သူမက ကံကြမ္မာရဲ့ လက်ဆောင်
Vol. 38 Ch. 564
“တကယ်တော့ မသေဆေးကုမ္ပဏီဆိုတာလည်း ဘယ်တော့မှ မရှိဘူး၊ စမ်းသပ်သူတွေဆိုတာလည်း မရှိသလို၊ ပျောက်ဆုံးနေတဲ့ သားသမီးတွေကို လိုက်ရှာရင်း စိတ်ရူးပေါက်နေတဲ့ ပိုင်ဖုန်းဆိုတာလည်း မရှိဘူး ၊ အရာအားလုံးက အိပ်မက်တစ်ခုပဲ ၊ အခု မင်းမြင်နေရတဲ့ ‘ညဘက်လူကြီးမင်း’ ကသာ ငါ့ရဲ့ ဖြစ်တည်မှုအစစ်အမှန်ပဲ”
ပိုင်ဖုန်းက ထိုသို့ပြောလိုက်သည့်အခါ ကောင်းမင်၏ ရင်ဘတ်ထဲမှ နှလုံးသားသည် ဒိန်းခနဲ ခုန်တက်သွားသည်။ သူ့ဦးခေါင်းတစ်ခုလုံး ကိုက်ခဲလာတော့သည်။
အနီရောင်ဖယောင်းတိုင်များသည် တဖျတ်ဖျတ် တုန်ခါနေသည်။ နံရံပေါ်မှ စာလုံးများ ဝေဝါးလာသည်။အခန်းထဲရှိ ပျော်ရွှင်ခြင်း အငွေ့အသက်များမှာ ကောင်းမင်ဆီသို့ လှိုင်းလုံးကြီးများအလား အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။ ၎င်းတို့သည် အနီရောင်ကြိုးများအဖြစ် ပြောင်းလဲသွားပြီး ကောင်းမင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ကြသည်။
“ငါက ညဘက်လူကြီးမင်း တစ်ယောက်ပဲ”
ဆန်းကြယ်သော အင်အားတစ်ခုက သူ့ဦးနှောက်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ထိုအင်အားထဲတွင် ပိုင်ဖုန်း၏ အသံကို သယ်ဆောင်ထားသည်။၎င်းသည် သူငယ်ချင်းဟောင်းတစ်ဦး၏ အသံကဲ့သို့ပင် သူ၏ရင်ထဲတွင် ပဲ့တင်ထပ်နေသည်။ ထိုအသံ၏ လွှမ်းမိုးမှုကြောင့် ကောင်းမင် ယခင်က စုပ်ယူထားခဲ့သော ပျော်ရွှင်ခြင်းဓာတ်များ နိုးထလာသည်။ ၎င်းတို့သည် ပျစ်ချွဲလာကာ သူ၏ခန္ဓာကိုယ်ထဲတွင် ကြီးထွားလာပြီး တခြားသော စိတ်ခံစားချက်များကို ဝါးမျိုပစ်လိုက်ကြသည်။ ဒေါသနှင့် ဝမ်းနည်းမှုများကို ထိန်းချုပ်ရန်အတွက် ပင့်ကူအိမ်သဖွယ် ကွန်ရက်တစ်ခုကို တည်ဆောက်လိုက်ကြသည်။ ကျန်ရှိနေသော ပျော်ရွှင်မှုများသာ မီးကဲ့သို့ တောက်လောင်လာတော့သည်။ ပျော်ရွှင်စရာ အမှတ်တရများက သူ၏စိတ်ထဲတွင် ပွင့်လန်းလာသည်။ ကောင်းမင်မှာ မပြုံးဘဲ မနေနိုင်တော့ပေ။ ပြုံးနေရုံဖြင့် လုံလောက်ပြီ... သူ ဒါကိုပဲ လိုအပ်သည်။
“မင်းက ငါ့လိုပါပဲ၊ ငါတို့က ဒီမှာ နေထိုင်ကြတဲ့သူတွေလေ ၊ ငါတို့တွေက တခြားသူတွေရဲ့ မှတ်ဉာဏ်တွေကို အများကြီး မြင်ဖူးထားတော့ သူတို့ရဲ့ဘဝတွေကို ငါတို့ဘဝတွေလို့ မှားယွင်းထင်မှတ်နေမိကြတာ ၊ မင်း မှတ်မိနေတာတွေက အိပ်မက်တစ်ခုပဲ ၊ အဲဒါတွေကို စွန့်လွှတ်နိုင်မှသာ မင်းရဲ့ ဖြစ်တည်မှုအစစ်အမှန်နဲ့ တွေ့ဆုံနိုင်မှာပါ”
ပိုင်ဖုန်းက ကောင်းမင်အနားသို့ ညင်သာစွာ တိုးကပ်လာသည်။ သူမ၏ အရပ်မှာ ပို၍ မြင့်မားလာသယောင် ရှိပြီး ရင်းနှီးနေသော မျက်နှာမှာလည်း သူစိမ်းတစ်ယောက်အလား ပြောင်းလဲသွားသည်။
ပျော်ရွှင်ခြင်းဓာတ်များက သူ၏ခန္ဓာကိုယ်ထဲတွင် အရူးအမူး ပြန့်ကားလာသည်။ နောက်ဆုံးအချိန်တွင် ထိုပျော်ရွှင်မှုများသည် ကောင်းမင်၏ နှလုံးသားထဲသို့ တိုးဝင်သွားတော့သည်။ ၎င်းတို့သည် ကောင်းမင်၏ စိတ်ပျက်အားငယ်မှုအားလုံးကို ကျော်လွှားနိုင်ရန် ကူညီပေးချင်နေပုံရသည်။ အနီရောင် ပျော်ရွှင်ခြင်းကွန်ရက်ကြီးမှာ ပြန့်ကားသွားသော်လည်း စိတ်ပျက်အားငယ်မှုများမှာမူ လျော့ပါးမသွားပေ။ဆိုရလျှင် ထိုသို့ အတင်းအဓမ္မ လှုံ့ဆော်မှုကြောင့် နှလုံးသားမှာ ပိုမို၍ နာကျင်ခံစားလာရတော့သည်။
ကောင်းမင်၏ နှလုံးသားမှာ ထိုးဖောက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ရင်ဘတ်ကို ဖိကာ ကြမ်းပြင်ပေါ်သို့ ဒူးတစ်ဖက်ထောက်လျက် လဲကျသွားသည်။ သူသည် ပြုံးနိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားနေသော်လည်း စိတ်ပျက်အားငယ်မှုများက သူ့ကို လွှမ်းမိုးသွားတော့သည်။ ပျော်ရွှင်ခြင်းကွန်ရက်သည် စိတ်ပျက်အားငယ်ဖွယ်မှတ်ဉာဏ်များကို ဆွဲတင်နိုင်သော်လည်း ထိုပင်လယ်ပြင်ကြီးကိုတော့ ခန်းခြောက်သွားအောင် မလုပ်နိုင်ပေ။ ပျော်ရွှင်မှုများ ကောင်းမင်၏ နှလုံးသားထဲသို့ ပိုမိုနစ်ဝင်သွားသည်။ထိုအခါ သူ၏နှလုံးသားတွင် ချောက်နက်ကြီးနှင့် ဆက်သွယ်ထားသော အက်ကြောင်းတစ်ခု ပေါ်ထွက်လာတော့သည်။
နောက်ဆုံးတွင် ကောင်းမင်၏ ကျန်ရှိနေသော ပျော်ရွှင်မှုများ ကုန်ခမ်းသွားတော့သည်။ ပျော်ရွှင်မှုများ ပါဝင်နေသော သူ၏မှတ်ဉာဏ်များက ထိုအက်ကြောင်းထဲသို့ စီးဝင်သွားကြသည်။ အိပ်မက်ဆိုးမှ နိုးထလာခြင်း၊ ပထမဦးဆုံးသော နေရောင်ခြည်၏ အလင်းတန်း၊ နွေးထွေးမှု၊ အလင်းရောင်နှင့် ကြင်နာမှုများ အားလုံးသည် သူ့နှလုံးသားထဲရှိ တွင်းနက်ကြီးထဲသို့ လွင့်စင်ကျဆင်းသွားကြတော့သည်။
သူ၏စိတ်ထဲတွင် ဖချိုင်ဟုခေါ်သော ဝတုတ်တုတ် ကြောင်ကြီးတစ်ကောင် ခုန်တက်လာသည်။ ၎င်းသည် တညောင်ညောင်နှင့် မရပ်မနား အော်ဟစ်နေသည်။ ထိုမှတ်ဉာဏ်က ပြောင်းလဲသွားပြီး ကြောင်ကြီးကို လက်တစ်စုံက ပွေ့ချီလိုက်သည်။ အချိန်များ နောက်ပြန်စီးဆင်းသွားသည့်အလား ကြောင်ကြီးမှာ သေးငယ်သွားသည်။
ဖြူဖွေးချောမွတ်နေသော လက်များက ကြောင်ကလေး၏ ဖင်ကို ပုတ်ပေးနေလေသည်။ လျိုယီ၏ မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် ဖုံးလွှမ်းနေသည်။ သူမသည် ဖချိုင်ကို ပွေ့ချီလျက် မှတ်ဉာဏ်ထဲတွင် ရပ်နေလေသည်။ သူမတွင် တောက်ပသော အပြုံးတစ်ခု ရှိသည်။ ကောင်းမင်သည် သူ၏ ပျော်ရွှင်မှုနှင့် ချမ်းမြေ့မှုအားလုံးမှာ လျိုယီဟူသော လူသားတစ်ဦးတည်းအပေါ်တွင်သာ အခြေပြုနေကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။
သူ ဆေးရုံမှ အိမ်ပြန်လာပြီးနောက် သူမ၏ အပြုံးများ၊ သူမ၏ ဂရုစိုက်မှုများနှင့် သူမ၏ စိတ်ကောက်နေသော အမူအရာများမှာ ပျော်ရွှင်မှုများနှင့် ရောယှက်နေခဲ့သည်။ ကောင်းမင်သည် အမှန်တရားကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူ၏ဘဝသည် စိတ်ပျက်အားငယ်မှုများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ လက်တွေ့ဘဝသည် သူ့အတွက် ဘာအဓိပ္ပာယ်မှ မရှိပေ။ သူ့ကံကြမ္မာ၏ သနားညာတာမှု လျိုယီအပေါ်သို့ ကျရောက်ခဲ့သည်။ လျိုယီသည် ကံကြမ္မာက သူ့အား ပေးအပ်ခဲ့သော လက်ဆောင်မွန် ဖြစ်သည်။ သူမသည် လက်တွေ့ဘဝတွင် သူ့ကို ဆွဲကိုင်ထားပေးသည့် ကျောက်ဆူးတစ်ခု ဖြစ်သည်။ လျိုယီ မရှိလျှင် ကောင်းမင်အတွက် အိပ်မက်ဆိုးနှင့် လက်တွေ့ဘဝမှာ ဘာမှ ကွာခြားမည် မဟုတ်ပေ။ လက်တွေ့ဘဝဆိုသည်မှာ အမည်နာမတစ်မျိုးဖြင့် ခေါ်ဝေါ်ထားသော အိပ်မက်ဆိုးတစ်ခုသာ ဖြစ်ပေလိမ့်မည်။ သူ၏နှလုံးသားထဲတွင် ရစ်ပတ်နေသော နာကျင်မှုများက သူ၏ မူလအိပ်မက်ဆိုးဆီသို့ ပြန်သွားရန်နှင့် သူ ဆုံးရှုံးခဲ့ရသည်များကို ပြန်ရှာရန် သူ့ကို သတိပေးနေကြသည်။
ပျော်ရွှင်ခြင်းဓာတ်များက ကောင်းမင်၏ မှတ်ဉာဏ်များကို ဖမ်းဆုတ်၍ လျိုယီ၏မျက်နှာကို သူ၏နှလုံးသားထဲရှိ အက်ကြောင်းထဲသို့ ဆွဲသွင်းလိုက်သည်။ ၎င်းတို့သည် လျိုယီကို ထိုတွင်းနက်ကြီးထဲသို့ တွန်းပို့ချင်နေကြခြင်းဖြစ်သည်။
ကောင်းမင်မှာ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ သူ၏မျက်လုံးများတွင် သွေးကြောများ ဖောင်းကြွလာသည်။ သူသည် ပျော်ရွှင်မှုအစအနမျှပင် မခံစားရတော့ပေ။သူသည် နာကျင်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေတော့သည်။
“ရပ်လိုက်တော့ ၊ ရပ်လိုက်စမ်း”
လျိုယီနှင့် ပတ်သက်သော အမှတ်တရများ ဆုတ်ဖြဲမခံရမီမှာပင် ကောင်းမင်၏ နှလုံးသားအက်ကြောင်းထဲမှ အသံတစ်သံ ပဲ့တင်ထပ်လာသည်။
“ရပ်လိုက် ၊ ရပ်လိုက်”
ပျော်ရွှင်မှု၏ လှုံ့ဆော်မှုကြောင့် ထိုအက်ကြောင်းမှာ ပိုကျယ်လာသည်။ သွေးချင်းချင်းနီနေသော ဒဏ်ရာထဲတွင် နှိပ်စက်ညှဉ်းပန်းသည့် ကိရိယာများနှင့် သေဆုံးနေသော ကောင်းမင်၏ မျက်နှာပေါင်းများစွာ ရှိနေလေသည်။
“မင်းရဲ့ ခေါင်းကို မော့လိုက်စမ်း”
“မင်း ငါတို့ကို မေ့သွားပြီလား”
“မင်း မင်းကိုယ်မင်း မေ့သွားပြီလား”
“မင်း သူတို့ကိုရော မေ့သွားပြီလား”
သေဆုံးနေသော ကောင်းမင်များသည် အက်ကြောင်းထဲမှ တွားသွားထွက်လာရန် ဆိုးသွမ်းယုတ်မာသော သရဲများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သို့သော် သူတို့သည် အစွမ်းထက်လှသော စွမ်းအားတစ်ခု၏ တားဆီးခြင်းခံထားသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ ပြင်းထန်လှသော နာကြည်းမှုများက ကောင်းမင်၏ ခန္ဓာကိုယ်ထဲရှိ ပျော်ရွှင်မှုများကို တိုက်ခိုက်လိုက်ကြသည်။ ပျော်ရွှင်မှုများဖြင့် ရက်လုပ်ထားသော ကွန်ရက်ကြီးမှာ ပြတ်တောက်သွားတော့သည်။ မဒမ်ရှီ၏ အခန်းထဲရှိ ပျော်ရွှင်ခြင်း အငွေ့အသက်များပင်လျှင် ထိုသက်ရောက်မှုကို ခံလိုက်ရသည်။
ဖယောင်းတိုင်အလင်းများ ငြိမ်းကျသွားသည်။ ပျက်စီးသွားသော အနီရောင်ကြိုးများသည် ပိုင်ဖုန်း၏ ကိုယ်ပေါ်မှ ပြုတ်ကျကုန်သည်။ သူမ၏ မျက်လုံးထဲရှိ ဝေဝါးမှုများ ကွယ်ပျောက်သွားသည်။ သူမ၏ အသိစိတ်များ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လာလေသည်။
“ကောင်းမင်လား”
ပိုင်ဖုန်း၏ မျက်လုံးများသည် နောက်ဆုံးတွင် အာရုံစိုက်နိုင်သွားသည်။
“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ ၊ ဒါ အရမ်းအန္တရာယ်များတယ်၊ လာ... ငါ မင်းကို ဒီကနေ ထွက်သွားနိုင်အောင် ကူညီပေးမယ်”
“ငါ့အနား မလာနဲ့...”
ကောင်းမင်သည် သွေးများကို အန်ထုတ်လိုက်သည်။ သူ၏နှလုံးသားသည် နာကျင်နေဆဲ ဖြစ်သည်။ လက်များစွာက သူ၏နှလုံးသားကို ဆွဲဖြဲချင်နေကြသကဲ့သို့ ခံစားနေရသည်။
ကောင်းမင်သည် ငုံ့ကြည့်လိုက်သည်။ သူ၏ရင်ဘတ်ပေါ်မှ သွေးနီရောင်မြို့တော် တက်တူးမှာ ပို၍ နက်ရှိုင်းထင်ရှားလာသည်ကို တွေ့လိုက်ရသည်။ သူ၏နှလုံးသားသည် ထိုမြို့တော်၏ အမြင့်ဆုံးနှင့် ဗဟိုချက်မနေရာတွင် ရှိနေသည်။ ရှီနတ်ဘုရားများ၏ လွှမ်းမိုးမှုကြောင့် ကောင်းမင်၏ နှလုံးသားဒဏ်ရာမှာ ပိုမိုဆိုးရွားလာပြီး ထိုအချက်ကပင် သူ့အား အကြောင်းအရာများကို ပိုမိုမှတ်မိစေခဲ့သည်။
“မင်း အဆင်ပြေရဲ့လား”
ပိုင်ဖုန်းသည် သူမ ကောင်းမင်ကို မည်သို့ နာကျင်အောင် လုပ်ခဲ့မိသည်ကို မမှတ်မိပေ။
“ငါတို့ ဒီလမ်းထဲကို အတူတူ ဝင်လာခဲ့ကြတာလေ ၊ ငါ့ရှေ့မှာ တံခါးတစ်ချပ်ကို မြင်လိုက်ရတာ၊ အဲဒါကို ဖွင့်လိုက်တော့ ရှီအိမ်တော်ဘေးက အိမ်ဟောင်းကြီးထဲကို ရောက်သွားခဲ့တာ ၊ မင်းက ငါနဲ့အတူ ပါမလာခဲ့ဘူး”
ကောင်းမင် ဘာမှပြန်မပြောပေ။ သူသည် ပြဿနာတစ်ခုကို သတိပြုမိသွားပြီဖြစ်သည်။ စမ်းသပ်သူအားလုံးထဲတွင် သူတစ်ယောက်တည်းသာ ဤရွာထဲ၌ ‘မွေးဖွား’ လာသူ မဟုတ်ကြောင်း သိလိုက်ရသည်။
“အဲဒီအိမ်ထဲမှာ စာအုပ်အချို့နဲ့ စားစရာအချို့ကို ငါတွေ့ခဲ့တယ် ၊ အဲဒီနောက်တော့ အရူးတစ်ယောက်က ငါ့ကို လိုက်လံတိုက်ခိုက်ခဲ့တယ် ၊ငါရွေးစရာမရှိတော့ဘဲ ရှီအိမ်တော်ထဲကို ထွက်ပြေးလာခဲ့ရတာ”
ပိုင်ဖုန်းက ခါးသီးစွာ ပြုံးရင်း ပြောပြသည်။
“အဲဒီနောက်မှာ တခြားစမ်းသပ်သူ (၃) ယောက်နဲ့ ပြိုင်ဆိုင်ခဲ့ရတယ် ၊ နောက်ဆုံးမှာတော့ ငါက ‘ညဘက်လူကြီးမင်း’ အဖြစ် ရွေးချယ်ခံလိုက်ရတာပဲ ၊ ဒီညမှာ ငါက မဒမ်ရှီနဲ့ လက်ထပ်ရမှာ”
“တခြားစမ်းသပ်သူ (၃) ယောက်ကရော ဘာဖြစ်သွားလဲ”
“သူတို့ သေကုန်ကြပြီ”
ပိုင်ဖုန်းသည် ကြမ်းပြင်ပေါ်ရှိ အနီရောင်ကြိုးများကို ခြေထောက်ဖြင့် ဖယ်ထုတ်လိုက်သည်။
“ငါ့ရဲ့ မှတ်ဉာဏ်က ငါညဘက်လူကြီးမင်း ဖြစ်သွားတဲ့အချိန်မှာ ရပ်တန့်သွားတာ ၊ ငါ့ရဲ့ နောက်ဆုံးမှတ်ဉာဏ်ကတော့ ခန်းမဆောင်ကြီးထဲမှာ ‘ရှီ’ စာလုံးပါတဲ့ ခွက်ထဲက အရည်တစ်မျိုးကို သောက်မိလိုက်တာပဲ”
“ဒါဆိုရင် စောစောက ကျွန်တော်စကားပြောနေတာ ခင်ဗျားနဲ့ မဟုတ်ဘူးပေါ့”
ကောင်းမင်သည် ပိုင်ဖုန်း၏ မျက်လုံးများကို စိုက်ကြည့်၍ မည်သည့်အရာက မှားယွင်းနေသလဲဟု စဉ်းစားလိုက်သည်။
“ဒါပေါ့... အဲဒါ ငါမဟုတ်ပါဘူး ၊ ငါက ဘာလို့ မင်းကို နာကျင်အောင် လုပ်မှာလဲ”
ပိုင်ဖုန်းက ကောင်းမင်ကို ကြမ်းပြင်ပေါ်မှ ဆွဲထူလိုက်သည်။
“ငါ အဲဒီခွက်ထဲက အရည်ကို သောက်ပြီးတဲ့နောက် ရှီနတ်ဘုရားရဲ့ ပူးကပ်တာ ခံလိုက်ရတာလို့ ထင်တယ် ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီည ငါက မဒမ်ရှီနဲ့ လက်ထပ်ရမှာ မဟုတ်လား”