← Chapters

ခမ်းနားသောမင်္ဂလာပွဲ

Vol. 45 Ch. 663

ခမ်းနားသောမင်္ဂလာပွဲ

Vol. 45 Ch. 663

ရှောင်းကျဲယွိက စူးချင်း စိတ်ပျော့သွားပြီး ယွင်အာအား အိပ်ခိုင်းမည်ကို စိုးရိမ်သောကြောင့် သူ မူးချင်ယောင်ဆောင်နေခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။ သူက စူးချင်း သဘောမတူရသေးခင် အရင် ထရပ်ပြီး ယွင်အာကို ပွေ့ချီကာ နန်းဆောင်အပြင်ဘက်သို့ အလျင်အမြန် ထွက်လာခဲ့သည်။

"ခမည်းတော်ဧကရာဇ်၊ ယွင်အာက မယ်တော်နဲ့အတူ အိပ်ချင်တယ်"

ယွင်အာက သူမ၏ လက်သီးလေးများကို ဆုပ်ထားပြီး ရှောင်းကျဲယွိကို ကန့်ကွက်လိုက်သည်။

"ယွင်အာက လိမ်မာပါတယ်။ ပြန်သွားပြီး ကောင်းကောင်းအိပ်နော်၊ မနက်ဖြန်ရောက်ရင် ခမည်းတော်က ယွင်အာကို ပျော်စရာတစ်ခုခုနဲ့ ဆုချပေးမယ်"

"ဘယ်လို ပျော်စရာကောင်းတဲ့ဟာလဲ?"

ယွင်အာတစ်ယောက် ရှောင်းကျဲယွိ၏လှည့်ကွက်ထဲသို့ အမှန်တကယ် ကျရောက်သွားပြီး သူမ၏ အနက်ရောင်မျက်လုံးလေးများက တောက်ပလာကာ ရှောင်းကျဲယွိကို ပြန်မေးလိုက်သည်။

"ကောင်းကင်မှာ ပျံသန်းနိုင်တဲ့ငှက်လိုမျိုးလေ"

ရှောင်းကျဲယွိက ပါးစပ်ထဲရှိရာ ဖန်တီးပြောဆိုလိုက်သည်။

သူ နောက်မှ သူ့သမီးလေး ဆော့ဖို့ လင်းယုန်ပုံသဏ္ဍာန် စွန်တကောင် လုပ်ပေးပြီး ကစားခိုင်းလိုက်မယ်။ ဒါဆို သူ လိမ်ပြောတာ မဟုတ်တော့ဘူးပေါ့။

မျှော်လင့်ထားသည့်အတိုင်း ယွင်အာက အလွယ်လေး အရူးလုပ်ခံလိုက်ရသည်။ သူမ၏မျက်နှာလေးတွင် တောင့်တမှုများ ပြည့်နှက်နေပြီး သူမ၏ဖခင်ပြောနေသည့် ကောင်းကင်တွင် ပျံသန်းနိုင်သော ငှက်တစ်ကောင် ရရန် စောင့်မျှော်နေသည်။

နောက်ဆုံးတွင် ယွင်အာ ထွက်သွားရန် လှည့်စားနိုင်ခဲ့သည့် ရှောင်းကျဲယွိက ကျစ်ချီကို လှည့်ကြည့်လိုက်သည်။ ကလေးလေးက တစ်ခုခုကို လေးလေးနက်နက် တွေးနေပုံဖြင့် သူ့လက်လေးများကို ကျောပစ်ထားသည်။ သူ့၏ ကြည်လင်ပြီး ဉာဏ်ရည်ထက်မြက်သော မျက်လုံးလေးများက အရာအားလုံးကို သိမြင်နေပုံရသည်။

သူ့အဖေက သူ့ကို ကြည့်နေမှန်း သိလိုက်ချိန်တွင် ကျစ်ချီက သူ့ခေါင်းလေးကို ခါယမ်းရင်း သက်ပြင်းချလိုက်သည်။ ရှောင်းကျဲယွိတစ်ယောက် ရှက်ရွံ့မှုကြောင့် တောင့်တင်းသွားပြီး မျက်နှာလွှဲလိုက်ရသည်။

ဤအခိုက်အတန့်တွင် ကလေးလေးက ဉာဏ်ကောင်းလွန်းသည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။

အရမ်းတော်တဲ့ ကလေးတစ်ယောက်ရှိတာ ကောင်းတဲ့အရာ မဟုတ်ဘူးပဲ။

ကလေးနှစ်ယောက်ကို ပြန်လွှတ်ပြီးနောက် စီးနင်နန်းဆောင်၌ လင်မယားနှစ်ယောက်သာ ကျန်ရစ်နေခဲ့သည်။

"ရွှေ့ရှန့်၊ ရှင်မှာ ရင်ခုန်စရာ ဇာတ်လမ်းလေး ရှိတယ်လို့ ကျွန်မ ကြားတယ်"

ရှောင်းကျဲယွိတစ်ယောက် အမူးပြေဟင်းရည် တစ်ငုံသောက်လိုက်ချိန်တွင် စူးချင်း၏ ငေါ့တော့တော့ လေသံကို ကြားလိုက်ရသောကြောင့် သူ့ပါးစပ်ထဲမှ ဟင်းရည်များအားလုံးကို ပြန်ထွက်လာသည်။ သူက စူးချင်းကို စိုးရိမ်တကြီး ပြန်ပြောလိုက်သည်။

“ကိုယ် ဖြေရှင်းပြီးပြီ”

"အင်း... ရှင် ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်၊ ဆုလာဒ်အနေနဲ့ ရှင့်ရဲ့အချစ်ကူကို ဖယ်ရှားပေးဖို့ ဆုံးဖြတ်လိုက်ပြီ"

စူးချင်းက လွမ်တောင်ကို ထုတ်လိုက်ရင်း ရှောင်းကျဲယွိကို ထပ်ပြောလိုက်သည်။

"မလိုပါဘူး၊ ဒီအချစ်ကူ ရှိနေတာက ပိုလုံခြုံတယ်"

ရှောင်းကျဲယွိက အတွေးတစ်ခုကြောင့် ခေါင်းယမ်းကာ ငြင်းဆန်လိုက်သည်။

သူ အရင်ထဲက တခြားမိန်းမကို မလိုချင်ခဲ့ဘူးလေ။ အဲ့တော့ သူ့မှာ အချစ်ကူ ရှိနေလား မရှိဘူးလားဆိုတာက အရေးမကြီးဘူး။ ဒါပေမယ့် ဒီအရာက သူ့အပေါ် မကောင်းတဲ့ရည်ရွယ်ချက် ရှိသူတွေကို ကာကွယ်ပေးနိုင်တယ်၊ ပြောရရင်တော့ တော်တော်လေးကောင်းတယ်လို့ သတ်မှတ်နိုင်တယ်။

"ချင်းအာ၊ ကိုယ်လည်း မင်းကို ဒီအကြောင်းနဲ့ပတ်သတ်ပြီး ပြောစရာ ရှိသေးတယ်၊ အခု ဆားတာဝန်ခံ ရာထူးက လစ်လပ်သွားပြီ၊ ကိုယ် ဒီရာထူးကို တာ့နျိူအတွက် ပေးချင်တယ်၊ ဖြစ်နိုင်တယ်လို့ မင်း ထင်လား?"

ရှောင်းကျဲယွိက အကြောင်းအရာကို ချက်ချင်း ပြောင်းလဲလိုက်သည်။ သို့သော် သူသ ထိုအရာကို စူးချင်းနှင့် အမှန်တကယ် ဆွေးနွေးချင်နေခြင်း ဖြစ်သည်။

အဓိကအကြောင်းအရင်းမှာ လီတာ့နျိုထံတွင် အရည်အချင်း အများကြီး မရှိသော်လည်း သူက လောဘမကြီးသောကြောင့် အကျင့်ပျက်ချစားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

အမှန်တကယ်တွင် ရှောင်းကျဲယွိက လီတာ့နျိုကို လူချမ်းသာဘဝဖြင့် ပေါ့ပေါ့ပါးပါး နေထိုင်စေချင်ခဲ့သည်။ ထိုအရာက လီတာ့နျိုအတွက် အကောင်းဆုံး အစီအစဉ်ဖြစ်မည်ဟု သူ ယူဆထားခဲ့သည်။

သို့သော်လည်း မင်ကျူးတို့ညီအစ်မ၏ အဖြစ်အပျက်များပြီးနောက် လီတာ့နျိုကို သူ့ဘေးတွင် ထားခြင်းက ပို၍ သက်တောင့်သက်သာရှိနိုင်မည်ဟု ရှောင်းကျဲယွိ ခံစားလာရသည်။

ထို့အပြင် လီတာ့နျိုထံ၌ လူတိုင်းလိုချင်တက်မက်သည့် ဆားတာဝန်ခံရာထူး ရှိနေပါက အနာဂတ်တွင် သူ လက်ထပ်ရန် ပိုလွယ်ကူသွားပေလိမ့်မည်။ ထိုအချိန်တွင် သူ့အတွက် မြင့်မြတ်သော မိသားစုမှ သမီးပျိုတစ်ဦး ရှာတွေ့နိုင်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ပညာရှင်များ၊ လယ်သမားများ၊ လက်မှုပညာရှင်များနှင့် ကုန်သည်များဟူသော လူမှုရေးအဆင့်အတန်းများတွင် ကုန်သည်များက အနိမ့်ဆုံးလူတန်းစားဖြစ်သည်။ ကမ္ဘာပေါ်၌ အချမ်းသာဆုံးလူ ဖြစ်လာလျှင်ပင် သူတို့က နိမ့်ကျနေဆဲသာ ဖြစ်သည်။

တရားဝင်မိသားစုမှ အမျိုးသမီးငယ်တစ်ဦး ကုန်သည်တစ်ဦးနှင့် လက်ထပ်ပါက သူမအတွက် နိမ့်ကျသော အိမ်ထောင်ရေးဟု ယူဆကြသည်။ ထိုသို့ အိမ်ထောင်ပြုရန် လိုလားသူ အလွန်နည်းပါးပြီး သူတို့ အိမ်ထောင်ကျခဲ့လျှင်ပင် ခင်ပွန်းဖြစ်သူကို အထင်သေးပြီး နှိမ့်ချဆက်ဆံကြသည်။

ရှောင်းကျဲယွိက လီတာ့နျို၏ အခြေအနေကို အလွန်သေချာစွာ စဉ်းစားခဲ့ပြီး ကျန်းလောင်ချီထက်ပင် သူ့ကို ပို၍ ဂရုစိုက်နေခဲ့သည်။

“လက်ရှိ လီတာ့နျိုက အရည်အချင်း ပြည့်မီနေပါပြီ၊ လွန်ခဲ့တဲ့ နှစ်နှစ်ကထက်စာရင် သူ ပိုရင့်ကျက်လာပြီ၊ သူလည်း အရက်ချက်ရုံကို အချိန်အတော်ကြာ စီမံခန့်ခွဲလာတာဆိုတော့ အတွေ့အကြုံလည်း ရှိနေပြီ။ အရာရှိနဲ့ ကုန်သည်ကြားမှာ တူညီတဲ့အချက်တွေ ရှိတယ်။ သူ ဘယ်လောက်ပဲ ရိုးသားပါစေ အခုလောက်ဆို လူတွေကို ဘယ်လိုအသုံးချရမယ်ဆိုတာ သိနေပြီ၊ တာ့နျို ပိုင်ဆိုင်ထားတဲ့ နောက်ထပ် အရည်အချင်းတစ်ခုက ဖြောင့်မတ်ခြင်းပဲ”

စူးချင်းက ရှောင်းကျဲယွိ၏အတွေးကို ထောက်ခံလိုက်သည်။ သူမလည်း လီတာ့နျိုက အရည်အချင်းပြည့်မီသည်ဟု ခံစားနေမိသည်။

"ချင်းအာ၊ အိပ်ကြမယ်၊ အခု ကျစ်ချီနဲ့ ယွင်အာကို ညီလေး ညီမလေးတွေ ပေးရမယ့် အချိန်ရောက်ပြီ”

အလုပ်အကြောင်းပြောပြီးသွားချိန်တွင် ရှောင်းကျဲယွိက စူးချင်း တောင့်တသောအကြည့်များဖြင့် လှမ်းကြည့်လိုက်သည်။

သူ့ရဲ့ယောက္ခမနဲ့ ဦးလေးတို့တောင် အသက်လေးဆယ်ကျော်အထိ ကျန်းမာသန်စွမ်းနေကြသေးတယ်။ သူက အခု အကောင်းဆုံးအချိန်မှာ ရှိနေတာလေ။ ဒီလိုကိစ္စမျိုးမှာ သူ ဘယ်လို နောက်ကျကျန်နေရမှာတုန်း?

စူးချင်းကလည်း ရှောင်းကျဲယွိ၏ မျက်လုံးများထဲမှ မီးတောက်များကို မြင်နေပြီး အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။

ကောင်းပြီလေ၊ စစ်ပွဲတွေ မရှိရင် ကလေးမွေးတာ အကောင်းဆုံးပဲ။ ကလေးများများမွေးတာက ပျင်းရိဖို့ အချိန်မရှိ ဖြစ်စေလိမ့်မယ်။

ရှောင်းကျဲယွိက စူးချင်း၏ပခုံး‌လေးကို ညင်ညင်သာသာ ပွေ့ဖက်လိုက်ပြီး ခုတင်ဆီသို့ လျှောက်သွားလိုက်သည်။

ဤညတွင် ပျားရည်နှင့် ရောထားသည့် နွေဦးလေပြေများက တဖြူးဖြူးတိုက်ခိုက်နေလေသည်။

နောက်တစ်နေ့တွင် ရှောင်းကျဲယွိတစ်ယောက် လန်းဆန်းတက်ကြွစွာဖြင့် ညီလာခံသို့ ထွက်ခွာလာခဲ့သည်။ စူးချင်းက ရှောင်လင်းလင်းအား သွားတွေ့ရန် ရှောင်ချီကို ခေါ်သွားခိုင်းလိုက်သည်။

ရှောင်ချီကတော့ အလွန်ပျော်နေရှာသည်။

မနေ့က သူ့သခင်က ရှောင်လင်းလင်းကို တွေ့ဖို့ သဘောမတူခဲ့ဘူး။ ကံကောင်းပြီး ဒီနေ့ သခင်က ရှောင်လင်းလင်းကို တွေ့ဖို့ ဆန္ဒရှိလာပြီ။

ရှောင်ချီ၏ ပျော်ရွှင်နေသော အမူအရာကို မြင်လိုက်ရချိန်တွင် စူးချင်း၏ အေးစက်သော မျက်လုံးများမှ အပြုံးရိပ်များ ထွက်ပေါ်လာသည်။

ရှောင်ချီက သူမနဲ့အတူ သေမတူရှင်မကွာ လိုက်ပါလာခဲ့တာ အချိန်အတော်ကြာနေပြီလေ။ အခု ရှောင်ချီက သူမကို ပထမဆုံးအကြိမ် တောင်းဆိုတာပဲ။ ဘာပဲဖြစ်ဖြစ် သူမ ‌ရှောင်ချီကို မျက်နှာသာ ပေးရမှာတော့။

စူးချင်းက ရှောင်ချီနောက်မှ လိုက်သွားပြီး မြို့ပြင်သို့ ရောက်လာခဲ့သည်။ ရှောင်ချီက အရှေ့မှ ပျံသန်းနေရင်း ပြောလာပြန်သည်။

"သခင်၊ ရှောင်ချီ ရှောင်လင်းလင်းကို သွားခေါ်လိုက်ပါ့မယ်"

စူးချင်း ခေါင်းညိတ်လိုက်ရာ ရှောင်ချီက တောထဲသို့ ပျံသန်းဝင်ရောက်သွားသည်။

အချိန်ခဏကြာအောင် စောင့်ပြီးနောက်တွင် ရှောင်ချီက နှင်းကဲ့သို့ ဖြူဖွေးနေပြီး နတ်သမီးလေးကဲ့သို့ လှပသော နတ်သားရဲတစ်ကောင်နှင့်အတူ တောထဲမှ ပြန်ထွက်လာခဲ့သည်။

“သခင်၊ ဒါက ရှောင်လင်းလင်းပါ"

ရှောင်ချီက ရှောင်လင်းလင်းကို သူ့သခင်နှင့် မိတ်ဆက်ပေးနေပြီး သူမက ရှောင်လင်းလင်း၏လက်ကို တစ်ချိန်လုံး ဆုပ်ကိုင်ထားကာ အလွန်ကာကွယ်စောင့်ရှောက်ပြီး ဂရုစိုက်သည့်ပုံစံကို ပြသနေသည်။

"သခင်လို့ ခေါ်လို့ရမလားဟင်"

ရှောင်လင်းလင်းက စူးချင်းကို ရှက်ရွံ့ဟန်ဖြင့် ကြည့်ကာ မရဲတရဲ မေးလိုက်သည်။

ရှောင်ချီကလည်း သူမ၏သခင်ကို သနားခံသလို ကြည့်နေခဲ့သည်။ စူးချင်းက သူမကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

“ရတယ်”

ရှောင်ချီနှင့် ရှောင်လင်းလင်းတို့က ပျော်ရွှင်စွာ ပွေ့ဖက်လိုက်ကြသည်။ စူးချင်းက သူတို့မည်မျှ ပျော်ရွှင်နေသည်ကို ကြည့်နေရင်း ပြုံးနေလေသည်။

လဝက်ခန့်အကြာတွင် ကျန်းလောင်ချီ၏မိသားစုက ကျန်းယွိရန်ကို ခေါ်ဆောင်ပြီး မြို့တော်သို့ ရောက်ရှိလာကြသည်။ ရှောင်းကျဲယွိက ဆားတာဝန်ခံ လီဝေ၏နေအိမ်ကို ကျုံးယုံအတွက် ပေးအပ်ခဲ့သည်။

လီဝေ၏အိမ်က စူးဟန်ရွှမ်၏အိမ်ထက်ပင် ပိုခမ်းနားနေသေးသည်။ ထုပ်တန်းများနှင့် တိုင်လုံးကြီးများကို ဆေးခြယ်ရန်အတွက်ပင် ငွေလျန်သုံးသန်းခန့် သုံးစွဲခဲ့သည်ဟု ပြောကြသည်။ စင်္ကြံများကိုပင် ရွှေချထားပြီး အိမ်တွင်းရှိ ပရိဘောကများက ပို၍ပင် ခန်းနားထည်ဝါနေသေးသည်။ ပရိဘောဂများအားလုံးက အသစ်စက်စက်ဖြစ်ပြီး တန်ဖိုးအရှိဆုံး သစ်သားဖြင့် ပြုလုပ်ထားသည်။

လီဝေ မည်မျှ ကြိုးစားအားထုတ်ခဲ့သည်ကို တွေ့မြင်နိုင်ပြီး ကျုံးယုံအတွက် ကံကောင်းသွားခြင်း ဖြစ်သည်။ လီဝေက ဤနေအိမ်သို့ ပြောင်းရွှေ့လာပြီး သုံးလမပြည့်မီ ကွပ်မျက်ခံခဲ့ရခြင်း ဖြစ်သည်။

ရှောင်းကျဲယွိက ထိုအိမ်ကို သန့်ရှင်းရေးပြန်လုပ်ရန် သူ့လူများအား စေခိုင်းခဲ့သည်။ ထို့အပြင် လီဝေ၏ကံဆိုးခြင်းများကို မောင်းထုတ်ရန်နှင့် မကောင်းဆိုးဝါးများအား မောင်းထုတ်ပြီး ကံကောင်းခြင်းများ ရရှနေရန် ဖုန်း‌ရွှေအခင်းအကျင်းများ ပြန်ဖွဲ့စည်းပေးရန် သူ့၏ဆရာဦးလေးကို အကူအညီတောင်းခဲ့သည်။ ကျိုးပေါ် အလွယ်တကူ ပူးပေါင်းလာစေရန် စူးချင်းက သူမတို့၏ဆရာဦးလေး အလိုရှိသလောက် သောက်နိုင်ဖို့ ပါ့ဝမ်စွေ့ အိုးငါးဆယ်ကို အထူးချက်လုပ်ပေးခဲ့သည်။

မြို့တော်သို့ ရောက်လာသည့် ကျန်းမိသားစုက နားနေတည်းခိုဆောင်တွင် နေရန် စီစဉ်ထားကြသော်လည်း ရှောင်းကျဲယွိက ကျန်းမိသားစုကို နန်းတော်ထဲသို့ ပို့ဆောင်ရန် သူ့လူများကိုအမိန့်ပေးခဲ့သည်။

နန်းတော်တွင် အခန်းလွတ်များစွာရှိသောကြောင့် သူက စီနင်းနန်းဆောင်နှင့် ပိုမိုနီးစပ်သော နန်းဆောင်တစ်ခုကို ရွေးချယ်ပြီး ကျန်းမိသားစုအတွက် သပ်သပ်ရပ်ရပ် ပြင်ဆင်ပေးထားခဲ့သည်။

လက်ထပ်တော့မည့် မိန်းကလေးတစ်ယောက်အနေဖြင့် ကျန်းယွိရန်က လက်မထပ်ခင် ကျုံးယုံနှင့် တွေ့ဆုံခွင့် မရှိပေ။ သူမ ကျုံးယုံနှင့် နှစ်လကျော် ခွဲခွာခဲ့ရပြီး သူ့ကို အလွန်လွမ်းဆွတ်နေသည်။ သို့သော် သူမ သုံးနှစ်စောင့်ခဲ့ပြီးပြီ ဖြစ်သောကြောင့် နောက်ထပ်ရက်အနည်းငယ် စောင့်ရခြင်းက မထူးခြားတော့ပေ။

စူးချင်းက ကျန်းယွိရန်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့သည်။ သူမက ကျန်းယွိရန်အတွက် မင်္ဂလာဝတ်စုံတစ်စုံ ချုပ်ပေးခဲ့ပြီး ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော ပိုးသားဖြင့် ချုပ်ပေးခဲ့သည်။ ထိုဝတ်စုံက အလွန်လှလွန်းသောကြောင့် ကျန်းယွိရန်ကိုပင် မျက်ရည်ဝဲသွားစေခဲ့သည်။

"မယ်မယ်က ကျွန်တော်မျိုးမအပေါ် အရမ်းကောင်းတာပဲ"

"ငါ့ကို အစ်မစူးချင်းလို့ပဲ ခေါ်ပါ"

စူးချင်းက သူမ၏ဘဝဟောင်းကို သဘောကျနေဆဲ ဖြစ်သည်။

အဲ့တုန်းက အထက်အောက်ဆိုတဲ့ အဆင့်အတန်းတွေ မရှိဘဲ လူတိုင်းက အတူတူပဲ။ ဒီမိန်းကလေးအနည်းငယ်က သူမကို ဝိုင်းရံနေလေ့ရှိပြီး အစ်မစူးချင်းလို့ ခေါ်တာကို သူမ သဘောကျခဲ့ဖူးတယ်။ အဲ့တုန်းက အားကိုးတကြီး မှီခိုခံရတဲ့ ခံစားချက်ကို သူမ တကယ်ပဲ လွမ်းဆွတ်နေမိတယ်။

ယခုအချိန်တွင် အဒေါ်ကျန်းက မြင့်မြတ်သည့်သခင်မဘွဲ့ကို ချီးမြှင့်ခံထားရပြီး ဖြစ်သည်။ သူမ၏စိတ်နေစိတ်ထားက အငတ်ဘေးမှ ထွက်ပြေးကြစဥ်အခါနှင့် သိသိသာသာ ကွဲပြားသွားခဲ့သည်။ သူမတွင် မြင့်မြတ်သော မိခင်တစ်ယောက်၏ ဟန်ပန်မျိုး ရှိနေပြီ ဖြစ်ကာ သူမ၏ တင့်တယ်လှပသော အဝတ်အစားများက သူမကို ပို၍ မြင့်မြတ်ဟန် ပေါ်လာစေသည်။

နောက်ဆုံးတွင် သူမ မျှော်လင့်နေခဲ့ရသည့် သမီးဖြစ်သူ၏မင်္ဂလာပွဲကို ရောက်ရှိလာခဲ့သည်။ သူမနှင့် သူမ၏သားဖြစ်သူက ကျန်းယွိရန်အတွက် အကောင်းဆုံးခန်းဝင်ပစ္စည်းများ ပေးရန် ဆုံးဖြတ်ထားကြသည်။

သူတို့၏မင်္ဂလာပွဲနေ့တွင် ရှောင်းကျဲယွိနှင့် စူးချင်းတို့က ကျုံးယုံ၏အကြီးအကဲများ ဖြစ်လာကြပြီး ကျုံးယုံနှင့် ကျန်းယွိရန်တို့အတွက် ကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲကို ကျင်းပပေးခဲ့ကြသည်။

ဧကရာဇ်မင်းမြတ်နှင့် ဧကရီက မင်္ဂလာပွဲကို ကြီးမှူးကျင်းပခဲ့သောကြောင့် နန်းတွင်းရှိ အရာရှိများအားလုံး လျစ်လျူရှုဝံ့ခြင်း မရှိကြချေ။ သူတို့အားလုံးက သူတို့၏ ထောက်ခံမှုကို ပြသရန် မင်္ဂလာပွဲသို့ တက်ရောက်လာကြသည်။

All Chapters