← Chapters

ပျော်ရွှင်ဖွယ် အခါသမယ

Vol. 45 Ch. 664

ပျော်ရွှင်ဖွယ် အခါသမယ

Vol. 45 Ch. 664

ကျုံးအိမ်တော်၏ တံခါးနှစ်ဘက်စလုံးတွင် တောက်ပသော အနီရောင်မီးလုံးကြီးများ ချိတ်ဆွဲထားပြီး ပွဲတော်၏အငွေ့အသက်များ ပြည့်နှက်နေသည်။ ကြီးကျယ်ခမ်းနားသော ကျောက်ခြင်္သေ့များ၏လည်ပင်းတစ်ဝိုက်တွင်လည်း အနီရောင်ပိုးထည်စများ ချိတ်ဆွဲထားသည်။ တံခါး၏ တစ်ဖက်တစ်ချက်စီတွင် နန်းတွင်းတေးဂီတအဖွဲ့က တီးမှုတ်ဖျော်ဖြေနေပြီး တံခါးပေါက်ရှိ “ပျော်ရွှင်ခြင်း” ဟူသော အနီရောင်စာလုံးကြီးက အထူးပင် စွဲမက်ဖွယ်ကောင်းနေသည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့က နံနက်စောစောထကာ ကျုံးယုံ၏အိမ်သို့ ရောက်ရှိလာကြသည်။ လီတာ့နျိုက မနေ့ကမှ ရောက်လာပြီး တစ်ညလုံးအိပ်နေခဲ့သည်။ ယခု အိပ်ရေးဝကာ မနက်စောစော ထပြီး ကျုံးယုံကို ကူညီနေပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူက တစ်ကြိမ်လက်ထပ်ဖူးသောကြောင့် ကျုံးယုံထက် ပိုသိသည်။

ယနေ့တွင် ကျုံးယုံက အလွန်အမင်း ကျက်သရေရှိနေပြီး အလွန်ကြည့်ကောင်းနေသည်။ အနီရောင် မင်္ဂလာဝတ်စုံနှင့် သတို့သားဦးထုပ် ၀တ်ဆင်ထားသည့် လူငယ်လေးက အထူးတလည် တောက်ပနေသည်။ သူ့မျက်လုံးများကလည်း ပျော်ရွှင်မှုအပြည့်ဖြင့် တောက်ပနေကာ ကျန်းယွိရန်ကို သွားကြိုရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသည်။ သူ ပြုံးရယ်လွန်းသောကြောင့် သူ့နှုတ်ခမ်းထောင့်များက သူ့နားရွက်နားသို့ပင် ရောက်နေပြီ ဖြစ်သည်။

သူတို့ စေ့စပ်ထားသည်မှာ သုံးနှစ်ရှိပြီ ဖြစ်ပြီး နောက်ဆုံးတွင် ပျော်ရွှင်စရာ အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

သူ့ရဲ့ယွိရန်က အရမ်းချစ်စရာကောင်းပြီး သူ့ကို လိုလိုလားလားနဲ့ စောင့်ပေးခဲ့တယ်။

"ကျုံးယုံ"

စူးချင်းနှင့် ရှောင်းကျဲယွိတို့က ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ တော်ဝင်ရထားလုံးဖြင့် ရောက်ရှိလာကြသည်။ သူတို့က ကျုံးယုံကို မျက်နှာသာပေးရန်အတွက် ပေါ့ပေါ့ပါးပါး အဝတ်အစားများကို မ၀တ်ဆင်ဘဲ အကောင်းဆုံး အ၀တ်များကို ဝတ်ဆင်လာခဲ့ကြသည်။

“အကိုကြီး... ဆရာ...”

စူးချင်းနှင့် ရှောင်းကျဲယွိတို့ကို မြင်လိုက်ရချိန်တွင် ကျုံးယုံ၏မျက်လုံးများ နီရဲလာပြီး မျက်ရည်များဝဲခိုလာသည်။

စူးချင်းကလည်း သတို့သားဖြစ်သည့် သူမ၏တပည့်ကို ကြည့်နေရင်း သူမ၏စိတ်ထဲ၌ ခံစားချက်များ ရောထွေးနေသည်။

အရင်က အရပ်ရှည်ရှည်နဲ့ သန်မာပေမယ့် တုံးအပုံရတဲ့ ကောင်လေးက သတို့သားဝတ်စုံ ဝတ်လိုက်တော့ တော်တော်ကို ယောက်ျားဆန်ပြီး ခန့်ညားထည်ဝါတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်နေသားပဲ။

ဧကရာဇ်မင်းမြတ်နှင့် ဧကရီတို့က မင်းသားလေးနှင့် မင်းသမီးလေးကို ခေါ်ဆောင်ကာ သူတို့လက်အောက်ငယ်သား၏မင်္ဂလာပွဲသို့ တက်ရောက်ခြင်းမှာ မကြုံစဖူးပင် ဖြစ်သည်။ သို့ရာတွင် ဤအချိန်၌ ရှေးယခင်မင်းဆက်များတွင် ရှိခဲ့ဖူးသည့် ကျင့်ဝတ်များဖြင့် တိုင်းတာ၍ မရတော့ပေ။ ဤလူနှစ်ယောက်က မည်သည့်မှတ်တမ်းတင်မှုမျိုးကိုမှ ဂရုမစိုက်ကြပေ။

(t/n: သူတို့မှာ ဧကရာဇ်နဲ့ တော်ဝင်မိသားစုဝင်တွေကို လိုက်ကြည့်ပြီး မှတ်တမ်းရေးတဲ့ သမိုင်းပညာရှင်ဆိုတာ ရှိပါတယ်၊ ကျင့်ဝတ်တွေ မညီရင် သမိုင်းထဲမှာ ပါမှာ ကြောက်တော့ ဧကရာဇ်တွေက တော်ဝင်အိန္ဒြေအပြည့်နဲ့ နေထိုင်ပြုမူကြတာပေါ့လေ့)

ကျုံးယုံတွင် မိဘများ မရှိတော့သော်လည်း တာ့ထန်အင်ပါယာတစ်ခုလုံးရှိ လူများက သူ့မင်္ဂလာပွဲကို အားကျနေကြသည်။

ဒီမင်္ဂလာပွဲကို ဧကရာဇ်မင်းမြတ်နဲ့ ဧကရီတို့ ဦးစီးကျင်းပတာလေ။ ဒီလိုဂုဏ်အသရေကို ဘယ်သူများ ရရှိဖူးလို့တုန်း?

သတို့သမီးက မင်းသမီး မဟုတ်သောကြောင့် နန်းတော်ထဲမှ လက်ထပ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ကျန်းမိသားစုကလည်း မနေ့ညကတည်းက နန်းတော်မှ တည်းခိုဆောင်သို့ ပြောင်းရွှေ့သွားခဲ့ကြသည်။ ယခု သတို့သမီးကို ကြိုဆိုရန် တန်းစီနေသည့် လူတန်းရှည်ကြီးက တစ်လီခန့် ရှိပြီး ခမ်းနားထည်ဝါသော အရိပ်အယောင်အပြည့်ဖြင့် တည်းဆိုဆောင်ဆီသို့ ဦးတည်နေသည်။

ပြည်သူများက လမ်းဘေးနှစ်ဖက်တွင် ရပ်ကာ စောင့်ကြည့်နေကြသည်။

ဒါက ဘယ်သူရဲ့မင်္ဂလာပွဲလဲ? ဒီမင်္ဂလာပွဲက အရမ်းခမ်းနားလွန်းတယ်။

ကျန်းယွိရန်ကလည်း အပြည့်အဝ ဝတ်စားဆင်ယင်ထားပြီး ခေါင်းပေါ်တွင် အနီရောင်ပုဝါ အုပ်ကာ ကျုံးယုံကို စောင့်ဆိုင်းနေသည်။ သူမ၏နှလုံးသားကလည်း သူမ၏ရင်ဘတ်ထဲမှ ခုန်ထွက်တော့မယောင် ခုန်ပေါက်နေပြန်သည်။ သူမက ကျုံးယုံနှင့် လက်ထပ်ရမည့်နေ့ကို အမြဲတမ်း စောင့်မျှော်နေခဲ့သူ ဖြစ်သည်။ သူတို့နှစ်ယောက် အတူရှိကြပြီး နေ့တိုင်းနေ့တိုင်း မည်သို့ နေနိုင်ရမည်ကို စဉ်းစားရင်း ကျန်းယွိရန်တစ်ယောက် ကြည်ကြည်နူးနူး ပြုံးနေခဲ့သည်။

သူမက ကျုံးယုံ၏ရာထူး မည်မျှမြင့်မားသည် သို့မဟုတ် သူ့ထံတွင် ငွေမည်မျှရှိသည်ကို ဂရုမစိုက်ပေ။ သူမတို့မိသားစု လုံခြုံပြီး ကျန်းမာနေကာ ဝမ်းဝရုံစားနိုင်၊ နွေးထွေးအောင် ဝတ်ဆင်နိုင်ရုံမျှဖြင့် သူမ ပျော်ရွှင်နေပေလိမ့်သည်။

ထို့ကြောင့်လည်း အလွန်အကျွံဆန္ဒများမရှိမှ ကျေနပ်နိုင်ပြီး ထိုကျေနပ်မှုက ပျော်ရွှင်မှုကို ယူဆောင်လာနိုင်သည်ဟု ဆိုခဲ့ကြခြင်းပင်။

မြို့တော်သခင်ဖြစ်သော ကျန်းလောင်ချီကလည်း သူ့ညီမအတွက် အလွန် ရက်ရောပြီး ဆယ်လီရှည်သော ခန်းဝင်လက်ဆောင်ကို ပြင်ဆင်ထားခဲ့သည်။ သူ့ညီမလေး အိမ်ထောင်ကျပြီးနောက် ပိုက်ဆံအတွက် စိတ်ပူစရာ မလိုအောင် သူ စီစဥ်ထားခဲ့ပုံရသည်။

“ယွိရန်၊ မင်း အိမ်ထောင်ကျပြီးရင် ကျုံးယုံကို ကောင်းကောင်း ဂရုစိုက်ရမယ်၊ သူ့မှာ မိဘ မရှိရှာဘူး၊ သနားဖို့ ကောင်းတယ်၊ မင်းက မင်းရဲ့စိတ်ဆန္ဒကိုပဲ ဦးစားပေးပြီး ရမ်းကားတာမျိူး မလုပ်ရဘူး”

အဒေါ်ကျန်းတစ်ဖြစ်လဲ ကျန်းသခင်မကြီးက သူမ၏သမီးလေးကို သင်ကြားပေးနေသည်။ အသက်ကြီးသော အမျိုးသမီးမျိုးဆက်များက သူမတို့၏ခင်ပွန်းများကို အလုပ်အကျွေးပြုရန်နှင့် သားသမီးများကို ပြုစုပျိုးထောင်ရန် လိုအပ်သည်ဟု ယူဆထားကြသည်။ သူမတို့အတွက် သူမတို့၏ခင်ပွန်းသည်က ကောင်းကင်ကြီးဖြစ်ပြီး သူမတို့၏ဘဝက ခင်ပွန်းသည်အပေါ်တွင် မူတည်ပြီး ရှေ့ဆက်ရမည့်ဟု ယုံကြည်ထားကြသည်။

"အမေ၊ သမီး မှတ်ထားပါ့မယ်"

ကျန်းယွိရန်က နာနာခံခံ ခေါင်းညိတ်လိုက်သည်။ အနီရောင်ပုဝါက သူမ၏ အမြင်အာရုံကို ပိတ်ဆို့ထားသောကြောင့် အရာရာမှုန်ဝါးနေပြီး ကြမ်းပြင်ကိုသာ မြင်နေရသည်။ အဒေါ်ကျန်း သူမ၏သမီးကို အခွံခွာထားသည့် ကြက်ဥတစ်လုံး လှမ်းပေးလိုက်သည်။

"ဗိုက်ပြည့်အောင် နည်းနည်းစားထားလိုက်၊ ပြီးရင် မှောင်တြဲအထိ ဘာမှ စားရမှာ မဟုတ်တော့ဘူး”

ဤခေတ်တွင် အိမ်ထောင်ပြုတော့မည့် သတို့သမီးအသစ်လေးများက "ကောင်းချီးမင်္ဂလာ" အနေအထားနှင့်အညီ ထိုင်နေရန် လိုအပ်သည်။ ကောင်းကင်နှင့်မြေကြီးကို ကန်တော့ပြီး သတို့သမီးအခန်းထဲသို့ ဝင်ပြီးနောက်တွင်ပင် အိပ်ယာပေါ်၌ ငြိမ်ငြိမ်လေး ထိုင်နေရန် လိုအပ်သေးသည်။ ထို့ကြောင့် ကျန်းယွိရန်တစ်ယောက် လှုပ်ရှားခြင်း မလုပ်နိုင်သလို ဆီးသွားရန်လည်း ခက်ခဲသောကြောင့် မနေ့ညကတည်းက လျော့စားရပြီး ဝဝလင်လင် မစားရတော့ပေ။ ဤမနက်ခင်း အဝတ်အစားများ လဲလှယ်သည့်အချိန်တွင် မသိမသာတစ်ခုခု စားနိုင်မည် ဖြစ်သည်။

ထို့ကြောင့် အဒေါ်ကျန်းက သူမ၏သမီးလေး စားရန် ကြက်ဥတစ်လုံး ခိုးပေးနေခြင်းဖြစ်သည်။

တစ်ညလုံး ဘာမှ မစားရသေးသည့် ကျန်းယွိရန်က ကြက်ဥ၏ရနံ့ကို ရလိုက်ရုံဖြင့် သွားရည်ယိုလာသည်။ သူမက အငတ်ဘေးမှ ထွက်ပြေးစဥ် လမ်းပေါ်၌ ဆာလောင်နေသကဲ့သို့ ခံစားနေရသည်။

ဒီကြက်ဥတစ်လုံးက ဗိုက်ပြည့်ဖို့ လုံလောက်မယ်ထင်ပါရဲ့။

ကျန်းယွိရန်က ကြက်ဥကို နည်းနည်းချင်းစီကိုက်ကာ စားနေပြီး သူမ၏နှုတ်ခမ်းနီများ မပျက်ထားသွားရန် အထူးဂရုစိုက်နေခဲ့သည်။

ထိုနှုတ်ခမ်းနီကို ဧကရီက သူမအတွက် ပေးခဲ့ပြီး နှုတ်ခမ်းနီသာမကဘဲ မျက်နှာချေမှုန့်၊ ပါးနီမှုန့်နှင့် အလှလိမ်းဆေးဆီများကိုလည်း ပေးခဲ့သည်။ ဧကရီက သူမကို ပြင်ဆင်ခြယ်သပေးရန် နန်းတွင်းအစေခံနှစ်ယောက်ကိုလည်း စေလွှတ်ပေးခဲ့သည်။

သူမ၏ မိတ်ကပ်လိမ်းပြီးနောက် မှန်ထဲမှ သူမကိုယ်သူမ မြင်လိုက်ရပြီး ကျန်းယွိရန်တစ်ယောက် အံ့အားသင့်နေခဲ့သည်။ ကျုံးယုံ သူမ၏မျက်နှာပေါ်မှ ပုဝါကို ဖယ်ရှားပြီး သူမအား ကြည့်လာမည့်အချိန်ကို သူမ မစောင့်ချင်ဖြစ်သွားရသည်။

ကြက်ဥ စားပြီးနောက် မင်္ဂလာအချိန်နီးကပ်လာပြီ ဖြစ်သည်။ ထိုအချိန်တွင် သူမ၏ အစ်ကိုကြီး ရောက်လာပြီး သူမတို့၏ အမေ ပြောခဲ့သလိုမျိုး ဇနီးကောင်းတစ်ယောက်နှင့် မိခင်ကောင်းတစ်ယောက်အဖြစ် နေထိုင်ရန် သွန်သင်တိုက်တွန်းနေပြန်သည်။

ကျန်းယွိရန်ကလည်း နာခံမှုူအပြည့်ဖြင့် ခေါင်းညိတ်နေဆဲပင်။ သို့သော် သူမ၏မျက်နှာကို ဖုံးအုပ်ထားဆဲဖြစ်ပြီး မည်သည့်အချိန်ရှိပြီကို သူမ မသိရသောကြောင့် အနည်းငယ် စိတ်ပူနေခဲ့သည်။ သတို့သမီးကြိုဆိုသည့် မင်္ဂလာနှဲသံကို ကြားလိုက်ရမှ သူမ စိတ်သက်သာရာရသွားခဲ့သည်။ ထိုမှသာ သူမက သူမ၏လက်များကို ဒူးပေါ်တင်လိုက်ပြီး အောက်ဘက်မှ ဘယ်ဘက်လက်ပေါ်သို့ ညာလက်ကို ယှက်တင်လိုက်သည်။ သူမက ချမ်းသာသောမိသားစုများမှ အမျိုးသမီးငယ်တစ်ဦးကဲ့သို့ အလွန်ကြော့ရှင်းသော ကိုယ်ဟန်အနေအထားဖြင့် သပ်သပ်ရပ်ရပ် ထိုင်နေသည်။

“ယောက်ဖ၊ ငါ ငါ့မိန်းမကို ခေါ်ဖို့ ရောက်လာပြီ”

ကျုံးယုံက ခြေလှမ်းကျဲကျဲများဖြင့် ခြံဝင်းထဲသို့ ပြေးဝင်သွားပြီး ထူးထူးခြားခြား ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်သည်။

ကျန်းလောင်ချီက သူ့ကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

“မင်း ငါ့ကို စာအိတ်အနီ အရင်ပေးသင့်တာ မဟုတ်ဘူးလား?”

"ဟုတ်သားပဲ၊ ဆရာက ကျွန်တော့်အတွက် အားလုံး ပြင်ဆင်ပေးလိုက်တယ်"

ကျုံးယုံက သူ့မင်္ဂလာဝတ်စုံ၏ အင်္ကျီလက်ဝကျယ်ထဲမှ အနီရောင်စာအိတ်အနည်းငယ်ကို ထုတ်ကာ သူ့ယောက်ဖအတွက် အကြီးကြီးတစ်ခုကို ရွေးထုတ်ပေးလိုက်သည်။

"ယောက်ဖ ဒါ လုံလောက်ပြီလား?

“အေး ရပြီ၊ အထဲဝင်ရအောင်"

ကျန်းလောင်ချီက ထိုစာအိတ်ကို မကြည့်တော့ဘဲ ကံကောင်းစေရန် သိမ်းထားဖို့သာ မျှော်လင့်နေသည်။

အနီရောင်စာအိတ်တစ်အိတ်ကြောင့် သတို့သားကို မတားသင့်ဘူးလေ။

သို့သော် ထိုအနီရောင်စာအိတ်ကို မြင်လိုက်ရချိန်တွင် ကျန်းလောင်ချီတစ်ယောက် အကြီးအကျယ် အံ့ဩသွားရသည်။

ငွေလျန်တစ်ထောင်တန်က များလွန်းတယ်ကွ။

ကျုံးယုံက စိတ်မရှည်ဟန်ဖြင့် ကျန်းယွိရန်၏ အခန်းဆီသို့ အပြေးတပိုင်း လျှောက်လှမ်းနေသည်။ သူ နေ့ရောညပါ တွေးနေရသော သူ့ချစ်သူက အနီရောင်ပုဝါအုပ်ကာ သတို့သမီးဝတ်စုံ ဝတ်ထားပြီး သူ့အား ငြိမ်ငြိမ်လေး ထိုင်စောင့်နေသည်ကို တွေ့လိုက်ရချိန်တွက် သူ့ပါးစပ်ထောင့်များက နားရွက်များအထိ ကွေးညွတ်ကာ ချိုသာသော အသံဖြင့် ပြောလိုက်သည်။

"ယွိရန်၊ မင်းရဲ့ယောကျာ်းက မင်းကို ခေါ်ဖို့ ရောက်လာပြီ"

ကျန်းလောင်ချီက သူ့ယောက်ဖနောက်မှ လိုက်လာပြီး အိမ်ခန်းထဲသို့ ဝင်လာခဲ့သည်။ ကျုံးယုံက ထိုကဲ့သို့ ဆူညံသော အသံဖြင့် အော်ပြောနေသည် ကြားလိုက်ရချိန်တွင် ကျန်းလောင်ချီက သူ့လက်မောင်းများကို ပွတ်သပ်ပြီး လေကို အငမ်းမရ ရှူရှိုက်လိုက်သည်။

"ပြီးပြည့်စုံတဲ့ နေ့တစ်နေ့၊ လှပတဲ့ မြင်ကွင်းလေး.. ကောင်းကင်ဘုံက တွဲဖက်ပေးတဲ့ ချစ်စရာစုံတွဲလေး... "

အောင်သွယ်တော်က ကောင်းသောစကားများ ဆက်တိုက်ပြောနေပြီး သတို့သမီး ကြိုဆိုသည့် လုပ်ငန်းစဉ်ကို ဖြတ်သန်းနေသည်။ သူမက သတို့သမီးအား သတို့သမီးဝေါယာဥ်ပေါ်သို့ သယ်ပို့ပေးရန် ယောက်ဖဖြစ်သူ ကျန်းလောင်ချီအား တောင်းဆိုလိုက်သည်။

ကျုံးယုံက အလွန်ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိသည့် လူရှစ်ယောက်ထမ်း ဝေါယာဥ်ကို ယူဆောင်လာခဲ့သည်။ ကျန်းယွိရန်ကို သူမ၏အစ်ကိုဖြစ်သူက ဝေါယာဥ်ပေါ်သို့ တင်ပေးလိုက်သည်။ သူမက အနီရောင်ပုဝါကြောင့် မြေကြီးကိုသာ မြင်နေရပြီး ဝေါယာဥ်ရှေ့တွင် ဖိနပ်အသစ်ဝတ်ထားသည့် ခြေတစ်စုံကို တွေ့လိုက်ရသည်။ ထိုခြေထောက်ကြီးများက ကျုံးယုံ၏ခြေထောက်မှန်း သူမ သိနေပြီး ကျန်းယွိရန်က နှုတ်ခမ်းကို ဖွဖွလေး ဖိကာ ပြုံးနေခဲ့သည်။

ဒါက အစ်ကိုကြီးကျုံးအတွက် တခြားသူတွေ လုပ်ထားတဲ့ ဖိနပ်ကို နောက်ဆုံးအကြိမ် ဝတ်ရတာပဲ။ နောက်ဆိုရင် သူ့ဖိနပ်ကို သူမကိုယ်တိုင် လုပ်ပေးနိုင်တော့မယ်။

ကျုံးယုံက သတို့သမီး ဝေါယာဥ်၏ ကန့်လန့်ကာကို ချပေးရန် ရှေ့တိုးသွားပြီး ကျန်းယွိရန်ကို တိုးတိုးလေး ပြောလိုက်သည်။

"ယွိရန်.... အိမ်ပြန်ကြမယ်"

ကျန်းယွိရန်က သူမ၏ခေါင်းကို ညင်ညင်သာသာ ငြိမ့်ပြလိုက်ပြီး သူမ၏ရင်ထဲတွင်လည်း ချိုမြိန်သာယာမှုများ ပြည့်နှက်နေသည်။

သတို့သမီးကို လာကြိုသည့် လူတန်းကြီးက ပြန်လှည့်သွားပြီး ယခုတကြိမ်တွင် ပို၍ ရှည်လျားလာခဲ့သည်။ သတို့သမီးကို ခေါ်ဆောင်သွားသည့် ဝေါယာဥ်က ကျူံးအိမ်တော်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ခန်းဝင်ပစ္စည်းအတန်းကြီးက အဝေးတွင်ရှိနေဆဲ ဖြစ်သည်။

ဆယ်လီရှည်လျားသော ဤအနီရောင်သတို့သမီးကြိုဆိုပွဲက မြို့တော်ရှိ ပြည်သူများကို မနာလိုဖြစ်စေခဲ့သည်။

ဘယ်လောက်တောင် ရာထူးကြီးတဲ့ အရာရှိကြီးရဲ့သမီး လက်ထပ်တာတုန်း? ဒီလိုမျိုး ခန်းဝင်ပစ္စည်းတွေ အများကြီးရတဲ့ သတို့သားကလည်း ကောင်းချီးအပြည့်ရထားတဲ့သူပဲ ဖြစ်ရမယ်။

သတို့သမီး ဝေါယာဥ်က ကျုံးအိမ်တော်၏အဝင်ပေါက်သို့ ရောက်ရှိလာသည်။ အောင်သွယ်တော်က ကျုံးယုံအား ဝေါယာဥ်၏ကန့်လန့်ကာကို ကန်ခိုင်းပြီးမှ သတို့သမီး ဝေါယာဥ်ပေါ်မှ ဆင်းရန် ကူညီပေးလိုက်သည်။

အဝင်ဝတွင် မီးသွေးအိုးတစ်လုံး ချထားပြီး သတို့သမီးက ဆင်းလိုက်သည်နှင့် မီးဖိုကို မီးညှိုလိုက်ကြသည်။ ထိုအရာက ရှေးခေတ်တွင် အိမ်ထောင်ရေးအတွက် လိုအပ်သော ထုံးတမ်းစဉ်လာတစ်ခု ဖြစ်သည်။ ထိုမီးဖိုကို ဖြတ်ကျော်လိုက်သည်နှင့် ကံဆိုးခြင်းများ မရှိတော့ဘဲ နေ့ရက်များအားလုံး သာယာဝပြောလာမည်ဟု ယုံကြည်ကြသည်။

ကျန်းယွိရန်၏ ဦးခေါင်းပေါ်တွင် အနီရောင်ပုဝါ အုပ်ထားဆဲဖြစ်သောကြောင့် အောင်သွယ်တော်က သူမ မီးဖိုကို ကျော်နိုင်ရန် ကူညီပေးခဲ့သည်။ ဘာကြောင့်မှန်း မသိသော်လည်း မီးဖိုပေါ်ရှိ မီးက အလွန်တောက်လောင်နေပြီး ကျန်းယွိရန်က ဇာပါးအောက်မှ တောက်လောင်နေသော မီးလျှံများကို ကြည့်ရင်း ခြေလှမ်းမလှမ်းရဲလောက်အောင် ကြောက်လန့်နေခဲ့သည်။

အောင်သွယ်တော်က သူမကို တိုက်တွန်းလိုက်သည်။

“သတို့သမီးက တံခါးကို ဖြတ်သွားတဲ့အချိန် မီးကို ဖြတ်ကျော်ရမယ်။ ဒါမှ နောက်နှစ်မှာ ချမ်းသာကြွယ်ဝလာပြီး သားသမီးတွေ အများကြီး ရလာလိမ့်မယ်။ သတို့သမီးက ယောက္ခမတွေ အပေါ် ရိုသေလေးစားပြီး ယောက္ခမတွေ သတို့သမီးအပေါ် ချစ်ခင်ကြင်နာကြမယ်၊ မိသားစုသဟဇာတဖြစ်ရင် အားလုံးပျော်ရွှင်ရလိမ့်မယ်”

All Chapters