← Chapters

အရိုးပန်းချီဆရာ နှင့် ဝိညာဉ်ပုံကြမ်းဆရာ

Vol. 38 Ch. 556

အရိုးပန်းချီဆရာ နှင့် ဝိညာဉ်ပုံကြမ်းဆရာ

Vol. 38 Ch. 556

မက်မွန်သီးများကို နင်းဖြတ်၍ လဲကျနေသော ဖယောင်းတိုင်ခုံများကို ကျော်ခွရင်း ကောင်းမင်သည် ဧည့်သည်များကို တွန်းဖယ်ကာ လျှို့ဝှက်ခန်းရှိရာသို့ အပြေးအလွှား သွားလိုက်သည်။ သူ့ရင်ခုန်သံမှာ တဒိတ်ဒိတ်ဖြစ်နေပြီး စိုးရိမ်စိတ်များက သူ့ကို လက်တစ်စုံဖြင့် ဆုပ်ကိုင်ထားသကဲ့သို့ ခံစားနေရသည်။

“အကြီးအကဲထန်က သားသတ်သမားနဲ့ တိုက်ခိုက်နေတာ မဟုတ်ဘူးလား ၊ ဘာလို့ ဒီလောက်တောင် ခြိမ်းခြောက်မှု ခံစားနေရတာလဲ”

လျှို့ဝှက်ခန်းမှာ အလွန်နီးကပ်နေပြီ ဖြစ်သဖြင့် ကောင်းမင် လက်မလျှော့ချင်ပေ။ သူသည် လျှာကို အနဉ်းငယ်ကိုက်ကာ အခန်းထဲသို့ ဝင်လိုက်သည်။ ဤနေရာမှာ လူတိုင်း သိထားကြသည့် အကြီးအကဲထန်၏ ရတနာသိုက် လျှို့ဝှက်ခန်း ဖြစ်သည်။

“ဒါ တစ်ခုခု မှားနေပြီ ၊ အကြီးအကဲထန်က ရွာသားတွေရဲ့ လောဘကို ကိုယ်စားပြုတာ ၊ သူက ဧည့်သည်တွေရဲ့ လောဘကို နှိုးဆွဖို့ ဒီလျှို့ဝှက်ခန်းကို တမင်ပြထားတာလား”

သူ့ခေါင်းထဲတွင် ထိုအတွေးပေါ်လာသည်နှင့် ကောင်းမင်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။ သူသည် အခန်းအတွင်းပိုင်းသို့ ကြည့်လိုက်ရာ အကြီးမားဆုံးသော သစ်သားကုလားထိုင်ပေါ်တွင် ဇိမ်ခံ မွေးနေ့ဝတ်စုံကြီး တစ်စုံကို တွေ့လိုက်ရသည်။ ၎င်းကို ရွှေချည်မျှင်များဖြင့် ရက်လုပ်ထားပြီး ကျောက်သံပတ္တမြားများဖြင့် တန်ဆာဆင်ထားသည်။၎င်းမွေးနေ့ဝတ်စုံသည် သေခြင်းတရား၏ အငွေ့အသက်များ ကြိုင်လှိုင်နေလေသည်။ ၎င်းသည် လူသေအလောင်းပေါ်မှ အခုလေးတင် ခွာယူလာသကဲ့သို့ ခံစားရသည်။

“ငါ ဒီက ပစ္စည်းတွေ အများကြီး ယူလို့မဖြစ်ဘူး ၊ ဒါတွေက သံသယဖြစ်စရာ ကောင်းလွန်းတယ်”

ကောင်းမင်မှာ လောဘရှိသော်လည်း လောဘ၏ ထိန်းချုပ်မှုကိုမူ မခံပေ။ လျှို့ဝှက်ခန်းထဲတွင် ရတနာများ ပြည့်နှက်နေသော စင်များ၊ အရေးကြီးသော စာအုပ်များ စီထားသည့် စာအုပ်စင်များ၊ အဆောင်လက်ဖွဲ့များနှင့် ပိုက်ဆံစက္ကူများ ပြည့်နေသော သေတ္တာများ ရှိနေသည်။ သစ်သားကုလားထိုင်၏ အောက်တည့်တည့်တွင်မူ ကြေးဒင်္ဂါးပြားများ ပြည့်လျှံနေသော လာဘ်ခေါ်အိုးကြီး တစ်လုံး ရှိနေသည်။

ကောင်းမင် မြို့ထဲမဝင်မီက မြွေပါတစ်ကောင်နှင့် တွေ့ခဲ့ရသည်။ ထိုမြွေပါသည် သူ့ရှေ့ရှိ ကောင်းမင်ကို လွှတ်ပေးရန် ကြေးပြားတစ်ပြားသာ ယူခဲ့သည်။ ဆိုလိုသည်မှာ ကြေးဒင်္ဂါးပြားတစ်ပြားသည် အသက်တစ်ချောင်းနှင့် ညီမျှသည်။ ဤအခန်းထဲတွင်မူ ကြေးဒင်္ဂါးပြားအိုးကြီး တစ်ခုလုံး ရှိနေခြင်း ဖြစ်သည်။

“လက်တစ်ဆုပ်စာလောက် နှိုက်ယူလိုက်ရင်တောင် ဒီမြို့က အသက်ပေါင်းများစွာ အသက်ရှင်ဖို့ လုံလောက်တယ်”

သူ၏ လောဘစိတ်မှာ နိုးထလာပြီး လျှာများပင် ခြောက်ကပ်လာသလို ခံစားရသည်။ သို့သော် သူသည် ချက်ချင်းပင် မျက်နှာလွှဲလိုက်ပြီး ရွှေသော့ကိုသာ ရှာဖွေလေတော့သည်။

“ဒင်္ဂါးပြားတွေ... ကြေးပြားတွေ အများကြီးပဲကွ”

ဧည့်သည်တစ်ဦးမှာမူ ကောင်းမင်ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ပေ။ သူသည် လျှို့ဝှက်ခန်းထဲသို့ ဝင်လာသည်နှင့် အိုးကြီးဆီသို့ ခုန်အုပ်လိုက်ပြီး ကြေးပြားပုံထဲသို့ လက်နှစ်ဖက်လုံး ထိုးထည့်လိုက်သည်။ သူသည် အင်္ကျီကို ချွတ်၍ ကြေးဒင်္ဂါးပြားများကို ထည့်ပြီး သယ်ရန် ကြိုးစားတော့သည်။ ကြေးဒင်္ဂါးအချို့ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ယင်းအသံက အခြားဧည့်သည်များကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားပြီး လူများစွာမှာ အိုးကြီးဆီသို့ အလုအယက် ပြေးလာကြကာ ရူးသွပ်စွာဖြင့် ကြေးပြားများကို လုယူကြတော့သည်။ သို့သော် ထိုကြေးပြားများမှာ ကုန်ဆုံးသွားခြင်း မရှိဘဲ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည့် အချိန်အထိပင် ဖြစ်သည်။

“ငါ့ပိုက်ဆံတွေကို မခိုးကြနဲ့ ၊ ဒါတွေက ငါ့ဟာတွေကွ”

သူ၏ အရေခွံများ အက်ကွဲလာပြီး မျက်လုံးများကို အုပ်လိုက်မိသည်။ သူ မျက်စိမျာား ကွယ်သွားပြီးနောက် မျက်တွင်းဟောက်ပတ်များထဲမှ ကြေးဒင်္ဂါးများ ထွက်ကျလာတော့သည်။ ထိုသွေးစွန်းနေသော ကြေးဒင်္ဂါးများက အခြားဧည့်သည်များကို ပို၍ပင် စိတ်လွတ်သွားစေသည်။

“ဒါတွေက လောဘရဲ့ အသွင်အပြင်တွေပဲ”

ကောင်းမင်သည် အဝေးသို့ ရှောင်ထွက်လိုက်ပြီး စာအုပ်စင်ကို ပတ်ကြည့်လိုက်သည်။ ကျန်းမင်လီ၏ ကျမ်းစာအုပ်ထဲမှ လွတ်မြောက်လာသော သရဲဝိညာဉ်များသည် စာအုပ်များကို လိုက်လံရှာဖွေနေကြပြီး တစ်စုံတစ်ခုကို ကူးယူနေကြသည်။ သူတို့သည် ထိုအကြောင်းအရာများကို ကျန်းမင်လီထံ ပြန်လည်သယ်ဆောင်ရန် ကြိုးစားနေပုံရသည်။

“ကျန်းမင်လီ တစ်ခုခု ကြံစည်နေတာပဲ”

ကောင်းမင်သည် ဝိညာဉ်များနောက်သို့ လိုက်သွားရာ သူတို့သည် ပန်းချီကားတစ်ချပ်ရှေ့တွင် စုဝေးနေကြကြောင်း သဘောပေါက်လိုက်သည်။ ပန်းချီကားထဲရှိ အဖိုးအိုသည် ခံ့ညားထည်ဝါပြီး လေးစားကြည်ညိုဖွယ်ကောင်းသည်။သူသည် လူ့လောက၏ အနှောင်အဖွဲ့များကို ကျော်လွန်သွားသော အင်မော်တယ်တစ်ပါးနှင့် တူလှသည်။ သူ၏ ရုပ်သွင်တွင် လောဘအရိပ်အယောင် မရှိပေ။ သို့သော် ပန်းချီကား၏ ခေါင်းစဉ်အရ ၎င်းမှာ အကြီးအကဲထန်၏ ပုံတူပန်းချီကား ဖြစ်ပေသည်။

“ငါ နေရာအနှံ့ ရှာပြီးပြီ ၊ ဒါပေမဲ့ သော့ကို ရှာမတွေ့သေးဘူး”

ကောင်းမင် ပန်းချီကားကို လေ့လာနေစဉ် အကြီးအကဲထန်၏ တတိယမြောက်သား ပြေးဝင်လာသည်။ သူ၏ နားရွက်များမှာ ပြတ်တောက်နေပြီး မျက်လုံးတစ်ဖက်သာ ကျန်တော့သည်။ သူသည် အကြီးအကဲထန်နှင့် အဆက်အသွယ်ဖြတ်ရန် ကြီးမားစွာ ပေးဆပ်ခဲ့ရသည်။

“အဲ့ဒီ မသေနိုင်တဲ့လူက ဒီပန်းချီကားကို ဆွဲဖို့အတွက် မြို့ရဲ့ အရိုးပန်းချီဆရာနဲ့ ဝိညာဉ်ပုံကြမ်းဆရာကို ခိုင်းခဲ့တာ ၊ သူက အဲ့ဒီဆရာနှစ်ယောက်ရဲ့ လက်ရာကို အရမ်းသဘောကျလွန်းလို့ တခြားလူတွေအတွက် အလုပ်မလုပ်ပေးနိုင်အောင် အရိုးပန်းချီဆရာရဲ့ အရိုးတွေကို ပန်းချီဘောင်လုပ်လိုက်ပြီး ဝိညာဉ်ပုံကြမ်းဆရာရဲ့ ဝိညာဉ်ကိုတော့ ပန်းချီကားထဲမှာ ပိတ်လှောင်ထားလိုက်တာလေ”

တတိယသားသည် သူ၏နားမှ ထွက်လာသော သွေးများကို အသုံးပြု၍ ပန်းချီကားကို သုတ်လိမ်းလိုက်သည်။ သူသည် ပန်းချီကားကို ဖျက်ဆီးရန် ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ခုန်အုပ်လိုက်သော်လည်း ပန်းချီကားမှာ အံ့ဩစရာကောင်းလောက်အောင် ခိုင်ခံ့နေသည်။

“ငါ့ကို ကူညီကြဦး ၊ ရတနာတွေ ရှာမနေကြနဲ့တော့ ၊ အဲ့ဒါတွေအကုန်လုံးက အတုတွေပဲ ၊ ငါ့ကို ကူညီကြပါ”

တတိယသားက အော်ဟစ်လိုက်သည်။ ဝိညာဉ်အချို့က ပန်းချီကားကို ဝိုင်းကိုက်ကြသည်။ယင်းသည် ပန်းချီကားထဲမှ လူ၏ပုံရိပ်ကို ပုံပျက်ပန်းပျက် ဖြစ်သွားစေသော်လည်း ပျက်စီးသွားခြင်း မရှိသေးပေ။

“ပန်းချီကားထဲမှာလား”

ကောင်းမင်သည် သူတို့အနားသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။ လူတိုင်းက သူ့ကို မေ့နေချိန်တွင် သူသည် သားသတ်သမား၏ ဓားကို ထုတ်ယူ၍ ပန်းချီကားကို ထိုးစိုက်လိုက်တော့သည်။

ခြံဝင်းထဲတွင် သားသတ်သမားနှင့် တိုက်ခိုက်နေသော အကြီးအကဲထန်သည် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ ဓားကို လှုပ်ရှားလိုက်သည်နှင့် ပန်းချီကားထဲမှ အဆုံးမဲ့သော ရတနာများ အပြင်သို့ လျှံကျလာတော့သည်။ အကြီးအကဲထန်၏ မျိုးဆက်များသည် ထိုရတနာများကို ကောက်ယူရန် ပြေးလာကြသည်။ ကောင်းမင်သည် ထိုအရာများကို လျစ်လျူရှုလိုက်ပြီး သော့သုံးချောင်းကိုသာ လုယူလိုက်သည်။ သူသည် ထိုသော့များကို လေ့လာမနေတော့ဘဲ ချက်ချင်းပင် နောက်ဆုတ်လိုက်သည်။ သူသည် သူ့ထံသို့ ဦးတည်လာသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများကို အာရုံခံမိနေပြီ ဖြစ်သည်။ သူသည် လျှို့ဝှက်ခန်းထဲမှ ပထမဆုံး လွတ်မြောက်လာသူဖြစ်ပြီး မှောင်ရိပ်ထဲတွင် ပျောက်ကွယ်သွားလေသည်။

စက္ကူပြတင်းပေါက်ပေါ်တွင် သွေးပန်းပွင့်များ ပွင့်လန်းလာသည်။ မွေးနေ့ပွဲခန်းမ၏ မျက်နှာကြက်ပေါ်တွင် ဧရာမမျက်လုံးကြီးတစ်လုံး ပွင့်လာပြီး ဒေါသတကြီး လိုက်ကြည့်လိုက်သည်။ ထိုမျက်လုံးသည် ကောင်းမင်ကို ရှာမတွေ့ပေ။ ကောင်းမင်သည် သူပုန်းနေသော နေရာမှ အမြန်ပြေးထွက်လာသည်။ မီးအိမ်အားလုံး ငြိမ်းနေသဖြင့် ပတ်ဝန်းကျင်မှာ မှောင်မိုက်နေလေသည်။ လေထုထဲတွင် သွေးနံ့နှင့် အပုပ်နံ့များသာ ရှိသည်။ ကောင်းမင်သည် ထွက်ပြေးရန် မရွေးချယ်ဘဲ ဘေးခြံဝင်းရှိရာသို့ ဦးတည်ပြေးလိုက်သည်။

အနီရောင်မီးတောက်မီးလျှံများသည် သူ၏ သွေးကြောများအတွင်း လောင်မြိုက်နေလေသည်။ ဤအိပ်မက်ဆိုးအတွင်းတွင် ကောင်းမင်၏ အမြန်နူန်းမှာ မယုံနိုင်လောက်အောင်ပင်။ သူသည် ပြေးခြင်းအပေါ်တွင်သာ အာရုံစိုက်ထားသဖြင့် ၎င်းကို သတိမထားမိပေ။

“နင် လမ်းလွဲနေပြီ ကောင်လေး”

အမှောင်ထဲတွင် တစ်စုံတစ်ခုက ကောင်းမင်ကို တားဆီးလိုက်သည်။ ရင်းနှီးနေသော အလှပြင်ပစ္စည်းနှင့် အပုပ်နံ့သည် သူ၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ ဆွဲခေါ်ခြင်း ခံလိုက်ရပြီး သစ်သားတံခါး ပိတ်သွားသည်။ ကောင်းမင်သည် ချွင်နန်၏ လှပသော မျက်နှာကို မြင်လိုက်ရသည်။

“အဲ့ဒီအရာကို နင် ရခဲ့ရဲ့လား”

သူမ၏ ဆက်ဆံပုံအရ ကောင်းမင်အပေါ်ထားရှိသော သူမ၏သဘောထားမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း သိသာလှသည်။ အမျိုးသားများစွာသည် သူမကို ကတိများ ပေးခဲ့ကြသော်လည်း ထိုကတိများကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်သူမှာ ကောင်းမင် တစ်ဦးတည်းသာ ရှိသည်။

“ငါ သော့သုံးချောင်း ရှာတွေ့ခဲ့တယ် ၊ ဒါပေမဲ့ အနီးကပ်ကြည့်ဖို့က အန္တရာယ်များလွန်းလို့”

“တော်တယ်”

ချွင်နန်သည် သူမ၏ ပျော်ရွှင်မှုကို မထိန်းနိုင်တော့ပေ။ သူမသည် ရယ်မောချင်သော်လည်း အကြီးအကဲထန်၏ အိမ်တွင် ပိတ်မိနေဆဲဖြစ်သဖြင့် သူမ၏ ခန္ဓာကိုယ်ကိုသာ အသံတိတ် လှုပ်ရှားလိုက်လေသည်။

“အခုက ပျော်နေရမယ့် အချိန်မဟုတ်ဘူး ၊ အကြီးအကဲထန်က အိမ်တော်ကို ပိတ်လိုက်ပြီ ၊ နံရံတွေပေါ်မှာလည်း ဧရာမ ပါးစပ်ကြီးတွေ ရှိနေတယ် ၊ ငါတို့ ဘယ်လို ထွက်ပြေးကြမလဲ”

ကောင်းမင်သည် ထွက်ပြေးရန် ကြိုးစားခဲ့သော အငယ်ဆုံးသားကို အမှတ်ရနေဆဲ ဖြစ်သည်။

“ကျွန်မမှာ နည်းလမ်း ရှိပါတယ်”

ချွင်နန်သည် ရွှေသော့ကို ယူလိုက်ပြီး ကျန်သော့နှစ်ချောင်းကို ကောင်းမင်အား ပြန်ပေးလိုက်သည်။

“ဒီသော့တစ်ချောင်းစီက အကြီးအကဲထန် အကျဉ်းချထားတဲ့ ရွာသားတစ်ယောက်စီကို ကိုယ်စားပြုတယ် ၊ ရှင် ဒီသော့နှစ်ချောင်းကို အကူအညီတွေနဲ့ လဲလှယ်လို့ရတယ် ၊ သူတို့က ဒီမြို့မှာ ရှင့်ကို အသက်ရှင်အောင် ကူညီပေးနိုင်လိမ့်မယ်”

All Chapters