ch. 547

ညကင်းစောင့်

Vol. 37 Ch. 547

ညကင်းစောင့်သည် အနောက်ဘက်လမ်းအတိုင်း လျှောက်လာပြီးနောက် ကောင်းမင်ရှိနေသည့် အရိပ်ရှေ့တွင် ရပ်တန့်လိုက်သည်။

“မော်ရှစ်ရီကန်း ၊ ရာသီဥတု ခြောက်သွေ့နေပါတယ်၊ မီးဘေးသတိပြုပါ”

ရီကန်းဆိုသည်မှာ လက်တွေ့ဘဝတွင် ည ၇ နာရီမှ ၉ နာရီအချိန်ကို ဆိုလိုခြင်းဖြစ်သည်။မှန်ပေသည် ကောင်းမင်၏အာရုံကို ဖမ်းစားသွားသည်မှာ ထိုအချက်မဟုတ်ပေ။ ညကင်းစောင့်က သူ့ကို ရှာတွေ့သွားခြင်းပင် ဖြစ်သည်။ မောင်းသံသည် ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲမှ ထွက်သွားစေမည့်အလား တုန်ဟည်းသွားစေသည်။ ကောင်းမင်သည် မသက်မသာခံစားချက်ကို ခုခံရင်း နောက်သို့ ဆုတ်လိုက်သည်။ သူ စတင်လှုပ်ရှားလိုက်သည်နှင့် သူအစောပိုင်းက ရပ်နေခဲ့သောနေရာတွင် ရွှံ့မှုန့်များ ဖုံးလွှမ်းနေသည်ကို သတိပြုမိလိုက်သည်။ မောင်းသံက ဆက်တိုက်ထွက်ပေါ်နေစဉ် သူ၏အဝတ်အစားများပေါ်မှ ရွှံ့ချပ်များ ပိုမိုကျဆင်းလာသည် ။

“ဒါတွေက ဘာတွေလဲ”

ကောင်းမင်က ယင်းတို့ကို လက်ဖြင့် ပွတ်ကြည့်လိုက်ရာ ထိုအရာများမှာ ထမင်းစေးနှင့် ရောနှောထားသော ရွှံ့စေးများဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် တစ်စုံတစ်ခုကို သတိထားမိသွားပြီး တုတီနတ်မင်းဘုရားကျောင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ ဘုရားကျောင်း၏အပြင်နံရံသည် ထမင်းစေးနှင့် ရွှံ့အုတ်ခဲများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှံ့ချပ်များမှာ ထိုဘုရားကျောင်းနှင့် ဆက်စပ်နေပုံရသည်။ ရွှံ့များ ကွာကျသွားသောအခါ သူ ပိုပေါ့ပါးသွားပြီး မမြင်ရသော ဖိအားများလည်း လွင့်စင်သွားသည်။ ရွှံ့များ အကုန်ကွာကျသွားပြီးနောက် ဘုရားကျောင်းထဲရှိ တုတီနတ်မင်းရုပ်တုတွင် အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကောင်းမင် မြင်လိုက်ရသည်။ ၎င်း၏မျက်နှာမှာ ဝေဝါးသွားသည်။ ပတ်ဝန်းကျင်ရှိ ဆုတောင်းဖဲကြိုးများမှာ သွေးများဖြင့် ရွှဲနစ်လာသည်။ ထူထဲသော ပြာလွှာအောက်မှ တစ်စုံတစ်ခု တွားထွက်လာရန် ကြိုးစားနေသည် ။

“ဘုရားကျောင်းထဲက နတ်မင်းက ငါ့ကို ပစ်မှတ်ထားနေတာလား ၊ ဘယ်တုန်းက ဖြစ်သွားတာလဲ”

ကောင်းမင်၏ နှလုံးခုန်သံ မြန်လာသည်။ သူ၏ခန္ဓာကိုယ်မှ အသက်စွမ်းအားများ ဖြာထွက်နေသည်။ သာမန်သရဲများသည် သူ့အနား မကပ်ရဲကြပေ။ သို့သော်လည်း သူသည် နတ်ဘုရားသရဲများအတွက် အကောင်းဆုံးသော ပူဇော်ပစ္စည်းဖြစ်ပြီး အထူးသဖြင့် သူ၏တောက်လောင်နေသော နှလုံးသား ဖြစ်သည်။

တုတီနတ်မင်းရုပ်တု၏ ဘေးတစ်ဖက်တစ်ချက်ရှိ ယဇ်ပလ္လင်ပေါ်မှ ဖယောင်းတိုင်များမှာ သူ့အလိုလို လင်းလက်လာလေသည်။ ထိုအလင်းရောင်က ရုပ်တု၏မျက်နှာကို တွန့်လိမ်သွားစေသည်။ အနောက်ဘက်လမ်း၏ အုတ်ခဲလမ်းအောက်တွင် မြွေများ တွားသွားထွက်လာကြသည်။ အဆိပ်ရှိသော ပိုးမွှားများမှာလည်း ပျံဝဲနေကြသည်။ ကောင်းမင်သည် ထိုနတ်ရုပ်ကြီးက သူ့အနားသို့ ပိုမိုနီးကပ်လာသကဲ့သို့ ခံစားလိုက်ရသည် ။

ချွမ်။

မောင်းသံက တစ်ဖန် မြည်ဟည်းလာပြန်သည်။

“မော်ရှစ် ရီကန်း ၊ ရာသီဥတုက ခြောက်သွေ့နေပါတယ်၊ မီးဘေးသတိပြုပါ”

ညကင်းစောင့်ထံမှ အဖိုးအိုတစ်ဦး၏အသံတစ်သံ ထွက်ပေါ်လာသည်။ တုတီဘုရားကျောင်းထဲမှ ဖယောင်းတိုင်အလင်းများ မှိန်ဖျော့သွားသည်။ အနက်ရောင် မီးခိုးငွေ့တစ်စ လွင့်ပျံ့ထွက်လာသည် ။

ညကင်းစောင့်သည် တုတီဘုရားကျောင်းကို သတိပေးလိုက်ခြင်း သို့မဟုတ် သူ၏စွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်ပုံရသည်။ ရုပ်တုမှာ ဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်သွားသည်။ ဖယောင်းတိုင်များ ငြိမ်းသွားပြီး အနောက်ဘက်လမ်းမှာ အမှောင်ထုထဲသို့ ပြန်လည်နစ်မြုပ်သွားတော့သည် ။

ကောင်းမင်သည် သူ့မျက်နှာကို တစ်စုံတစ်ခုက လာထိသည်ဟု ခံစားလိုက်ရသည်။ ၎င်းသည် ညကင်းစောင့်၏ အလံ ဖြစ်သည်။ ညကင်းစောင့်က သူ့ကို ထွက်သွားရန် အချက်ပြနေခြင်း ဖြစ်သည်။

“သူက လူကောင်းတစ်ယောက်လား”

ထိုရွာကြီးသည် သရဲများ၊ မိစ္ဆာများဖြင့် ပြည့်နှက်နေသော်လည်း ညကင်းစောင့်မှာမူ တစ်ခုတည်းသော စည်းမျဉ်းကို ကိုယ်စားပြုနေပုံရသည်ဟု ကောင်းမင် တွေးလိုက်သည်။ သူသည် တုံ့ဆိုင်းမနေဘဲ ညကင်းစောင့်နောက်သို့ အလျင်အမြန် လိုက်သွားလိုက်သည် ။

ညကင်းစောင့်သည် အနောက်ဘက်လမ်းမှ ခြေလှမ်းလေးလေးဖြင့် လိမ်ဖယ်လိမ်ဖယ် ထွက်လာခဲ့သည်။ လောင်ကျွမ်းနေသည့် အမွှေးတိုင်တစ်တိုင်ရှိသည့် သူ၏ဦးခေါင်းမှာ ကောင်းမင်က ဘာကြောင့် သူ့နောက်လိုက်နေသနည်းဟု စိတ်ရှုပ်ထွေးနေသည့်အလား လှည့်ကြည့်လာသည်။ ကောင်းမင်မှာ ညကင်းစောင့်ကို နားလည်မှုလွဲခဲ့ခြင်း ဖြစ်သည်။ ညကင်းစောင့်သည် သူ့ကို အန္တရာယ်ရှိကြောင်း သတိပေးကာ အိမ်တစ်အိမ်တွင် ပုန်းနေစေချင်ခြင်းဖြစ်သည်။ သို့သော်လည်း ကောင်းမင်ကမူ ထိုအစား သူ့နောက်သို့ ကပ်လိုက်နေခြင်း ဖြစ်သည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးတိုင်း ညကင်းစောင့်က နောက်လှည့်ကြည့်နေသည်။ ညကင်းစောင့်တွင် မျက်နှာမရှိသော်လည်း ၎င်း၏ စိတ်ရှုပ်ထွေးမှုကို ကောင်းမင် အာရုံခံနိုင်နေသည် ။

ညကင်းစောင့်၏ မျက်လုံးထဲတွင် သူသည် ဘာအဖြစ် မြင်ခံနေရသည်ကို ကောင်းမင်မသိပေ။ သူ၏ လက်ရှိအစီအစဉ်မှာ ညကင်းစောင့်နောက်သို့ လိုက်သွားရင်း ရွာတစ်ပတ်ပတ်ကာ အရေးကြီးသော နေရာများကို လေ့လာရန်နှင့် ပိုင်ဖုန်းနှင့် ဆုံနိုင်မလားကို ကြည့်ရန်သာ ဖြစ်သည်။

အိပ်မက်ချိုးဖျက်မြို့သည် အပြင်မှကြည့်လျှင် သေးငယ်ပုံရသော်လည်း အထဲရောက်သည့်အခါတွင်မူ အလွန်ရှုပ်ထွေးကြောင်း သိနိုင်သည်။ လမ်းများသည် ကွေ့ကောက်၍ တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြသည်။ အဆောက်အအုံများမှာလည်း စနစ်တကျမရှိဘဲ စုပြုံနေလေသည်။ ယင်းသည် လူများကို လမ်းပျောက်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ကောင်းမင်သည် ညကင်းစောင့်နောက်သို့ တိတ်တဆိတ်လိုက်ပါလာရင်း အရှေ့မြောက်ထောင့်ရှိ လမ်းကြားလေးတစ်ခုသို့ ရောက်ရှိလာသည်။

သူ ထိုလမ်းကြားလေးထဲသို့ ဝင်လိုက်သည်နှင့် ကောင်းမင်မှာ ရုတ်တရက် အေးစိမ့်သော အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ ညကင်းစောင့်၏ခါးရှိ မီးအိမ်က မှေးမှိန်သွားသည်။ ဦးခေါင်းပေါ်မှ အမွှေးတိုင်မှာလည်း ကုန်ဆုံးတော့မည့်အခြေအနေသို့ ရောက်နေသည်။ ညကင်းစောင့်၏ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး မောင်းကိုပင် မနည်းကိုင်ထားရသည် ။

“ညကင်းစောင့်ရဲ့ စွမ်းအားက သူ့ခေါင်းပေါ်က အမွှေးတိုင်ကနေ လာတာဖြစ်ရမယ် ၊ သူ တုတီနတ်မင်းနဲ့ တိုက်ခိုက်ခဲ့တုန်းက အမွှေးတိုင်က ပိုမြန်မြန် ကုန်သွားတာပဲ”

ကောင်းမင်သည် ညကင်းစောင့်ကို အကဲခတ်နေခဲ့သည်။ ပုံမှန်အားဖြင့် သူ့အမွှေးတိုင်တစ်တိုင်ဖြင့် ရွာတစ်ပတ် ပတ်နိုင်ရမည် ဖြစ်သော်လည်း အနောက်ဘက်လမ်းတွင် တူဒီနတ်မင်းနှင့် ရင်ဆိုင်ခဲ့ရသဖြင့် သူ၏စွမ်းအားအချို့ ကုန်ဆုံးသွားခြင်း ဖြစ်သည် ။

ညကင်းစောင့်သည် အနက်ရောင်ရွှံ့နွံများကို နင်းဖြန်ကာ လမ်းကြားအဆုံးရှိ နေရာတစ်ခုသို့ ရောက်လာသည်။ သူသည် သာမန်ပုံစံဖြစ်သော သစ်သားတံခါးတစ်ခုကို တွန်းဖွင့်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်မှာ ပို တုန်ယင်လာသည်။ သူသည် လက်ညှိုးဖြင့် အိမ်မကြီးဆီသို့ ညွှန်ပြကာ ကောင်းမင်အား အရင်ဝင်ရန် အချက်ပြလိုက်သည်။ထိုနေရာမှာ အလွန်ခြောက်ခြားဖွယ် ကောင်းလှသည်။မှန်ပေသည် ကောင်းမင်သည် ထောင်ချောက်ထဲသို့ လျှောက်ဝင်မသွားချင်ပေ။သူသည် တံခါးပေါက်ကိုပင် မဖြတ်ရဲသေးဘဲ ထွက်ပြေးရန် အသင့်ပြင်ထားသည် ။

မောင်းသည် ကြမ်းပြင်ပေါ်သို့ ကျယ်လောင်စွာ ပြုတ်ကျသွားသည်။ ညကင်းစောင့်မှာ မတ်တပ်ရပ်ရန်ပင် ခက်ခဲနေပုံရသည်။ သူ၏လက်ညှိုးမှာမူ အိမ်မကြီးဆီသို့ ညွှန်ပြနေဆဲပင်။

ကောင်းမင် အံကြိတ်လိုက်ပြီး တံခါးကို ဖြတ်ကျော်၍ အိမ်မကြီးထဲသို့ ဝင်လိုက်သည်။ ယင်စွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ အေးစိမ့်မှုကြောင့် သူ ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားသည်။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။အခန်းထဲတွင် အနက်ရောင် ယဇ်ပလ္လင်စားပွဲတစ်ခု ရှိနေလေသည်။ ၎င်းပေါ်တွင် ဘိုးဘေးကမ္မည်းတိုင်များ အလွှာအထပ်ထပ် ရှိနေသည်။

“ရွာရဲ့ ဘိုးဘေးခန်းမက မြောက်ဘက်မှာ ရှိတာ၊ စောစောက ညကင်းစောင့်က အဲ့ဒီရှေ့ကနေတောင် ငါ့ကို ခေါ်လာခဲ့တာပဲ ၊ ဒါဆို ဒီနေရာက ဘာလဲ”

စားပွဲရှေ့တွင် မြေကြီးများထည့်ထားသော ခွက်တစ်လုံးရှိသည်။ခွက်ထဲတွင် မထွန်းရသေးသော အမွှေးတိုင်တစ်တိုင် ရှိနေသည်။ ကောင်းမင်သည် လဲကျနေသော ညကင်းစောင့်ကို နံရံဘေးသို့ ချီမလာခဲ့သည်။ ညကင်းစောင့်၏ ခန္ဓာကိုယ်မှာ ထင်ထားသည်ထက် များစွာပေါ့ပါးနေကြောင်း ကောင်းမင် သတိပြုမိသည်။

ညကင်းစောင့်အိုကြီးသည် အားနည်းနေသည့်ကြားမှပင် ဘိုးဘေးကမ္မည်းတိုင်များကို ဦးချနေလေသည်။သူသည် နောက်ဆုံးတွင် ကောင်းမင်၏ အကူအညီဖြင့် သူ၏ဦးခေါင်းကို ခွက်အနားသို့ တိုးလိုက်သည်။သူသည် သူ၏ဦးခေါင်းပေါ်မှ ငြိမ်းသေလုနီးပါးဖြစ်နေသော အမွှေးတိုင်ကို အသုံးပြုကာ ခွက်ထဲရှိ အမွှေးတိုင်အသစ်ကို ညှိလိုက်သည်။ ထို့နောက် သူသည် ကောင်းမင်ကို ခေါ်၍ ဘိုးဘေးကမ္မည်းတိုင်များကို ဦးချစေပြီး လက်နှစ်ဖက်ဖြင့် အမွှေးတိုင်အသစ်ကို ယူကာ သူ၏ဦးခေါင်းပေါ်သို့ ပြန်တပ်လိုက်သည်။ ဖြစ်စဉ်တစ်ခုလုံးသည် အဓိပ္ပာယ်မရှိလှသော်လည်း အဖိုးအိုမှာ အသက်ဆက်နိုင်ခဲ့ပုံရသည်။ သူ၏ တုန်ယင်မှုများ ရပ်တန့်သွားသည်။သူသည် ဖြည်းညင်းစွာ ပြန်လည်တည်ငြိမ်သွားသည် ။

သူ၏ရင်ဘတ်ထဲမှ ဆုတောင်းသည့် စကားသံများ ထွက်ပေါ်လာလေသည်။ သူသည် ကြမ်းပြင်ပေါ်တွင် အတော်ကြာအောင် ဒူးထောက်နေခဲ့သည်။သူ ထလာပြီးနောက် ကောင်းမင်ဘက်သို့ တဖြည်းဖြည်း လှည့်လာသည် ။

“မင်း ညကင်းစောင့်တစ်ယောက် ဖြစ်ချင်သလား”

အိုမင်းလှသော အသံသည် အဖိုးအို၏ ရင်ဘတ်ထဲမှ ထွက်ပေါ်လာပြီး ကောင်းမင်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

“ဒီမြို့မှာ ညကင်းစောင့် နှစ်ယောက် ရှိခဲ့တယ် ၊ ငါက မောင်းကိုကိုင်ပြီး သူကတော့ မောင်းတီးတံကို ကိုင်ခဲ့တယ်၊ ငါတို့ ရွာကို ကင်းလှည့်တဲ့အခါ အတူတူ အလုပ်လုပ်ခဲ့ကြတယ် ၊ ဒါပေမဲ့ သူ အသတ်ခံလိုက်ရတာ မကြာသေးဘူး ၊ မြွေပါက သူ့ခေါင်းကို မြစ်နတ်မင်းဆီမှာ ယဇ်ပူဇော်လိုက်ပြီး သူ့ခန္ဓာကိုယ်ကိုတော့ ရွာသားတွေက ခွဲယူသွားကြတယ်”

ကောင်းမင် ပြန်မဖြေပေ။ ကောင်းသောအရာများခုသည် အကြောင်းပြချက်မရှိဘဲ ရလာမည်မဟုတ်ဟု သူ ယုံကြည်သည်။ ဤမြို့ရှိ ပြုပြင်မွမ်းမံမှုအားလုံးတွင် ပေးဆပ်ရမည့် တန်ဖိုးကိုယ်စီ ရှိကြပေသည်။

“ညကင်းစောင့်တွေဆိုတာ ရွာသားတွေကို အလုပ်အကျွေးပြုရတာပဲ ၊ ငါတို့က ဘက်မလိုက်တဲ့ အဖွဲ့အစည်းတစ်ခုပဲ ၊ မင်းသာ ညကင်းစောင့် ဖြစ်လာမယ်ဆိုရင် ဒီနေရာမှာ စိတ်ပူစရာမလိုဘဲ နေနိုင်လိမ့်မယ်”

အဖိုးအိုက ကြင်နာစွာ ကမ်းလှမ်းလိုက်သည် ။

“ခင်ဗျားရဲ့ အဖော်က ဘယ်လို အသတ်ခံလိုက်ရတာလဲ”

“သူက အလုပ်ကို ငြီးငွေ့လာတာလေ ၊ သူ မီးတောက်ကို မဆက်နိုင်တော့ဘဲ လမ်းပျောက်သွားခဲ့တယ်”

အဖိုးအိုသည် ထိုအကြောင်းကို ဆက်မပြောလိုတော့ပေ။ အမွှေးတိုင်အသစ် ရရှိပြီးနောက် သူ့အခြေအနေမှာ သိသိသာသာ ကောင်းမွန်လာသည်။ သူသည် စားပွဲအောက်မှ သစ်သားသေတ္တာတစ်လုံးကို ထုတ်လိုက်သည်။

“မင်းရဲ့ တည်ရှိမှုက နေမင်းကြီးလို တောက်ပနေတယ် ၊ မင်း အမှောင်ထဲမှာ ပုန်းလို့တောင် မရဘူး ၊ နောက်ဆုံးကျရင် သရဲတွေက မင်းကို ဖမ်းမိသွားလိမ့်မယ် ၊ ညကင်းစောင့် ဖြစ်လာမှသာ မင်း ရှင်သန်နိုင်မယ့် အခွင့်အရေး ရှိလိမ့်မယ်”

ထို့နောက် သူသည် သေတ္တာကို ဖွင့်လိုက်သည်။ မျက်နှာကို ထွင်းထုရန်အတွက် ဓားတစ်လက်နှင့် အရိုးများကို သန့်စင်ရန် ခြစ်တံတစ်ခုကို ထုတ်လိုက်သည်။ သူသည် အဝတ်စဟောင်းတစ်စကို ခင်းလိုက်သည်။ ထိုအဝတ်စ၏ မူလအရောင်မှာ ပျောက်ကွယ်နေပြီဖြစ်သည်။ ယင်းတွင် သွေးခြောက်များဖြင့် စွန်းထင်းနေလေသည်။

“မင်း ညကင်းစောင့် ဖြစ်ချင်သလား”

All Chapters