အမေ့ကြောင့် ထိတ်လန့်ရခြင်း
Vol. 45 Ch. 662
လီဝေ၏ နေအိမ်အား သိမ်းဆည်းရန် တာဝန်ယူရသည့် တော်ဝင်သက်တော်စောင့်တပ်မှူး အစီရင်ခံရန် ရောက်ရှိလာခြင်း ဖြစ်သည်။ ရှောင်းကျဲယွိက ထိုအကြောင်းအား စူးချင်း မသိစေချင်သဖြင့် တော်ဝင်သက်တော်စောင့်တပ်မှူးအား ရန်ရှင်းနန်းတော်ခန်းမသို့ ခေါ်သွားရန် မိန်းမစိုးတစ်ဦးကို ညွှန်ကြားလိုက်သည်။ သူကိုယ်တိုင်ကတော့ စူးချင်းအတွက် ရေနွေးထည့်ပေးသည့်အလုပ်ကို ဆက်လုပ်နေခဲ့သည်။
“ရွှေ့ရှန့်၊ တိုင်းပြည်ရဲ့အရေးကိစ္စတွေက ပိုအရေးကြီးတယ်လေ၊ အရင် သွားကြည့်လိုက်ပါဦး"
စူးချင်းက သူမ၏မျက်လုံးကို ဖွင့်ကာ ရှောင်းကျဲယွိကို မော့ကြည့်လိုက်ပြီး အလုပ်သွားလုပ်ရန် နူးနူးညံ့ညံ့ တိုက်တွန်းလိုက်သည်။
“အေးပါကွာ”
ရှောင်းကျဲယွိက သူမကို ခေါင်းပြန်ညိတ်ပြလိုက်ပြီး သူ့နောက်မှ နန်းတွင်းအစေခံများကို လက်ဟန်ပြပြီး စူးချင်းအား ခစားပေးရန် ညွှန်ကြားလိုက်သည်။ ထို့နောက်တွင် နဂါးဝေါယာဥ်ပေါ်သို့ ထိုင်ကာ ရန်ရှင်းနန်းတော်ခန်းမဆီသို့ ပြန်ထွက်ခွာသွားသည်။ စူးချင်းကလည်း ရေချိုးပြီး နန်းတွင်း၀တ်စုံကို ပြောင်း၀တ်လိုက်သည်။
ခဏအတွင်းမှာပင် သူမက အေးတိအေးစက် သူရဲကောင်းတစ်ဦးမှ ချောမောလှပပြီး မြင့်မြတ်တင့်တယ်ပြေပြစ်သော ဧကရီအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသည်။ ကျစ်ချီနှင့် ယွင်အာတို့က မယုံနိုင်လောက်အောင် လိမ္မာနေကြပြီး သူတို့မယ်တော် ရေချိုး၊ အဝတ်လဲနေသည်ကို သိနေသည့်အတွက် သူတို့ဦးလေးရှောင်းချန်၊ ရှောင်ချီတို့နှင့် ခြံဝင်းထဲ၌ ဆော့ကစားရန် လိုက်ပါသွားကြသည်။
စူးချင်း အပြင်သို့ ပြန်ထွက်လာချိန်တွင် သူမ၏ အဖိုးတန်သမီးတော်လေး လွှဲဒန်းပေါ်တွင် ထိုင်နေသည်ကို သူမ တွေ့လိုက်ရသည်။ ယွင်အာက တခစ်ခစ် ရယ်မောနေပြီး သူမအား အနည်းငယ် မြင့်မြင့် လွှဲပေးရန် သူမဘေးမှ နန်းတွင်းအစေခံနှစ်ယောက်ကို တောင်းဆိုနေသည်။ ရှောင်ချီက ဘေးတွင် ရပ်နေပြီး သူမကို စိုးရိမ်တကြီး လှမ်းကြည့်နေသည်။
စူးချင်း ထွက်လာသည်ကို မြင်လိုက်ရချိန်တွင် ယွင်အာက ဝမ်းသာအားရ အော်ပြောလိုက်သည်။
“မယ်တော်၊ အမြင့်ပျံရတာ ပျော်ဖို့ ကောင်းတယ်”
ယွင်အာက အပျော်လွန်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် သတိလွတ်သွားကာ သူမ၏လက်တစ်ဖက်ကို လွှတ်လိုက်မိသည်။ ရလဒ်အနေဖြင့် သူမ၏ ခန္ဓာကိုယ်လေးက ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ လေထဲသို့ လွင့်ပျံသွားသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ယန်ရုရွှယ်က ထိတ်လန့်တကြားဖြင့် ရင်ဘတ်ဖိကာ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများကို လှမ်းအော်လိုက်သည်။
"မြန်မြန်... မင်းသမီးလေးကို မြန်မြန် ဖမ်းကြစမ်း"
စူးချင်းက လေထဲသို့ ခုန်တက်သွားပြီး သူမ၏သမီးလေးကို ဖမ်းယူကာ မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ပြန်ဆင်းသက်လိုက်သည်။
ယွင်အာကတော့ လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ စူးချင်းကို ဝမ်းသာအားရ အော်ပြောနေသေးသည်။
"မယ်တော်၊ ယွင်အာ နောက်တစ်ခေါက် ထပ်ပျံချင်တယ်"
စူးချင်းက သမီးဖြစ်သူကို မြေပြင်ပေါ်သို့ ချပေးလိုက်ပြီး မျက်နှာတင်းတင်းဖြင့် ဆူပူလိုက်သည်။
“နောက်ဆိုရင် ဒီလိုအန္တရာယ်ရှိတဲ့အရာမျိုးတွေ လုံးဝ လုပ်ခွင့် မရှိဘူး”
စူးချင်းက သူမ၏သမီးလေးကို တစ်ခါမျှ ဒေါသမထွက်ဖူးပဲ ယခုအကြိမ်က သူမ ပထမဆုံးအကြိမ် ဒေါသထွက်သွားခြင်း ဖြစ်သည်။
သူမ ဒီကို မရောက်လာခဲ့ရင် ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲဆိုးကျိုးတွေကို တွေးတောင်မတွေးရဲဘူး။
"သမီး နားလည်ပါပြီ၊ ထပ်မလုပ်တော့ပါဘူး"
ယွင်အာက အလွန်ကြောက်လန့်သွားပြီး သူမ၏ မျက်လုံးလေးများထဲတွင် မျက်ရည်များ ပြည့်လျှံလာသည်။ သို့သော် သူမ မငိုရဲဘဲ နှုတ်ခမ်းလေးစူကာ ကတိပေးလိုက်သည်။
စူးချင်းက ယွင်အာကို ဆုံးမသွန်သင်ပေးနေချိန်တွင် ယန်ရုရွှယ်တစ်ယောက် သူမ၏မြေးမလေးအတွက် စိတ်မကောင်းဖြစ်နေသော်လည်း စူးချင်းကို ဝင်မတားရဲပေ။ သူမလည်း စူးချင်း ဒေါသထွက်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
"မယ်တော်၊ ယွင်အာက သူ့ရဲ့အမှားကို သိလောက်ပါပြီ"
ကျစ်ချီကလည်း သူ့၏ညီမလေးအတွက် စိတ်မကောင်းဖြစ်သွားပြီး စူးချင်းကို ပြောပေးရန် ရောက်ရှိလာသည်။ စူးချင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူမ လိင်မှား မွေးခဲ့သလားဟုပင် သံသယဖြစ်နေမိသည်။
ကျစ်ချီက မိန်းကလေးတစ်ယောက်လို တိတ်ဆိတ်ပြီး နာခံမှုရှိတယ်။ ယွင်အာကတော့ ဆိုးသွမ်းလွန်းတယ်။
“အစ်မ၊ ယွမ်အာကို ထပ်မဆူပါနဲ့တော့၊ သူ(မ) ငိုနေပြီ"
ရှောင်ချန်ကလည်း ယွင်အာအတွက် တောင်းပန်ပေးရန် ရောက်လာပြန်သည်။ မည်သူကမှ သူမအတွက် ဝင်မပြောပေးလျှင် အဆင်ပြေနေမည်ဖြစ်သော ယွင်အာက သူမအတွက် တောင်းပန်ပေးသူ ရှိလာသည့်အခါ ကျယ်ကျယ်လောင်လောင် အော်ငိုတော့သည်။
ယန်ရုရွှယ်က ယွင်အာကို ပွေ့ဖက်ကာ ပွေ့ချီရန် ပြင်လိုက်သည်။ ယွင်အာက ငယ်ငယ်လေးကတည်းက ငိုခဲပြီး မနက်မှ ညအထိ ရယ်မောပျော်ရွှင်နေကာ အပူအပင်ကင်းမဲ့ပြီး ပေါ့ပေါ့ပါးပါးနေတက်သော ကလေးလေးတစ်ယောက်ဖြစ်သည်။ သူမ ရုတ်တရက် ငိုနေသည်ကို မြင်ရခြင်းက လူတိုင်းကို စိတ်မကောင်းဖြစ်စေသည်။
"သခင်မ၊ သခင်မမှာ ကိုယ်ဝန်ရှိနေတယ်လေ၊ ဘယ်သူ့ကိုမှ ချီလို့ မဖြစ်ပါဘူး"
ယန်ရုရွှယ်တစ်ယောက် ဖွံ့ဖွံ့ထွားထွားလေး ဖြစ်သည့် ယွင်အာကို ပွေ့ချီရန် ပြင်နေသည်ကို မြင်သွားသော သူမဘေးမှ အထိန်းတော်က သူမကို စိုးရိမ်တကြီး သတိပေးလိုက်သည်။
“....”
စူးချင်းကတော့ သူမ၏မိခင်ကို အံ့ဩတကြီး ကြည့်နေမိသည်။ သူမ အံ့သြသွားသည် ထိတ်လန့်မှုက ပိုများသည်။
သူမ ပြန်ရောက်ရောက်ချင်း သူမရဲ့အဒေါ်မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိခဲ့ရတယ်။ အဲ့တုန်းက သူမရဲ့အမေမှာ ကိုယ်ဝန်ရှိနေတာကို သိရရင် လွမ်ဟုန် ဘယ်လိုခံစားရမလဲလို့ သူမ တွေးနေသေးတယ်။ အခုတော့ သူမရဲ့အလှည့်ပဲ။
အခုတော့ သူမ နားလည်သွားပြီ။ ဒါကြောင့် ဆရာဦးလေးက ပွဲကြည့်ချင်တဲ့ပုံစံမျိုး ဖြစ်နေတာပေါ့။
ယန်ရုရွှယ်၏အမူအရာတွင် ချစ်ခင်ကြင်နာမှုနှင့် သိမ်မွေ့သော အရှက်တရားတို့ ရောနှောနေပြီး သမီးဖြစ်သူကို လှမ်းကြည့်လိုက်သည်။ ဤခေတ်တွင် မိသားစုများ၏ မွေးချင်းများကြား၌ အသက်အရွယ် ကွာဟချက်များများစားစား ရှိနေခြင်းမှာ အဆန်းမဟုတ်ပေ။ တစ်ခါတစ်ရံတွင် အငယ်ဆုံးကလေးက သားကြီး၊ သမီးကြီးများ၏ကလေးထက်ပင် ငယ်ရွယ်နေလေ့ရှိသည်။ သို့သော်လည်း သူမကိုယ်တိုင် ထိုအခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် ယန်ရုရွှယ်တစ်ယောက် အနည်းငယ် ရှက်ရွံ့နေမိသည်။
“အမေ၊ ဂုဏ်ယူပါတယ်”
စူးချင်းက သူမ၏အမေကို ဂုဏ်ပြုစကား ပြောလိုက်သည်။
ဒီအမှန်တရားကို လက်ခံဖို့ကလွဲပြီး သူမ ဘာတတ်နိုင်မှာမို့လို့လဲ?
သူမရဲ့အမေက အသက်လေးဆယ်ကျော် ဆိုပေမယ့် အရွယ်ကောင်းပဲ ရှိသေးတယ်လေ။ ကိုယ်ဝန်ရလာတာက မထူးဆန်းဘူး။
စူးချင်းက ကျစ်ချီနှင့် ယွင်အာကို တစ်ချက်ကြည့်လိုက်ပြန်သည်။
မကြာခင် သူတို့ထက်ငယ်တဲ့ ဦးလေး ဒါမှမဟုတ် အဒေါ်တစ်ယောက် ရှိလာတော့မယ်။
စူးချင်းတစ်ယောက် မိခင်ဖြစ်သူ၏ ကိုယ်ဝန်ကြောင့် ယွင်အာကို သွန်သင်ဆုံးမရန် မေ့သွားတော့သည်။ ထိုအချိန်တွင် ရှောင်းကျဲယွိကလည်း သိမ်းဆည်းရလာသည့် ပစ္စည်းစာရင်းကို ကြည့်ရင်း ဒေါသပေါက်ကွဲနေသည်။
“ဆားတာဝန်ခံတစ်ယောက်က နှစ်နှစ်အတွင်းမှာ ဒီလောက် အများကြီး အလွဲသုံးစားလုပ်ခဲ့တယ်ပေါ။ သူ့ရဲ့ရာဇ၀တ်မှုတွေက ကြီးမားလွန်းတယ်။ လီဝေကို အရှင်လတ်လတ် ဓားအချက် တစ်ထောင်လှီးဖြတ်ပြီးမှ ကွပ်မျက်လိုက်၊ သူ့မိသားစုဝင်တွေကိုလည်း ကျွန်အဖြစ် ရာထူးချခံပြီးမှ နယ်စပ်ကို နှင်ထုတ်လိုက်”
ကျွန်အဆင့်သို့ နှိမ့်ချခံရပါက တစ်သက်လုံး ပြန်လည်ရုန်းထွက်ခွင့် မရှိတော့ဘဲ ကျေးကျွန်ဘဝဖြင့် အဆုံးသတ်ရမည် ဖြစ်သည်။ ဤသည်မှာ ဘုန်းကျက်အသရေနှင့် စည်းစိမ်ဥစ္စာအပေါ် ယစ်မူးနေသည့် လီမိသားစုအတွက် သေခြင်းတရားထက် ပိုဆိုးသော ဘေးအန္တရာယ်တစ်ခုဖြစ်သည်။
သူ ဓားအချက်တစ်ထောင် အမွှန်းခံရမည်ကို သိလိုက်ရချိန်တွင် လီဝေတစ်ယောက် အကြောက်လွန်သွားပြီး ဘောင်းဘီထဲ၌ပင် သေးထွက်ကျနေသည်။ သူက ဓားဖြင့် အချက်တစ်ထောင် လှီးဖြတ်ခံရမည့် ဝေဒနာကို မခံစားချင်သောကြောင့် သူ့ခေါင်းကို တိုင်နှင့်ဆောင့်ကာ သတ်သေရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ့လည်ပင်းတွင် သံကွင်းကြိုးများ ရှိနေပြီး မိမိကိုယ်ကို သတ်သေရန်ပင် ခက်ခဲနေသည်။
ထို့အပြင် သူ့ထံ၌ သေချင်စိတ် ရှိနေသော်လည်း သတ္တိကတော မရှိပေ။ သူ့ခေါင်းနှင့် တိုင်မထိမီ နောက်ဆုံးအချိန်တွင် သူ နောက်ပြန်ဆုတ်သွားခဲ့သည်။ သူ သွေးထွက်ရုံမျှသာရှိပြီး သတိပင်မလစ်သွားသောကြောင့် သေရန်ကတော့ လုံးဝ မဖြစ်နိုင်ပေ။
သူ သူ့ကိုယ်သူ သတ်သေရန် ပြင်ဆင်နေသည့်ကို မြင်လိုက်ရသည့် အကျဥ်းထောင်စောင့်ရဲမက်များကလည်း သူ့ကို ချက်ချင်း ကြိုးထပ်ချည်လိုက်ကြသည်။
ကွပ်မျက်ခံရခင် ဒီလူ မသေသရွေ့ ဘယ်သူက သူ့ရဲ့ဒုက္ခကို ဂရုစိုက်နေမှာလဲ?
လီဝေက ကြီးမာသောရာဇ၀တ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့သူ ဖြစ်သည့်အတွက် ထောင်စောင့်များက သူ့ကို လုံးဝ မညှာဘဲ သွေးထွက်သည်အထိ ကြိုးကို တင်းနေအောင် ချည်ထားကြသည်။ ကြိုး၏တင်းအားကြောင့် သူ့တစ်ကိုယ်လုံး ထုံကျင်ကိုက်ခဲနေကာ အဆင်မပြေဖြစ်နေရသည်။ သူ အကူအညီတောင်းချင်သော်လည်း သူ့ပါးစပ်ထဲတွင် မှိုတက်နေသော ကောက်ရိုးထုံးများ ပြည့်နေပြန်သည်။ ထိုရွံရှာဖွယ်ရနံ့က ပျို့ချင်ချင်စရာဖြစ်နေပြီး သူ့ခေါင်းကို မူးဝေနေစေသည်။
လီဝေက အချုပ်ခန်းထဲတွင် လှဲအိပ်နေပြီး အပေါ်မှ မျက်နှာကျက်ကို စိုက်ကြည့်နေသည်။ နက်နဲသောနောင်တက သူ့အတွေးများကို လွှမ်းခြုံလာသည့်တိုင် နောင်တအတွက် ကုသစရာ ဆေးမရှိပေ။ သူ ကောက်ကျစ်သည့်အတွေးဖြင့် သူ့သမီးအား ဧကရာဇ်ကို သွေးဆောင်ခိုင်းဖို့ ဆုံးဖြတ်လိုက်သည့်အချိန်မှစပြီး သူ့၏ဝမ်းနည်းဖွယ် အဆုံးသတ်ကို သူကိုယ်တိုင် စတင်ခဲ့ခြင်း ဖြစ်သည်။
ဆားအရာရှိအား ရာထူးမှ ဖြုတ်ချပြီး ကွပ်မျက်လိုက်သောကြောင့် ထိုလိုချင်တပ်မက်ဖွယ် ရာထူးနေရာက လစ်လပ်သွားပြန်သည်။ ထိုနေရာက လူများစွာအတွက် ရည်မှန်းချက်များ ဖြစ်စေရန် လှုံ့ဆော်ပေးနိုင်သည်။ ၎င်း၏အမြတ်အစွန်းကလည်း လူသိများလှပြီး အလွန်အမင်း လောဘကို ရှောင်ရှားကာ ဥာဏ်ပညာရှိရှိဖြင့် သိုသိုသိပ်သိပ် နေနိုင်လျှင် ဆားတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ရင်း သုံးနှစ်အတွင်း စည်းစိမ်ဥစ္စာများစွာ စုဆောင်းနိုင်ပေလိမ့်မည်။ ထို့နောက်တွင် ဇာတိမြို့သို့ ပြန်ကာ ကြွယ်ဝသောဘဝဖြင့် အနားယူနိုင်ပေလိမ့်မည်။
သို့သော် ရှောင်းကျဲယွိက ဆားအရာရှိအသစ်ခန့်အပ်ရန် အလျင်စလိုမလုပ်ခဲ့ပေ။ သူက စူးချင်းနှင့် တိုင်ပင်ရန် နန်းတော်သို့ ပြန်လာခဲ့သည်။ ထိုနေ့ညနေခင်းတွင် နေ့လည်က လုံလုံလောက်လောက် အနားယူပြီးသော စူးချင်းက သူမ၏ကလေးနှစ်ယောက်နှင့် ရှောင်းကျဲယွိအတွက် ကိုယ်တိုင်ချက်ပြုတ်ခဲ့သည်။ သူမ၏မိခင်နှင့် မောင်ဖြစ်သူ ရှောင်ချန်တို့ကတော့ အစောပိုင်းကတည်က သူတို့၏ မိသားစုနေအိမ်သို့ ပြန်သွားကြပြီ ဖြစ်သည်။
ယခု အခြေအနေက သူမအတွက် တုန်လှုပ်ဖွယ်သတိပေးချက်တစ်ခု ဖြစ်လာခဲ့သည်။ သူမ၏ မိဘများက တစ်သက်လုံး ချစ်ခြင်းမေတ္တာအပြည့်ဖြင့် အတူတူ နေခဲ့ကြသော်လည်း သူမကြောင့် ခွဲခွာနေထိုင်ခဲ့ရသည်။ ထို့ကြောင့် ငှက်ကျားတံတားတွင် လျှို့ဝှက်တွေ့ဆုံရသလို ဖြစ်ခဲ့ပြီး သူမအတွက် မောင်ငယ် သို့မဟုတ် ညီမငယ် တစ်ယောက်ပင် ရလာခဲ့သည်။ ယခု သူမ ပြန်ရောက်လာပြီ ဖြစ်သောကြောင့် သူမ၏ တစ်ကိုယ်ကောင်းစိတ်အတွက် မိဘနှစ်ပါးအား မခံစားစေချင်တော့ပေ။ ထို့ကြောင့် စူးချင်းက မိခင်ဖြစ်သူကို အိမ်ပြန်ခိုင်းလိုက်ပြီး ဖခင်ဖြစ်သူနှင့် ပြန်လည်ပေါင်းစည်းရန် ချက်ချင်း ဖန်တီးပေးလိုက်သည်။
နေ့လည်ခင်းတွင် ဆူပူကြိမ်းမောင်းခံလိုက်ရသည့် ယွင်အာကလည်း အလွန်လိမ်မာနေပြီး ဆရာနှင့်အတူ စာသင်ပြီး လက်ရေးလှလေ့ကျင့်နေသည်။ ညနေခင်းသို့ရောက်လာချိန်တွင် သူမက ဂန္ထဝင်စာသုံးလုံးကျမ်းကို အလွတ်ကျက်နေပြီး နောက်ပိုင်းတွင် သူမ၏အမေ ပျော်ရွှင်စေရန်အတွက် ပြန်ရွတ်ဆိုပြန်ရန် တွေးနေခဲ့သည်။
အရွယ်ရောက်ပြီးကဲ့သို့ ပြုမူတတ်သည့် ရှောင်ကျစ်ချီကတော့ သူ့အမေ ချက်ပြုတ်နေသည်ကို စောင့်ပေးရင်း စာအုပ်ဖတ်နေသည်။ သူ့၏လက်ရေးလှစာရွက်များကလည်း စားပွဲပေါ်တွင် ရှိနေပြီး ငယ်ငယ်ရွယ်ရွယ် ကလေးလေး၏လက်ရေးလက်သားက သပ်ရပ်လှပနေပြီး အထင်ကြီးစဖွယ် ဖြစ်သည်။
ရှောင်းကျဲယွိက ရန်ရှင်းနန်းတော်ခန်းမတွင် လျှောက်တင်လွှာများကို ထားခဲ့ပြီး ပုံမှန်အ၀တ်အစားများ ပြောင်းဝတ်ကာ စီးနင်နန်းဆောင်သို့ စောစောစီးစီး ရောက်ရှိနေသည်။ သူက ကလေးနှစ်ယောက် စာဖတ်နေသည်ကို ကြပ်မတ်ပေးနေပြီး ရံဖန်ရံခါတွင် သူ့မျက်လုံးများက နန်းတော်၏တံခါးအပြင်ဘက်သို့ လှမ်းကြည့်နေသည်။
သူ သူ့ချင်းအာရဲ့လက်ရာကို မစားရတာ အတော်ကြာနေပြီ။ တော်ဝင်စားဖိုဆောင်က ချက်တဲ့ ဟင်းလျာတွေက ချိုမြိန်ပြီး အရသာမရှိဘူး။ သူ့ချင်းအာရဲ့ ဟင်းတွေကမှ အရသာရှိတာ။
စူးချင်း ချက်ပြုတ်ပြီးသွားချိန်တွင် ကျိုးပေါ်လည်း အချိန်ကိုက် ရောက်ရှိလာသည်။ ရှောင်းကျဲယွိက သူ့ကို အဖော်ပြုကာ သောက်ပေးနေသော်လည်း မူးချင်ဟန်ဆောင်ကာ စားပွဲပေါ်၌ မှောက်နေလေသည်။
"ချင်းကောင်မလေး၊ ဒီမူးချင်ဟန်ဆောင်နေတဲ့ လူကို အိပ်ရာထဲ မြန်မြန်ပို့လိုက်တော့၊ ငါလည်း သွားပြီ"
ကျိုးပေါ်က မတ်တပ်ထရပ်ပြီး ရှောင်းကျဲယွိကို အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်သည်။
“ဟွန့် ကောင်စုတ်လေး၊ မင်း မူးချင်ယောင်ဆောင်နေတာ ငါတို့အားလုံးသိတယ်၊ ဒီလူအိုကြီးက မင်း အကြံကို မသိဘူးလို့ မင်း ထင်နေတာလား?”
“လာကြဦး၊ တာအိုဆရာတော်ကြီး အနားယူလို့ရအောင် လိုက်ပို့ပေးလိုက်ကြဦး”
စူးချင်း၏နှုတ်ခမ်းများက တွန့်ကွေးနေသည်။
ရွှေ့ရှန့် မူးချင်ယောင်ဆောင်တာကြီးက တော်တော်လေး အတုအယောင်ဆန်နေတယ်။
သူမက မတ်တပ်ထရပ်ပြီး ကျိုးပေါ်ကို လိုက်ပို့ရန် လူတစ်ယောက် စီစဥ်ပေးလိုက်သည်။
တစ်နေကုန် ဆော့ကစားထားသည့် ယွင်အာကလည်း ပင်ပန်းကာ အိပ်ငိုက်နေသည်။ သူမ သူမ၏မျက်ခွံလေးများက တွဲကျနေပြီး သူမ၏ခေါင်းလေးက ဟိုဟိုဒီဒီ ယိမ်းနွဲ့နေကာ သူမ၏ခန္ဓာကိုယ်လေးကလည်း လှုပ်လှုပ်ရွရွ ဖြစ်နေသည်။ နန်းတွင်းအစေခံနှစ်ယောက်က အလွန် စိုးရိမ်နေဟန်ဖြင့် မင်းသမီးလေး၏နောက်တွင် ရပ်နေရင်း သူမကို ကာကွယ်ပေးနေကြသည်။
"မင်းသမီးလေး အနားယူဖို့ ပြန်ခေါ်သွားလိုက်တော့"
စူးချင်းက ထိုအဖြစ်အပျက်ကို မြင်သွားပြီး ယွင်အာကို ပြန်အိပ်ခိုင်းရန် နန်းတွင်းအစေခံများအား အမိန့်ပေးလိုက်သည်။
ပွေ့ချီခံလိုက်ရသည့် ယွင်အာက ချက်ခြင်း အားအင်များ ရလာဟန်ဖြင့် သူမ၏ လက်ဖောင်းဖောင်းလေးကို စူးချင်းဆီသို့ ဆန့်တန်းလိုက်သည်။
"မယ်တော်၊ ယွင်အာ မယ်တော်နဲ့ အိပ်ချင်တယ်"
ထိုစကားကို ကြားသည်နှင့် မူးချင်ဟန်ဆောင်နေသော ရှောင်းကျဲယွိတစ်ယောက် ချက်ချင်း မျက်လုံးပွင့်လာသည်။
‘ချစ်ရတဲ့ သမီးတော်လေးရေ၊ မင်းရဲ့မယ်တော်နဲ့ ခမည်းတော် ကွဲကွာနေတာကြာပြီလေ၊ မင်း ဒီမှာ အိပ်လို့ မရဘူး’