← Chapters

ကြက်သီးထဖွယ်

Vol. 37 Ch. 542

ကြက်သီးထဖွယ်

Vol. 37 Ch. 542

“တခြားစမ်းသပ်မှုတွေတုန်းကတော့ မသေဆေးက စမ်းသပ်သူတွေကို သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ အိပ်မက်ထဲပဲ ထည့်ပေးလေ့ရှိတာ၊ ဒါပေမဲ့ ဒီတစ်ခါတော့ ကွဲပြားနေသလိုပဲ၊ လမ်းတစ်လျှောက်လုံး ငါဘယ်အချိန် အိပ်မက်ထဲ ရောက်သွားမှန်းတောင် မသိလိုက်ဘူး”

ကောင်းမင် တံခါးထဲဝင်လာစဉ်က သူ၏လည်ကုပ်နောက်ဘက်တွင် နာကျင်မှုကို ခံစားခဲ့ရသော်လည်း ထိုနာကျင်မှုမှာ ယခင်စမ်းသပ်မှုများနှင့် မတူပေ။

“တစ်ယောက်ယောက်က အိပ်မက်ထဲဝင်တဲ့ လုပ်ငန်းစဉ်ကို တမင်ဖုံးကွယ်ထားတာလား၊ ဒါက တခြားသူတွေနဲ့မတူဘဲ ထူးခြားတဲ့ ဦးနှောက်တစ်ခုမို့လို့လား၊ ဒါ နံပါတ် ၂ ရဲ့ ဦးနှောက်နယ်ပယ်လား”

ဤကမ္ဘာကြီးတွင် တစ်ခုတည်းသော အလင်းရင်းမြစ်မှာ အနီးနားရှိ ရွာကလေးမှ ထွက်ပေါ်လာသည့် အားနည်းသော မီးရောင်များသာ ဖြစ်သည်။ ရွာအစွန်တစ်လျှောက် တစ်ယောက်တည်း လျှောက်နေရခြင်းသည် ကောင်းမင်အတွက် ထူးဆန်းသည့် ခြောက်ခြားဖွယ်ရာကို ခံစားနေရသည်။ ထိုအိပ်မက်သည် တခြားအိပ်မက်များထက် ပို၍ ထူးဆန်းနေလေသည်။ ကမ္ဘာကြီးတစ်ခုလုံးက အချိန်မရွေး ပြောင်းလဲသွားနိုင်သကဲ့သို့ ခံစားနေရသည် ။

“တခြားသူတွေက ရွာထဲမှာ တိုက်ရိုက် ပေါ်လာကြတာလား”

ကောင်းမင် ရွာဘက်သို့ ဦးတည်လျှောက်လာစဉ် လမ်းမပေါ်မှ တစ်စုံတစ်ယောက်က သူ့ကို လက်ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။ ထိုလူမှာ သေးငယ်ပြီး ညစ်ပတ်ကာ ပွယောင်းယောင်း ဂွမ်းအင်္ကျီကို ဝတ်ထားသည်။ ကောင်းမင်က ထိုလူကို လျစ်လျူရှုလိုက်သော်လည်း ထိုလူသည် တစ်နည်းနည်းဖြင့် လမ်းရှေ့တွင် ထပ်မံ ပေါ်လာပြန်သည်။ ကောင်းမင် ရွာထဲသို့ သွားနေစဉ် တစ်ဖက်လူက သူ့ကို လမ်းတွင် လာရောက်နှောင့်ယှက်နေခြင်း ဖြစ်သည်။

ရွာပြင်တွင် ကြာကြာနေလေလေ ကောင်းမင်၏ နှလုံးခုန်သံမှာ ပိုမိုမြန်ဆန်လာလေ ဖြစ်သည်။ စိုးရိမ်စိတ်များမှာ ပိုမိုပြင်းထန်လာသည်။ သူသည် ရှေ့သို့ အတင်း တိုးသွားလိုက်သည်။

“ငါက ငါ့လမ်း ငါလျှောက်တယ်၊ သူကလည်း သူ့လမ်းသူလျှောက်တယ်၊ ငါတို့လမ်းတွေ မဆုံကြပါစေနဲ့လို့ မျှော်လင့်ရတာပဲ”

သူ ရှေ့သို့ ဆက်သွားနေစဉ် အမှောင်ထဲရှိ ပုံရိပ်သည် ခပ်အေးအေး လမ်းလျှောက်ထွက်လာသည်။ ၎င်းက ခေါင်းမော့လိုက်သောအခါ တိရစ္ဆာန်မျက်နှာတစ်ခု ပေါ်လာသည်။ ထိုပုံရိပ်မှာ လူ့အဝတ်အစားများ ဝတ်ဆင်ထားသော အဝါရောင်မြွေပါတစ်ကောင် ဖြစ်နေသည်။ ၎င်းသည် လူသားတစ်ဦးကဲ့သို့ နောက်ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်နေလေသည်။ ၎င်း၏ မှောင်မိုက်သော မျက်လုံးများက ကောင်းမင်ကို စိုက်ကြည့်နေသည်။ ၎င်းသည် ကောင်းမင်ထံမှ တစ်ခုခုကို တောင်းဆိုနေသကဲ့သို့ ချွန်မြနေသော လက်သည်းများကို ဆန့်ထုတ်လိုက်သည်။

ကောင်းမင် မျက်မှောင်ကြုတ်လိုက်ပြီး ဘာဆက်လုပ်ရမည်ကို စဉ်းစားလိုက်သည်။ သူသည် အိပ်မက်ဆိုးထဲသို့ ရောက်ခါစဖြစ်ပြီး မည်သည့် သဲလွန်စမှ မရှိသေးပေ။ အစောကြီးမှာတင် သူ့ကိုယ်သူ ထုတ်ဖော်ပြသလိုက်ပါက ပစ်မှတ်ထားခံရနိုင်ပြီး နောက်ပိုင်းတွင် ပိုင်ဖုန်းကို ကူညီနိုင်တော့မည် မဟုတ်ပေ။

“မင်း ငါ့ဆီက ဘာလိုချင်တာလဲ”

ကောင်းမင် ထိုသို့ပြောလိုက်သည်နှင့် သူမှားသွားမှန်း သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် မြွေပါက ပြုံးဖြဲဖြဲလုပ်လိုက်ပြီး ကောင်းမင်ကိုင်ထားသော ပိုက်ဆံအိတ်ကို လက်သည်းဖြင့် ညွှန်ပြလိုက်သောကြောင့် ဖြစ်သည်။

“မင်းက လူသေရဲ့ ပိုက်ဆံကို လိုချင်တာလား၊ငါ ဒါကို ခေါင်းတလားထဲက ရလာတာ”

ကောင်းမင် ကြေးပြားတစ်ပြားကို ထုတ်ယူလိုက်သည်။ ၎င်းကို မြွေပါဆီသို့ ပစ်ပေးလိုက်ပြီးနောက် သူ ရွာဘက်သို့ ပြေးတော့သည်။ သူ နောက်လှည့်ကြည့်လိုက်ရာ မြွေပါက သူ့နောက်ကို လိုက်မလာကြောင်း သိလိုက်ရသည်။ ထိုအစား လူသေသင်္ချိုင်းဟောင်း အနီးရှိ ဘုရားကျောင်းငယ်လေးတွင် ဖယောင်းတိုင်အလင်းများ လင်းလက်လာသည်။ ဖြစ်နိုင်သည်မှာ အခြားစမ်းသပ်သူတစ်ဦး ထိုနေရာတွင် ပေါ်လာခြင်းဖြစ်နိုင်သည် ။

ကျောက်ပုံကြီးသည် ဘေးနားရှိ ရွာအဝင်ကျောက်တိုင်ထက်ပင် ကြီးမားနေသည်။ သို့သော်လည်း ရွာအဝင် ကျောက်တိုင်သည်လည်း လူကြီးနှစ်ယောက် ဖက်နိုင်လောက်အောင် လုံးပတ်ကြီးမားနေဆဲဖြစ်သည်။

“အိပ်မက်ချိုးဖျက်မြို့”

သွေးစာလုံးကြီး တစ်လုံးချင်းစီကို စာလုံးအသေးလေးများစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အနားသို့ ရောက်သွားသောအခါ ထိုစာလုံးအသေးလေးများသည် နာမည်များ ဖြစ်နေကြောင်း ကောင်းမင် သိလိုက်သည်။ အချို့နာမည်များမှာ ဖျက်ဆီးခံထားရသည်။ နာမည်အများစုသည် အနီရောင်ဖြစ်ပြီး အနည်းငယ်သာ အနက်ရောင် ဖြစ်နေသည်။

“ဒါတွေက ရွာသားတွေရဲ့ နာမည်တွေလား၊ သူတို့ ဒီရွာကို တည်ဆောက်ခဲ့ကြတာလား၊ ဘယ်လိုလဲ”

ကောင်းမင် သတိထားနေသည်။

“ဒါက အဆင့် ၅ ကို တက်လှမ်းမယ့် စမ်းသပ်သူတွေအတွက် စမ်းသပ်ချက်ပဲ၊ ကုမ္ပဏီရဲ့ အဓိက လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားမှာ သေချာတယ်၊ ဒီနေရာကို ငါ အထင်သေးလို့ မဖြစ်ဘူး”

မသေဆေးကုမ္ပဏီသည် မည်သည့် သဲလွန်စမှ ပေးမထားသဖြင့် ကောင်းမင်သည် ထိုနေရာကို ကိုယ်တိုင် စူးစမ်းရတော့မည် ဖြစ်သည်။ သူသည် မြင့်မားသော ကျောက်စာတိုင်များကို ဖြတ်ကျော်လာခဲ့သည်။ ကောင်းမင်သည် ရွာနံရံများပေါ်တွင် ထွင်းထုထားသော စာသားများကို တွေ့လိုက်ရသည် ။

“လူတစ်ယောက်ကို မြင်ရင် မပြုံးပါနဲ့၊ သရဲတစ်ကောင်ကို မြင်ရင် မကိုးကွယ်ပါနဲ့၊ တိရစ္ဆာန်တစ်ကောင်ကို မြင်ရင် စကားမပြောပါနဲ့၊ ဆိုးယုတ်စိတ်ကို မြင်ရင် မကြောက်ပါနဲ့”

“ငါ မြွေပါဝါနဲ့ စကားပြောခဲ့မိပြီး သူကလည်း ငါ့ကို ပြုံးပြခဲ့တယ်”

ကောင်းမင် စိုးရိမ်သွားသည်။ သူ ရှေ့ဆက်လျှောက်သွားစဉ် ထွင်းထုထားသော စာသားများ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။

“ဝင်ဖို့ လွယ်တယ်၊ ထွက်ဖို့ ခက်တယ်၊ ငရဲမင်းက မင်းရဲ့ အသက်ကို တောင်းဆိုနေပြီ၊ ကောက်ကျစ်တဲ့ သရဲတွေကို သတိထားပါ”

“ဘာတွေ ဖြစ်နေတာလဲ”

ကောင်းမင် လမ်းမပေါ်တွင် ကြာကြာမနေရဲတော့ပေ။ ရွာကြီးသည် သူ့အား မကောင်းသော ခံစားချက် ပေးနေသည်။ အဆောက်အအုံများမှာလည်း ယခုခေတ်ဖြစ်ပုံ မခံစားရချေ။

“ဒီမှာ တည်းခိုခန်းလိုမျိုး တစ်ခုခုတော့ ရှိရမှာပဲ”

သူသည် ကျန်ရှိနေသော ကြေးပြားနှစ်ပြားကို ကိုင်ထားရင်း ကျောက်စရစ်လမ်းအတိုင်း လျှောက်လာလိုက်သည်။ အဆောက်အအုံအများစုသည် တစ်ခုခုကို ရှောင်ရှားနေကြသကဲ့သို့ မီးများ ပိတ်ထားကြသည်။ ကောင်းမင် အချိန်အတော်ကြာ လျှောက်လာပြီး မီးရောင်များ ပိုမြင်တွေ့လာရသည်။

လမ်းမကြီးမှာ လမ်းသုံးခွ ဖြစ်သွားသည်။ ဘယ်ဘက်လမ်းမှ မောင်းတီးသံများကို ကြားနေရသည်။ ညာဘက်လမ်းမှာမူ ကျောက်စရစ်နှင့် ရွှံ့နွံများ ရောနှောနေပြီး လမ်းပေါ်တွင် ပိုက်ဆံစက္ကူများနှင့် ဝိညာဉ်ခေါ်အလံများ ပြန့်ကျဲနေသည်။ အလယ်လမ်းတွင်မူ အနီရောင်မီးအိမ်များကို ချိတ်ဆွဲထားသည်။

ကောင်းမင်သည် အလယ်လမ်းအတိုင်း အလျင်အမြန် လျှောက်သွားလိုက်သည်။

အနီရောင် မီးအိမ်များကို အနီရောင်တံခါးဘေးတွင် ချိတ်ဆွဲထားသည်။ အခြားအိမ်များမှာ သေနေသကဲ့သို့ ငြိမ်သက်နေသော်လည်း ထိုအိမ်မှာမူ အိုးခွက်ပန်းကန်သံများဖြင့် သက်ဝင်လှုပ်ရှားနေသည်။ ကောင်းမင်သည် တံခါးအနားသို့ တိုးသွားပြီး အပေါက်မှတစ်ဆင့် ချောင်းကြည့်လိုက်သည်။ စက္ကူပြတင်းပေါက်များကို ပိတ်စများဖြင့် အလှဆင်ထားသည်။ အုတ်နံရံများနှင့် သစ်သားတံခါးများကို မင်္ဂလာရှိသော လက်ရေးလှစာသားများဖြင့် အလှဆင်ထားကြသည်။ သူတို့သည် ပျော်ရွှင်စရာအခမ်းအနားတစ်ခုကို ဆင်နွှဲနေပုံရသည် ။

“ဒါက သေလူချင်း လက်ထပ်ပေးတဲ့ မင်ဟွန်းအခမ်းအနားလား”

ကောင်းမင် ထိုသို့တွေးလိုက်သည်နှင့် အိမ်ထဲမှ အသံဗလံများ ရုတ်တရက် အေးခဲရပ်တန့်သွားသည်။ တိတ်ဆိတ်ခြင်းက ကောင်းမင်ကို လွှမ်းခြုံသွား၏။သူသည် စိုက်ကြည့်နေသော အကြည့်များစွာကို ခံစားလိုက်ရသော်လည်း မည်သူ့ကိုမျှ မမြင်ရပေ ။

“သတို့သား ပြန်လာပြီ”

အတွင်းခန်းမှ အိုမင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ကောင်းမင်၏ ပတ်ဝန်းကျင်တွင် ခြေသံများ ပဲ့တင်ထပ်လာတော့သည်။ သူ တုံ့ဆိုင်းမနေခဲ့ပေ။ သူတံခါးကို ပိတ်လိုက်ပြီး ပိုက်ဆံစက္ကူများရှိရာ ရွှံ့လမ်းအတိုင်း ပြေးတော့သည်။ ထိုခြေသံများမှ သူ လွတ်အောင်မပြေးနိုင်မှန်း သိသည်။ သူသည် လမ်းချိုးတစ်ခုတွင် ကွေ့လိုက်ပြီး ကျပန်းအိမ်တစ်အိမ်၏ နံရံပေါ်မှ ခုန်ကျော်ကာ ခြံထဲသို့ ဝင်လိုက်သည် ။

ခြေသံများမှာ လမ်းအတိုင်း လွင့်ပါးသွားသည်။ ကောင်းမင်သည် ခြေသံများ ပျောက်ကွယ်သွားသည်အထိ အသက်အောင့်ထားလိုက်သည်။ သူ သက်ပြင်းချရန် ပြင်လိုက်စဉ် ခြံထဲရှိ အရာတစ်ခုကို မြင်လိုက်ရသည်။ ကြိတ်ဆုံတစ်ခုကို ဆွဲနေသော မြည်းအနက်တစ်ကောင် ရှိနေလေသည်။ ကြိတ်ဆုံထဲတွင် ဘာရှိနေသည်ကို ပြောရန် ခက်သော်လည်း သွေးရည်များမှာ ဆက်တိုက် စီးထွက်နေသည်။ မြည်းအမည်းက ကြိတ်ဆုံအောက်ခြေရှိ အရည်များကို လျက်လိုက်တိုင်း ၎င်းမှာ အားအင်များ ပြန်လည် ပြည့်ဝလာပုံရသည် ။

“ကယ်ပါ...”

ကြိတ်ဆုံထဲမှ အားနည်းသော အသံတစ်ခု ထွက်ပေါ်လာသည်။၎င်းသည် အဖိုးအိုတစ်ဦး၏ အသံနှင့် တူသည်။ ထိုအသံက မြည်းကို ကောင်းမင်ရှိနေကြောင်း အချက်ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။ ရှည်လျားသော မြည်းမျက်နှာကြီးက ကောင်းမင်ဘက်သို့ လှည့်လာလေသည်။ ၎င်း၏ ပါးစပ်သည် သွေးများဖြင့် ပြည့်နှက်နေသည် ။

“ဓားရှိတယ်... အိမ်ထဲမှာ ၊အဲ့ဒါက မလှုပ်နိုင်ဘူး ၊ သတ်... မြည်းကို”

ကြိတ်ဆုံထဲမှ အသံက တိုက်တွန်းလိုက်သည်။ ၎င်းမှာ ဤအခွင့်အရေးကို မကြုံတွေ့ရခင်အထိ အချိန်အတော်ကြာအောင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပုံရသည်။ မောပန်းနေသော အသံမှာ မျှော်လင့်ချက်ကြောင့် မြင့်တက်လာလေသည်။

“ဒီမြည်းစုတ်ကို သတ်ပစ်စမ်းပါ”

ကောင်းမင် ဤကိစ္စတွင် ဝင်မပါချင်ပေ။ ထိုအသံကသာ စကားမပြောခဲ့လျှင် မြည်းက သူ့ကို ရှာတွေ့သွားမည် မဟုတ်ပေ ။

မြည်း၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသောအခါ ကောင်းမင်သည် ပြောမပြနိုင်သော ဖိအားကို ခံစားလိုက်ရသည်။ သူ၏ အသိစိတ်မှာ ရွှံ့နွံထဲ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည် ။

ကောင်းမင် သူ၏လျှာကို ကိုက်လိုက်သည်။ သူသည် ကြိတ်ဆုံထံမှ မျက်နှာလွှဲလိုက်ပြီး အိမ်ထဲသို့ ပြေးဝင်သွားလိုက်သည်။

All Chapters