ရာထူးအာဏာအတွက် ရည်ရွယ်၍
Vol. 45 Ch. 659
"ချင်းအာ"
စူးဟန်ရွှမ်က သူ၏သမီးကို မြင်သွားပြီး ခြေလှမ်းကျယ်များဖြင့် အပြေးအလွှား လျောက်လှမ်းလာသည်။
သူ သူ့သမီးလေးကို မတွေ့ရတာ နှစ်လနီးပါးရှိနေပြီဆိုတော့ သူ သူ့သမီးလေးကို အရမ်းလွမ်းဆွတ်နေခဲ့တာလေ။ တကယ်တော့ သတိရတာအပြင် စိတ်လည်း ပူရသေးတယ်။ သူ့သမီးလေးက အန္တရာယ်တွေထဲကို အမြဲတိုးဝင် စွန့်စားတတ်တော့ မိဘတစ်ယောက်အနေနဲ့ သူ့နှလုံးသားက သူ့လည်ချောင်းထဲကို အမြဲရောက်နေရတယ်။
“အဖေ”
“ဦးလေး”
စူးချင်းကလည်း သူ့အဖေနှင့် သူ့ဦးလေးလွမ်ချင်းရှန်တို့ကို မြင်သွားပြီး အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။ ယခုအချိန်တွင် လွမ်ချင်းရှန်က ပထမအဆင့်အရာရှိတစ်ဦး ဖြစ်နေပြီ ဖြစ်ကာ သူ၏ စိတ်နေသဘောထားက ကျင့်ရှီလျိုမြောင်တွင် ရှိနေစဉ်ကနှင့် မတူပဲ လုံးဝ ကွဲပြားနေပြီ ဖြစ်သည်။ သူက ဂုဏ်သိက္ခာအပြည့်ဖြင့် တင့်တယ်သောဟန်ပန်မျိုး ဖြစ်လာခဲ့သည်။
"ချင်းအာ၊ ပြန်လာပြီပေါ့"
လွမ်ချင်းရှန်ကလည်း စူးချင်းကို အပြုံးဖြင့် ပြန်နှုတ်ဆက်လိုက်သည်။ လူများက ပျော်လာလျှင် စိတ်ဓာတ် တက်ကြွလာတတ်ပြီး သူ့၏မျက်နှာပေါ်တွင်လည်း ဖုံးကွယ်မရနိုင်သည့် အပြုံးတစ်ခု ရှိနေသည်။
"ဂုဏ်ယူပါတယ်၊ ဒါက ကောင်လေးပဲ"
ဤအတောအတွင်း နှုတ်ဆိတ်နေခဲ့သော ကျိုးပေါ်က လွမ်ချင်းရှန်ကို ကြည့်ကာ ရုတ်တရက် ဂုဏ်ပြုစကားဆိုလိုက်သည်။ ထိုစကားကို ကြားလိုက်ချိန်တွင် လွမ်ချင်းရှန်၏မျက်နှာပေါ်ရှိ အပြုံးက ပို၍ တောက်ပလာပြီး သူက ကျိုးပေါ်ကို ဦးညွှတ်ရင်း ကျေးဇူးတင်စကားပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ တာအိုဆရာတော်ကြီး၊ ခင်ဗျားရဲ့ကြင်နာမှု့အတွက် ကျေးဇူးတင်ပါတယ်"
"အဒေါ့်မှာ ကိုယ်ဝန်ရှိနေတာလား?"
စူးချင်းက သူမ၏အဒေါ် ကိုယ်ဝန်ရှိနေမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
အဒေါ်က အသက်လေးဆယ်ကျော်နေပြီ မဟုတ်လား? အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်အတွက် ကလေးရတာက အတော်လေးကို ပျော်ရွှင်စရာတစ်ခုပဲ။
ပြီးတော့ ဦးလေးနဲ့ အဒေါ်မှာ သမီးလေးတစ်ယောက်ပဲ ရှိတယ်၊ သူတို့ လွမ်ဟုန်ကို မွေးပြီးကတည်းက အဲ့ဒီနောက်မှာ ကိုယ်ဝန်ထပ် မရတော့ဘူး။ အခု သူတို့ အသက်ကြီးလာမှ ကိုယ်ဝန်ထပ်ရလာတယ်။ သူတို့ ဘယ်လိုလုပ်ပြီး မပျော်ရွှင်ပဲ နေနိုင်ကြမှာတုန်း။
“စူးချင်း၊ မင်း မင်းရဲ့အဒေါ်အတွက် ပေးခဲ့တဲ့ ဆေးတွေအတွက် အများကြီး ကျေးဇူးတင်ပါတယ်။ မင်းရဲ့အဒေါ် နှစ်တွေအများကြီး ခံစားခဲ့ရတဲ့ ဝမ်းဗိုက်အောက်ပိုင်း အေးစက်မှုက သက်သာပျောက်ကင်းသွားပြီ၊ အခု သူ(မ)မှာ ကိုယ်ဝန်ရှိနေပြီ”
လွမ်ချင်းရှန်က ဂုဏ်ယူဝင့်ကြွားမှုအပြည့်ဖြင့် ပြုံးနေခဲ့သည်။
သမီးတစ်ယောက်ရှိရုံနဲ့ လုံလောက်ပြီလို့ သူ အမြဲပြောနေခဲ့ပေမယ့် သားလေးတစ်ယောက် ရလာရင် မပျော်တဲ့သူရယ်လို့ ရှိပါ့မလား?
ဘာပဲဖြစ်ဖြစ် သားကမှ မိဘရဲ့မျိုးရိုးကို လက်ဆင့်ကမ်းနိုင်တာလေ။ သမီးကနေ မွေးလာမယ့် ကလေးတွေက သားမက်ရဲ့ မျိုးရိုးအမည်ကို ခံယူကြရမှာ။
“အဒေါ်ရဲ့သားအိမ်က အရမ်းအေးနေလို့ ဆေးစာ ပေးလိုက်တာပါ"
စူးချင်းကတော့ အလကားသက်သက် မျက်နှာသာမလိုချင်ပေ။
သူမ အဒေါ်ရဲ့ရောဂါက ဒီလောက် မြန်မြန် ပျောက်ကင်းသွားမယ်လို့ သူမ မမျှော်လင့်ထားခဲ့ဘူး။ ပြီးတော့ မြေသြဇာကောင်းတဲ့ မြေကွက်တစ်ကွက်လည်း ရှိနေသေးတယ်၊ ဘယ်လောက်ကြာသေးလို့လဲ? ဘယ်လိုလုပ် ဒီလောက်မြန်မြန် ကိုယ်ဝန်ရနိုင်တာတုန်း?
ယွင်အာနဲ့ ကျစ်ချီကတော့ သူတို့ထက်ငယ်တဲ့ ဦးလေးတစ်ယောက် ရလာတော့မယ်။
လွမ်ဟုန်ကလည်း သူမရဲ့ ဒုတိယမြောက်ကလေးကိုတောင် မွေးဖွားပြီးပြီ။ အခု သူမရဲ့မိခင်က သူမကို အံ့သြစရာ ပေးလိုက်ပြီပေါ့။ ဒီသတင်းကြားပြီးရင် လွမ်ဟုန် ဘယ်လိုခံစားရမလဲ?
"ချင်းအာ၊ လာ၊ သွားကြမယ်၊ အဖေ မင်းကို လိုက်ပို့ပေးမယ်"
စူးဟန်ရွှမ်က သူ့သမီးနှင့် စကားပိုပြောချင်နေသည်။ ထို့အပြင် ယခု သူ့သမီး ပြန်ရောက်လာသောကြောင့် နောက်ဆုံးတွင် သူလည်း သူ့ဇနီးနှင့် သီးခြားနေထိုင်ရန် မလိုအပ်တော့ပေ။
ဤနှစ်လက သူ့အတွက်လည်း မလွယ်ကူခဲ့ပေ။ ဇနီးဖြစ်သူကို လွမ်းဆွတ်တိုင်း နန်းတော်ဆီသို့ အပြေးလာနေရသည်။ ပုံမှန်အားဖြင့် ပြင်ပအရာရှိတစ်ဦးအနေဖြင့် နန်းတော်အတွင်းသို့ မကြာခဏ ဝင်ရောက်ခွင့်မရှိချေ။ ထို့ကြောင့် စူးဟန်ရွှမ်က လွမ်းဆွတ်မှုကို တောင့်ခံပြီး ဆယ်ရက်တစ်ကြိမ်သာ နန်းတော်ထဲသို့ ဝင်လေ့ရှိသည်။ သူ နန်းတော်ထဲမှ ပြန်ထွက်လာချိန်တွင်လည်း ယန်ရုရွှယ်၏ မျက်ရည်စက်လက်ဖြင့် ခွဲခွာရန် ဝန်လေးနေသည့် အကြည့်ကို သူ အမြဲမြင်ခဲ့ရသည်။ သူ ပြန်လာပြီးနောက် နှစ်ရက်လောက် စိတ်မကောင်းဖြစ်ကာ ရှစ်ရက်လောက် ထပ်လွမ်းဆွတ်ရပြန်သည်။
စူးချင်းကလည်း အိမ်သို့ ပြန်ရောက်လာသည့်အတွက် ထူးထူးခြားခြား စိတ်ပျော်နေသည်။ ထို့ကြောင့် သူမက ဖခင်ဖြစ်သူကို နောက်ပြောင်လိုက်သည်။
"အဖေက အမေကို ပြန်လိုက်ခေါ်ချင်နေတာ မဟုတ်ဘူးလား?"
"ဟား ဟား၊ ဘယ်လို ဖြစ်နိုင်မှာလဲ?"
စူးဟန်ရွှမ်က သူ့သမီး၏စကားကြောင့် ရယ်မောလိုက်ပြီး မျက်နှာကြီး နီရဲလာသည်။
"ချင်းအာ၊ မင်း နှစ်ရက်လောက် အနားယူပြီးမှ မင်းရဲ့အဒေါ်ကို မင်းနဲ့တွေ့ဖို့ နန်းတော်ဆီ ခေါ်လာပေးမယ်နော်"
လွမ်ချင်းရှန်က သူ ပြန်မထွက်ခွာမီ ယန်ရုပင်းကလည်း သူမ၏ တူမလေးအား ကျေးဇူးတင်နေကြောင်းနှင့် သူမ စိတ်လှုပ်ရှားလွန်းလို့ သုံးရက်လောက် ကောင်းကောင်းမအိပ်နိုင်ခဲ့ကြောင်း ထပ်ပြောပြနေသေးသည်။
“ကောင်းပါပြီ၊ အချိန်မရွေး ကြိုဆိုပါတယ်”
စူးချင်းက ခေါင်းညိတ်ပြီး သူ့ဦးလေးကို လိုက်ပို့ပေးရန် သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။ သူမက ဧကရီတစ်ပါး၏ အမူအရာ မရှိဘဲ လူကြီးမိဘများအပေါ် ယဉ်ယဥ်ကျေးကျေးနှင့် စေ့စပ်သေချာစွာ ပြောဆိုဆက်ဆံလေ့ရှိသည်။
ကျိုးပေါ်က ဘာမှပြန်မပြောဘဲ လက်နှစ်ဖက်ကို နောက်ကျောပစ်ထားရင်း စူးချင်းနောက်မှ ပြုံးပြုံးကြီး လိုက်ပါလာသည်။ စူးချင်းက သူ့ကို ကြိမ်ဖန်များစွာ လှည့်ကြည့်နေခဲ့သည်။
ဒီလူအိုကြီးက ဘာဖြစ်နေတာလဲ? ဘာလို့ သူက ပြဇာတ်ကောင်းကောင်းလေး ကြည့်ရတော့မလို ပျော်မြူးနေရတာတုန်း?
လက်ရှိအချိန်၌ စူးချင်း မည်သူ့ကို အလွမ်းဆုံးလဲဟု မေးလျှင် ရှောင်းကျဲယွိ မဟုတ်ဘဲ သူမ၏ကလေးနှစ်ယောက်သာ ဖြစ်သည်။
ကျစ်ချီ၏ ရိုးရှင်းပြီး တုံးအသော အပြုအမူလေးများနှင့် ယွင်အာ၏ လွတ်လပ်ပြီး စနောက်တက်သော အပြုအမှုလေးများကို သူမ လွမ်းဆွတ်နေခဲ့သည်။ နေ့ခင်းဘက်တွင် တွေးတောသည့်အကြောင်းများကို ညဘက်တွင် အိပ်မက်မက်လေ့ရှိသည်ဟု ပြောကြပြီး သူမ ညတိုင်းညတိုင်း သူမ၏ ကလေးနှစ်ယောက်အကြောင်း အိပ်မက်မက်ခဲ့သည်။
စူးချင်း နန်းတော်ထဲသို့ ဝင်လာပြီး သူမ၏ကိုယ်ပိုင်နန်းဆောင်သို့ ပြန်နေချိန်တွင် မိန်းမစိုးချုပ်ကြီးက သူမကို လှမ်းမြင်သွားသည်။ သူက အလွန်အံ့ဩထိတ်လန့်သွားပြီး ဧကရီ၏ ဖီးနစ်ဝေါယာဥ်ကို အမြန် ယူလာရန် အမိန့်ပေးလိုက်သည်။
ဘယ်သူက မိဖုရားခေါင်ကြီးကို နန်းတော်ထဲမှာ လမ်းလျှောက်ခိုင်းထားတာတုန်း? သူတို့ သေချင်နေလို့လား?
“ဧကရီမယ်မယ် ပြန်လာပြီဆိုတဲ့အကြောင်း ဧကရာဇ်မင်းမြတ်ဆီကို သတင်းသွားပို့လိုက်”
မိန်းမစိုးကြီးက သူ့ဘေးနားမှ မိန်းမစိုးငယ်လေးကို တိုးတိုးလေး ပြောလိုက်သည်။
သူတို့ရဲ့ဧကရာဇ်မင်းမြတ်က ဧကရီမယ်မယ့်ကို အရမ်းချစ်မြတ်နိုးပြီး သစ္စာရှိလွန်းတယ်။ ဧကရီမယ်မယ် မြို့တော်ကို ပြန်မလာတာ အချိန်တွေ အများကြီး ကြာခဲ့ပေမယ့် ဧကရာဇ်မင်းမြတ်ကက ဘယ်မိန်းခလေးကိုမှ မျက်နှာသာမပေးခဲ့ဘူး။
ဟုတ်တာပေါ့လေ၊ ဘယ်မှူးမတ်ကမှလည်း သူတို့ရဲ့သမီးတွေကို နန်းတော်ထဲ မပို့ရဲကြဘူး။
အရင်တုန်းက မှူးမတ်တစ်ယောက်အနေနဲ့ သူ့ရဲ့သမီးပျိုလေးကို နန်းတော်ထဲ ပို့ပေးလိုက်ပြီး သမီးဖြစ်သူ မျက်နှာသာရလာရင် အဲ့ဒီမှူးမတ်လည်း အခွင့်အရေးတွေ ရလာလိမ့်မယ်။ ပြီးရင်တော့ မိသားစုတစ်စုလုံး ကောင်းကင်ကို ပျံတက်သွားနိုင်လိမ့်မယ်။
ဒါပေမယ့် ဒီဧကရာဇ်ကတော့ ကွဲပြားတယ်။ မင်းက သူ့အတွက် မိန်းခလေးတစ်ယောက် ပေးရဲရင် သူက မင်းကို မင်းရဲ့တရားဝင်ရာထူးကနေ ချက်ချင်းထုတ်ပယ်ပြီး မင်းရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူနိုင်တယ်။ ပြီးရင် ပြည်နှင်ဒဏ်အပေးခံရလိမ့်မယ်။ ဘယ်သူက အလောင်းအစား လုပ်ရဲမှာတုန်း?
သူ ထို့သို့ တွေးနေသော်လည်း တချို့ကတော့ သေခြင်းတရားကို မကြောက်ဘဲ သွေးတိုးစမ်းချင်ကြသေးသည်။ ဧကရီမယ်မယ် မြို့တော်၌ မရှိသည်ကို အခွင့်ကောင်းယူပြီး ဧကရာဇ်၏ကာမဂုဏ်တောင့်တမှုကို အသုံးချရန် ကြိုးစားခဲ့ကြသည်။ သူတို့က သူတို့၏သမီးပျိုလေးများကို နန်းတော်ထဲ ပို့ကာ အခွင့်အရေးရနိုင်ရန် မျှော်လင့်ခဲ့ကြသည်။
ဆားတာဝန်ခံအရာရှိ လီဝေကလည်း ထိုကဲ့သို့သေခြင်းတရားကို မကြောက်သည့်သူများထဲမှ တစ်ယောက်ဖြစ်သည်။ အဓိကအချက်မှာ ဧကရာဇ်မင်းမြတ်က သူ့၏ဆားအရာရှိ ရာထူးကို ပြောင်းလဲရန် ရည်ရွယ်ထားမှန်း သူ သိလိုက်ရသောကြောင့် ဖြစ်သည်။ ဆားကုန်သည်များကို ကြီးကြပ်ရသည့် အရာရှိ၏ ရာထူးနေရာက တစ်နှစ်ကို ငွေလျန်တစ်သောင်းခန့် အမြတ်အစွန်းရသည့် ရာထူးမှန်း လူတိုင်း သိထားကြသည်။
လီဝေကလည်း ထိုဝင်ငွေကောင်းသည့် ရာထူးကို မဆုံးရှုံးချင်ပေ၊ ထို့ကြောင့် သူက သူ အကြီးအကျယ် ငွေကုန်ကြေးကျခံပြီး ပြုစုပျိုးထောင်ထားခဲ့သည့် သူ့သမီး လီရှန်းရှန်းအပေါ် မျှော်လင့်ချက်ဖြင့် လောင်းကြေးထပ်ခဲ့သည်။
သူက လီရှန်းရှန်းကို နန်းတွင်းအစေခံအဖြစ် နန်းတော်သို့ စေလွှတ်နိုင်ရန် ငွေမြောက်များစွာ သုံးစွဲခဲ့သည်။ လီရှန်းရှန်းထံတွင်လည်း သူမ၏ကိုယ်ပိုင်နည်းလမ်းများ ရှိပြီး နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် သူမက လူတိုင်းကို လာဘ်ထိုးရန် ငွေသုံးခဲ့သည်။ ထို့ကြောင့် သူမ သာမာန်အစေခံမှ အကြီးတန်းအစေခံတစ်ဦးဖြစ်လာပြီး ဧကရာဇ်မင်းမြတ်အား အမှုထမ်းရန် တာဝန်ပေးအပ်ခံခဲ့ရသည်။
ယနေ့က လီရှန်းရှန်း ပထမဆုံး တာဝန်ထမ်းဆောင်သည့်နေ့ဖြစ်သည်။ သူမက ဤတိုင်းပြည်၏ သြဇာအရှိဆုံးအမျိုးသားကို တိတ်တဆိတ် ချစ်မြတ်နိုးနေသည်မှာ အချိန်ကြာနေပြီ ဖြစ်သည်။ သူက ရည်မှန်းချက်ကြီးပြီး ချောမောခန့်ညားကာ ယှဉ်နိုင်သူမရှိသောကြောင့် ထိုကဲ့သို့သော လူတစ်ယောက်ကသာ သူမ၏ခစားမှုနှင့် ထိုက်တန်သည်ဟု သူမ ယူဆထားခဲ့သည်။
သူမက သူမကိုယ်သူမ အလွန်လှပပြီး ချစ်စရာကောင်းသည်ဟု ထင်နေကာ သူမ ဧကရာဇ်မင်းမြတ်နှင့် အနီးဆုံးသို့ ရောက်နိုင်သရွေ့ ဧကရာဇ်မင်းမြတ်က သူမအပေါ် စွဲလမ်းလာမည်ဟုလည်း တထစ်ချယုံကြည်ထားသေးသည်။
သူမ ဧကရာဇ်မင်းမြတ်၏မျက်နှာသာကို ရနေသမျှကာလပတ်လုံး မောင်းမဆောင်ကို သူမတစ်ယောက်တည်း ထိန်းချုပ်ထားနိုင်မည်ဟု တွေးထားသေးသည်။ သူမက ဧကရာဇ်အား ကောင်းမွန်စွာ ခစားပြီး ဧကရာဇ်အနေဖြင့် သူမကို စွဲလန်းနေစေရန်အတွက် အမျိုးသားများကို ပြုစုပေးရသည့် အမျိုးသမီးများ၏ နည်းစနစ်များကို သင်ကြားခဲ့သည်။ သူမ ကျွမ်းကျင်စွာဖြင့် အထူးခစားနိုင်ရန် ပြည့်တန်ဆာအိမ်သို့ပင် ရက်အတော်ကြာအောင် သွားရောက် သင်ကြားထားခဲ့သည်။ အမျိုးသားတစ်ဦးကို ပြုစုသည့် အမျိုးသမီးတစ်ဦး၏ လှုပ်ရှားမှုများကို သူမ စေ့စေ့စပ်စပ် လေ့လာခဲ့သည်။ ရလဒ်အနေဖြင့် သူမ ညအချိန် မျက်လုံးမှိတ်လိုက်တိုင်း ထိုမြင်ကွင်းများ ပေါ်လာတက်ပြီး သူမလည်း ထိုတားမြစ်ထားသော အသီးကို မြည်းစမ်းကြည့်ချင်နေမိသည်။
ယနေ့တွင် ရှောင်းကျဲယွိက မည့်သည့်နေရာသို့မှ အာရုံမပျံဘဲ လျောက်တင်လွှာများ ပြန်လည်သုံးသပ်ခြင်း၌ အပြည့်အဝ နစ်ဝင်နေသည်။ ထို့အပြင် သူက နန်းတွင်းအစေခံများ အလှည့် ပြောင်းသွားခြင်းနှင့် ထိုအစေခံက မည်သူမည်ဝါဖြစ်ကြောင်းကို လုံးဝ ဂရုမစိုက်ပေ။ ထိုအရာက သူ့အတွက် ဘာမှမထူးခြားဘဲ ကိုယ်ပိုင်တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်နေသရွေ့ သူ့အတွက် လုံလောက်နေပြီ ဖြစ်သည်။
ရှောင်းကျဲယွိ လျှောက်တင်လွှာများ ပြန်လည်သုံးသပ်နေစဉ်တွင် သူ့ဘေးမှ ချိုမြပြီး နူးညံ့သော အသံကို ရုတ်တရက် ကြားလိုက်ရသည်။
အရှင်မင်းမြတ်၊ ဒီအစေခံ အရှင့်အတွက် မှင်ကြိတ်ပေးပါရစေ”
ထိုအသံကို ကြားလိုက်သည်နှင့် ရှောင်းကျဲယွိ၏မျက်နှာက ချက်ချင်း တင်းမာသွားပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။
"သူ(မ)ကို ဆွဲထုတ်သွားကြစမ်း"
"အရှင်မင်းမြတ်"
လီရှန်းရှန်းက ရှောင်းကျဲယွိ သူမကို ကြည့်ပင်မကြည့်ဘဲ ဆွဲထုတ်သွားရန် အမိန့်ပေးလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ဧကရာဇ်မင်းမြတ်က သူမ၏ လှပသောမျက်နှာကို မြင်သွားသရွေ့ သူမအပေါ် ယစ်မူးစွဲလမ်းသွားလိမ့်မည်ဟုသာ သူမ တွေးထားပြီး ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။ ယခုကဲ့သို့ အဆုံးသတ်သွားမည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
"တုတ်နဲ့ သေအောင် ရိုက်သတ်လိုက်"
လီရှန်းရှန်းက အရှင်မင်းမြတ်ဟု လှမ်းမခေါ်နိုင်လျှင် ပိုကောင်းမည်ဖြစ်သောလည်း သူမ၏ မယုံကြည်နိုင်လောက် ချွဲနွဲ့သောအသံကို ကြားလိုက်ရချိန်တွင် ရှောင်းကျဲယွိက သူမကို ရိုက်နှက်သတ်ပစ်ရန် ချက်ချင်း အမိန့်ထပ်ပေးလိုက်သည်။
လီရှန်းရှန်း၏ ခြေထောက်များ ပျော့ခွေသွားပြီး ရှောင်းကျဲယွိကို ဖြားသွေးဖို့လည်း စိတ်မ၀င်စားနိုင်တော့ပေ။ သူမက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး သနားညှာတာပေးရန် တောင်းပန်နေသည်။
“အရှင်မင်းမြတ်၊ ဒီအစေခံက အရှင်မင်းမြတ်ရဲ့စိုးရိမ်ပူပန်မှုတွေကို ဝေမျှဖို့ ကူညီပေးချင်ခဲ့တာပါ။ ကျွန်တော်မျိူးမရဲ့အသက်ကို ချမ်းသာပေးပါ"
ရှောင်းကျဲယွိက သူ့၏သက်တော်စောင့်များကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး သက်တော်စောင့်များက ကြောက်လန့်တကြားဖြင့် လီရှန်းရှန်းကို အမြန်ဆွဲထုတ်သွားကြသည်။ တခြားနန်းတွင်းအစေခံများက မျက်လုံးများကို အောက်စိုက်ထားကြပြီး လီရှန်းရှန်းအတွက် စိတ်ထဲမှ ညည်းတွားနေကြသည်။
ဧကရာဇ်မင်းမြတ်ရဲ့နှလုံးသားက သူ့ရဲ့ဧကရီအပေါ်မှာပဲ ရှိတာကို မသိတဲ့လူရယ်လို့ ရှိသေးလို့လား? မကြာသေးခင်ကမှ ရောက်လာတဲ့ ဒီနန်းတွင်းအစေခံအသစ်က ရည်မှန်းချက်ကြီးပြီး အမြင့်ကို တက်ဖို့ သူမရဲ့အလှကို အသုံးချချင်တယ်တဲ့လား? ဒါက သူမဘာသာ သေဖို့ တောင်းဆိုနေတာလေ။ သူမရဲ့အပြုအမူက သူမရဲ့ကိုယ်ပိုင်ကံကြမ္မာ ဖြစ်သွားပြီ။
မိန်းမစိုးငယ်လေး သတင်းပို့ရန် ရောက်ရှိလာချိန်တွင် လီရှန်းရှန်းတစ်ယောက် ခုံတန်းရှည်ပေါ် ဖိနှိပ်ခံထားရကာ ရိုက်နှက်ခံနေရပြီး သေလုနီးပါးဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။ သူ မည်မျှပင်ထိတ်လန့်နေပါစေ ရပ်မနေရဲဘဲ ရန်ရှင်းနန်းတော်ခန်းမထဲကို အမြန်လျှောက်ဝင်သွားလိုက်သည်။ အထဲသို့ ရောက်သွားသည်နှင့် သူက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ သတင်းပို့လိုက်သည်။
"ဧကရာဇ်မင်းမြတ်ကို သတင်းပို့ပါတယ်၊ ဧကရီမယ်မယ် နန်းတော်ကို ပြန်ရှိရောက်လာပါပြီ"