← Chapters

ငယ်ကျွမ်းဆွေ

Vol. 45 Ch. 667

ငယ်ကျွမ်းဆွေ

Vol. 45 Ch. 667

လွမ်ဟုန်က ထိုမျှ ချစ်စဖွယ်ကောင်းနေသည့် တူမလေး၏တောင်းဆိုမှုကို မည်သို့မျှ မငြင်းဆန်နိုင်ခဲ့ပေ။

အင်း ဝမ်းကွဲမောင်နှမတွေအတွက် အချိန်ပိုပေးပြီး သူတို့ရဲ့နှောင်ကြိုးကို ခိုင်မာအောင်လုပ်ပေးတာကလည်း ကောင်းတာပါပဲ။ ဒါမှ သူတို့ ကြီးပြင်းလာတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်ချစ်ခင်နိုင်မှာပေါ့။

လှပသော ယွင်အာကို ကြည့်နေရင်း လွမ်ဟုန်က သူမကို အလွန်သဘောကျနေသည်။ သူမက ယွင်အာကို ပွေ့ဖက်နမ်းရှုံ့လိုက်ပြီး အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ရတာပေါ့”

ယွင်အာက ချက်ချင်း ပျော်ရွှင်သွားပြီး သူမ၏ ကြီးမားပြီး မည်းနက်သော မျက်လုံးလေးများက လခြမ်းပုံသဏ္ဍာန် ကွေးညွှတ်လာကာ သူမ၏ အပြုံးလေးက ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ လှပနေသည်။ သူမက စူးချင်းဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားပြီး မိခင်ဖြစ်သူကို မော့ကြည့်ရင်း ပျော်ပျော်ကြီး ပြောနေပြန်သည်။

“မယ်တော်၊ အဒေါ်က သဘောတူလိုက်ပြီ”

"အင်း ဒါဆို ရပြီ"

စူးချင်းက သမီးလေးဖြစ်သူ၏ စွန့်စားချင်စိတ်ကို အလွန်သဘောကျနေသည်။

သူမလေးက ကြောက်လန့်မှု လုံးဝ မရှိဘူး။ မှန်မှန်ကန်ကန် ပြုစုပျိုးထောင်ပေးမယ်ဆိုရင် အမျိုးသမီး စစ်သူကြီးတစ်ယောက်ဖြစ်လာဖို့ လုံလောက်နေပြီ။

မယ်တော်က စစ်နတ်ဘုရား ဖြစ်နေမှတော့ သမီးက အနည်းဆုံးတော့ စစ်သူကြီးတစ်ယောက် ဖြစ်လာသင့်တယ်။

ဒါဆို ဂီတ၊ စစ်တုရင်၊ လက်ရေးလှရေးနဲ့ ပန်းချီတွေကရော.... သူမရဲ့သမီးလေး ကျမ်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာနိုင်သရွေ့ အရာအားလုံးကို သိနေဖို့ မလိုအပ်ပါဘူးလေ။

သူမ၏မိခင် သဘောတူလိုက်သည်ကို မြင်လိုက်ရချိန်တွင် ယွင်အာက ကျန်းချီလွေ့ဆီသို့ ဝမ်းသာအားရ ပြေးသွားပြန်သည်။ သူမက သူမ၏လက်ဖောင်းဖောင်းလေးဖြင့် ကျန်းချီလွေ့၏လက်လေးကို ဆုပ်ကိုင်လိုက်သည်။

"လွေ့အာ၊ အစ်မနဲ့အတူ နန်းတော်ထဲကို လိုက်ခဲ့နော်"

“အင်း”

ကျန်းချီလွေ့ကလည်း အလွန်ပျော်ရွှင်နေသည်။ သူက အစ်မနှင့်အတူ လွှဲဒန်းစီးပြီး ငှက်ကြီးတစ်ကောင် စီးရရန် စိတ်အားထက်သန်နေသည်။

"ဧကရာဇ်မင်းမြတ်ကို နှုတ်ဆက်ပါတယ်၊ ဧကရီမယ်မယ်ကို နှုတ်ဆက်ပါတယ်"

ရှောင်းကျဲယွိနှင့် စူးချင်းတို့ ပြန်ထွက်ခွာချိန်တွင် ခြံဝင်းအတွင်းရှိ အရာရှိများအားလုံးက သူတို့၏ထိုင်ခုံများမှ ထရပ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်ပြီး နှုတ်ဆက်နေကြသည်။

စူးချင်းကတော့ ထိုဓလေ့ထုံးတမ်းများကို အလွန်ငြီးငွေ့နေပြီ ဖြစ်သည်။

သူမမှာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် အငတ်ဘေးကနေ ထွက်ပြေးနေပြီး ထောင်ဟွားဝူက ရွာသူရွာသားတွေနဲ့အတူ သွားလာရတဲ့ အချိန်ကို ပြန်သွားချင်တယ်။ အဲ့တုန်းက လူတိုင်းက အတူတူပဲ၊ အတူတူ ပြေးလွှားရင်း အတူတူ ရှာဖွေစားသောက်ခဲ့ကြတယ်။

အခုတော့ လူတိုင်းက သူမနဲ့ ရွှေ့ရှန့်ကို တွေ့တာနဲ့ ဒူးထောက်ပြီး ဘာမှ မပြောရဲ မဆိုရဲ ဖြစ်နေကြပြီ။ ပျင်းဖို့ ကောင်းလိုက်တာ။

နန်းတော်ထဲသို့ ပြန်ရောက်ပြီးနောက် စူးချင်းက ကလေးများကို နန်းတော်ဝင်းထဲ၌ ကစားခိုင်းလိုက်သည်။ သူမကတော့ ချင်ထျဲ သူမအတွက် အထူးပြုလုပ်ထားသော ထိုင်ခုံပေါ်တွင် လဲလျောင်းအနားယူနေသည်။ ထိုထိုင်ခုံကို ကျားသားရေဖြင့် ဖုံးအုပ်ထားပြီး အိပ်ရသည်မှာ အလွန်သက်တောင့်သက်သာရှိလှသည်။

စူးချင်းက ထိုခုံပေါ်တွင် လျော့တိလျော့ရဲ လှဲလျောင်းနေပြီး အဝေးမှ ကောင်းကင်ကို ငေးကြည့်နေသည်။ နေဝင်ဆည်းဆာ၏ နေရောင်က ကောင်းကင်ကို အနီရောင်ဆိုးထားပြီး တိမ်လွှာများက နှင်းဆီပန်းများကဲ့သို့ ဖူးပွင့်နေလေသည်။

စူးချင်းက သူမ၏ နှလုံးသားထဲမှ ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားမိသွားသည်။

ကောင်းကင်က သွေးတွေနဲ့ အရောင်ဆိုးနေသလိုပဲ။

"ဟွေ့အာ၊ ကြည့်ပါဦး၊ ဒါက ငှက်ကြီးလေ"

ယွင်အာက စွန်တစ်ခု ယူလာပေးရန် သူမ၏သက်တော်စောင့်ကို တောင်းဆိုလိုက်သည်။ အစပိုင်းတွင် ရှောင်းကျဲယွိက သူ့သမီးအတွက် လင်းယုန်ပုံစံ စွန်တစ်ခု ပြုလုပ်ပေးခဲ့ပြီး စူးချင်းက ယွင်အာအတွက် ဖိးနစ်ငှက်ပုံစံ စွန်တစ်ခုကို ပြုလုပ်ပေးရန် ချင်ထျဲကို အထူးတောင်းဆိုခဲ့သည်။

ဖီးနစ်ငှက်ပုံစွန်က လင်းယုန်ငှက်ရဲ့ အေးစက်ပြီး ကြမ်းတမ်းတဲ့အရောင်နဲ့မတူဘဲ ရောင်စုံဆိုတော့ မိန်းကလေးငယ်တစ်ယောက်အတွက် ပိုသင့်တော်တယ်။ မိန်းကလေးတိုင်းက ရောင်စုံပစ္စည်းတွေကို ပိုကြိုက်ကြတယ်။

"ဘယ်ဟာကို ပိုကြိုက်လဲ?"

ယွင်အာက အတော်‌လေး ကျိုးနွံနေသည်။ သူမက လင်းယုန်ငှက်ပုံစံစွန်နှင့် ဖီးနစ်ပုံစွန်များကို ညွှန်ပြပြီး ကျန်းချီလွေ့ကို မေးမြန်းနေသည်။ စူးချင်းက သူမ၏တူလေးကို စိတ်ဝင်တစား လှမ်းကြည့်လိုက်ပြီး သူ ရွေးချယ်မည့်အရာကို သိချင်နေမိသည်။

“ဒါ”

စူးချင်းကို အံ့အားသင့်သွားစေသည်မှာ ကျန်းချီလွေ့က ဖီးနစ်ပုံစွန်ကို ရွေးချယ်ခဲ့ခြင်းပင်။ သူက ယွင်အာကို သေချာအောင် ထပ်မေးနေသေးသည်။

"မမ၊ ဒါလေးကို ယူလို့ရလား?"

ယွင်အာက တွန့်ဆုတ်နေပုံရသည်။ သို့သော် သူမ၏မောင်လေးက လိုချင်နေကြောင်း ကြားလိုက်ချိန်တွင် နှုတ်ခမ်းစူစူလေးဖြင့် သဘောတူလိုက်သည်။

“ရတယ်”

'ရတယ်' ဟူသော စကားလုံးများတွင်ပင် အလွန်တွန့်ဆုတ်နေသည့် လေသံများ ပါဝင်နေသေးသည်။ စူးချင်းက ကလေးများကို ကြည့်ကာ အလွန်သဘောကျနေသည်။

ကလေးတွေက တကယ် ရယ်စရာကောင်းတယ်။ သူတို့ စိတ်ထဲမှာ ရှိနေတဲ့ အရာကို သူတို့မျက်နှာမှာ ရေးထားပြီး တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်။

စူးချင်းက သူမ၏သားလေးကို တစ်ချက်ကြည့်လိုက်ပြန်သည်။ သူက စွန်များနှင့်ကစားရန် လုံးဝ စိတ်မဝင်စားသည်ကို သူမ တွေ့လိုက်ရသည်။ သူ့မျက်ခုံးလေးများက ကျုံ့နေပြီး ထူးဆန်းသောအကြည့်ဖြင့် လှမ်းကြည့်နေသေးသည်။

ဒီလူကြီးလေးကတော့...

သူ အလေးအနက် ထားနေသည့် ပုံစံလေးက ရှောင်းကျဲယွိနှင့် တစ်ထပ်တည်းတူနေသည်ဟု စူးချင်း ခံစားနေရသည်။

"ကျစ်ချီက စွန်လွှတ်ရတာ မကြိုက်ဘူးလား?"

စူးချင်းက သူမ၏သားလေးကို လက်ယပ်ခေါ်လိုက်ပြီး သူ့အဝတ်အစားလေးများကို ပြန်ညှိပေးလိုက်သည်။ ကလေးနှစ်ယောက်အတွက် အဝတ်အစားများကို သူမ ကိုယ်တိုင် ချုပ်ပေးခဲ့သော်လည်း သူမ နှစ်လကြာအောင် ထွက်သွားခဲ့ပြီး ကလေးများက အလွန်အလျင်အမြန် ကြီးထွားလာကြသည်။ ယခု သူတို့၏အဝတ်အစားများက အနည်းငယ် သေးလာပြီ ဖြစ်သည်။

"မယ်တော်၊ ကျစ်ချီက အခု အရွယ်ရောက်လာပြီ၊ ဒီလိုတွေ မကစားချင်တော့ဘူး၊ အထဲဝင်ပြီး လက်ရေးလှ လေ့ကျင့်ချင်တယ်"

ကျစ်ချီက သူ့၏အချိန်ကို စာလေ့လာရန် အပြည့်အဝ အသုံးချချင်နေသည်။ သူ့၏ဝါသနာက ကျယ်ပြန့်လှပြီး သူက လက်ရေးလှနှင့် ပန်းချီအပြင် စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းတို့ကိုလည်း နှစ်သက်သည်။ သူက ပျင်းရိခြင်းမရှိဘဲ တစ်နေ့လုံး စာဖတ်ခန်းထဲ၌ နေရလျှင် ပျော်ရွှင်နေသူ ဖြစ်သည်။

စူးချင်းက သူ့ကို ကစားခိုင်းလျှင် သူ စိတ်မရှည်ဖြစ်နေတတ်သေးသည်။ စူးချင်းကတော့ သူမ သားလေး၏ ခန္ဓာကိုယ်သေးသေးလေးထဲတွင် ဉာဏ်ကြီးရှင်တစ်ယောက် ရှိနေသည်ဟု သံသယဝင်နေလေသည်။

သူက သူ့ပတ်ဝန်းကျင်က ကမ္ဘာကြီးကို လုံးဝသတိမပြုဘဲ သူ့စိတ်က ဂန္ထဝင်စာပေတွေကို လေ့လာဖို့ပဲ အာရုံရှိတယ်။

ဒါက “တစ်ခြားလူရဲ့အိမ်က ကလေး” လို့ လူတိုင်း သတ်မှတ်ကျတဲ့ ဒဏ္ဍာရီလာကလေးမျိုးပဲ။ သူက စာဖတ်ရတာကို သဘောကျပြီး သူ့အတွက် ဘာမှ စိတ်ပူစရာ မလိုဘူး။

သို့သော်လည်း စူးချင်းက သူမ၏သားလေးကို ဤမျှလောက် ဝန်ထုပ်ဝန်ပိုး မရှိစေချင်ပေ။

"ကျစ်ချီ မယ်တော် သားတော်ကု လေးပစ်သင်ပေးမယ်"

လေးပစ်ခြင်းက အမျိုးသားတစ်ဦးအတွက် ကောင်းမွန်သောလေ့ကျင့်ခန်းဖြစ်သည်ဟု စူးချင်း သတ်မှတ်ထားသည်။ လေးပစ်ခြင်းက ယောကျာ်းလေးတစ်ဦးအတွက် ယောက်ျားပီသမှုကို ပြုစုပျိုးထောင်ပေးနိုင်ပြီး သူ့ကိုယ်သူ ကာကွယ်ရန်လည်း အသုံးဝင်သော နည်းလမ်းဖြစ်သည်။

"ကျစ်ချီက မယ်တော်ကို ကျေးဇူးတင်ပါတယ်"

ကျစ်ချီက တွန့်ဆုတ်ငြင်းဆန်မှု လုံးဝ မရှိဘဲ စူးချင်းကို ရိုရိုသေသေ ဦးညွှတ်ကျေးဇူးတင်လိုက်သည်။

စူးချင်းတစ်ယောက် ခေါင်းယမ်းလိုက်ရပြန်သည်။

နှိုင်းယှဥ်ကြည့်ရရင် သူမ ယွင်အာလိုမျိုး ပေါ့ပေါ့ပါးပါး နေတတ်တဲ့ ကလေးကို ပိုနှစ်သက်နေတုန်းပဲ။ ကျစ်ချီက ရင့်ကျက်လွန်းတော့ သူ့ကို ကြည့်ရတာ ပင်ပန်းလွန်းတယ်။

စူးချင်းက အစေခံများအား ဝါးတစ်ချောင်း ယူလာပေးရန် အမိန့်ပေးလိုက်ပြီး သူမ၏သားအတွက်လေးနှင့် မြှားကို သူမကိုယ်တိုင် လုပ်ပေးနေသည်။ ယွင်အာက ကျန်းချီလွေ့နှင့် စွန်လွှတ်နေသော်လည်း စူးချင်း လေးနှင့်မြှားကို ပြုလုပ်နေသည်ကို မြင်လိုက်သည်နှင့် ချက်ချင်း စိတ်ဝင်စားသွားသည်။

"မယ်တော်၊ ဒါက လေးနဲ့ မြှားလား?"

ယွင်အာက ဝါးစိမ်းနှင့် ပြုလုပ်ထားသော လေးကိုင်းလေးကို မနာလိုစွာ ထိကြည့်နေသည်။ သူမက သက်တော်စောင့်များ မြှားပစ်သည်ကို မြင်ဖူးပြီး အလွန်သဘောကျခဲ့ဖူးသည်။

"ဟုတ်တယ်၊ ဒါက ကျစ်ချီ အတွက် မယ်တော် လုပ်ထားတဲ့ လေးနဲ့မြှားလေ"

စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး ဤလေးကို မည်သူပိုင်ကြောင်း အလေးပေး ပြောပြလိုက်သည်။ ထို့နောက် သူမက သူမသမီးလေး၏ တုံ့ပြန်မှုကို စောင့်ကြည့်နေလိုက်သည်။

ယွင်အာက စူးချင်း စိတ်ကူးထားသလိုမျိုးကို လေးနှင့်မြှားကို အရှက်မဲ့စွာ တောင်းဆိုလာခြင်း မရှိပေ။ သူမက စူးချင်းရှေ့မှ ထွက်သွားပြီး အစ်ကိုဖြစ်သူ၏လက်ကို ကိုင်ကာ အပြုံးလေးဖြင့် ဂုဏ်ပြုစကားဆိုလိုက်သည်။

"အစ်ကိုတော်က အရမ်းတော်တာပဲ"

"ကျေးဇူးတင်ပါတယ် ညီမတော်"

ကျစ်ချီက အကိုကြီးတစ်ယောက်ကဲ့သို့ အမှန်တကယ် ပြုမူနေပြီး သူ့ညီမလေး၏လက်ကို ဆုပ်ကိုင်ထားကာ ယောက်ျားကြီးတစ်ယောက်ကဲ့သို့ ကာကွယ်ပေးနေသည်။

ကျစ်ချီက ကစားရခြင်းကို မကြိုက်သော်လည်း လေးပစ်နှင့် ကိုယ်ခံပညာ လေ့ကျင့်ရန် အလွယ်တကူ လက်ခံခဲ့သည်။ သူက သူ့မယ်တော်နှင့် ညီမတော်ကို ကာကွယ်ရန် သူ မြန်မြန် သန်မာလာဖို့ မျှော်လင့်နေသေးသည်။

“အရီးတော်၊ ကျွန်တော့်အတွက်လည်း တစ်ခုလောက် လုပ်ပေးလို့ရမလား?”

ကျန်းချီလွေ့က စူးချင်းကို ကလေးဆန်သောအသံလေးဖြင့် လှမ်းမေးနေသည်။ သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နေပြီး စူးချင်းကို စိုက်ကြည့်နေသည်။

ကောင်လေးတွေက လေးနဲ့မြှားတွေကို ကြိုက်ကြပုံပဲ။ သူ့အတွက်တော့ အရုပ်ဓားနဲ့ လှံတွေက စွန်တွေထက် ပိုဆွဲဆောင်မှု ရှိမှာပေါ့။

"ဟွေ့အာ ကြိုက်ရင် အရီးတော်က မင်းအတွက် လုပ်ပေးမှာပေ့ါ"

စူးချင်းက ကျန်းချီလွေ့၏ မျက်နှာလေးကို ဖွဖွလေး လှမ်းထိလိုက်သည်။

ဒီကလေးလေးမှာ ပန်းသီးအမှည့်လိုမျိုး ပန်းရောင်မျက်နှာလေး ရှိတယ်။ ပြီးတော့ ဒီကလေးလေက သူ့အမေနဲ့ အရမ်းတူတယ်။ သူ့မှာ မျက်ခုံးထူထူနဲ့ မျက်လုံးကြီးကြီးလေးတွေ ရှိတဲ့အပြင် သူ့မျက်လုံး‌လေးတွေက အရမ်းတောက်ပနေတယ်။ ဒါပေမယ့်လည်း စရိုက်ကတော့ သူ့အမေနဲ့ လုံးဝ မတူဘူး။ သူက နည်းနည်း ရှက်တတ်ပုံရတယ်။

"ကျေးဇူးတင်ပါတယ် အရီးတော်"

ကျန်းချီလွေ့က စူးချင်းကို ဝမ်းသာအားရ ကျေးဇူးတင်လိုက်သည်။ သူ့မျက်လုံးလေးများထဲမှ စိတ်အားထက်သန်မှုက စူးချင်းကို ပျော်ရွှင်စေသွားသည်။ နောက်တစ်ခု လုပ်ရန် အချိန်အတော်ကြာဦးမည် ဖြစ်သောကြောင့် စူးချင်းက သူမ၏သားကို လှမ်းမေးလိုက်သည်။

"ကျစ်ချီ၊ သားတော်ရဲ့ညီလေး ကစားဖို့ သားတော်ရဲ့ လေးနဲ့မြှားကို ခဏ ငှားပေးနိုင်မလား?"

စူးချင်းက သားဖြစ်သူ၏ အမြင်ကို အရင်မေးလိုက်သည်။ ဤလေးနှင့်မြှားကို သူမ၏သားအတွက် ပြုလုပ်ထားသောကြောင့် စူးချင်းက ကျစ်ချီ၏ဆန္ဒကို ဦးစားပေးလိုက်သည်။

“ရပါတယ်”

ရှောင်ကျစ်ချီကတော့ အကိုကြီးတစ်ယောက်၏ အပြုအမူကို အပြည့်အဝ ဆင်မြန်းထားပြီး လေးလေးနက်နက် ခေါင်းညိတ်သဘောတူလိုက်သည်။ သူက သူ့လက်သေးသေးလေးများကို နောက်ကျောပစ်ရင်း မတ်မတ်ရပ်နေလေသည်။

စူးချင်းက မိုးမခပင်များ၏အထက်သို့ လရောင် မြင့်တတ်လာသည်အထိ ကလေးငယ်များနှင့် ဆော့ကစားနေခဲ့သည်။ ထိုအချိန်တွင် ကျုံးအိမ်တော်မှ မင်္ဂလာပွဲက နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အောင်သွယ်တော်က ကျုံးယုံပြောခဲ့သည့် အနီရောင်စာအိတ်ကြီး ရနိုင်ရန် အခမ်းအနားမှူးအဖြစ် အစွမ်းကုန် ကြိုးစားဆောင်ရွက်နေသည်။

“မင်္ဂလာသေရည် သောက်ပြီး မင်္ဂလာခန်းမကို အတူတူဝင်ပါ၊ ဒီအချိန်က စပြီး လင်မယားချင်း သဟဇာတဖြစ်အောင် နေထိုင်ကြရမယ်”

ကျုံးယုံက အပြင်တွင် အများကြီး သောက်ခဲ့ရပြီး သူ့တစ်ကိုယ်လုံးမှ အရက်နံများ တလှိုင်လှိုက်ထွက်နေသည့်တိုင် သူ့ဆရာ ပေးထားခဲ့သည့် အရက်နာကျပျောက်ဆေးကြောင့် လုံး၀ ဗရုတ်သုတ်ခ မဖြစ်နေခဲ့ပေ။

ဒီစိတ်လှုပ်ရှားစရာကောင်းတဲ့နေ့လေးကို သူ စောင့်နေခဲ့တာ ဒီလောက်ကြာနေပြီ။ ဘာလို့ အသိလွတ်တဲ့အထိ မူးနေရမှာတုန်း။

"မိန်းမ"

ကျုံးယုံ၏ 'မိန်းမ' ဟူသော ခေါ်သံက ကျန်းယွိရန်၏ နှလုံးသားထဲသို့ သမင်ငယ်လေးတစ်‌ကောင် ဝင်ရောက် ခုန်ပေါက်နေသလို ဖြစ်သွားရသည်။ သူမ၏မျက်နှာက နီရဲလာပြီး မင်္ဂလာသေရည်ခွက်ကို မြှောက်ကာ ရှက်ရွံ့ဟန်ဖြင့် ပြန်ခေါ်လိုက်သည်။

"ခင်ပွန်း"

အကြည့်ချင်းဖလှယ်နေသည့် ကြင်စဦးဇနီးမောင်နှံနှစ်ဦးကို ကြည့်နေသည့် ဘေးနားမှ အောင်သွယ်တော်၏မျက်ဝန်းများကလည်း တောက်ပလာသည်။

သူမနဲ့ အစေခံမလေးတွေ ဒီနေရာမှာ မရှိနေသင့်တော့ဘူး။ သူတို့သာ ဒီမှာမရှိရင် ဒီနှစ်ယောက်က မင်္ဂလာအခန်းထဲကို ချက်ချင်း ဝင်သွားလောက်ပြီ။

All Chapters