← Chapters

သတို့သား ပိုင်ဖုန်း

Vol. 38 Ch. 559

သတို့သား ပိုင်ဖုန်း

Vol. 38 Ch. 559

ကျန်းမင်လီ၏ စကားကို ကြားသောအခါ ကောင်းမင် မျက်မှောင်ကြုတ်သွားသည်။ မဒမ်ရှီ၏ အိမ်သည် အကြီးအကဲထန်၏ အိမ်တော်ကဲ့သို့ပင် ကြောက်မက်ဖွယ် ကောင်းသည်။ သာမန်ရွာသားများသည်ပင် သူတို့နှင့် ထိတွေ့ဆက်ဆံဖို့ နေနေသာသာ မြင်ပင် မမြင်ဝံ့ကြပေ။

“ခင်ဗျား တောင်းဆိုချက်က တော်တော် မြင့်တာပဲ”

ကောင်းမင်သည် သူ့နောက်ကျောဘက်ရှိ သားသတ်သမား၏ ဓားကို လှမ်းကိုင်လိုက်သည်။

“မဒမ်ရှီရဲ့ အိမ်တော်က အရမ်းအန္တရာယ်များမှန်း ငါ သိပါတယ် ၊ ဒါပေမဲ့ အဲ့ဒါကပဲ ငါ့ရဲ့ ရိုးသားမှုကို သက်သေပြနေတာ မဟုတ်ဘူးလား”

ကျန်းမင်လီသည် တံခါးကို မှီလိုက်သည်။ သူသည် အချိန်အတော်ကြာ အနားမယူထားရသကဲ့သို့ အလွန်ပင် မောပန်းနွမ်းနယ်နေပုံ ရသည်။

“မှတ်တမ်းတွေ ရပြီးသွားတော့ မင်းကို လိမ်လို့ရပေမဲ့ ငါ မလိမ်ခဲ့ဘူး ၊ ငါ အမှန်အတိုင်း အကုန်ပြောပြပြီး မင်းကို ရွေးချယ်ခွင့် ပေးခဲ့တာပါ”

“ငါ့ဆီက ချီးကျူးစကားကို မျှော်လင့်နေတာလား”

ကျန်းမင်လီသည် ဆရာတစ်ယောက်၏ ယုံကြည်ကိုးစားစရာအားလုံးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ဆရာတစ်ယောင်နှင့် လုံးဝမတူပေ။ ကောင်းမင်သည် လက်တွေ့ကမ္ဘာတွင် ထိုလူက ဘာအလုပ်လုပ်သလဲဟုပင် တွေးတောမိသည်။

“ငါကလွဲရင် ဒီနေရာမှာ ဘယ်သူက မင်းကို ရိုးရိုးသားသား ဆက်ဆံမှာလဲ”

ကျန်းမင်လီက စကားကို သွက်သွက်လက်လက်ပင် ပြောဆိုနေသည်။ သို့သော် ကောင်းမင်ကမူ သူ၏စကားတစ်လုံးကိုမျှ မယုံပေ။ ဤအိပ်မက်ဆိုး ကမ္ဘာတွင် အသက်ရှင်ကျန်ရစ်သူတိုင်းမှာ အတိုင်းအတာတစ်ခုအထိ ကောက်ကျစ်စဉ်းလဲမှု ရှိကြရမည်သာ ဖြစ်သည်။ ဤနေရာသို့ စတင်ရောက်ရှိလာချိန်နှင့် နှိုင်းယှဉ်လျှင် ကောင်းမင်သည် ယခုအခါ ပိုယုံကြည်မှု ရှိလာပြီ ဖြစ်သည်။ ချွင်နန်က သူ့အား သတင်းအချက်အလက်များစွာ ပေးခဲ့သည်။ ချွင်နန်သည် သူတော်စင်တစ်ဦး မဟုတ်သော်လည်း ကျန်းမင်လီထက်စာလျှင် ပို၍ ယုံကြည်ထိုက်သည်ဟု ကောင်းမင် ခံစားရသည်။

“မင်းက တော်တော်လေး ဈေးဆစ်တတ်တာပဲ”

ကျန်းမင်လီက လက်ပိုက်လိုက်ရင်း ကောင်းမင်ကို အကဲခတ်သည်။

“ဒီလိုလုပ်... အဲ့ဒီကျမ်းစာမှတ်တမ်းတွေအတွက် အလဲအလှယ်အနေနဲ့ အိပ်မက်လွှတ် နည်းလမ်းရဲ့ အစိတ်အပိုင်းအချို့ကို ငါ ပြောပြမယ် ၊ မဒမ်ရှီရဲ့ အိမ်မှာ ငါရှာခိုင်းတဲ့လူကို မင်းတွေ့ပြီဆိုရင်တော့ ကျန်တဲ့ ပြုပြင်မွမ်းမှု နည်းလမ်းတွေကို ငါပြောပြမယ်”

ကောင်းမင် ဘာမှ မပြောရသေးခင် ကျန်းမင်လီသည် သစ်သားသေတ္တာငယ်လေး တစ်လုံးကို ထုတ်လိုက်သည်။ ၎င်းသည် သွေးနီရောင်ဖြစ်နေပြီး ၎င်းပေါ်တွင် နာမည်များနှင့် ကျမ်းစာများစွာ ထွင်းထုထားသည်။ နာမည်တစ်ခုစီသည် အသက်ရှင်နေသူတစ်ဦးစီကို ကိုယ်စားပြုပုံရသည်။ ဤသေတ္တာလေးသည် ကောင်းမင်အား ရွာအဝင်ကျောက်စာတိုင်ကို သတိရစေသည်။ ၎င်းတို့မှာ တူညီသော နိယာမဖြင့် တည်ဆောက်ထားပုံရသည်။

“ဒါက မင်းရဲ့ နှလုံးသားထဲက အိပ်မက်ဆိုးကို ဖွင့်နိုင်မယ့် သော့ပဲ ၊ ဒါ့အပြင် ရွာသားအားလုံးကို ရူးသွပ်သွားစေနိုင်တဲ့ ရတနာလည်း ဟုတ်တယ် ၊ အခု ဒါကို မင်းကို ပေးလိုက်မယ်”

“သေတ္တာတစ်လုံးလား”

၎င်းတွင် ထောင်ချောက် သို့မဟုတ် ကျိန်စာများ ပါနေမည်ကို စိုးရိမ်သဖြင့် ကောင်းမင်က ချက်ချင်း မယူပေ။

“နေဦး... ဒါက ပိုင်ရှင်မဲ့ ယဇ်ပလ္လင် မဟုတ်လား”

ဘေးမှ ကြည့်နေသော ဝမ်မင်သည် အလွန်အံ့ဩသွားသဖြင့် သူမ၏ မျက်နှာတွင် အံ့ဩရိပ်များကို ဖုံးကွယ်မထားနိုင်တော့ပေ။

“မှန်တယ်... အိပ်မက်ဆိုးကို လွှတ်ဖို့အတွက် ပစ္စည်းသုံးခု လိုအပ်တယ် ၊အဲ့ဒါတွေက အိပ်မက်ဓာတ်ကူ ၊ ဝိညာဉ်မီးတောက်နဲ့ ယဇ်ပလ္လင်ပဲ ၊ ရိုးရိုးရှင်းရှင်း ပြောရရင် မင်းရဲ့ နှလုံးသားထဲက အိပ်မက်ဆိုးကို မင်းရဲ့ နတ်ဘုရားလို့ သတ်မှတ်နိုင်တယ် ၊ အိပ်မက်ဓာတ်ကူနဲ့ ဝိညာဉ်မီးတောက်က အဲ့ဒီနတ်ဘုရားနဲ့ ဆက်သွယ်ဖို့ လိုအပ်တာပဲ ၊ ပိုင်ရှင်မဲ့ ယဇ်ပလ္လင်ကတော့ နတ်ဘုရားကို ကိန်းဝပ်စေမယ့် အမွှေးတိုင်အိုးပေါ့ ၊ ဒီပြုပြင်မွမ်းမံမှု နည်းလမ်းက မင်းတို့လို ဆင်းရဲတဲ့သူတွေအတွက် ကန့်သတ်ချက် အနည်းဆုံးပဲ ၊ ဘာလို့လဲဆိုတော့ သူက အပြင်ပစ္စည်းတွေအပေါ်မှာပဲ အဓိက တောင်းဆိုလို့ပဲ ၊ တခြားလူတွေ ဒီနည်းလမ်းကို သိရင်တောင် ဒီပစ္စည်းတွေကို စုဆောင်းဖို့ ခက်လိမ့်မယ်”

ကျန်းမင်လီသည် သေတ္တာကို ကောင်းမင်ထံသို့ ထိုးပေးလိုက်သည်။

“မင်း ရှီအိမ်တော်က ပြန်လာရင် ငါ မင်းကို အိပ်မက်ဓာတ်ကူပေးမယ် ၊ ပြီးတော့ ဝိညာဉ်မီးတောက် ဘယ်လိုထွန်းညှိရမလဲဆိုတာ သင်ပေးမယ်”

ဝမ်မင်၏ လောဘတက်နေသော အကြည့်များကို မြင်လိုက်ရသောအခါ ကောင်းမင်သည် ဤယဇ်ပလ္လင်မှာ မည်မျှ ဒုက္ခပေးနိုင်ကြောင်း သဘောပေါက်လိုက်သည်။ ၎င်းက လူ့အသက်ကို ကယ်နိုင်သကဲ့သို့ လူ့အသက်ကိုလည်း ရန်ရှာနိုင်လေသည်။

“အခု မှတ်တမ်းတွေကို ငါ့ကို ပေးလို့ရပြီလား”

ကောင်းမင်က သူ၏သေတ္တာအား ယူပြေးမည်ကို ကျန်းမင်လီ မစိုးရိမ်ပေ။

“ဒီကျမ်းစာမှတ်တမ်းတွေက မင်းအတွက် ဘာမှ အသုံးမဝင်ပါဘူး ၊ တကယ်ဆိုရင် အကြီးအကဲထန်က အဲ့ဒါတွေကြောင့် မင်းကို တောက်လျှောက် လိုက်ရှာနေလိမ့်မယ် ၊ဒါကြောင့် ဘာလို့ မင်းဆီမှာ သိမ်းထားမှာလဲ”

ကောင်းမင်သည် ဓားကို လွှတ်လိုက်ပြီး မှတ်တမ်းများကို ကျန်းမင်လီထံ ကမ်းပေးလိုက်သည်။

“အဲ့ဒီထဲမှာ ဘာတွေ ရေးထားတာလဲ”

“မင်းက မဖတ်တတ်လို့ မေးနေတာမလား”

ကျန်းမင်လီက မှတ်တမ်းများကို ဖွင့်ကြည့်၍ ကျေနပ်စွာ ပြုံးလိုက်သည်။

“ဒီမှတ်တမ်းတွေထဲမှာ အကြီးအကဲထန်ရဲ့ အိပ်မက် ပါတယ် ၊ စကားလုံးတိုင်းက လူတစ်ယောက်ပဲ ၊ ဒီမှတ်တမ်းတွေ မရှိဘဲနဲ့ အဲ့ဒီ လောဘကြီးတဲ့လူကို ငါ မနှိမ်နင်းနိုင်ဘူး”

“ခင်ဗျားက မဒမ်ရှီကိုလည်း နှိမ်နင်းဖို့ ကြံနေတာလား ၊ အဲ့ဒါကြောင့် ကျုပ်ကို သူ့ရဲ့ အိမ်ကို လွှတ်တာလား”

ကောင်းမင် အံ့ဩသွားသည်။ ကျန်းမင်လီသည် ထင်ပေါ်ပုံမရသော်လည်း သူ၏ အစီအစဉ်ကမူ အကြီးမားဆုံး ပစ်မှတ်ကို ဖြိုလှဲရန် ဖြစ်နေသည်။

ကျန်းမင်လီက ခေါင်းခါလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

“မေးခွန်းတွေ တော်ပြီ ၊ မင်း လုပ်ရမှာက ငါနဲ့ တစ်ပုံစံတည်း တူတဲ့လူကို ရှာပြီး ရှီအိမ်တော်ကနေ ခေါ်ထုတ်လာခဲ့ဖို့ပဲ”

“ခင်ဗျားနဲ့ တစ်ပုံစံတည်း တူတဲ့လူလား”

“ဟုတ်တယ်”

ကျန်းမင်လီက စိုးရိမ်စွာ ထပ်ပေါင်းပြောလိုက်သည်။

“အဲ့ဒါက လူ မဟုတ်ရင်လည်း ဖြစ်နိုင်တယ် ၊ ခွေးပဲဖြစ်ဖြစ် ၊ ဝက်ပဲဖြစ်ဖြစ် ၊ ပန်းကန် ဒါမှမဟုတ် ဇွန်းပဲဖြစ်ဖြစ်ပေါ့ ၊ ငါ့မျက်နှာ ပါနေသရွေ့ အဲ့ဒါကို ယူလာခဲ့ပါ”

“ဟိုင်ရှစ် အာ့ကန်း... မီးဘေးသတိထားကြပါ ၊ သူခိုးသတိထားကြပါ”

ညကင်းစောင့်၏ အော်သံကို အဝေးမှ ကြားလိုက်ရသည်။ သူသည် ကျောက်ခြင်္သေ့များရန်မှ လွတ်မြောက်လာပြီး ကင်းလှည့်ခြင်းကို ဆက်လက် လုပ်ဆောင်နေပုံရသည်။

“သွားတော့... ဆန်းကန်းအချိန် ကျော်သွားရင် ပိုအန္တရာယ်များလိမ့်မယ် ၊ အခုသွားရင် မင်း အသက်ရှင်လျက် ပြန်လာဖို့ အခွင့်အရေး ရှိသေးတယ်”

ကျန်းမင်လီသည် ကောင်းမင်အား အခြားပစ္စည်းတစ်ခု လက်ဆောင်ပေးလိုက်ပြန်သည်။ ၎င်းမှာ အနုစိတ်စွာ ပြုလုပ်ထားသော အလှပြင်သေတ္တာလေး တစ်လုံး ဖြစ်သည်။ သေတ္တာ၏ အရှေ့ဘက်တွင် တံခါးငယ်လေး နှစ်ခုရှိပြီး ဘေးတစ်ဖက်စီတွင် လက်ကိုင်တစ်ခုစီ ပါရှိသည်။ ၎င်းကို ငှက်များ၊ ပန်းများ၏ ရုပ်ပုံများဖြင့် တန်ဆာဆင်ထားသည်။ယင်းသည် သင်းပျံ့သော ရနံ့တစ်ခုကို ထုတ်လွှတ်နေလေသည်။ ကောင်းမင်သည် ထိုသေတ္တာကို သယ်ဆောင်၍ ညအမှောင်ထဲသို့ ပြေးဝင်သွားတော့သည်။

သူသည် ညကင်းစောင့်နှင့် တွေ့ဆုံရန် ကြိုးစားသော်လည်း အဖိုးအိုက ကောင်းမင်ကို တမင်တကာ ရှောင်ရှားနေပုံရသည်။ အချိန်အတော်ကြာ ပတ်သွားပြီးနောက် ကောင်းမင်သည် ရွာအဝင်ဝသို့ ပြန်ရောက်လာသည်။ သူ ရွာထဲသို့ ပထမဆုံး ဝင်လာစဉ်က မြင့်မားသော စံအိမ်ကြီးတစ်ခုကို တွေ့ခဲ့ရသည်။ ကျန်းမင်လီ၏ ပြောကြားချက်အရ ၎င်းသည် ရှီအိမ်တော် ဖြစ်သည်။

“အရင်က ဒီကလူတွေ ငါ့ကို လိုက်ဖမ်းခဲ့ဖူးတယ် ၊ သူတို့က မျက်စိနဲ့ မမြင်ရဘူး”

မြောက်ဘက်ခြမ်းမှ ဆူညံသံများမှာ လျော့ပါးသွားပြီ ဖြစ်သည်။ ထန်အိမ်တော်၏ အခြေအနေမှာ မည်သို့ရှိနေသည်ကိုမူ ကောင်းမင် မသိပေ။

“ချွင်နန်ရဲ့ အဝတ်အစားတွေက သားသတ်သမားရဲ့ ဓားကို တိတ်သွားစေခဲ့တယ် ၊ သားသတ်သမားကတော့ သူခိုးက ထန်အိမ်တော်ထဲမှာပဲ ရှိနေသေးတယ်လို့ ထင်နေဦးမှာပဲ ၊ သူက လွယ်လွယ်နဲ့တော့ လက်လျှော့မှာ မဟုတ်ဘူး”

ပိုက်ဆံစက္ကူများ ဝဲပျံနေကြသည်။ အနီရောင် မီးအိမ်များသည် ကောင်းကင်ယံတွင် ယိမ်းထိုးနေသည်။ ကောင်းမင်သည် စိတ်မသက်မသာ ဖြစ်မှုကို သည်းခံ၍ ရှီအိမ်တော်၏ အနီရောင်တံခါးကြီးကို တွန်းဖွင့်လိုက်သည်။ ခြံဝင်းထဲတွင် မည်သူမှ မရှိသော်လည်း အရပ်မျက်နှာ အသီးသီးမှ ခြေသံများနှင့် စကားပြောသံများ ထွက်ပေါ်နေသည်။

“ဧည့်သည် လာတာပဲ ၊ကျေးဇူးပြုပြီး အတွင်းကို ကြွပါ”

ကောင်းမင် ဘာမှ မမြင်ရသော်လည်း ထိုအသံများက သူ့အကြောင်း ပြောနေခြင်းဖြစ်ကြောင်း ခံစားရသည်။ နောက်တစ်ခဏတွင် တစ်စုံတစ်ယောက်က သူ၏ လက်ကောက်ဝတ်ကို ဆွဲလိုက်သည်ဟု ခံစားလိုက်ရသည်။ သူတို့က သူ့ကို ခြံ၏ ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားကြသည်။ ခြံထဲတွင် ကောင်းမင် တစ်ဦးတည်းသာ ရှိသော်လည်း လမ်းတစ်လျှောက်တွင် ကောင်းမင်သည် ‘လူ’ များစွာနှင့် တိုက်မိနေခဲ့သည်။

“ဒီခြံထဲမှာ တကယ်ကြီး လူတွေ ပြည့်နေတာလား”

ထိုနေရာမှာ ဆူညံနေသော်လည်း ကောင်းမင် ဘာကိုမှ မမြင်ရပေ။ သူ့အား ထောင့်သို့ ခေါ်ဆောင်လာသူမှာလည်း ထွက်ခွာသွားပြီ ဖြစ်သည်။

ကောင်းမင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။နေရာသည် သူပထမအကြိမ် လာစဉ်ကထက်ပင် ပို၍ ပွဲလမ်းသဘင်နှင့် တူနေသည်။ မင်္ဂလာခန်းဝင်ပစ္စည်းများ ပိုမိုများပြားနေသည်။

သူသည် ခန်းမဆောင်အတွင်းကို လှမ်းကြည့်လိုက်သည်။ လုကျွင်းနတ်ဘုရား၏ ရုပ်တုအောက်တွင် ဇာတာတုတ်ချောင်းလေး နှစ်ချောင်းကို တွေ့လိုက်ရသည်။ ထိုအထဲမှ နာမည်တစ်ခုက ကောင်းမင်၏ အာရုံကို ဖမ်းစားလိုက်သည်။

“ပိုင်ဖုန်းလား”

ရှေးခေတ်အခါက သတို့သားနှင့် သတို့သမီးတို့၏ မိဘများသည် သူတို့နှစ်ဦး လိုက်ဖက်မှု ရှိမရှိ သိနိုင်ရန်အတွက် သူတို့၏ အသေးစိတ်အချက်အလက်များ ပါဝင်သော ဇာတာတုတ်ချောင်းများကို အချင်းချင်း လဲလှယ်လေ့ ရှိကြသည်။

“မဒမ်ရှီက ပိုင်ဖုန်းကို သဘောကျနေတာလား”

All Chapters