← Chapters

ဝက်ဖြူ

Vol. 37 Ch. 544

ဝက်ဖြူ

Vol. 37 Ch. 544

အကြီးအကဲထန်၊ မဒမ်ရှီ၊ မာယဲ့၊ ကျူးရင်၊ မန်နေဂျာဝမ် နှင့် မြည်းနက်အဖြစ် ပြောင်းလဲခံထားရသော စမ်းသပ်သူ။

ကောင်းမင်သည် ထိုလူများ၏ အမည်များကို မှတ်သားထားလိုက်သည်။ ဤရွာသည် ခြောက်ခြားဖွယ် ကောင်းလှသည်။ လူသားစစ်စစ် တစ်ယောက်မှ ကျန်ရှိတော့မည် မဟုတ်ပေ။

မြည်းနက်မှာ ကြိတ်ဆုံကို ဆက်လက် လှည့်ပတ်နေဆဲ ဖြစ်သည်။ ကောင်းမင်သည် အိတ်တစ်လုံး ရှာလိုက်ပြီး သိုးသားရေကို အိတ်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် ကုတင်အောက်ရှိ သေတ္တာထဲမှ ကြေးပြားတစ်ပြားကို နှိုက်ယူလိုက်သည်။ သူ ရှေ့ခန်းသို့ ထွက်လာသည်။ သစ်သားတံခါးမှာ ပိတ်လျက်ရှိသည်။ ကောင်းမင်သည် “အသားဆိုင်” ဟူသော ဆိုင်းဘုတ်ကို မြင်လိုက်ရသည် ။

သို့သော် ဆိုင်းဘုတ်မှာ ကျိုးပဲ့နေလေသည်။ ကျိုးနေသော ပျဉ်ပြားကို ကောင်တာနောက်ကွယ်တွင် သိမ်းဆည်းထားသည်။ ဆိုင်ထဲရှိ ပစ္စည်းများမှာ အကုန်ရှင်းလင်းထားခြင်း ခံထားရသည်။ ကောင်းမင်သည် ထိုနေရာကို မွှေနှောက်ရှာဖွေခဲ့သော်လည်း မှောက်ခုံဖြစ်နေသော စားပွဲတစ်ခုအောက်တွင် သံချေးတက်နေသည့် သားသတ်ဓားတစ်လက်ကိုသာ ရှာတွေ့ခဲ့သည်။ ဓားသည်မှာ အနံ့ဆိုးထွက်နေပြီး ဓားရိုးတွင် “ကျူး”ဟူသော စာလုံးကို ထွင်းထုထားသည် ။

“အသားဆိုင်က မန်နေဂျာဝမ် ပိုင်တာပဲ၊ စမ်းသပ်သူ ချန်ထားခဲ့တဲ့ မှတ်တမ်းအရ သားသတ်သမား နာမည်က ကျူးရင်တဲ့ ၊ ဒီဓားက သားသတ်သမားကျူးရဲ့ ဓားလား”

ကောင်းမင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

“ဒီဆိုင်က ဖျက်ဆီးခံထားရတယ်၊ မြည်းနက်က မန်နေဂျာဝမ်ကို ကြိတ်ဆုံထဲထည့်ပြီး ကြိတ်နေပုံရတယ် ၊ ဒါ စမ်းသပ်သူရဲ့ ကလဲ့စားချေမှုလား၊ ဒါမှမဟုတ် မန်နေဂျာဝမ်နဲ့ ကျူးရင်တို့ကြားမှာ ပဋိပက္ခဖြစ်ခဲ့တာလား”

“တကယ်လို့ ပထမတစ်ခုသာ မှန်မယ်ဆိုရင် ဒီရွာထဲက စမ်းသပ်သူတွေက အားမနည်းဘူးလို့ ဆိုနိုင်တယ် ၊ ဒါပေမဲ့ မြည်းနက်က ထွက်ပြေးဖို့ သတ္တိမရှိတာကို ကြည့်ရင် ဒုတိယအချက် ဖြစ်ဖို့ ပိုများတယ်”

ရွာထဲရှိ အိမ်အချို့မှာ ငြိမ်သက်နေပြီး အချို့မှာမူ ဆူညံနေကြသည်။ ရွာသားများသည် အဆင့်အတန်းချင်း မတူညီကြသည်မှာ ထင်ရှားသည်။ အမဲလိုက်ခံရသူနှင့် သားကောင်ဟူ၍ ရှိကြသည်။ ကောင်းမင်သည် ဓားကို အိတ်ထဲသို့ ထည့်လိုက်သည်။သူသည် ဓားကို အလွယ်တကူ ဆွဲထုတ်နိုင်ရန် ဓားရိုးကို အနေအထားပြင်လိုက်သည် ။

“မြွေပါက ရွာပြင်မှာ ပိုက်ဆံလိုက်တောင်းနေတာ၊ သူ ရွာထဲကို မဝင်ရဲတာ သေချာတယ် ၊ သူ့ကို နောက်တစ်ခါ ထပ်တွေ့ရင်တော့ ရွာထဲကို အတင်းဝင်ခိုင်းပြီး ငါ့ဆီကယူသွားတဲ့ ပိုက်ဆံကို ပြန်လုရမယ်”

ကောင်းမင်သည် သတိကြီးကြီး ထားနေသည်။ လှုပ်ရှားသံတစ်ခုကို သူကြားလိုက်ရသောအခါ ချက်ချင်း ပုန်းလိုက်သည်။ ရှေ့တံခါးမှာ တွန်းဖွင့်ခြင်း ခံလိုက်ရသည်။ ကျွမ်းထိုးမှောက်ခုံဖြစ်နေသော စားပွဲနှင့် ကုလားထိုင်များပေါ်သို့ အရိပ်တစ်ခု ကျရောက်လာသည်။ အိမ်ထဲရှိ လေထုပင် ငြိမ်သက်သွားသကဲ့သို့ ရှိသည်။ ကောင်းမင် လှမ်းမကြည့်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော သွေးညှီနံ့ကို ရလိုက်သည် ။

စားပွဲသည် ကြမ်းကြမ်းတမ်းတမ်း ကန်ထုတ်ခံလိုက်ရသည်။ တစ်ဖက်လူသည် တစ်စုံတစ်ခုကို ရှာဖွေနေခြင်း ဖြစ်သည်။ ၎င်းက အရှေ့ခန်းတစ်လျှောက် လှုပ်ရှားနေသည်။ပြီးနောက် လိုက်ကာကို ဆွဲဖွင့်၍ နောက်ဖေးခြံထဲသို့ ဝင်သွား၏။ ကောင်းမင်သည် တုံ့ဆိုင်းမနေတော့ဘဲ အသားဆိုင်ထဲမှ ပြေးထွက်သွားသည် ။

“အဲ့ဒီအရာက တစ်ခုခုကို ရှာနေတာပဲ ၊ သားသတ်သမားကျူးကို များလား ၊ သူက သူ့ဓားကို လိုက်ရှာနေတာလား”

ကောင်းမင်သည် ပိုက်ဆံစက္ကူများရှိရာ လမ်းအတိုင်း နင်းလျှောက်လိုက်သည်။ မကြာမီ အသားဆိုင်နှင့် ကပ်လျက်ရှိသော အိမ်အိုကြီးတစ်လုံးသို့ ရောက်ရှိလာသည်။ အသားဆိုင်နှင့် နှိုင်းယှဉ်လျှင် ထိုအိမ်သည် ပို၍ပင် ဟောင်းနွမ်းစုတ်ပြတ်နေလေသည်။ ကောင်းမင်က နှာခေါင်းကို တရှုံရှုံ့လုပ်လိုက်သည်။ ပြင်းထန်သော သွေးညှီနံ့ကို ရလိုက်သည်။ ၎င်းသည် သူစောစောက မြင်ခဲ့သည့် မကောင်းဆိုးဝါးထံမှ ရသည့် အနံ့မျိုးနှင့် တူလေသည်။ ဝက်အော်သံများနှင့် လူများ ငိုကြွေးနေသံကို သူ ကြားနေရသည် ။

“ဝက်အော်သံနဲ့ လူငိုသံက တစ်နေရာတည်းက လာတာပဲ ၊ ငိုသံကို ရင်းနှီးနေသလိုပဲ ၊ စမ်းသပ်သူတွေထဲက တစ်ယောက်အသံနဲ့ တူတယ်”

ကောင်းမင် မော့ကြည့်လိုက်သည်။ တံခါးဘောင်တွင် အနီရောင်တောက်တောက် လက်ရေးလှကဗျာတစ်ခု ချိတ်ဆွဲထားသည်။ စာလုံးများကို ဖတ်၍ မရတော့ပေ။ ရှေ့စာသားသည် ‘ကောင်းကင်တုန်လှုပ်စေမယ့် အသက်မွေးဝမ်းကျောင်း’ ဖြစ်ပြီး နောက်စာသားမှာ ‘ယင်ကို အဆုံးသတ် ၊ ယန်ကို ဖြတ်တောက်တဲ့ မိသားစု’ ဟု ဆိုထားသည်။ ၎င်းသည် ဤနေရာနှင့် မလိုက်ဖက်သကဲ့သို့ ခံစားရသည်။ ကောင်းမင် တံခါးကို တွန်းကြည့်ရာ အလွယ်တကူ ပွင့်သွားသည်။ အိမ်ရှင်သည် မည်သည့်အရာကိုမှ ကြောက်ရွံ့ပုံမရပေ။ သူသည် တံခါးကို သော့ခတ်မထားသလို လူတွေ အိမ်ထဲဝင်လာမည်ကိုလည်း မစိုးရိမ်ပုံရသည် ။

ကျောက်ပြားများမှာ သွေးစိုနေသော ရွှံ့နွံများထဲသို့ နစ်ဝင်နေလေသည်။ နံရံများအား အမည်းရောင် ပိတ်စများဖြင့် ဖုံးအုပ်ထားပြီး ပြတင်းပေါက် မရှိပေ။ သွေးများ စီးဆင်းရန်အတွက် ရေမြောင်းငယ် နှစ်ခုကို နံရံထောင့်များတွင် တူးထားသည်။ ခြံအလယ်တွင် ရင်ဘတ်ခွဲရန် သစ်သားစင်များ၊ အသားခုတ်သည့် စားပွဲများနှင့် တိရစ္ဆာန် အမွေးများကို မီးမြှိုက်သည့် မီးဖိုများ ရှိနေလေသည်။ ထိုကိရိယာများကို အသုံးပြုခဲ့သည်မှာ အချိန်အတော်ကြာခဲ့လှပြီဖြစ်သည်။ယင်းတို့အားလုံး ရွှံ့များဖုံးလွှမ်းနေသည်ကို ကြည့်၍ သိနိုင်ပေသည်။

သူ အတွင်းသို့ ဆက်မံကြည့်လိုက်ရာ တုတ်ခိုင်သော ကြိုးတစ်ချောင်းဖြင့် ချည်ထားသော ဖြူဖွေးနူးညံ့သည့် ဝက်တစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုဝက်ဘေးရှိ သစ်သားပုံးထဲတွင် ဝက်မွေးများကို ရိတ်ရန် ဘလိတ်ဓားများနှင့် သံကြိုးများ ရှိနေလေသည်။ ဝက်၏ ခြေလက်များသည် ကြိုးချည်ခံထားရသည်။ကောင်းမင်သည် ၎င်းက တုန်ယင်နေသည်ကို မြင်လိုက်ရသည် ။

ဝက်၏ နောက်ဖက်တွင် ၎င်းမမြင်နိုင်သည့် နေရာတွင် ကိရိယာမျိုးစုံ ရှိနေလေသည်။ ခေါင်းဖြတ်သည့်ဓားများ၊ ခွာများကို ခုတ်ထစ်သည့်ဓားများနှင့် အမွေးရိတ်သည့် ဓားငယ်လေးများစွာ ရှိနေသည်။ ၎င်းတို့မှာ အရိုးခြစ်ရန်၊ အသားလွှာရန်နှင့် အခြားအရာများအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော် ဝက်သတ်သည့်ဓားမှာမူ ပျောက်ဆုံးနေလေသည်။ ဝက်သတ်ခြင်းသည် တစ်ချက်တည်းဖြင့် အပြီးသတ် သတ်ဖြတ်ရမည် ဖြစ်သည်။ ဝက်သည် တိရစ္ဆာန်ဖြစ်သော်လည်း နာကျင်မှုကို ကြာရှည်စွာ မခံစားစေသင့်ပေ။ သားသတ်သမားများသည် ၎င်းတို့ကို တစ်ချက်တည်းဖြင့် သတ်ရမည် ဖြစ်သည်။ ဝက်သတ်ခြင်းသည် အပြစ်တစ်ခု ဖြစ်သဖြင့် ဝက်သတ်ဓားတွင် အပြင်းထန်ဆုံးသော ယင်စွမ်းအင်များ ရှိနေတတ်သည် ။

ပတ်ဝန်းကျင်တွင် တစ်စုံတစ်ယောက် ရှိနေသည်ကို အာရုံခံမိသောအခါ ဝက်သည် ပို၍ တုန်ယင်လာတော့သည်။ ကောင်းမင်သည် ဝက်ကို လန့်မသွားစေရန် ဖြည်းညင်းစွာ လှုပ်ရှားလိုက်သည်။

ဝက်ခေါင်းထဲရှိ လူသားမျက်လုံးတစ်စုံက ကောင်းမင်ကို လှမ်းကြည့်သည်။ ထိုမျက်လုံးများထဲတွင် မျက်ရည်များနှင့် မျှော်လင့်ချက်များ ပေါ်လာသည်။ ဝက်သည် စကားပြောချင်နေသော်လည်း ၎င်း၏ ပါးစပ်မှာ ပိတ်ဆို့ခံထားရသည် ။

“ရှူး...ငါ မင်းကို လာကယ်တာ”

ကောင်းမင်သည် ဓားဖြင့် ဝက်ပါးစပ်တွင် စည်းထားသော ပိတ်စကို ဖြတ်လိုက်သည်။ ဝက်၏ နှုတ်ခမ်းအနားစွန်းများကို အတူတကွချုပ်ထားသည်ကို သူသတိပြုမိလိုက်သည်။ သူသည် အပ်ချည်များကို ဖြည်းညင်းစွာ ဖြည်ပေးလိုက်သည်။ ဝက်၏လည်ချောင်း အနက်ပိုင်းနေရာတွင် လူတစ်ဦး၏မျက်နှာကို သူ မြင်လိုက်ရသည်။ထိုထူးဆန်းသော ဖြစ်ရပ်ကြောင့် ကောင်းမင် ရပ်တန့်သွားသည်။ ထိုအမျိုးသား၏ မျက်နှာက မျက်မှောင်ကြုတ်သွားသည် ။

“ကျုပ် ခင်ဗျားကို မှတ်မိပြီ ၊ ယဇ်ပလ္လင်အခန်းထဲမှာတုန်းက ခင်ဗျားက ယဇ်ပလ္လင်ထဲမှာ လှုပ်ရှားနေတဲ့ ထိုက်ဆွေကို မြင်ရတယ်လို့ ပြောခဲ့တယ်”

ကောင်းမင်က ခပ်တိုးတိုး ပြောလိုက်သည်။

“သားသတ်သမား မကြာခင် ပြန်လာတော့မယ် ၊ ကျုပ် ခင်ဗျားကို ဘယ်လိုကယ်ရမလဲ”

“အိပ်မက်ဆိုးထဲက အရာအားလုံးက သင်္ကေတတွေပဲ ၊ ခင်ဗျားက ဒါကို သင်္ကေတနည်းနဲ့ ဖြေရှင်းဖို့ လိုတယ် ၊ ဒီရွာထဲက အရာအားလုံးနဲ့ လူတိုင်းက တစ်ခုခုနဲ့ ဆက်စပ်နေတာ ၊ ဒါက စိတ်ခံစားချက်၊ ကျိန်စာ ဒါမှမဟုတ် ဗီဇပြောင်းသွားတဲ့ စမ်းသပ်သူတစ်ယောက် ဖြစ်နိုင်တယ် ၊ သူတို့ကို သာမန်နည်းလမ်းနဲ့ သတ်လို့မရဘူး ၊ သူတို့ကို မဖျက်ဆီးခင် သူတို့က ဘာလဲဆိုတာ အရင်ခွဲခြားဖို့ လိုတယ်”

လည်ချောင်းထဲမှ လူက အလျင်အမြန် ပြောလိုက်သည်။

“ဒီမှာ ပြုပြင်မွမ်းမံမှု ၁၃ မျိုးရှိတယ် ၊ ကျုပ်က ကျုပ်မိတ်ဆွေကို ဝိညာဉ်ဘုရားကျောင်း တည်ဆောက်ဖို့ ကူညီပေးနေတာ ၊ကျုပ် ပစ္စည်းတွေ ရှာနေတုန်း သားသတ်သမားရဲ့ ဖမ်းတာ ခံလိုက်ရတာပဲ ၊ သူ့ကို သတင်းသွားပို့ပေးဖို့ ခင်ဗျား ကူညီပေးနိုင်မလား”

ထိုလူက ကောင်းမင်ကို မယုံကြည်ပေ။ အိပ်မက်ဆိုးထဲတွင် ကိုယ့်မိသားစု အရင်းခေါက်ခေါက်ကပင် သစ္စာဖောက်နိုင်သည်ဖြစ်ရာ သူစိမ်းတစ်ယောက်ကို ပို၍ပင် မယုံရဲပေ။

“ခင်ဗျား အဲ့ဒီအချိန်အထိ တောင့်ခံထားနိုင်ပါ့မလား”

“အသားစားမယ့်ဝက်ကို မသတ်ခင်မှာ အရင်သန့်စင်ရတယ် ၊ အဲ့ဒီအဓိပ္ပာယ်က ဝက်ကို မသတ်ခင် တစ်ရက် အစာငတ်ထားရမယ် ဆိုတာပဲ ၊ ကျုပ် ဒီတစ်ညတော့ တောင့်ခံထားနိုင်ပါသေးတယ်”

ထိုလူသည် ကျိုးကြောင်းဆင်ခြင်တတ်သူဖြစ်သည်။

“ကျုပ်မိတ်ဆွေနာမည်က ဖေးကုန်းပါ ၊ သူက အနောက်ဘက်လမ်းက ဘုရားကျောင်းနောက်မှာ ရှိတယ် ၊ ဒါကို ယူသွားလိုက်ပါ ၊ ခင်ဗျား သူ့ကို ဒါပြလိုက်ရင် သူအကုန်နားလည်သွားပါလိမ့်မယ်”

ထိုလူက ဖယောင်းဖြင့် ပိတ်ထားသော အလုံးလေးတစ်လုံးကို ထွေးထုတ်လိုက်သည်။ကောင်းမင်သည် ထိုအထဲတွင် ဘာရှိမှန်း မသိပေ။

“ဒါကို မဖွင့်ပါနဲ့ ၊ ဒီအရာက ဘုရားကျောင်းတည်ဆောက်ဖို့အတွက် အသုံးဝင်ပေမဲ့ လူ့ခန္ဓာကိုယ်ကိုတော့ အကြီးအကျယ် ထိခိုက်စေနိုင်တယ်”

ထိုလူသည် ပင်ပန်းနေပုံရသည်။

“တကယ်လို့ ခင်ဗျားအောင်မြင်ခဲ့ရင် ကျုပ်နဲ့ ကျုပ်မိတ်ဆွေက ခင်ဗျားရဲ့ ပြုပြင်မွမ်းမံမှုကို ကူညီပေးပြီး ဒီအိပ်မက်ဆိုးကနေ လွတ်မြောက်အောင် လုပ်ပေးပါ့မယ်”

All Chapters