မြှုပ်နှံခြင်း
Vol. 37 Ch. 545
ကောင်းမင်က ဆေးလုံးကို ကိုင်ထားရင်း ခေါင်းငြိမ့်လိုက်သည်။
“ကျုပ် ခင်ဗျားရဲ့ပစ္စည်းကို ပို့ပေးပါ့မယ် ၊ တခြား ရှိသေးလား”
"သားသတ်သမားရဲ့ အိမ်၊ အသားဆိုင်နဲ့ အစာကျွေးတဲ့သူ တစ်ခုချင်းစီက မတူညီတဲ့ ပြုပြင်မွမ်းမံမှုတွေကို ကိုယ်စားပြုတာ၊ ဒါပေမဲ့ သားသတ်သမားက စိတ်ရူးပေါက်ပြီး အသားဆိုင်ပိုင်ရှင်ကို သတ်လိုက်သလို အသားဆိုင်ကိုလည်း ဖျက်ဆီးပစ်လိုက်တယ် ၊အခု သူက အစာကျွေးတဲ့ကိစ္စအတွက် တာဝန်ရှိတဲ့ လူအိုကြီးကို လိုက်ရှာနေတုန်းပဲ"
ထိုလူ၏ မျက်နှာသည် ဖြူလျော်နေသော်လည်း သူက ဆက်ပြောပြနေသည်။
"သားသတ်သမား ဘယ်အချိန် ပြန်လာမလဲကို ကျုပ်မသိဘူး ၊ ဒီက ဓားတွေက ရတနာတွေပဲ ၊ သရဲတွေကို သတ်နိုင်သလို မိစ္ဆာတွေရန်ကလည်း ကာကွယ်ပေးနိုင်တယ် ၊ ခင်ဗျား လိုအပ်ရင် တစ်လက်ယူသွားလို့ရတယ် ၊ ဒါပေမဲ့ လောဘတော့ မကြီးနဲ့ဦး"
"ကျုပ် အဲ့ဒီလိုလုပ်ရင် သားသတ်သမားက ကျုပ်နောက်ကို လိုက်မလာဘူးလား"
ကောင်းမင် ဘာကိုမှ မထိရသေးပေ။ သို့သော် သားသတ်သမားက အသားဆိုင်ကို မွှေနှောက်သွားခြင်းမှာ အခု သူ့လက်ထဲရှိနေသည့် ဓားကို ရှာနေခြင်းဖြစ်မည်ဟု သူယုံကြည်သည်။
"သူက ရူးနေတာ၊ သူ့မှတ်ဉာဏ်ကလည်း ကြောက်စရာကောင်းတယ် ၊ ဒါက ကျုပ်အသက်နဲ့ ရင်းပြီး ရထားတဲ့ သတင်းအချက်အလက်ပဲ"
ထိုလူက တစ်ခုခု ထပ်ပြောရန် ပြင်နေစဉ် အပြင်ဘက်လမ်းမပေါ်မှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဝက်သတ်ဓား ခိုးခံလိုက်ရပြီ ၊ မန်နေဂျာဝမ်က ငါ့ဓားကို ခိုးသွားတာ"
ကောင်းမင် နံရံပေါ်သို့ ခုန်တက်လိုက်ပြီး အမှောင်ထဲတွင် ကိုယ်ယောင်ဖျောက်လိုက်သည်။ သူသည် အသားဆိုင်၏ ရှေ့တံခါးကို အာရုံစိုက်လိုက်သည်။ သစ်သားတံခါးသည် ခပ်ဟဟလေး ပွင့်နေသည်။ ဆိုင်ထဲတွင် ဖယောင်းတိုင်အလင်းများ လင်းလက်နေသည်။ ဧရာမ အရိပ်ကြီးတစ်ခု လမ်းမပေါ်သို့ ထိုးထွက်နေသည်။
"မန်နေဂျာဝမ်က သေပြီလေ၊ ဝက်ငတုံးရဲ့ ၊ မင်းကိုယ်တိုင် သူ့ကိုသတ်ပြီး သွေးတို့ဖူးတွေအဖြစ် ပြောင်းပစ်ခဲ့တာလေ"
အမျိုးသားအသံသည် ရုတ်တရက် စူးရှသွားပြီး နှာခေါင်းပိတ်ပြောနေသည့် အသံမျိုး ဖြစ်သွားသည်။
"ငါ သူ့ကို သတ်လိုက်တာလား၊ အေး ဟုတ်တယ် ၊ သူ သေသွားပြီ ၊ငါ သူ့မေးစေ့ကို ကိုင်ပြီး ဓားနဲ့ လည်ချောင်းထဲအထိ ထိုးထည့်လိုက်တာ၊ ပြီးတော့ သူ့နှလုံးသားကိုပါ ဓားနဲ့ ထိုးပစ်ခဲ့တာ"
အသံက တစ်ဖန် ပြန်၍ ကြမ်းတမ်းသွားပြန်သည်။
"မဟုတ်ဘူး မဟုတ်ဘူး မန်နေဂျာဝမ်က သေသွားပြီ ၊ဒါဆို ဘယ်သူက ငါ့ဓားကို ခိုးသွားတာလဲ ၊ သူ အသက်ရှင်နေသေးတာလား ၊ သူ လုံးဝမသေသေးတာလား ၊ သူက မြည်းနက်ကိုတောင် သူ့အတွက် ကလေးမွေးခိုင်းလိုက်သေးတယ်"
"ပါးစပ်ပိတ်စမ်း!"
"ငါ မြည်းနက်ကို သတ်ပစ်ရမယ်"
"မင်းသာ သူ(မ)ကိုသတ်ရဲရင် ငါမင်းကို သတ်ပစ်မယ်"
စူးရှရှအသံက ရူးသွပ်လာသည်။ အမျိုးသားအသံကလည်း အလျှော့မပေးပေ။
"သေစမ်း ၊ အဲ့ဒီကောင်မက သေသင့်တယ် ၊ မင်းလည်း သေသင့်တာပဲ ၊ သတ်မယ် ၊ သတ်မယ်၊ သတ်မယ် ၊ ငါ မင်းရဲ့ ဆွေစဉ်မျိုးဆက် မှတ်တမ်းကိုရှာပြီး မင်းတို့အားလုံးကို သတ်ပစ်မယ် ၊ တစ်မျိုးနွယ်လုံးကို သတ်ပစ်မယ်"
ဖယောင်းတိုင်က လဲကျသွားသည်။ အရိပ်က ပြန့်နှံ့လာသည်။ ကောင်းမင်သည် အန္တရာယ်ကို အာရုံခံမိသဖြင့် ထွက်ပြေးလိုက်သည်။ အရိပ်က သူ့နောက်ကို လိုက်လာသည်ဟု ခံစားနေရသည်။ လမ်းတစ်လမ်းကျော်ခန့် ရောက်မှသာ သူ ရပ်ရဲတော့သည်။
"သားသတ်သမားက ဆွေစဉ်မျိုးဆက် မှတ်တမ်းကို ဟင်းပွဲစာရင်းလို သဘောထားနေတာပဲ"
ကောင်းမင်သည် သားသတ်သမား၏ စိတ်အခြေအနေမှာ မူမမှန်ကြောင်း သတိထားမိသည်။
"သားသတ်သမားဆီမှာ အသံနှစ်ခု ရှိနေတာက သူဟာ စရိုက်ကွဲတဲ့ စိတ်ဝေဒနာကို ခံစားနေရသလိုပဲ၊ မြည်းနက်က စမ်းသပ်သူတစ်ယောက်ပဲ၊ သူက အရင်က မန်နေဂျာဝမ်ရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရတာ ၊ သားသတ်သမားက မန်နေဂျာဝမ်ကို သတ်ခဲ့ပေမဲ့ မြည်းကိုတော့ အသက်ချမ်းသာပေးခဲ့တယ်"
သားသတ်သမားသည် အရာအားလုံးကို သတ်ပစ်သင့်သည်။ မြည်းနက် အသက်ရှင်နေခြင်းမှာ ထိုစူးရှရှအသံနှင့် ပတ်သက်နေပေလိမ့်မည်။ ထိုအသံမှာ စမ်းသပ်သူတစ်ဦး၏ အသံဖြစ်မည်ဟု ကောင်းမင် သံသယရှိသည်။ သူတို့သည် နည်းလမ်းတစ်ခုခုကို အသုံးပြု၍ သားသတ်သမား၏ ခန္ဓာကိုယ်ကို မျှဝေသုံးစွဲနေကြခြင်း ဖြစ်နိုင်သည်။ အိပ်မက်ချိုးဖျက်မြို့သည် အဆင့် ၅ သို့ မတက်လှမ်းမီ စမ်းသပ်သူများ၏ နောက်ဆုံးစမ်းသပ်ချက် ဖြစ်သည်။ ဤသည်မှာ မသေဆေးကုမ္ပဏီ၏ ပင်မလျှို့ဝှက်ချက်ပင် ဖြစ်သည်။ ဤနေရာတွင် ရှင်သန်နိုင်သော စမ်းသပ်သူများမှာ အလွန်စွမ်းဆောင်ရည် မြင့်မားကြမည်ဖြစ်သည်။ မသေဆေးကုမ္ပဏီ၏ ဖမ်းဆီးခြင်းခံထားရသော တားမြစ်ဂိမ်းထဲမှ ကစားသမားများပင် ထိုနေရာတွင် ပိတ်မိနေနိုင်သည်။
"ဝက်ဖြူထဲက ကစားသမားက ပြောတာတော့ ဒီနေရာက အရာအားလုံးဟာ သင်္ကေတတွေပဲတဲ့ ၊ သားသတ်သမားက ဘာကို ကိုယ်စားပြုတာပါလိမ့်"
ကောင်းမင်သည် ညဉ့်ယံထဲတွင် ကြောင်တစ်ကောင်ကဲ့သို့ ပေါ့ပါးဖျတ်လတ်စွာ ပြေးလွှားနေသည်။ သူ အိမ်တချို့ကို ဖြတ်သွားသောအခါ ထိုအိမ်များထဲတွင် ထူးဆန်းသော ဖြစ်ရပ်များ ဖြစ်ပျက်နေသည်ကို သတိထားမိသည်။ သူ မရပ်ပေ။ အနောက်ဘက်လမ်းဆီသို့ အလျင်အမြန် သွားလိုက်သည်။ ထိုလမ်းသည် ရွာ၏ အနောက်ဘက်ဂိတ်တံခါးသို့ တိုက်ရိုက် ဦးတည်နေခြင်းဖြစ်သည်။ ဂိတ်တံခါးတွင် ၎င်းကို ထောက်ကန်ထားသည့် မည်သည့်ကျောက်တိုင်မှ မရှိပေ။ ကျိုးပဲ့နေသော ကျောက်တုံးများနှင့် စွန့်ပစ်ထားသော အိမ်များသာ ရှိသည်။ ထိုနေရာသည် စွန့်ပစ်ခံထားရသည်မှာ အတော်ကြာခဲ့ပြီဖြစ်ပုံရသည်။ အဆောက်အအုံများမှာ ဖုန်များဖြင့် ဖုံးလွှမ်းနေလေသည်။
ရောက်ရောက်ချင်းမှာပင် ကောင်းမင်သည် ထူးဆန်းစွာ သတိအနေအထားဖြစ်သွားသည်။ အသားအသီးကို စားပြီးနောက် သူမျက်လုံးများက ပြောင်းလဲသွားခဲ့သည်။ အသိသာဆုံး အပြောင်းအလဲမှာ သူ၏အမြင်အာရုံသည် ပိုမိုကောင်းမွန်လာခြင်း ဖြစ်သည်။
အနောက်ဘက်ဂိတ်တံခါးမှာ လမ်းအဆုံးတွင် ရှိနေပုံရသော်လည်း ကောင်းမင်အတွက်မူ လမ်းသည် အဆုံးမရှိသကဲ့သို့ ဖြစ်နေလေသည်။ စီတန်းလျက်ရှိနေသော စွန့်ပစ်အိမ်ကြီးများမှာ ထူးဆန်းနေသည်။ သူ လှမ်းကြည့်လိုက်သောအခါ အကြည့်များစွာက သူ့ကို ပြန်လည်စိုက်ကြည့်နေသကဲ့သို့ ခံစားရသည်။ မူလက သူသည် အိမ်များထဲတွင် လူများ ပုန်းအောင်းနေသည် ထင်ခဲ့သည်။သို့သော်လည်း ပြတင်းပေါက်များက သူ့ကို စိုက်ကြည့်နေခြင်းဖြစ်ကြောင်း သူ တဖြည်းဖြည်း သိလိုက်ရသည်။
"ဒီနေရာက... တကယ်ကို စိတ္တဇဆန်တာပဲ"
ကောင်းမင် ရွှံ့ဆေးလုံးကို ကိုင်ထားရင်း တွေဝေနေသည်။ သူ ထွက်ခွာတော့မည့်အချိန်တွင် ဝက်ထဲကလူ ပြောခဲ့သော ဘုရားကျောင်းငယ်လေးကို မြင်လိုက်ရသည်။ ဘုရားကျောင်းမှာ သေးငယ်ပြီး အုတ်ခဲများကို ထမင်းစေးများဖြင့် ကပ်ထားခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်တွင် ဆုတောင်းစာများ ရေးထားသော ဖဲကြိုးများကို ဆင်ယင်ထားသည်။ ဘုရားကျောင်း အဝင်ဝတွင် အမွှေးတိုင်ပြာများ စုပုံနေလေသည်။ ဘုရားကျောင်းထဲမှ တုတီနတ်မင်း(မြေစောင့်နတ်မင်း)က ကြင်နာစွာ ပြုံးနေသည်။ သို့သော်လည်း ဆေးသားများ ကွာကျနေသဖြင့် ၎င်းကို ကြည့်ရသည်မှာ ခြောက်ခြားဖွယ် ကောင်းလှသည်။
"သူက ငါ့ကို ပြုံးပြနေတာလား"
ထိုလူပြောခဲ့သည်များကို ကောင်းမင် ပြန်စဉ်းစားလိုက်သည်။ သူ ပိုသတိထားလိုက်သည်။ ဓားကို အလွယ်တကူ ဆွဲထုတ်နိုင်ရန် အသင့်ပြင်ပြီးနောက် ကောင်းမင်က ရှေ့သို့ ဖြည်းဖြည်းချင်း တိုးသွားလိုက်သည်။
"ရွာပြင်က ဘုရားကျောင်းက လင်းနေပြီး ရွာထဲက ဘုရားကျောင်းကတော့ မှောင်နေတယ် ၊ ဒါ ထူးဆန်းတယ်"
ဘုရားကျောင်းတစ်ခုကို အိပ်မက်မက်ခြင်းသည် ပုံမှန်အားဖြင့် နိမိတ်ကောင်းသော်လည်း ထိုနေရာတွင်မူ ဘုရားကျောင်းက မည်သည်ကို ကိုယ်စားပြုမှန်း ကောင်းမင် မပြောတတ်ပေ။
ကောင်းမင်သည် နတ်ရုပ်ကို တမင်ရှောင်ရှား၍ ကြည့်လိုက်သည်။ သူ့အပေါ်သို့ စွမ်းအားပြင်းသည့် အကြည့်တစ်ခု ကျရောက်နေသည်ကို သူအာရုံခံနိုင်နေသည်။ သူ ဘုရားကျောင်းနား ချဉ်းကပ်လာလေလေ ထိုအကြည့်က ပို ပြင်းထန်လာလေ ဖြစ်သည်။
ကောင်းမင် ကြေးပြားတစ်ပြား ထုတ်ယူလိုက်သည်။ သူသည် ဘုရားကျောင်းကို ဖြည်းဖြည်းချင်း ဖြတ်လျှောက်သွားသည်။ ဘာမှ မဖြစ်လာပေ။ ကောင်းမင်က သတိမလျှော့ပေ။ ဘုရားကျောင်းနောက်ကျောမှ အိမ်ကို သူ လှမ်းကြည့်လိုက်သည်။ အခြားအိမ်များနှင့် နှိုင်းယှဉ်လျှင် ထိုအိမ်သည် ပျက်ယွင်းမနေဘဲ ကျန်ရှိနေသေးသည်။ နံရံများမှ ရေများ ယိုစီးနေပြီး ပြတင်းပေါက်များမှာ အက်ကွဲနေသည် ။
အုတ်ခဲများနှင့် ရွှံ့များက ပြန့်ကျဲနေသည်။ အိမ်ထဲတွင် သုံးလို့ရသည့် မီးဖိုတစ်ခုပင် မရှိချေ။ အိမ်၏အလယ်တွင် တုတ်ခိုင်သော သစ်သားတိုင်ကြီးတစ်တိုင် ရှိနေသည်။ ကောင်းမင် အနားသို့ တိုးကပ်သွားရာ ထိုတိုင်တွင် ထွင်းထုထားသော လူသားမျက်နှာက ဖြည်းညင်းစွာ မျက်လုံးပွင့်လာလေသည်။
တစ်ချိန်တည်းမှာပင် အိမ်၏ မြောက်ဘက်အစွန်းရှိ ရွှံ့ရုပ်တုက ကြောက်လန့်နေသော အမူအရာကို ပြသနေသည်။ သူ စောင့်နေသောသူမှာ ပြန်မလာသေးပေ။ သူ အန္တရာယ်ရှိနေပြီ ဖြစ်သည်။
"ဘုရားကျောင်း တည်ဆောက်ခြင်းလား"
ကောင်းမင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ့အကြည့်က သစ်သားတိုင်ရှိ မျက်နှာနှင့် ဆုံမိသွားသည်။ ထိုတစ်ဖက်လူမှာ ကြောက်လန့်သွားသော်လည်း ကောင်းမင်နှင့် စကားမပြောနိုင်ပေ။ သူသည် ကြမ်းပြင်ပေါ်မှ ဖုန်များကို အသုံးပြု၍ စာကြောင်းများ ရေးရန် ကြိုးစားလိုက်သည်။
"သူငယ်ချင်းလေး၊ ကျေးဇူးပြုပြီး ကြင်နာပါဦး ၊ ဘုရားကျောင်း တည်ဆောက်ပြီးသွားတာနဲ့ မင်းကို အကာအကွယ်ပေးနိုင်မောင် ဒီမှာ လာနေဖို့ ဖိတ်ခေါ်ပါတယ်"
ထိုလူသားမျက်နှာသည် စစ်မှန်သော စိတ်ရင်းများဖြင့် ပြည့်နှက်နေသည်။
"သက်ရှိလူသားတစ်ယောက်က တကယ်ကြီး ကိုယ့်ကိုယ်ကိုယ် ဝိညာဉ်ဘုရားကျောင်းအဖြစ် ပြောင်းလဲနိုင်တာလား"
ကောင်းမင် အံ့သြသွားသည်။ သူ၏ စိတ်ထဲမှ မှတ်ဉာဏ်အပိုင်းအစများက စတင်လှုပ်ခတ်လာသည်။ သူ၏အိပ်မက်ဆိုးထဲတွင် သက်ရှိလူသားများဖြင့် အဆောက်အအုံများ တည်ဆောက်နေသည်ကို သူမှတ်မိလိုက်သည်။ အဲဒီမြို့ကြီးက ဧရာမ ဝိညာဉ်ဘုရားကျောင်းကြီး တစ်ခုလား။
ကောင်းမင်သည် ဧရာမသင်္ချိုင်းဂူကြီးတစ်ခုကို မြင်လိုက်ရသည်။ ယင်းမှာ မည်သူ၏ ဂူသင်္ချိုင်းမှန်း သူမသိပေ။ သို့သော်လည်း သူသည် ထိုဂူသင်္ချိုင်းနှင့် ဆက်သွယ်နေသကဲ့သို့ ခံစားလိုက်ရသည် ။
"ငါကိုယ်တိုင်က အမြှုပ်ခံထားရတဲ့သူလား"