အကိုကြီး အဖရာ
Vol. 45 Ch. 665
"သတို့သမီး၊ မြန်မြန် သွားပြီး ကျော်ဖြတ်လိုက်ပါ"
အောင်သွယ်တော်က သီကုံးချီးမွန်းပြီး ကျန်းယွိရန်ကို တိုက်တွန်းလိုက်သည်။
မီးဖိုအိုးထဲမှ မီးတောက်က အရင်ကထက် ပိုတောက်ပလာသည်။ မီးတောက်ပို ပိုပြင်းထန်လာလေလေ ပိုသာယာဝပြောလေလေ ဖြစ်သည်ဟု ယုံကြည်ကြပြီး အောင်သွယ်တော်က ကျန်းယွိရန်ကို မီးဖိုဆီသို့ ဆွဲခေါ်သွားသည်။ ကျန်းယွိရန်က အလွန်ထိတ်လန့်နေပြီး သူမ၏ မင်္ဂလာဝတ်စုံအောက်နားစကို မတင်လိုက်သည်။ သူမက သူမ၏မင်္ဂလာဝတ်စုံလေး မီးလောင်ကျွမ်းသွားမည်ကို စိုးရိမ်နေပုံရသည်။
ကျန်းယွိရန် အလွန်ကြောက်ရွံ့နေသော်လည်း တံခါးနှစ်ဘက်ရှိ ဖောက်အိုးမီးရှူးများက မြေပြင်ပေါ်၌ စတင်ပေါက်ကွဲနေပြီ ဖြစ်သည်။ မြေပြင်ပေါ်တွင် မီးစများ ပြည့်လာသောကြောင့် သူမ ကျော်ဖြတ်ရန် ပို၍ တွန့်ဆုတ်လာသည်။
ကျန်းယွိရန် ကြောက်ရွံ့နေသည်ကို ကျုံးယုံလည်း မြင်နေရသည်။ သူက စည်းမျဥ်းစည်းကမ်းများကို ဂရုမစိုက်တော့ဘဲ သူမဆီသို့ လျှောက်သွားလိုက်ပြီး သူ့ဇနီးကို ပွေ့ချီလိုက်သည်။ သူ သူ့သတို့သမီးကို အလျားလိုက် ပွေ့ချီကာ မီးဖိုခုံကို ခြေလှမ်းကျယ်ကြီးဖြင့် ကျော်ဖြတ်လိုက်သောကြောင့် အောင်သွယ်တော်ပင် အကြီးအကျယ် အံ့အားသင့်သွားရသည်။ ကံကောင်းထောက်မစွာဖြင့် သူမက အတွေ့အကြုံ ရင့်ကျက်သည့် အောင်သွယ်တော် ဖြစ်သောကြောင့် စကားကောင်းများ ချက်ချင်း ပြန်ထွက်လာသည်။
“သတို့သမီးနဲ့ သတို့သား မီးဖိုခုံကို အတူကျော်ဖြတ်လိုက်ပြီ၊ သူတို့ရဲ့နေ့ရက်လေးတွေက မီးတောက်တွေလို တောက်ပပြီး ကြွယ်ဝချမ်းသာလာမယ်၊ အကြင်လင်မယား သဟဇာတဖြစ်ပြီး ရှေ့သွားနောက်လိုက် ညီညွှတ်မယ်၊ တောင်ပံချင်းထိပြီး ပျံသန်းနေတဲ့ ငှက်မောင်နှံလို အမြင့်ကြီးထိ ပျံသန်းနိုင်လိမ့်မယ်”
ကျုံးယုံက သူ့ဇနီးလေးကို ပွေ့ချီထားရင်း သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ မွှေးရနံ့ကို ရှူရှိုက်လိုက်သည်။ သူက ကျန်းယွိရန်ကို ရှောင်းကျဲယွိနှင့် စူးချင်းတို့၏ရှေ့သို့ ဂရုတစိုက် ချီသွားပြီးမှ ညင်ညင်သာသာ ပြန်ချပေးလိုက်သည်။
ကျန်းယွိရန်၏ မင်္ဂလာဝတ်စုံကို မြင်လိုက်ရချိန်တွင် ယွင်အာ၏မျက်လုံးလေးများက အထူးတလည် တောက်ပလာသည်။ ကလေးလေးက စူးချင်း၏လက်ကို ဆွဲကာ စိတ်လှုပ်ရှားစွာဖြင့် တောင်းဆိုလာပြန်သည်။
"မယ်တော်၊ ယွင်အာလည်း သတို့သမီး ဖြစ်ချင်တယ်"
သတို့သမီးဆိုတာက ဘာကိုဆိုလိုတယ်ဆိုတာ ဒီမိန်းကလေးက သိလို့လား?
စူးချင်းက သမီးဖြစ်သူ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး စူးရှသော အကြည့်ဖြင့် ပြန်ပြောလိုက်သည်။
“အခု ယွင်အာက အရမ်းငယ်သေးတယ်၊ သမီးလေး ကြီးလာမှ မယ်တော်က သမီးလေးကို သတို့သမီးဖြစ်ခွင့်ပေးမယ်"
ဤရှေးခေတ်တွင် အသက်ဆယ့်လေးနှစ်၌ အိမ်ထောင်ပြုနိုင်သော်လည်း စူးချင်းက သူမ၏သမီးလေးကို ထိုမျှလောက်စောပြီး အိမ်ထောင်မပြုစေချင်ပေ။
ပန်းလေးတွေက ပွင့်တောင် မပွင့်သေးဘဲ အိမ်ထောင်ကျပြီး ကလေး မွေးဖွားလိုက်ရရင် စောစောစီးစီး ညှိုးနွမ်းသွားလိမ့်မယ်။
ဒီလိုဘဝမျိုးက တစ်ချက်ကြည့်လိုက်ရုံနဲ့ ခန့်မှန်းနိုင်တဲ့အရာပဲ။ အရမ်းကို ပျင်းဖို့ ကောင်းတယ်။
“အိုး”
ယွင်အာက စိတ်ပျက်ဟန်လေးဖြင့် ညည်းညူလိုက်သည်။ သို့သော်လည်း သူမ တခဏတာမျှသာ မပျော်မရွှင် ဖြစ်သွားပြီး သူမ၏မူလ ဂျစ်ကန်ကန်ပုံစံလေးသို့ ပြန်ရောက်သွားသည်။
သတို့သမီး၏မျက်နှာကို ပါဝါဖြင့် အုပ်ထားသောကြောင့် ကလေးမလေးက မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ကာ ထိုပုဝါအောက်သို့ ချောင်းကြည့်နေပြန်သည်။ သူမ၏ ကပျက်ကချော် အသွင်အပြင်လေးက ရှောင်းကျဲယွိကို ပြုံးသွားစေသည်။
သူ့သမီးလေးက ချစ်စရာကောင်းလွန်းသည်ဟု သူ ခံစားနေရပြီး အဖေအိုကြီးတစ်ယောက်၏ ဂုဏ်ယူမှုကို သူ နားလည်လာရသည်။
"အရှင်မင်းမြတ်၊ ကျေးဇူးပြုပြီး မင်္ဂလာစကားပြောပေးပါဦး"
ဘေးတွင် ရပ်နေသည့် ကျန်းကျင့်လင်းက အကျယ်ကြီး အော်ပြောလိုက်သည်။
ရှောင်းကျဲယွိက အပြုံးဖြင့် မတ်တတ်ထရပ်လိုက်သည်။ မှူးကြီးမတ်ရာများအားလုံး ကျုံးယုံ၏မင်္ဂလာပွဲသို့ တက်ရောက်လာကြသည်။ ရှောင်းကျဲယွိ မတ်တပ်ထရပ်လိုက်သည်နှင့် သူတို့အားလုံးလည်း ထရပ်ကာ ခြံဝင်းထဲ၌ ဒူးထောက်လိုက်ကြပြီး ဆုမွန်ကောင်းတောင်းပေးလိုက်ကြသည်။
"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ...."
"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ...."
"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ...."
ရှောင်းကျဲယွိက သူတို့ ပြန်ထရပ်နိုင်ရန် သူ့လက်ကို မြှောက်ကာ အချက်ပြလိုက်သည်။
"ဒီနေရာမှာ ယဉ်ကျေးနေဖို့ မလိုဘူး၊ ထကြတော့"
အပြင်ဘက်မှ ဝိုင်းအုံကြည့်နေသူများကလည်း အတွင်းထဲမှ အော်ဟစ်သံများကို ကြားသွားကြပြီး ရင်ခုန်စိတ်လှုပ်ရှားသွားကြသည်။
ဧကရာဇ်မင်းမြတ်က ဒီမှာ ရှိနေခဲ့တာလား?
သူတို့အားလုံး ကျူံးအိမ်တော်၏အပြင်ဘက်တွင် ဒူးထောက်ထိုင်ကြသည်။
"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ...."
"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ...."
"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ...."
ပြည်သူများက တညီတညွတ်တည်း ကြွေးကြော်နေကြပြီး ရှောင်းကျဲယွိအပေါ်ထားသည့် သူတို့၏ မေတ္တာနှင့် သစ္စာစောင့်သိမှုကို ဖော်ပြနေကြသည်။
ရှောင်းကျဲယွိ တာ့ထန်အင်ပါယာကို တည်ထောင်လိုက်ချိန်တွင် ပြည်သူများက သာမာန်မင်းဆက်ပြောင်းလာမှုများနှင့် အလားတူပင်ဟု ယူဆခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ဘဝများက ဆင်းရဲတွင်း နက်လှပြီး ဒုက္ခများကို သူတို့ဘာသာ ရင်ဆိုင်ကျော်ဖြတ်ရမည်ဟုသာ သူတို့ ထင်နေကြသည်။
မမျှော်လင့်ဘဲ ထီးနန်းတက်လာသည့် ဧကရာဇ်အသစ်က သူ နန်းတက်ပြီးသည်နှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် အမိန့်တော်များ ထုတ်ပြန်ခဲ့သည်။ ဧကရီကလည်း ပိုးကောင်မွေးမြူရေး၊ ပိုးစာပင်စိုက်ပျိုးရေးနှင့် အထည်ရက်လုပ်နည်းများကို ဖြန့်ဝေပြီး လေ့ကျင့်သင်ကြားပေးမှုများလည်း ပြုလုပ်ပေးခဲ့သည်။ သူမက အထွက်နှုန်းကောင်းပြီး မိုးခေါင်မှုဒဏ်ကို ခံနိုင်သည့် မျိုးစေ့များကိုလည်း ဝေငှပေးခဲ့ပြီး လူအများ အေးချမ်းသာယာစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ခဲ့ကြသည်။ ထိုမျှလောက်ကောင်းမွန်ပြီး ကြင်နာတတ်သည့် ဧကရာဇ်နှင့် ဧကရီကို မည်သူမျှ မချစ်ခင် မလေးစားဘဲ မနေနိုင်ကြပေ။
စူးချင်းနှင့် ရှောင်းကျဲယွိတို့က ကျေနပ်မှုအပြည့်ဖြင့် မျက်လုံးချင်းဆုံကာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ မှူးမတ်များ၏ ဆုတောင်းနှုူတ်ခွန်းဆက်သံက သူတို့ကို မတုန်လှုပ်စေခဲ့သော်လည်း ပြည်သူများ၏ ချစ်ခြင်းမေတ္တာကတော့ သူတို့ကို သွေးဆူစေခဲ့သည်။ သူတို့လုပ်ခဲ့သမျှအရာအားလုံးက ထိုက်တန်တယ်သည်ဟု ခံစားလာရသည်။
“ကျုံးယုံက ကျန်းရဲ့ သွေးသစ္စာပြု ညီအစ်ကိုဖြစ်ပြီး ဦးရီးတော်ကျုံးကလည်း ခမည်းတော်ရဲ့ သွေးသစ္စာပြု ညီအစ်ကို ဖြစ်ခဲ့တယ်၊ ကျန်းတို့နှစ်ယောက်ကြားက တစ်သက်တာဆက်ဆံရေးက ရှည်လျားတယ်လို့ ပြောနိုင်တယ်။ အခု ဦးရီးတော်ကျုံးနဲ့ အရီးတော်က အနားမှာ မရှိတော့ဘူး၊ ကျန်းက အကြီးဆုံးဆိုတော့ အဖနေရာကနေ သူတို့အတွက် စကားပြောပေးမယ်၊ ဇနီးမောင်နှံနှစ်ယောက် အိမ်ထောင်သက် ရှည်လျားပြီး ပျော်ရွှင်မှုအပြည်နဲ့ စည်းစည်းလုံးလုံး နေထိုင်ပြီး သားတွေ သမီးတွေ အများကြီး မွေးဖွားနိုင်ပါစေ”
ရှောင်းကျဲယွိ၏ မင်္ဂလာဆုမွန်က ကျုံးယုံကို လုံလောက်သောမျက်နှာသာ ရရှိစေခဲ့သည်။
ဧကရာဇ်ရဲ့ သွေးသစ္စာပြု ညီတော်ဆိုတာ လျှော့တွက်လို့ မရတဲ့ အဆင့်အတန်းတစ်ခုလေ။
ရှောင်းကျဲယွိက သူ့ပြောစရာရှိသည်ကို ပြောပြီးသည်နှင့် အေးအေးဆေးဆေး ပြန်ထိုင်လိုက်သည်။ ကျန်းကျင့်လင်းကတော့ သူ့တာဝန်ကို ဆက်လက်ဆောင်ရွက်နေသည်။
“ပထမဦးဆုံး ကောင်းကင်နဲ့မြေကြီးကို ဦးညွှတ်မယ်၊ ဒုတိယအနေနဲ့ မိဘတွေကို ဦးညွှတ်မယ်၊ တတိယအနေနဲ့ ခင်ပွန်းနဲ့ ဇနီးသည် တစ်ဦးကို တစ်ဦး ဦးညွှတ်မယ်... နောက်ဆုံးမှာ သတို့သမီး မင်္ဂလာခန်းမထဲကို ဝင်လို့ရပါပြီ”
ကျန်းကျင့်လင်း၏ အသံက ကြည်လင်ပြတ်သားပြီး သာယာနာပျော်ဖွယ်ကောင်းသောကြောင့် မင်္ဂလာပွဲအတွက် အလွန်သင့်တော်လှသည်။ ကျုံးယုံနှင့် ကျန်းယွိရန်တို့က ကျန်းကျင့်လင်း၏ညွှန်ကြားချက်အရ ကောင်းကင်နှင့်မြေကြီးကို ဦးညွှတ်ခဲ့ကြသည်။ မိဘများအစား အမြင့်နေရာကို ဦးညွှတ်ကြပြီး အကြင်လင်မယားတို့ကည် တစ်ယောက်ကိုတစ်ယောက် ဦးညွှတ်ခဲ့ကြသည်။ နောက်ဆုံးတွင် ကျုံးယုံက အနီရောင်ဖဲပြားစကို ကိုင်ကာ ကျန်းယွိရန်ကို သတို့သမီးအခန်းဆီသို့ ပျော်ပျော်ရွှင်ရွှင် ဆွဲခေါ်သွားသည်။
ခြံဝင်းထဲမှ ဧည့်ခံပွဲကလည်း စတင်နေပြီ ဖြစ်ကာ ယနေ့တွင် တော်ဝင်စားဖိုဆောင်မှ စားဖိုမှူးများအားလုံးကို မင်္ဂလာပွဲအတွက် ချက်ပြုတ်ရန် ကျုံးအိမ်တော်သို့ စေလွှတ်ထားခဲ့သည်။ ဧကရီက ပင်မထိုင်ခုံတွင် ထိုင်နေပြီး သူမ၏ အချက်အပြုတ် စွမ်းရည်က အထူးကောင်းမွန်လှသည်။ တောင်ဝင်စားဖိုဆောင်မှ စားဖိုမှူးများက ဧကရီထံမှ အပြစ်ရှာခံရမည်ကို စိုးရိမ်နေပြီး သူတို့၏ ကျွမ်းကျင်မှု အားလုံးကို အသုံးချကာ ချက်ပြုတ်နေကြသည်။
မင်္ဂလာပွဲသို့ တက်ရောက်လာကြသော ဝန်ကြီးများကတော့ သူတို့ အလွန်ကံကောင်းသည်ဟု ခံစားနေရသည်။
ဘယ်မင်္ဂလာပွဲမှာ တော်ဝင်စားဖိုမှူးတွေ ချက်ပြုတ်တဲ့ ဟင်းလျာတွေကို စားခွင့်ရဖူးလို့လဲ? ဒါက ပထမဆုံးအကြိမ်ပဲ။
စူးချင်း၏ စားပွဲဝိုင်းက သူမတို့၏မိသားစုဝင်များနှင့် ပြည့်နေခဲ့သည်။ ချင်ဖုန်းက စားပွဲထိပ်မှာ ထိုင်နေပြီး စူးချင်းနှင့် ရှောင်းကျဲယွိတို့က ချင်ဖုန်း၏ဘယ်ဘက်ခြမ်းတွင် ထိုင်နေကြသည်။
တာအိုဘုန်းတော်ကြီး ကျိုးပေါ်က အဖိုးအို၏ ညာဘက်ခြမ်းတွင် ထိုင်နေသည်။ စူးဟန်ရွှမ်နှင့် သူ၏ဇနီး၊ လွမ်ချင်းရှန်နှင့် သူ၏ဇနီး၊ ကျန်းကျင့်လင်းနှင့် လွမ်ဟုန်တို့က အစဥ်လိုက် ထိုင်နေကြပြီး နောက်ဆုံးတွင် သူတို့၏ကလေးသုံးယောက် ရှိနေသည်။
ယွင်အာနှင့် လွမ်ဟုန်၏သားက မြင်မြင်ချင်း ပူးပေါင်းမိသွားကြသည်။ ကလေးနှစ်ယောက်က ကလေးပီပီ ရောက်တက်ရာရာ ပြောရင်း ပျော်ရွှင်နေကြသည်။
“ခမည်းတော်က ငါ့အတွက် ကောင်းကင်မှာ ပျံနိုင်တဲ့ ငှက်ကြီးတစ်ကောင် ပေးမှာ၊ နင် လာရင် ငါ နင့်ကို ငှက်ကြီးပေါ်တင်ပြီး ကောင်းကင်ဆီ ခေါ်သွားပေးမယ်"
ယွင်အာက အပြုံးလေးဖြင့် ကြွားနေပြီး သူမ၏လက်ဖောင်းဖောင်းလေးဖြင့် ကောင်းကင်သို့ ညွှန်ပြနေသေးသည်။
လွမ်ဟုန်၏သားဖြစ်သည့် ကျန်းချီလွေ့က သူ့ခေါင်းပေါ်တွင် ကြက်တောင်စည်းလေး ချည်ထားသည်။ သူ့မျက်နှာသေးသေးလေးက ဝိုင်းစက်နေသည့်အပြင် သူ့မျက်လုံးလေးများကလည်း ဝိုင်းစက်နေသည်။ သူ့မျက်နှာက ဖောင်းဖောင်းလေး ဖြစ်နေပြီး ဘောလုံးသေးသေးလေးနှင့် ဆင်တူနေသည်။ သူက ယွင်အာ့ထက် ခြောက်လငယ်ပြီး သူ့အသံက သိပ်မပီသေးသော်လည်း သူက ယွင်အာနှင့် အလွယ်တကူ ပြောဆို ဆက်ဆံနိုင်သည်။ ကောင်လေးက ယွင်အာကို အပြုံးဖြင့် ကြည့်ကာ ပြန်ပြောလိုက်သည်။
"ကောင်းပြီ မနက်ဖြန်ကျရင် နင် ငါ့ကို ငှက်ကြီးပေါ်တင်ပြီး ကောင်းကင်ပေါ် ခေါ်သွားပေး"
စူးချင်းကတော့ မည်းမှောင်သောမျက်နှာဖြင့် မျက်နှာလွှဲနေလိုက်သည်။
ယွင်အာက သူ့ဘာသာ ဆိုးသွမ်းရုံမကဘဲ အခု ကျန်းချီလွေ့ကိုပါ လမ်းလွဲအောင် လုပ်နေပြီ။
“အစ်မ၊ သူတို့ စကားပြောပြီး ဘယ်လောက်ပျော်နေလဲဆိုတာ ကြည့်ပါဦး၊ ကျွန်မရဲ့သားက ပုံမှန်ဆို စကားသိပ်မပြောဘူး၊ သူ့ကို လမ်းပြဖို့ တစ်ယောက်ယောက် လိုနေတာ ဖြစ်မယ်။ အခု ယွင်အာက စကားအများကြီး ပြောနေတော့ လွေ့အာလည်း စကား ပိုပြောလာပြီ"
လွမ်ဟုန်က သူမ၏ အဖိုးတန်သားလေးအား အပြုံးဖြင့် ကြည့်နေသည်။ သူမ၏ဗိုက်က အတော်လေး ဖောင်းနေပြီး မကြာမီ ဒုတိယကလေး မွေးရတော့မည် ဖြစ်သည်။ သူမက ယွင်အာကို အလွန် ချစ်ခင်သဘောကျပြီး ယွင်အာကဲ့သို့ ချစ်စရာကောင်းသောသမီးလေး မွေးဖွားရန် မျှော်လင့်နေခဲ့သည်။
စူးချင်း၏ နှုတ်ခမ်းများက တွန့်သွားပြီး ခပ်တောင့်တောင့် ပြန်ပြောလိုက်သည်။
"မင်း... နောင်မှာ ဒီလို မပြောနိုင်မှာကို ငါ စိုးရမ်တယ်"
"မဖြစ်နိုင်ဘူး"
လွမ်ဟုန်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
ယွင်အာက လွေ့အာကို လမ်းပြပေးနိုင်မှာ သေချာတယ်။ ယွင်အာက ပြုံးရတာကို သဘောကျတယ်၊ ယွင်အာ ပြုံးနေတာကို မြင်လိုက်ရရင် သူမလည်း မရယ်ဘဲ မနေနိုင်ဘူး။
နောက်ပိုင်းတွင် လွမ်ဟုန်က သူမ၏ညီမ အဘယ်ကြောင့် ထိုသို့ပြောခဲ့သည်ကို နားလည်လာသည်။
အိမ်ခေါင်မိုး ပွင့်လုနီးပါအောင် ဆော့ကစားနေသည့် သူမ၏သားကို ကြည့်နေရင်း လွမ်ဟုန်တစ်ယောက် သူမ၏ရွေးချယ်မှုကို နက်နက်ရှိုင်းရှိုင်း မေးခွန်းထုတ်နေမိသည်။
မင်းသမီးလေးက လွမ်အာကို နည်းနည်းပဲ အသက်ဝင်စေတာမှ ဟုတ်ရဲ့လား?
သို့သော် ထိုအရာများအားလုံးက နောက်ပိုင်းမှ ဖြစ်လာမည့်အကြောင်းအရာများ ဖြစ်သည်။ တော်ဝင်စားဖိုမှူးများက စားပွဲများပေါ်သို့ ဟင်းလျာများ စတင်တည်ခင်းနေပြီ ဖြစ်သည်။ ဧကရာဇ်၏ စားပွဲပေါ်ရှိ ဟင်းပွဲများက မွှေးကြိုင်ပြီး သေသေချာချာ အလှဆင်ထားသည်။ လှလှပပ ပုံဖော်ထားသော နဂါးများနှင့် ဖီးနစ်များ၊ လှပသောပန်းပွင့်အမျိုးမျိုး၊ နဂါးတံခါးပေါ်သို့ ခုန်ကျော်နေသည့် ငါးများ စသည်ဖြင့် ပုံဖော် အလှဆင်ထားကြသည်။ အရာအားလုံးက အဆင်းရော အချင်းပါ ပြည့်စုံနေပြီး အရသာရှိသည့်အပြင် လှပနေသည်။
အခြားစားပွဲများတွင်လည်း ပုံဖော်ထားသော ဟင်းပွဲများ ရှိနေသည်။ သို့သော် ခမ်းနားမှုအနည်းငယ်သာ ရှိသည့် ပျံလွှားငှက်မောင်နှံကဲ့သို့ မင်္ဂလာရှိသော ပုံစံလေးများကို အသုံးပြုပြီး အလှဆင်ထားခြင်း ဖြစ်သည်။
ဟင်းပွဲများက ပို၍ပင် ကွဲပြားနေပြီး ရှောင်းကျဲယွိ၏ စားပွဲတွင် အရည်အသွေးမြင့် ဟင်းလျာများ ပြည့်နှက်နေပြီး အရာရှိများ၏ စားပွဲများတွင် အနည်းငယ်အဆင့်နိမ့်သော ဟင်းပွဲများ ရှိနေသည်။ သို့သော် တခြားနေရာများတွင် စားရသည့် မင်္ဂလာစားပွဲများထက်တော့ အဆမတန် သာလွန်နေသေးသည်။
အရေးအကြီးဆုံးက ဧကရာဇ်မင်းမြတ်နှင့်အတူတူ တခြံဝင်းထဲ စားသောက်ခွင့်ရခြင်းပင်။ ဤနေရာက တော်ဝင်နန်းတော်၌ ကျင်းပသည့် ပွဲများနှင့် မတူပေ။ နန်းတော်ထဲမှ ပွဲများတွင် ဧကရာဇ်နှင့် ဧကရီတို့က အမြင့်တွင် ထိုင်နေကြပြီး သူတို့က အောက်မှ စားပွဲဝိုင်းသေးသေးလေးများတွင် ထိုင်ကာ မစားရဲမသောက်ရဲ ချင့်ချိန်ရခြင်း ဖြစ်သည်။ ယနေ့တွင် ဧကရာဇ်မင်းမြတ်နှင့် ဧကရီတို့က အခြားလူများနည်းတူ ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြသည်။
ဧည့်ခံပွဲ စတင်နေပြီ ဖြစ်သော်လည်း ကျုံးယုံကတော့ သတို့သမီးအခန်းထဲ၌ ရှိနေဆဲ ဖြစ်သည်။ သူက သတို့သမီးအခန်းထဲသို့ ဝင်ဝင်ချင်း ကျန်းယွိရန်၏မျက်နှာပေါ်မှ ပုဝါစကို ဖယ်ရှားရန် ကြံရွယ်နေသည်။