← Chapters

ဇနီးသည်ကို အလွန်အကျွံ အလိုလိုက်ခြင်း

Vol. 45 Ch. 666

ဇနီးသည်ကို အလွန်အကျွံ အလိုလိုက်ခြင်း

Vol. 45 Ch. 666

“သတို့သား၊ မရဘူး၊ အဲ့လို လုပ်လို့ မရဘူး၊ သတို့သမီးက ဒီပုဝါကို ညအထိ ၀တ်ထားရမှာ”

အောင်သွယ်တော်က ကျုံးယုံကို တားရန် အလျင်အမြန် ရှေ့တိုးလာသည်။

“ဘာလို့လဲ?"

ကျုံးယုံ၏ မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ပြန်မေးလိုက်သည်။

ဒါကို ညအထိဝတ်ထားရမှာလား? ဒါဆို ယွိရန် အသက်ရှူမဝ ဖြစ်နေမှာပေါ့။

“ဒါက စည်းကမ်းပဲ၊ ညမရောက်ခင် ပုဝါစကို ဖွင့်ရင် ကံမကောင်းဖြစ်တတ်တယ်”

အောင်သွယ်တော်လည်း သေလုမျောပါး စိတ်တိုသွားရသည်။

သူမက မလုပ်ရဘူးလို့ ပြောပြီးပြီလေ... ဒါပေမယ့် သတို့သားက ဘာကြောင့် ဆက်မေးနေရတာတုန်း။

“ဒီပေါက်ကရ စည်းကမ်းတွေက ဘယ်ကနေ ရောက်လာတာလဲ? အခု မဖွင့်ရင် ငါ့မိန်းမ အသက်ရှူကျပ်နေမှာပေါ့”

ကျုံးယုံက သူမအား လျစ်လျူရှုပြီး ပုဝါစကို ဖယ်ရှားရန် ကျောက်စိမ်းရူယီကို ကောက်ယူလိုက်သည်။

“ဟေး ဟေး... အိုက်ယား မင်း ဘာလို့ ဖွင့်လိုက်တာလဲ?”

အောင်သွယ်တော်က သူမ၏ပေါင်ကို စိတ်အားထက်သန်စွာ ရိုက်ကာ တားဆီးလိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ကျူံးယုံက ပုဝါစကို ဖွင့်လိုက်ပြီ ဖြစ်သည်။

ဒီလို နာခံမှုမရှိတဲ့ သတို့သားကို သူမ တစ်ခါမှ မမြင်ဖူးဘူး။

“ယွိ....."

ပုဝါစကို လှန်တင်လိုက်သည့် တစ်ဖက်မှ ကျုံးယုံကလည်း ပြင်ဆင်ခြယ်သ ထားသည့် ကျန်းယွိရန်ကို ကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်နေသည်။

ယွိရန်က ဘာလို့ သေမျိုးကမ္ဘာကို ဆင်းသက်လာတဲ့ နတ်သမီးလေးတစ်ယောက်လို ဖြစ်နေရတာလဲ?

ကျုံးယုံက သူ့၏မူပိုင် တုံးအအ အပြုံးကြီးဖြင့် သူ့ဇနီးချောလေးကို စိုက်ကြည့်နေသည်။

"အရမ်းလှတာပဲ၊ ဟီး ဟီး! အရမ်း ကြည့်ကောင်းတယ်"

“...”

ကျုံးယုံ၏ အကြည့်အောက်တွင် ကျန်းယွိရန်တစ်ယောက် အလွန်ရှက်ရွံနေပြီး ခေါင်းလေးကို ငုံ့ကာ သူမ လက်ထဲမှ လက်ကိုင်ပုဝါကို ဆုပ်ခြေနေသည်။ သူမ ဤမြင်ကွင်းကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် တွေးခဲ့ဖူးပြီး ကျုံးယုံ၏ တုံ့ပြန်မှုက သူမ စိတ်ကူးထားသည့်အတိုင်း အတိအကျ ဖြစ်နေလေသည်။

ကျုံးယုံက သူမကို ချစ်မြတ်နိုးစွာ စိုက်ကြည့်နေသောကြောင့် ကျန်းယွိရန်၏နှလုံးသားတစ်ခုလုံး ချိုမြိန်မှုများ ပြည့်နှက်လာသည်။ အမျိုးသမီးတစ်ဦး လှလှပပ ပြင်ဆင်ခြင်းက သူမ နှစ်သက်သူအတွက်သာ ဖြစ်သည်။ ယခုလည်း ကျန်းယွိရန်က ကျုံးယုံ မြင်နိုင်အောင် လှလှပပ ၀တ်ဆင်ထားပြီး သူ သူမကို သဘောကျနေသရွေ့ သူမ ပျော်ရွှင်ရသည်။

သူ့ဘာသာသူ တစ်ယောက်တည်း သဘောတကျ ရယ်မောပြီးနောက် ကျုံးယုံက ကျန်းယွိရန် ဘာမှ မစားရသေးကြောင်း သတိရသွားပြန်သည်။

သူက ကျန်းယွိရန်ကို ရုတ်တရက် ထပ်ပြောလိုက်သည်။

"မင်း ဗိုက်ဆာနေပြီလား? ကြက်ခြေထောက်ပေါင်းနဲ့ လက်ဖက်ရည်တစ်ခွက် ပို့ပေးဖို့ မီးဖိုချောင်ကို သွားပြောပေးမယ်”

ကျန်းယွိရန်က မနေ့ညကတည်းက ကြက်ဥတစ်လုံးသာ စားခဲ့ရပြီး သူမ ဗိုက်ဆာနေရုံသာမက ရေလည်း ဆာနေခဲ့သည်။ ကျုံးယုံ ရေနွေးငဲ့နေသံကို ကြားလိုက်ရသောကြောင့် သူမ၏မျက်လုံးများ တောက်ပလာသည်။

"မရဘူး၊ မင်း ဘာမှ စားလို့ မရဘူး၊ ရေတောင် သောက်လို့ မရဘူး"

ဘေးမှ အောင်သွယ်တော်က စိုးရိမ်တကြီး ခုန်ပေါက်နေသည်။

ဒီသတို့သားက သူ့မိန်းမကို အရမ်းချစ်ပုံရတယ်၊ သူက သူ့သတို့သမီးကို အရမ်းအလိုလိုက်ပြီး စည်းကမ်းတွေ အားလုံးကို ဖောက်ဖျက်နေပြီ။

"ဘာလို့လဲ? သူ(မ)ကို စားစရာရော ရေပါ မပေးရင် ဒါက နှိပ်စက်နေတာ မဟုတ်ဘူးလား?”

ကျုံးယုံ၏ မျက်လုံးများက နွားတစ်ကောင်၏မျက်လုံးများကဲ့သို့ ပြူးကျယ်လာသည်။ သူက အောင်သွယ်တော်ကို စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

တော်သေးတာပေါ့၊ ဒီအမျိုးသမီးကြီးက အသက်ကြီးတဲ့ မိန်းမအိုကြီးဖြစ်နေလို့ပေါ့။ မဟုတ်ရင် သူ ဒီမိန်းမကြီးကို ကောင်းကောင်းရိုက်နှက်မိမှာ သေချာတယ်။

ဘာလို့ လူကို ဒီလိုမျိုးနှိပ်စက်နိုင်ရတာတုန်း? သူတို့ကို အစားအစာနဲ့ ရေမပေးဘူးဆိုတော့ သတို့သမီးကို ငတ်ပြီး သေသွားအောင် ကြိုးစားနေကြတာလား?

အောင်သွယ်တော်က ကျုံးယုံကို အနည်းငယ် ကြောက်လန့်နေခဲ့သည်။ စစ်မြေပြင်တွင် တိုက်ခိုက်ချိန်၌ ဤလူငယ်လေးက အလွန်ရက်စက်ကြမ်းကြုတ်ပြီး ရန်သူများကို မျက်တောင်မခတ် သတ်ပစ်လေ့ရှိသည်ဟု သူမ ကြားခဲ့ဖူးသည်။ ထို့ကြောင့် သူမ အလွန် ကြောက်လန့်သွားပြီး တံခါးနားအထိ နောက်ပြန်ဆုတ်ပြီးမှ မဝံ့မရဲ ပြန်ဖြေလိုက်သည်။

“သတို့သမီးက ကောင်းချီးတွေ ရနိုင်ဖို့ မင်္ဂလာအိပ်ခန်းထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေရမယ်။ မင်္ဂလာခန်း မဝင်မချင်း အိပ်ရာထဲကနေ မထွက်ရဘူး။ သူမ အစား စားတာတို့ ရေသောက်တာတို့ လုပ်ရင် အိမ်သာသွားရမယ်၊ ဒါဆို အိပ်ရာထဲကနေ ထွက်သွားရမယ်လို့ မဆိုလိုဘူးလား"

သူမ အခြားမင်္ဂလာပွဲများ၌ အောင်သွယ်တော်အဖြစ် လုပ်ကိုင်ခဲ့စဥ် တခြားမိသားစုများက ငွေပေးသည့်အပြင် သူမကို လေးစားမှုအပြည့်ဖြင့် ဆက်ဆံပြီး အောင်သွယ်တော်၏ စကားကို အလေးအနက် လိုက်နာခဲ့ကြသည်။ ယနေ့တွင် သူမ ဤကဲ့သို့ ခေါင်းမာသောလူကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ဒါက သူမ မင်္ဂလာငွေ မရတဲ့အပြင် ရိုက်နှက်ခံရဖို့တောင် သေချာနေတာမျိုးလေ။

သို့သော် ဤအောင်သွယ်တော်က အလွန်ရှေးရိုးဆန်ပြီး တိကျသူ ဖြစ်သည်။ သူမက သူမ ပြောစရာရှိသည်ကို ပြီးအောင် ပြောပြီး လုပ်စရာရှိသည်ကို လုပ်ရမှ ကျေနပ်သူ ဖြစ်သည်။ ထိုသို့မဟုတ်ရင် သူမ အဆင်မပြေသလို ခံစားရပေလိမ့်မည်။

"ဒါဆို လွယ်သားပဲ၊ ဆီးသွားချင်ရင် ဆီအိုးကို ခုတင်ပေါ်တင်ပေးလိုက်လေ”

ကျုံးယုံက အောင်သွယ်တော်ကို ဘာမှ နားမလည်သည့် အရူးတစ်ယောက်အား ကြည့်နေသလိုမျိုး ကြည့်ကာ ထပ်ပြောလိုက်သည်။

အောင်သွယ်တော်က သူ့ကို လုံးဝ အရှုံးပေးလိုက်ပြီး တိုးတိုးလေး ထပ်ပြောလိုက်သည်။

“မစင်နဲ့ ဆီးက ညစ်ညမ်းတဲ့အရာတွေလေ”

“ဒါဆိုလည်း ဒီလို ယုတ္တိမဲ့တဲ့ စည်းကမ်းတွေကို လာပြီး သတ်မှတ်မနေနဲ့တော့၊ ဘာကို ကောင်းချီးရဖို့ ထိုင်နေရမှာတုန်း၊ ငါ့မှာ ကောင်းချီးတွေ လုံလုံလောက်လောက် ရှိနေပြီးပြီ။ သူ(မ) ထိုင်နေစရာ မလိုတော့ဘူး၊ စား ချင်ရင်စား၊ ရေသောက်ချင်ရင်သောက်၊ ဆီးသွားချင်ရင်လည်း သွားပစေ၊ အဲ့လိုမှ မဟုတ်ရင် အသက်ရှင်နေတဲ့လူက အသက်ရှုကြပ်ပြီး သေသွားနိုင်တယ်”

ကျုံးယုံက သူ့လက်ကို ဝှေ့ယမ်းပြီး စားစရာနှင့် လက်ဖက်ရည် ယူခိုင်းရန် အစေခံများအား အမြန်လှမ်းခေါ်လိုက်သည်။ ကျုံးအိမ်တော်တွင် နေထိုင်သော ကျေးကျွန်များကလည်း သူတို့၏သခင်ထံတွင် တားမြစ်ပိတ်ပင်မှုများ မရှိသည်ကို သိထားပြီး ဖြစ်သည်။

ဒါက သူ့ရဲ့ထုံးစံပဲ၊ အခုဆို အခုမှ၊ သူ ခိုင်းရင် လုပ်ပေးမှ ဖြစ်မယ်။

အစေခံမိန်းကလေးများအားလုံးက ကျန်းယွိရန်ကို အလွန်မနာလို အားကျနေကြသည်။ သူမတို့၏သခင်က အလွန် ကြမ်းတမ်းပြီး ရက်စက်ပုံပေါက်နေသောကြောင့် ဇနီးဖြစ်သူအား ရိုက်နှက်မည်ဟု သူမတို့ ထင်ခဲ့ဖူးသည်။ သို့သော် ယခု အိမ်ထောင်ပြုသည့် ပထမဆုံးနေ့မှာပင် သူမတို့၏သခင်က ဇနီးသည်ကို ကောင်းကင်ကြီးလောက် အလိုလိုက်နေပြီ ဖြစ်သည်။

"ဟင့်အင်း၊ စည်းမျဥ်းတွေ အတိုင်း လိုက်နာကြမယ်"

ကျန်းယွိရန်က ကျုံးယုံကို တိုးတိုးလေး ပြောလိုက်သည်။ ကျုံးယုံက ချက်ချင်း ခေါင်းခါလိုက်သည်။

“မလိုဘူး၊ ငါ့မှာ မိဘတွေ မရှိတော့ဘူး၊ ဒါကြောင့် ဘာကိုမှ တကူးတက ရှောင်နေဖို့ မလိုအပ်ဘူး၊ ကိုယ့်ကိုယ်ကို မနှိပ်စက်နဲ့။ မင်း စိတ်ကြိုက် စားလို့ ရတယ်၊ အိမ်နောက်ဖေးမှာ အိမ်သာရှိတယ်။ အစေခံမလေးတွေကို လိုက်ပို့ ခိုင်းလိုက်၊ မင်း တစ်ခုခု လိုရင်လည်း အစေခံတစ်ယောက်ကို လွှတ်ပြီး အိမ်ရှေ့မှာ ငါ့ကို လာရှာခိုင်းလို့ ရတယ်။ မင်းကို အနိုင်ကျင့်ရဲတဲ့သူ ရှိရင် အဲ့လူရဲ့ခြေထောက်ကို ငါ ချိုးပစ်မယ်”

ကောင်းပြီ၊ အခု ဘယ်သူက ငါ့ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်ရဲမလဲဆိုတာ စောင့်ကြည့်နေမယ်။

ကျုံးယုံက ကျန်းယွိရန် စားသောက်ပြီးသည်အထိ စောင့်ကြည့်နေပြီးမှ ပြန်ထွက်ခွာသွားခဲ့သည်။ သူ မသွားခင် အောင်သွယ်တော်ကို ညွှန်ကြားခဲ့သေးသည်။

“ဒီလောက် စိတ်ပူမနေပါနဲ့၊ ကျုပ်မိန်းမကို သေချာ ဂရုစိုက်ပေး၊ နောက်မှ အနီရောင်စာအိတ်အကြီးကြီး ပေးမယ်”

အောင်သွယ်တော်ကတော့ ဘာပြောရမှန်းမသိအောင် ဆွံ့‌အနေရှာသည်။

မင်းက သတို့သားပဲ၊ မင်းက နောက်ဆုံး ဆုံးဖြတ်ရမယ့်သူပဲ၊ ငါ့ကို ပိုက်ဆံပေးရင် ရပြီ။

ကျုံးယုံက သတို့သမီးအခန်းထဲမှ ပြန်ထွက်လာပြီး ခြံရှေ့သို့ ပြန်လျောက်လာသည်။ သတို့သားအနေဖြင့် သူ ဂုဏ်ပြုခံနေရပြီး သူ အရက်ဒဏ်ကို ခံနိုင်ရည်ရှိသည့်တိုင် ယနေ့ညတွင် သတို့သမီးအခန်းသို့ သွားရမည်ဖြစ်သောကြောင့် အစေခံမိန်းကလေးတစ်ယောက်အား အရက်ခွက်သေးသေးလေးတစ်ခု ယူလာခိုင်းလိုက်သည်။

ကျုံးယုံ၏ သေးငယ်သော အပြုအမူလေူက စူးချင်း၏အမြင်မှ မလွတ်သွားဘဲ သူမ ပြုံးလိုက်မိသည်။ စူးချင်းက ကျုံးယုံကို သူမနားသို့ လာရန် အချက်ပြသည့်အနေဖြင့် သူမလက်ကို ဝှေ့ယမ်းပြလိုက်သည်။

"ဆရာ၊ ကျွန်တော့်ကို ခေါ်တာလား?"

ကျုံးယုံက ချက်ချင်း ရောက်လာသည်။ လူထွားကြီးက စူးချင်း ရှေ့တွင် ခေါင်းငုံကာ ကိုယ်တစ်ဝက် ကိုင်းညွှတ်နေပြီး အလွန်လေးစားသည့် အမူအရာဖြင့် စကားပြောနေသည်။

ထိုအရာက ဧကရီဖြစ်နေသည့် စူးချင်း၏အဆင့်အတန်းနှင့် ဘာမှ မဆိုင်ပေ။ ကျုံးယုံက သူ စူးချင်း၏ တပည့်ဖြစ်လာပြီးကတည်းက အမြဲတမ်း စူးချင်းကို ထိုသို့လေးလေးစားစား ပြောဆိုဆက်ဆံခဲ့သည်။ သူက သူ့ဆရာ၏စကားတိုင်းကို နာခံလေ့ရှိပြီး သူ့၏ဆရာက သူ့ကို သေခိုင်းလျှင်ပင် သူ တွန့်ဆုတ်နေမည် မဟုတ်ပေ။

“ရော့ ဒီအရက်နာကျပျောက်ဆေးကို ယူသွား၊ ပြီးရင် ပန်းကန်လုံးအကြီးကြီးနဲ့ သောက်စမ်းပါ၊ ငါ့ကို အရှက်မခွဲနဲ့"

စူးချင်းက သူ့ကို အထင်အမြင်သေးဟန်ဖြင့် အရက်နာကျပျောက်ဆေးတစ်လုံး ပစ်ပေးလိုက်သည်။

ဒီဆေးနဲ့ဆို သူ ခွက်တစ်ထောင် သောက်ရင်တောင် မူးမှာ မဟုတ်တော့ဘူး။ အရက်ကို ရေလို သောက်နိုင်လိမ့်မယ်။

"ဟူး၊ ကျွန်တော့်ကို အချစ်ဆုံးလူက ဆရာပဲ"

ကျုံးယုံက ဝမ်းသာအားရ ပြုံးလိုက်ပြီး ဆေးကို ယူကာ သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူက သူ့ဆရာ ပေးသောဆေးကို ရဲရဲဝံ့ဝံ့ သောက်လိုက်ပြီး ဤညတွင် မင်္ဂလာခန်းဝင်ရန် နှောင့်နှေးမည်ကို မစိုးရိမ်တော့ပေ။

"ယုံအာ၊ ဒါက မင်းအတွက် ငါ့ရဲ့ဂုဏ်ပြုလက်ဆောင်ပဲ"

ရှောင်းကျဲယွိက အပြုံးဖြင့် လှမ်းပြောလိုက်ပြီး ဘရိုကိတ်သေတ္တာကို ယူလာရန် မိန်းမစိုးတစ်ယောက်အား အမိန့်ပေးလိုက်သည်။ ကျူံးယုံ ထိုသေတ္တာကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ရွှေခွက်တစ်ခွက် ရှိနေပြီး ၎င်းက သာမာန် သေရည်ခွက်များထက် နှစ်ဆကြီးမားကာ အလွန်ကြည့်ကောင်းနေသည်။

"ဒါကို ယူသွားပြီး ဂုဏ်ပြုခံလိုက်"

ရှောင်းကျဲယွိက သူ့ညီလေးအတွက် ရွှေခွက်တစ်ခွက် ပေးလိုက်သည်။ ထိုအရာက ယှဉ်နိုင်စရာမရှိသော အမြင့်မြတ်ဆုံး ဂုဏ်ယူဖွယ်တစ်ခု ဖြစ်သည်။ ရှောင်းကျဲယွိက ထိုရွှေခွက်ကို ပန်းပဲဖိုမှ အထူးမှာယူခဲ့ခြင်းဖြစ်ပြီး ထိုရွှေခွက်တွင် 'ကောင်းချီး' ဟူသော စာလုံးကို အက္ခရာပုံစံအမျိုးမျိုးဖြင့် ရေးထိုးစေခဲ့သည်။ ထို့ကြောင့် ထိုရွှေခွက်က ကောင်းချီးမင်္ဂလာဟု အဓိပ္ပာယ်ရပြီး ရှောင်းကျဲယွိက ကျုံးယုံတို့ဇနီးမောင်နှံ အပူအပင် ကင်းကင်းနှင့် နေထိုင်ပြီး ကောင်းချီးမင်္ဂလာများ ခံစားနိုင်ရန် မျှော်လင့်ချက်ဖြင့် ထိုရွှေခွက်ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ကျုံးယုံက ရင်နင့်သွားပြီး မျက်လုံးများ နီရဲလာပြန်သည်။ သူက မြေကြီးပေါ်တွင် ဒူးထောက်ကာ မျက်ရည်များကို ထိန်းထားရင်း ကျေးဇူးတင်စကားဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

ရှောင်းကျဲယွိက မတ်တပ်ထရပ်ပြီး ကျုံးယုံက မြေပြင်ပေါ်မှ ကူညီထူမပေးလိုက်သည်။

“ယုံအာ၊ မင်း ဒီလောက် ယဉ်ကျေးနေဖို့ မလိုဘူး၊ မင်းရဲ့ အစ်ကိုကြီးက မင်း သားလေးတစ်ယောက် အမြန်ဆုံး ရလာဖို့ မျှော်လင့်တယ်"

ခြံဝင်းအတွင်းရှိ အရာရှိများကလည်း ကျုံးယုံအပေါ်ထားသည့် ရှောင်ကျဲယွိနှင့် စူးချင်းတို့၏ ကြင်နာမှုကို မြင်နေကြရပြီး သူ့ကို ပို၍ပင် လေးစားလာကြသည်။

ဘာပဲဖြစ်ဖြစ် သူက ဧကရာဇ်မင်းမြတ်ရဲ့ ညီတော်.... ဧကရီမယ်မယ်ရဲ့တပည့်....

ဒီအဆင့်အတန်းက နည်းနည်းရှုပ်နေတယ်မလား? ဒါပေမယ့် ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ ဘယ်သူကမှ ကျယ်ကျယ်လောင်လောင် မပြောရဲကြဘူး။ ဧကရာဇ်နဲ့ ဧကရီက ဒါကို မသိဘဲ နေပါ့မလား? သူတို့ သွားပြောရင် သူတို့အသက်ကို အလဟဿ ဖြုန်းတီးတာ မဟုတ်ဘူးလား?

ကျုံးယုံကို ဂုဏ်ပြုသည့်အချိန်တွင် မည်သူကမျှ သူ့ကို ခက်ခဲအောင် မလုပ်ရဲကြချေ။ သူ့ထက် အဆင့်အနည်းငယ်မြင့်သောသူများပင် မတ်တပ်ထရပ်ပြီးမှ သူ့နှင့် ခွက်ချင်းတိုက်နေကြသည်။

ဧကရာဇ်နှင့် ဧကရီတို့ ရှိနေသောကြောင့် ဧည့်ခံပွဲက အတိုင်းအတာတစ်ခုအထိ ငြိမ်သက်နေခဲ့သည်။ စူးချင်းနှင့် ရှောင်းကျဲယွိတို့က ထိုအရာကို ကောင်းကောင်းသိနေကြပြီး စားသောက်ပြီးသည်နှင့် နန်းတော်သို့ ပြန်သွားကြကာ အရာရှိများကို လွတ်လွတ်လပ်လပ် စားသောက်ခွင့်ပေးလိုက်သည်။

ယွင်အာက စူးချင်း၏အင်္ကျီစကို ဆွဲကိုင်ကာ တိုးတိုးလေး တောင်းဆိုနေပြန်သည်။

"မယ်တော်၊ ဟွေ့အာကို သမီးတော်နဲ့အတူ ကစားဖို့ နန်းတော်ထဲ ဝင်ခွင့်ပြုလို့ရမလားဟင်"

စူးချင်းက ယွင်အာကို တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောပေ။ ယွင်အာက သူမကို သနားစဖွယ် ပြန်ကြည့်နေသည်။

"သူ့ကို လွှဲဒန်းစီးဖို့ ခေါ်သွားချင်တယ်၊ ပြီးတော့ ခမည်းတော် သမီးတော်အတွက်ပေးတဲ့ ငှက်ကြီးတစ်ကောင်လည်း ရှိသေးတယ်"

“အဲ့ဒါက မင်း အဒေါ်နဲ့ ဦးလေးဆီက ခွင့်ပြုချက်လည်း လိုနေသေးတယ်”

စူးချင်းက ခေါင်းရှောင်လိုက်ပြီး ယွင်အာကို လွမ်ဟုန်နှင့် ကျန်းကျင့်လင်းဆို့ဆီသို့ လက်လွှဲပေးလိုက်သည်။

“အဒေါ်၊ မောင်လေးကို နန်းတော်ထဲ ဖိတ်ခေါ်ပြီး အတူတူ ကစားလို့ ရမလား?”

ယွင်အာက လွမ်ဟုန်ကို တကယ် သွားခွင့်တောင်းနေသည်။ သူမက သူမ၏ ခေါင်းသေးသေးလေးကို မော့ထားပြီး သူမ၏အဒေါ်ကို သူမ၏လှပသော မျက်လုံးလေးများဖြင့် လေးလေးနက်နက် မော့ကြည့်နေသည်။ သူမက လွမ်ဟုန်ကို ချိုသာသော အသံလေးဖြင့် တောင်းဆိုနေခြင်းပင်။

All Chapters