ဇာတာခွင်များ
Vol. 38 Ch. 560
ပိုင်ဖုန်းသည် အမျိုးသမီးတစ်ဦးဖြစ်သော်လည်း သူမ၏ ရုပ်ရည်မှာ အလွန်ပင် ခန့်ညားကြည့်ကောင်းသည်။ ပျောက်ဆုံးနေသော သူမ၏သားသမီးများကို ရှာဖွေရန်အတွက် သူမသည် အိပ်မက်ဆိုးကြီးထဲတွင် စူးရှသော မျက်လုံးတစ်စုံကို ပိုင်ဆိုင်ရန် လေ့ကျင့်ယူခဲ့ရသည်။ သူမသည် ခန့်ညားထည်ဝါပြီး သူမ၏အနားတွင်ရှိနေလျှင် မည်သူမဆို လုံခြုံသည်ဟု ခံစားရစေသည်။
“သူက ကြည့်ကောင်းတယ်၊ တာဝန်သိတယ်၊ အရည်အချင်းလည်း ရှိတယ် ၊ လူတွေ သူ့ကို စွဲလမ်းကြတာကတော့ နားလည်ပေးလို့ရပါတယ်”
ကောင်းမင်သည် မဆင်မခြင် မလှုပ်ရှားခဲ့ပေ။ ရှီအိမ်တော်အတွင်း၌ လူများဖြင့် စည်ကားသက်ဝင်နေသော်လည်း ကောင်းမင်၏ မျက်စိထဲတွင်မူ ကိုယ့်ကိုယ်ကိုသာ မြင်နေရသည်။ သူသည် ထင်ယောင်ထင်မှားဖြစ်နေခြင်းလား သို့မဟုတ် သရဲများ ဝိုင်းရံနေခြင်းလားဆိုသည်ကို မခွဲခြားနိုင်ပေ။
“တကယ်ကို စည်ကားတာပဲ”
သူက စိုးရိမ်နေသော်လည်း မျက်နှာတွင် ဘာအမူအရာမှ မပြသဝံ့ပေ။
မြို့မြောက်ပိုင်းရှိ မွေးနေ့ပွဲနှင့် နှိုင်းယှဉ်လျှင် ဤပါတီမှာ ပိုမိုဆူညံလှသည်။ ထန်အိမ်တော်တွင် စက္ကူအရုပ်များဖြင့် ပြည့်နေခြင်းဖြစ်သည်။ ရှီအိမ်တော်ရှိ ဧည့်သည်များကို မမြင်ရသော်လည်း ၎င်းတို့သည် အမှန်တကယ် ပျော်ရွှင်နေကြပုံရသည်။
“ဖယ်ကြ ၊ ဖယ်ကြ မင်္ဂလာအဖွဲ့ ထွက်တော့မယ်”
ဗလာဖြစ်နေသော ခြံဝင်းအတွင်းမှ စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။ အခန်းတံခါးများ ပွင့်သွားသည်။ ရောင်စုံချည်မျှင်များဖြင့် ချည်ထားသော ပစ္စည်းများ၊ သစ်မွှေးနံ့သင်းနေသော အဝတ်အစားများ၊ ပိုးထည်များ၊ စောင်များနှင့် အခြားနေ့စဉ်သုံးပစ္စည်းများကို အနီရောင်သေတ္တာကြီးများထဲတွင် ထည့်ထားသည်။ ထို့နောက် လေးလံသော သေတ္တာများကို အံ့ဖွယ်နည်းဖြင့် ပင့်တင်လိုက်ကြသည်။ သေတ္တာသည် လေးလံလွန်းသဖြင့် ဟိုဘက်ဒီဘက် ယိုင်ထိုးနေလေသည်။ သေတ္တာကြီးနောက်တွင် ဝက်တစ်ကောင်နှင့် ဆိတ်တစ်ကောင်ကို လက်ဆောင်အဖြစ် သယ်ဆောင်လာကြသည်။ ၎င်းတို့မှာ အဆုံးမရှိသော ကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုသည်။ ထို့နောက်တွင် မြေပဲ၊ ကြာစေ့၊ ဆီးသီးခြောက် စသည်တို့ပါသော လင်ဗန်းများ ပါလာသည်။ ၎င်းတို့မှာ သားသမီးများစွာ ရပါစေကြောင်း ဆုတောင်းခြင်းပင် ဖြစ်သည်။
“ဒါတွေက ဘာတွေလဲ”
ရှီအိမ်တော်၏ မင်္ဂလာပွဲရိုးရာသည် သာမန်ယဉ်ကျေးမှုနှင့် ကွာခြားနေသည်။ ချက်ပြုတ်ထားသော တိရစ္ဆာန်များမှာ ငိုနေကြသကဲ့သို့ ထင်ရသည်။ ပိုးထည်နှင့် စောင်များမှာ ပိုက်ဆံစက္ကူများနှင့် ရောနှောနေသည်။ ကောင်းမင်ကို မနှစ်မြို့ဆုံးဖြစ်စေသည့် အချက်မှာ အနီရောင်သေတ္တာများသည် သဘာဝအတိုင်း နီနေခြင်းမဟုတ်ဘဲ ပါးလျသော သွေးညှီနံ့များ သင်းနေခြင်းပင် ဖြစ်သည်။ သွေးနံ့မှာ သိပ်မပြင်းသဖြင့် သေတ္တာများကို သွေးဖြင့်စိမ်ထားခြင်းလားကို ကောင်းမင် မသေချာပေ။ သူက ပိုအနံ့ခံကြည့်ရန် ကြိုးစားလိုက်သော်လည်း သူ၏စိတ်ထဲတွင် အနီရောင် ပိုက်ကွန်ရက်တစ်ခု ပေါ်လာလေသည်။ယင်းသည် ပျော်ရွှင်စရာ လေထုထဲတွင် ပါဝင်ဆင်နွှဲရန် သူ့ကို ဆွဲဆောင်နေသည်။ ကောင်းမင်က လျှာကို ကိုက်လိုက်ရာ နာကျင်မှုကြောင့် သတိပြန်ဝင်လာသည်။ သူ၏မျက်လုံးထဲတွင် သွေးကြောများ ယှက်သန်းသွားပြီး နောက်ဆုံးတွင် သူ၏ပတ်ဝန်းကျင်ရှိ ဝေဝါးနေသော လူရိပ်များကို မြင်လာရသည်။
“ငါရော သူတို့လို ဖြစ်နေပြီလား ၊ ငါ ဒီမှာ ဆက်နေနေရင် သူတို့လို ဖြစ်သွားမှာလား”
ကောင်းမင်က ပိုင်ဖုန်း၏ နာမည်သည် အဘယ်ကြောင့် ဇာတာခွင်ပေါ် ရှိနေရသည်ကို သိလိုသော်လည်း ကျန်းမင်လီပေးထားသော တာဝန်ကို အာရုံစိုက်ရန် လိုအပ်ကြောင်း သူသဘောပေါက်သည်။
“အကြီးအကဲထန်က လောဘကို ကိုယ်စားပြုတယ်ဆိုရင် မဒမ်ရှီက ပျော်ရွှင်မှုနဲ့ အချစ်ကို ကိုယ်စားပြုတာလား ၊ ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ အဲဒီအရာတွေက ရှားပါးသင့်တာလေ၊ သူက ဒီလောက်ကြီးမားတဲ့ အိမ်ကြီးကို ဘယ်လိုများ တည်ဆောက်ခဲ့တာလဲ”
ကောင်းမင်က ကျန်းမင်လီ၏ ပုံရိပ်ကို ရှာဖွေရန် ဖြည်းညင်းစွာ ထရပ်လိုက်သည်။ ခြံဝင်းထဲတွင် မမြင်ရသော ဧည့်သည်များဖြင့် ပြည့်နေပြီး အခန်းလွတ်များထဲတွင် မကောင်းဆိုးဝါးများ ပုန်းအောင်းနေနိုင်သည်။ ကောင်းမင် ခြေနှစ်လှမ်းမျှ လှမ်းရုံရှိသေးသည် တစ်စုံတစ်ဦးက သူ့ကို နောက်သို့ ဆွဲလိုက်သည်။ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး၏ အသံက သူ၏နားထဲတွင် ထွက်ပေါ်လာသည်။
“ရှင် ဘယ်ကို သွားမလို့လဲ ၊ အားလုံးက တန်ဖိုးရှိတဲ့ ဧည့်သည်တွေပဲ ၊ အရက်နဲ့ အသားတွေ အဆင်သင့်ဖြစ်နေပြီ ၊ သောက်ဖို့ အချိန်ကျပြီလေ”
သူက ဝိုင်နံ့ကို ခံစားလိုက်ရသည်။ကောင်းမင်သည် သူ့အား မည်သည့်အရာက ဆွဲထားသည်ကို မသိသော်လည်း မခုခံဝံ့ပေ။ စားပွဲပေါ်ရှိ သူ့ဝိုင်ခွက်ကို မ၍ မြှောက်ပြလိုက်သည်။ ရယ်သံများနှင့် စကားသံများကြားတွင် ကောင်းမင်သည် သူ၏နေရာတွင် ပြန်ထိုင်ရန် ဖိအားပေးခံလိုက်ရသည်။
အိုးစည်ဗုံမောင်းသံများ ထွက်ပေါ်လာလေသည်။ မင်္ဂလာအဖွဲ့သည် အနီရောင်သေတ္တာများကို သယ်ကာ ရှီအိမ်တော်မှ ထွက်ခွာသွားကြသည်။ အကယ်၍ အိပ်မက်ချိုးဖျက်မြို့၏ မှောင်မိုက်သော လမ်းကြားထဲတွင် ၎င်းတို့နှင့် တိုးမိပါက မည်သူမဆို သေလောက်အောင် ကြောက်လန့်သွားမည်မှာ သေချာသည်။ မမြင်ရသော လူအုပ်ကြီးသည် လှိုင်းများကဲ့သို့ လှုပ်ခတ်နေသည်။ မှန်တင်ခုံပေါ်မှ ကြေးမုံပြင်တစ်ခုသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ဆူညံသံများကြောင့် မည်သူမျှ သတိမထားမိကြပေ။
သူ့အပေါ်ရှိ ဖိအားများ လျော့နည်းသွားသောအခါ ကောင်းမင်က ဝိုင်ခွက်ကို စိုက်ကြည့်လိုက်သည်။ ဝိုင်မှာ ပျစ်ချွဲပြီး မွှေးပျံ့နေသည်။ ၎င်းအား ဘာနှင့်လုပ်ထားသည်ကို ကောင်းမင် မသိသော်လည်း ဝိုင်ထဲတွင် သွေးကြောကဲ့သို့သော လိုင်းများကို ရံဖန်ရံခါ မြင်နေရသည်။
“ငါ အချိန်ထပ်ဖြုန်းလို့ မဖြစ်တော့ဘူး”
ကောင်းမင် ဝိုင်ခွက်ကို ပြန်ချလိုက်သည်။ သူသည် ဝမ်းဗိုက်ကို လက်နှင့်ပိုက်လိုက်သည်။သူသည် ဗိုက်နာဟန်ဆောင်၍ ဖြည်းဖြည်းချင်း ဆုတ်ခွာလာခဲ့သည်။ သူ အခန်းတစ်ခုအနားမှ ဖြတ်သွားစဉ် အထဲသို့ တစ်ချက်ကြည့်လိုက်သည်။သူ့ပန်းတိုင်သည် ကျန်းမင်လီနှင့်တူသူကို ရှာဖွေရန်ဖြစ်သော်လည်း မြေပြင်ပေါ်ရှိ ကြေးမုံပြင်ကို မျက်လုံးထောင့်မှ မြင်လိုက်ရသည်။ ထိုမှန်ထဲတွင် သွေးမျက်နှာတစ်ခု ရောင်ပြန်ဟပ်နေသည်ကို မြင်လိုက်ရသည်။
“ဒါက ငါလား”
မှန်ထဲရှိ ပုံရိပ်သည် သွေးဖြင့် ချင်းချင်းနီနေသော ရှီအိမ်တော်ကြီး ဖြစ်သည်။ ပျော်ရွှင်စရာ ပွဲလမ်းသဘင်များ မရှိဘဲ နေရာတိုင်းတွင် သွေးများသာ ရှိနေသည်။ ဝမ်းဗိုက်များ ပွင့်ထွက်နေသော ပုံရိပ်များက ပျော်ရွှင်စွာ အော်ဟစ်နေကြသည်။ ၎င်းတို့သည် ဤပွဲအတွက် သူတို့၏ နောက်ဆုံးအသက်ဓာတ်များကို အကုန်အစင် သုံးစွဲနေကြခြင်းဖြစ်သည်။သူတို့ လဲကျသွားပြီးနောက် သူတို့၏ အသားနှင့် သွေးများသည် အနီရောင်စွပ်ပြုတ်များအဖြစ် အရည်ပျော်သွားပြီး အုတ်တံတိုင်းနှင့် နံရံများထဲသို့ စိမ့်ဝင်သွားကြသည်။ သူတို့၏ အရေပြားများက အဝတ်ဟောင်းများကဲ့သို့ ကြမ်းပြင်ပေါ်တွင် ပုံကျသွားသည်။ မှန်ထဲရှိ ပုံရိပ်ကမ္ဘာကို မည်သူမျှ သတိမထားမိကြပေ။ လူတိုင်း၏ မျက်လုံးထဲတွင် သွေးကြောမျှင်များ ယှက်သန်းနေလေသည်။ ကောင်းမင်သည်လည်း ထိုနည်းတူပင် ဖြစ်သည်။
ကောင်းမင်က ကြေးမုံမှန်ကို သူ၏ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်သည်။ သူ ထွက်ခွာတော့မည့်အချိန်တွင် အခန်းထဲမှ အမျိုးသားတစ်ဦး၏အသံ ထွက်ပေါ်လာလေသည်။
“မဒမ်... ဒါ ခင်ဗျားလား ၊ ကျွန်တော်တို့ကို လာတွေ့တာလား”
ထိုအသံသည် နာကျင်မှုနှင့် အိုမင်းရင့်ရော်မှုတို့ ရောပြွမ်းနေပြီး မျှော်လင့်ချက်များလည်း ပါဝင်နေသည်။
ကောင်းမင်က အခန်းထဲသို့ လှမ်းကြည့်လိုက်သည်။ အခန်းကို အနီရောင်အဝတ်များဖြင့် အလှဆင်ထားပြီး စားပွဲပေါ်တွင် ပန်းကန်လုံးအချို့ ရှိနေသည်။ ထိုထဲတွင် မုန့်များ၊ ကြာစေ့များနှင့် သစ်အယ်သီးများ ရှိနေပြီး သားယောက်ျားလေးများ ပိုမိုရရှိပါစေရန် ဆုတောင်းထားခြင်း ဖြစ်သည်။
“မဒမ်တဲ့လား”
ကောင်းမင်သည် တံခါးဝတည့်တည့်တွင် ရပ်နေခြင်းဖြစ်သည်။ ထိုလူက သူ့ကို ဘာကြောင့် မဒမ်ဟု ခေါ်ရသနည်း။ သူလည်း တခြားဧည့်သည်တွေလိုပဲ ဘာမှမမြင်ရတာလား။
ကောင်းမင်က ခြံဝင်းကို ကျောပေးလိုက်ပြီး မှန်ကို မြှောက်လိုက်သည်။ အသံလာရာနေရာကို မှန်နှင့် ချိန်ကြည့်လိုက်သည်။
ကောင်းမင်သည် မှန်ကိုပင် လွှတ်ချလုနီးပါး ဖြစ်သွားသည်။ မှန်ထဲတွင် မြင်ရသော ကုတင်မှာ မြေကြီးထဲတွင် နစ်မြုပ်နေသော အရိုးပြာအိုးကြီးတစ်လုံး ဖြစ်သည်။ အိုးနှုတ်ခမ်းတွင် အမျိုးသားအချို့၏ ဦးခေါင်းများ စုပြုံနေကြပြီး တစ်ခုနှင့်တစ်ခု အရည်ပျော်ကာ ကပ်နေကြသည်။ တစ်ဦးချင်းစီကြည့်လျှင် ထိုသူများမှာ ထန်ဟူထက်ပင် ကြည့်ကောင်းကြသည်။သို့သော်လည်း ယခုကဲ့သို့ အသားလုံးတစ်ခုကဲ့သို့ စုပြုံနေသောအခါတွင်မူ သူတို့အား မည်သည့်အာသီသများမဆုံးရှုံးဘဲ ရှုမြင်ရန်မှာ ခက်ခဲလှသည်။
ထိုအမျိုးသားများ၏ ခန္ဓာကိုယ်များသည် သန္ဓေပြောင်နေကြပြီ ဖြစ်သည်။ သူတို့၏ အသားနှင့် သွေးများကို ဟင်းခတ်အမွှေးအကြိုင်များ၊ ဆေးဖက်ဝင်အပင်များနှင့် ရောနှောထားသည်။ ထိုအရောအနှောမှ ဝိုင်နံ့များ ထွက်ပေါ်နေလေသည်။
“ဒါက အရက်တွေကို ပြုလုပ်တဲ့ပုံလား”
ကောင်းမင်သည် ပွဲတွင် ဘာမှမစားမိ၊ မသောက်မိသည်ကို တော်သေးသည်ဟု ကျေးဇူးတင်လိုက်မိသည်။
“မဒမ်... ကျွန်တော်တို့ကို စိတ်ဆိုးနေတုန်းလား ၊ ကျွန်တော်တို့ မှားမှန်း သိပါပြီ ၊ ယုံနတ်ဘုရားက အားနည်းပြီး ကိုယ်ကျင့်တရားမရှိပါဘူး ၊ ကျွန်တော်တို့ ကျိနတ်ဘုရားရဲ့ လှည့်စားမှုကို ခံလိုက်ရတာပါ ၊ ဒါကြောင့် ရှီနတ်ဘုရားဆီက ပစ္စည်းတွေကို ခိုးမိတာပါ ၊ မဒမ်... ကျွန်တော်တို့ ခွင့်လွှတ်ဖို့ မတောင်းဆိုပါဘူး ၊ မဒမ်ရဲ့ အသံကို ထပ်ကြားရဖို့အတွက် အနားကိုပဲ ကပ်လာပေးပါဗျာ”
ထိုဦးခေါင်းများတွင် မျက်လုံးများ အဖောက်ခံထားရသည်။သူတို့၏ ခန္ဓာကိုယ်မှာ ဝိုင်ပြုလုပ်ရန် အသုံးချခံထားရသည်။ သို့သော်လည်း သူတို့သည် မဒမ်ရှီကို ချစ်မြတ်နိုင်းနေကြတုန်းပင်။ မဒမ်ရှီအတွက် အစားအသောက်နှင့် ဝိုင်များ ထောက်ပံ့ပေးရန် သူတို့ကိုယ်သူတို့ ဝမ်းမြောက်စွာ စတေးခဲ့ကြသည်။
“ယုံနတ်ဘုရား၊ ရှီနတ်ဘုရား၊ ကျိနတ်ဘုရား ၊ ဒါတွေက ဇာတာခွင်တွေမှာ သုံးတဲ့အရာတွေ မဟုတ်လား”
ဇာတာခွင် သို့မဟုတ် ဗေဒင်တွက်လျှင် ဤဝေါဟာရများကို ကြားဖူးတတ်သည်။
ကောင်းမင်က အိပ်မက်ချိုးဖျက်မြို့၏ မြေပုံကို ပြန်စဉ်းစားလိုက်သည်။ ရှီအိမ်တော်သည် အလယ်လမ်းမကြီး၏ အဆုံးတွင် ရှိခြင်းဖြစ်သည်။ ၎င်း၏ ဘယ်ဘက်တွင် ညကင်းစောင့်၊ ကျန်းမင်လီနှင့် အခြားမိစ္ဆာဝိညာဉ်များ နေထိုင်သော ရှုပ်ထွေးသည့် လမ်းကြားများ ရှိသည်။ ညာဘက်တွင်မူ စွန့်ပစ်ထားသော မြေလမ်းတစ်ခု ရှိသည်။ ထိုလမ်းတွင် ဝိညာဉ်အလံများနှင့် ပိုက်ဆံစက္ကူများ ပြန့်ကျဲနေပြီး လူသေများကို ပူဇော်သည့် ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။