မြို့တော်သို့ အပြန်
Vol. 45 Ch. 658
"ဟုတ်တယ်၊ ဆရာဦးလေး ပြောတာ မှန်တယ်"
စူးချင်းက အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
"ချင်းကောင်မလေး... ကြည့်ပါဦး၊ မင်းကို ကယ်ဖို့အတွက် ဆရာဦးလေးရဲ့ အသက်စွမ်းအင်တွေ ဘယ်လောက်တောင် ကုန်ခမ်းသွားလဲဆိုတာ ကြည့်လိုက်ပါဦး"
ကျိုးပေါ်က စူးချင်းကို သနားစဖွယ်အမူအရာဖြင့် လှမ်းကြည့်နေပြီး သူ၏နှုတ်ခမ်းကို စူထားသောကြောင့် သူ့၏မုတ်ဆိတ်မွေးသုံးစုက လေးစားဖွယ်ပညာရှိတစ်ဦးနှင့် မတူတော့ဘဲ သနားစရာကောင်းသော အဘိုးကြီးတစ်ယောက်နှင့်သာ တူနေတော့သည်။
“ကျွန်မ သိပါတယ်၊ ကျွန်မ ဦးလေးအတွက် အခုချက်ချင်း သေရည်သွားချက်ပေးမယ်"
စူးချင်းက ကျိုးပေါ် နစ်နာသူအဖြစ် ဟန်ဆောင်နေရခြင်းမှ ရပ်တန့်နိုင်ရန် သူမ၏လက်ကို မြှောက်ကာ တားဆီးလိုက်သည်။ သူမက အခုချက်ချင်း အဝတ်အစားလဲပြီး အရက်ချက်ရန် အရက်ချက်ရုံထဲသို့ သွားတော့မလို ပြုမူပြလိုက်သည်။
"စူးချင်း၊ ငါ မင်းနဲ့ ရွှေ့ရှန့် ဒုက္ခရောက်အောင် လုပ်ခဲ့မိပြီ"
လီတာ့နျိုက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့တောင်းပန်လိုက်သည်။ စူးချင်းက သူ့ကို စူးစူးစိုက်စိုက်ကြည့်ကာ အေးစက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။
“ဒီလောကကြီးမှာ လှပတဲ့မိန်းမတွေ အများကြီး ရှိတယ်၊ ဒါပေမဲ့ မင်းအတွက်တော့ ရိုးသားဖြူစင်တဲ့ မိန်းခလေးတစ်ယောက်ကို ရှာဖွေလက်ထပ်တာက အကောင်းဆုံးပဲ”
“ငါ နားလည်သွားပါပြီ”
လီတာ့နျိုကလည်း သူမ၏စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူက သူ လှပတဲ့ ဇနီးသည်တစ်ယောက် ရှာတွေ့ခဲ့ပြီလို့ ထင်ခဲ့မိတာလေ၊ ဒါပေမယ့် အဲ့မိန်းမက သူ့ရဲ့မိဘတွေကို သတ်ပြီး ရွှေ့ရှန့်နဲ့ စူးချင်းကိုလည်း ထိခိုက်လုနီးပါး ဖြစ်စေမယ့် အဆိပ်ပြင်းမြွေတစ်ကောင်ဆိုတာကိုတော့ သူ ဘယ်လိုကြိုသိနိုင်မှာလဲ?
တကယ်တော့ သူ နောက်သုံးနှစ်အတွင်း ဇနီးထပ်မရှာနိုင်သေးဘူး။ ပထမတစ်ချက်က သူ ဝမ်းနည်းပူဆွေးကာလကို သုံးနှစ်ကြာစောင့်ထိန်းရမယ်။ ဒုတိယအနေနဲ့ကတော့ သူ အရမ်းကြောက်သွားပြီ၊ သူ နောက်တကြိမ် ဝံပုလွေတစ်ကောင်ကို အိမ်ထဲခေါ်လာမိမှာကို တကယ် ကြောက်သွားပြီ။
“တော်ပါတော့၊ ငါ ကြောက်သွားပြီ”
စူးချင်းကတော့ တစ်ကြိမ် မြွေကိုက်ခံရပြီး ဆယ့်နှနှစ်လောက် ကြိုးကို ကြောက်ရွံ့နေသလို ဖြစ်နေသည့် သူ့အမူအရာကို ကြည့်ရင်း ပြုံးနေပြန်သည်။
"မင်းရဲ့သုံးနှစ်တာ ဝမ်းနည်းပူဆွေးမှုကာလပြီးဆုံးသွားရင် မင်းအတွက် လက်ထပ်ပွဲစီစဉ်ပေးဖို့ ရွှေ့ရှန့်ကို ငါ ပြောပေးမယ်"
“အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့”
လီတာ့နျို၏မျက်လုံးများက ချက်ချင်း တောက်ပလာသည်။
ရွှေ့ရှန့် ရှာပေးတဲ့ အိမ်ထောင်ဖက်ဆိုရင်တော့ ပြဿနာရှိမှာ မဟုတ်တော့ဘူး။
သူ လှပတဲ့ မိန်းမတွေကို မလိုချင်တော့ဘူး။ ဒါပေမယ့် သူတို့ရဲ့ လီမိသားစုအတွက် မျိုးဆက်ကလည်း လိုသေးတယ်လေ။
စူးချင်းက လီတာ့နျိုအား သေချာဂရုစိုက် အနားယူရန် ပြောလိုက်ပြီး အဝတ်အစားလဲကာ ကျိုးပေါ်အတွက် အရက်ချက်ပေးရန် အရက်ချက်ရုံသို့ ဦးတည်လိုက်သည်။
ကျိုးပေါ်က စူးချင်း အရက်ချက်သည်ကို ကြည့်ရန် လက်နှစ်ဖက်နောက်ပစ်ကာ လိုက်ပါလာသည်။
"ဆရာဦးလေး၊ သင်ထားချင်လား?"
“အင်း၊ မင်း ငါ့အတွက် အမြဲတမ်း အရက်ချက်ပေးနေလို့ မရဘူး။ ငါ ကိုယ်တိုင် သင်ယူထားမှ ဖြစ်မယ်။ ဒါမှ ငါ သောက်ချင်လာတိုင်း အချိန်မရွေး သောက်နိုင်မှာ”
ကျိုးပေါ်က ချက်ချင်း သဘောတူလိုက်သည်။
စူးချင်းက အပြုံးဖြင့် ထပ်ပြောလိုက်သည်။
"ကောင်းပြီ ဒါဆို ကျွန်မ သင်ပေးမယ်၊ အခု တခါတည်း သင်ပေးမယ်”
မော့ချန်မှ ကိစ္စအဝဝ ပြီးစီးသွားသဖြင့် စူးချင်းက ယဲ့လွီချွမ်းနှင့် ရှောင်းလန်ရှင်းတို့ ပြန်ရောက်ခြင်း ရှိ၊ မရှိကို စုံစမ်းရန် တာ့ထန်ပြည်ထောင်သို့ လူလွှတ်လိုက်သည်။ ယဲ့လွီချွမ်းအစစ် အသတ်ခံရပြီး သူ့၏နေရာတွင် အတုတစ်ယောက် အစားထိုးခံထားရမည်ကို သူမ အလွန်စိုးရိမ်နေမိသည်။
ထိုသို့စောင့်ဆိုင်းနေစဉ်အတောအတွင်း စူးချင်းက လေ့ကျင့်ရေးကွင်းသို့သွားကာ စစ်သည်များကို ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးနေခဲ့သည်။ ဧကရီကိုယ်တိုင် လေ့ကျင့်ပေးနေသည်ကို မြင်တွေ့နေရသဖြင့် ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များအားလုံး အားတက်နေကြပြီး ဝမ်းသာကျေနပ်နေကြသည်။ တက်ကြွလှုပ်ရှားမှုအပြည့်ဖြင့် ကြွေးကြော်နေသည့် စစ်သည်များ၏ အသံများက ကောင်းကင်ယံတစ်ခုလုံး တုန်ဟည်းသွားမတတ် ကျယ်လောင်နေသည်။ စူးချင်းကလည်း ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်ကျေနပ်အားရဖြစ်နေသည်။
ဒီလို စိတ်ဓာတ်ခိုင်မာမှုအပြည့်နဲ့ အားမာန်တက်ကြွနေတဲ့ စစ်တပ်မျိုးကမှ ဘယ်သူမှ မဖြိုခွင်းနိုင်တဲ့ အင်အားစု ဖြစ်လာလိမ့်မယ်။
စူးချင်းက လုမော့လင်၏လူများ တပ်ထဲသို့ ခိုးဝင်နေခြင်းမှ ကာကွယ်တားဆီးရန်အတွက် စစ်သည်တပ်ဖွဲ့များအား ပြန်လည်စစ်ဆေးရန် လီဖူဟိုင်နှင့် ချန်ယွိအား တောင်းဆိုခဲ့သည်။
နှစ်ရက်စောင့်ပြီးနောက် တာ့ထန်သို့ သွားသည့် စစ်သည်များ ပြန်ရောက်လာပြီး ယဲ့လွီချွမ်းနှင့် ရှောင်းလန်ရှင်းတို့ ကောင်းမွန်စွာ ပြန်ရောက်နေပြီဖြစ်ကြောင်း သတင်းပို့လာခဲ့သည်။ ယဲ့လွီချွမ်းက ရှောင်းလန်ရှင်းကို နောင်အခါ မိဘအိမ်သို့ လိုက်ပို့ပေးမည်ဟုပင် ပြောခဲ့သေးသည်။
သူတို့အားလုံး ဘေးကင်းကြောင်း ကြားရပြီးနောက် စူးချင်းလည်း စိတ်အေးချမ်းသာစွာဖြင့် မြို့တော်သို့ ပြန်လာနိုင်ခဲ့သည်။
အဒေါ်လီနှင့် ဦးလေးလီတို့ ကွယ်လွန်သွားခဲ့သည့်ဖြစ်ရပ်က ကျန်းယွိရန်နှင့် ကျုံးယုံတို့၏ မင်္ဂလာပွဲကို ထပ်မံနှောင့်နှေးစေခဲ့သည်။ သူမ မြို့တော်သို့ ပြန်ရောက်သည့်အချိန်မှ သူတို့အတွက် ကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲတစ်ပွဲ ကျင်းပပေးပြီး ကျန်းယွိရန်နှင့် ကျုံးယုံကို ခမ်းခမ်းနားနား လက်ထပ်ပေးရမည် ဖြစ်သည်။
ကျိုးပေါ်ကလည်း စူးချင်းနှင့်အတူ မြို့တော်သို့ လိုက်ပါလာခဲ့သည်။ စူးချင်းက သူမ၏စနစ်ထဲတွင် အရက်အိုးတစ်ရာ သိမ်းဆည်းလာခဲ့ပြီး လမ်းတွင် ကျိုးပေါ် သောက်ချင်လာသည့်အချိန်တိုင်း အရက်တစ်အိုး ထုတ်ပေးနေခဲ့သည်။
ကျိုးပေါ်က စူးချင်း၏စနစ်ကို အလွန်စိတ်ဝင်စားနေခဲ့သည်။
သူ နှစ်အတော်ကြာအောင် ကျင့်ကြံခဲ့ပေမယ့် ဒီလိုအရာမျိုးကို တစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးဘူး။ အထဲမှာ ဘာရှိလဲဆိုတာ သူ တကယ် သိချင်နေမိတယ်။ ရှားပါးရတနာတွေ အများကြီး ရှိနေတာ ဖြစ်နိုင်မလား?
"ချင်းကောင်မလေး၊ မင်းရဲ့မသေမျိုးတံခါးကို ငါ ဝင်ကြည့်လို့ရနိုင်မလား?"
ကျိုးပေါ်က စူးချင်းကို အပြုံးကြီးဖြင့် ကြည့်ကာ မေးလိုက်ပြန်သည်။
"မရဘူး"
စူးချင်းက သူ့ကို မညှာမတာ ငြင်းပယ်လိုက်သည်။ ကျိုးပေါ်၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားပြီး ရှုံ့မဲ့နေသည့်မျက်နှာဖြင့် စူးချင်းကို တောင်းဆိုလာပြန်သည်။
"တစ်ချက်လေးပဲ ကြည့်မှာပါ"
"လာ သောက်ကြမယ်"
စူးချင်းက အရက်နှစ်အိုးကို ထုတ်လိုက်ပြီး ရထားလုံးထဲရှိ စားပွဲငယ်လေးပေါ်သို့ တင်လိုက်သည်။
"ငါတို့ မမူးမချင်း မရပ်ဘူး"
ကျိုးပေါ်ကို ရဲရဲဝံ့ဝံ့ စိန်ခေါ်လိုက်သည်။
“ဟား ဟား၊ ရတယ်”
“ဟား ဟား”
ကျိုးပေါ်ကလည်း စူးချင်းနှင့်အတူ လိုက်ရယ်မောနေသည်။
ချင်းကောင်မလေးနဲ့အတူ သောက်ရတာက အရမ်းပျော်စရာကောင်းတယ်။ မသေမျိုးတံခါးကို မမြင်ရလည်း ဘာမှ မဖြစ်တော့ဘူး။
သို့သော် သူက စူးချင်းကို ပြဿနာရှာချင်နေသေးသည်။
"အရက်ရှိပေမယ့် အမြည်း မရှိဘူး"
စူးချင်းက အရင်ကတည်းက ပြင်ဆင်ထားပြီးသားကာ မော့ချန်မှ မထွက်ခွာမီ အချိန်ယူပြီး တစ်နေကုန် ချက်ပြုတ်လာခဲ့သည်။ ယခု သူမ၏စနစ်ထဲတွင် သိုးသားကင်၊ ကြက်ကင်နှင့် သိုးခွာအစပ်ဟင်းများ ရှိနေသည်။ ကက်ရှ်ဂါမှ ပြန်လာပြီး သူမ သိုးခွာအစပ်ဟင်း၏ အရသာကို နှစ်သက်လာခဲ့ပြီး ရက်အနည်းငယ်ကြာသည်နှင့် စားချင်စိတ် ပေါက်လာတတ်သည်။
ထို့အပြင် စူးချင်ူက ငရုတ်ကောင်းကြက်သား၊ သိုးသားမုန့်ပေါင်းနှင့် သိုးသားဖက်ထုတ်ပေါင်းတို့ကိုလည်း ပြုလုပ်လာခဲ့သည်။ မော့ချန်တွင် သိုးနှင့် ကြက်များ ပေါများသောကြောင့် သူမ စိတ်တိုင်းကျ ပြင်ဆင်နိုင်ခဲ့သည်။
သူမက အလယ်ပိုင်းလွင်ပြင်၏ နာမည်ကြီး ဟင်းပွဲများဖြစ်သည့် ပျော်ရွှင်ခြင်းလေးပါးအသားလုံး၊ ဝက်သားနီပြားချက်၊ ဝက်ဂုတ်သားကင်၊ ဝက်ချိူချဥ်ပေါင်း၊ အူကြမ်းကြွပ်ကြော်၊ ငါးပဲငံပြာရည်နှပ်၊ ငါးပေါင်း နှင့် ငါးပြုတ်များ ကဲ့သို့သောဟင်းလျာများကိုလည်း ချက်ပြုတ်ခဲ့သည်။
စူးချင်းက သူမ သိသည့် ဟင်းလျာတိုင်းကို ချက်ပြုတ်ပြီး ပူနွေးနေချိန်အတွင်း စနစ်ထဲသို့ ထည့်ထားခဲ့သည်။ ထိုအရာက စနစ်ကို ရူးသွားမတတ် စိတ်ဆိုးစေခဲ့သည်။
မယုံနိုင်လောက်အောင် ကြီးကျယ်မြင့်မြတ်တဲ့ ဒီစနစ်က တော်ဝင်မီးဖိုချောင်အဖြစ် ပြောင်းလဲသွားပြီ...
စနစ်အတွက်တော့ တကယ့်ကို ကြေကွဲစရာပဲ။
စူးချင်းက ကျိုးပေါ်၏အကြည့်အောက်မှာပင် ဟင်းပန်းကန်များ တစ်ချပ်ပြီးတစ်ချပ် ထုတ်ကာ တည်ခင်းလိုက်သည်။ ဟင်းပွဲများအားလုံးက ပူပူနွေးနွေးနှင့် အငွေ့တထောင်းထောင်း ထနေပြီး ခဏအကြာတွင် ရထားလုံးအတွင်း၌ အစားအစာရနံ့များ ပြည့်နှက်လာသည်။
"ချင်းကောင်မလေး၊ တစ်ခုခု အရင် ပြောမှ ဖြစ်မယ်"
ကျိုးပေါ်၏ မျက်လုံးများက မနာလိုမှုအပြည့်ဖြင့် တောက်ပလာပြီး စူးချင်းကို မှုန်ကုပ်ကုပ် လှမ်းပြောလိုက်သည်။
"လုံးဝ မရဘူး"
စူးချင်းက သူ ပြောချင်သည်ကိုပင် မမေးဘဲ တိုက်ရိုက် ငြင်းပယ်လိုက်သည်။
ကျိုးပေါ်က မျက်မှောင်ကြုတ်ကာ တွေးတောနေပြန်သည်။
သူ ဒီလိုအရာတွေကို တခါမှ ဂရုမစိုက်ဖူးဘူး။ ဒါပေမယ့် ဒီမသေမျိုးဂိုဏ်းကတော့ သူ့ကို အရမ်းဆွဲဆောင်နိုင်ပြီး မေ့မရနိုင်ဖြစ်စေတယ်။ ပါ့ဝမ်စွေ့ထက်တောင် ပိုပြီး ဆွဲဆောင်နိုင်တယ်။
“ဆရာဦးလေး၊ လာပါ.... သောက်ကြမယ်”
စူးချင်းက ကျိုးပေါ်ဆီသို့ အရက်တစ်အိုး လှမ်းပေးလိုက်ပြီး သူမက တစ်အိုးကိုင်ကာ မော့သောက်လိုက်သည်။ သူမ သောက်နေသည့်ပုံစံက အလွန်ကြည့်ကောင်းလှသည်။
"ချင်းကောင်မလေး၊ မင်းက ဘယ်နေရာမဆို ယောက်ျားတွေထက်ပိုပြီး လွှမ်းမိုးနိုင်တယ်"
ကျိုးပေါ်တစ်ယောက် စူးချင်း အရက်သောက်နေသည့်ဟန်ပန်ကို ကြည့်ရင်း မနာလိုစိတ်ဖြင့် တောက်ခေါက်လိုက်သော်လည်း မချီးကျုးဘဲလည်း မနေနိုင်ပြန်ပေ။
သူ့ကိုယ်သူ တစ်ခွက်တစ်ထောင်သောက်ရင်တောင် မမူးနိုင်တဲ့ အရက်ချိုးအိုကြီးလို့ သူ ထင်ခဲ့ဖူးတယ်။ သူလည်း အရင်က အိုးလိုက် မော့သောက်ဖူးတာပါပဲ၊ ဒါပေမယ့် ဒီချင်းကောင်မလေးလောက်တော့ ဟန်ဟန်ပန်ပန် မသောက်နိုင်ဘူး။
"ဆရာဦးလေး၊ ဒါက အနောက်ဘက်ဒေသရဲ့ ဟင်းလျာတွေလေ၊ မည်းကြည့်ပါဦး"
စူးချင်းက သိုးခွာအစပ်ဟင်းကို ကျိုးပေါ်ရှေ့သို့ တိုးပေးလိုက်သည်။ ထိုဟင်းက သေရည်နှင့် တွဲ၍ စားသုံးသင့်သော ဟင်းလျာကောင်းတစ်ပွဲဖြစ်သည်။
စူးချင်းတစ်ယောက် ဤကဲ့သို့ တာအိုဘုန်းကြီးဖြစ်ရခြင်းက မဆိုးဘူးသလို ခံစားနေမိသည်။
သူတို့က သေရည်သောက်နိုင်သလို အသားစားခွင့်လည်း ရတယ်လေ။ မိန်းမတောင် ယူခွင့်ရှိတယ်လို့ သူမ ကြားဖူးတယ်။ ဗုဒ္ဓရဟန်းဖြစ်ရတာထက်တော့ ပိုကောင်းတယ်။
“အင်း မြည်းတာပေါ့၊ မင်းတောင် ဒီလို အကြံပေးနေမှတော့ တကယ်ကို မဆိုးလောက်ဘူး”
ကျိုးပေါ်က ဟင်းက လှမ်းခပ်ကာ စားလိုက်သော်လည်း တလုပ်စားရုံဖြင့် စပ်လွန်းလို့ နှာချေလိုက်ရသည်။
"ဒီဟာက အရမ်းစပ်တယ်”
"သောက်လိုက်"
စူးချင်းက သူမ၏ဆရာဦးလေး လျှာကို ထုတ်ကာ လက်ဖြင့် ယပ်ခပ်နေသည်ကို ကြည့်ရင်း ရယ်မောနေခဲ့သည်။
ဒါဆို ဆရာဦးလေးက အစပ် မစားနိုင်ဘူးပေါ့။
သေရည်နှင့် အမြည်းရှိပြီး အရာရာတွင် နှံစပ်ကျွမ်းကျင်သော ဆရာဦးလေးတစ်ယောက် ရှိနေခြင်းက လမ်းခရီးရှည်ကြီးကို အထီးကျန်ခြင်း ကင်းဝေးစေခဲ့သည်။ ကျိုးပေါ်က အလွန်အကျွံ သောက်ထားပြီး စူးချင်းကို ရီဝေဝေဖြင့် ထပ်ပြောလာပြန်သည်။
"ချင်းကောင်မလေး၊ ငါ မင်းအတွက် တွက်ချက်ကြည့်နေတာ၊ ဒါပေမယ့် မင်းက လူသေတစ်ယောက်လို့ အမြဲတမ်း ပြသနေတယ်၊ ဘာလို့လဲ? ငါ တစ်သက်လုံး ဟောကိန်းတွေ တွက်ချက်လာတာ၊ မင်းလို ထူးဆန်းတဲ့ ဇာတာရှင်ကို ပထမဆုံးအကြိမ် ကြုံဖူးတာပဲ”
ထိုစကားက စူးချင်းကို မျက်ခုံးပင့်သွားစေသည်။
ဆရာဦးလေးရဲ့ဟောကိန်းက အမှန်တကယ် တိကျမှန်ကန်တာကို သူမ ဝန်ခံရတော့မယ်။ ဘာပဲဖြစ်ဖြစ် သူမက သေပြီးတဲ့သူပဲ မဟုတ်ဘူးလား? အခြားခန္ဓာကိုယ်ထဲကို ပြန်ဝင်လာတဲ့ လေလွင့်ဝိညာဉ်တစ်ခုသာသာပါပဲ။
စူးချင်းက ကျိုးပေါ်၏စကားကို မကြားချင်ယောင်ဆောင်နေရင်း အရက်အိုးကို ကောက်ယူကာ မော့သောက်လိုက်ပြန်သည်။ ကျိုးပေါ်ကတော့ အလွန်အကျွံ သောက်ထားပြီးဖြစ်ကာ စကားအနည်းငယ်ပြောပြီးနောက် စားပွဲပေါ်သို့ မှောက်ကျသွားပြီး အိပ်ပျော်သွားသည်။
စူးချင်းကလည်း သူမ တစ်ယောက်တည်း သောက်နေရင်း ပျင်းရိလာသည့်အတွက် သူမရှေ့မှ အရာအားလုံးကို ပြန်ဖယ်ကာ ရထားလုံးနံရံကို မှီရင်း မျက်စေ့မှိတ်အနားယူလိုက်သည်။
တကယ်တော့ သူမ ကလေးနှစ်ယောက်ကို အရမ်းလွမ်းနေပြီ။ သူမ ထွက်လာတာ တော်တော်ကြာနေပြီဆိုတော့ ကလေးတွေက သူတို့ရဲ့အမေကို မှတ်မိပါဦးမလား?
ရထားလုံး ခရီးစဥ်ဖြင့် မြို့တော်သို့ ရောက်ရန် အချိန်တစ်ဝက်ခန့် ကြာမြင့်ခဲ့သည်။ မြို့တော်သို့ ရောက်သည်နှင့်တပြိုင်နက် စူးချင်းတစ်ယောက် တော်ဝင်နန်းတော်သို့ ပြန်ရန် မစောင့်နိုင်တော့ပေ။ ကလေးနှစ်ယောက်ကို တွေ့ရတော့မည်ဟု တွေးလိုက်ချိန်တွင် သူမ၏ အမြဲအေးစက်နေတတ်သော မျက်နှာမှ နွေးထွေးမှုများ လျှံထွက်လာသည်။
စူးချင်း၏ ရထားလုံးက မြို့တံခါးသို့ ရောက်လာပြီး စူးချင်းကို သိနေသည့် မြို့စောင့်တပ်သားတချို့က သူမကို တွေ့သည်နှင့် ချက်ခြင်း ဝင်ခွင့်ပေးလိုက်ကြသည်။
ရထားလုံးက နန်းတော်အဝင်ဝတွင် ရပ်သွားပြီး စူးချင်းနှင့် ကျိုးပေါ်တို့က ရထားလုံးပေါ်မှ ဆင်းကာ နန်းတော်ထဲသို့ ဝင်လာကြသည်။ ထိုအချိန်တွင် နန်းတော်မှ ထွက်လာသော လူတစ်စုနှင့် ဝင်တိုးမိသွားသည်။