ဒီဇိုင်နာ
Vol. 38 Ch. 566
“ဒါက ညဘက်လူကြီးမင်းတွေအတွက် စမ်းသပ်မှုတစ်ခုလား ၊ လောကမှာရှိတဲ့ ပျော်ရွှင်မှုအားလုံးကို ခံစားပြီးမှ ရှီနတ်ဘုရားအတွက် လက်ခံကောင်အဖြစ် ပြောင်းလဲသွားရမှာလား”
ကောင်းမင်သည် ဤမြေအောက်ခန်းနှင့် အံဝင်ခွင်ကျ မဖြစ်ပေ။ သူ၏နှလုံးသားထဲမှ စိတ်ပျက်အားငယ်မှုများမှာ နက်ရှိုင်းလွန်းလှသည်။ အလောင်းအများအပြားသည် ကောင်းမင်နှင့် ထိတွေ့မိပြီးနောက် သူတို့၏ အပြုံးများ ပျောက်ကွယ်သွားကြသည်။ လူသားတို့၏ ခံစားချက်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေခြင်း မရှိပေ။ ထိုအလောင်းများသည် ကောင်းမင်၏ အငွေ့အသက်များ ကူးစက်ခံရလိုက်ပြီးနောက် သူတို့၏ နောက်ဆုံးပျော်ရွှင်မှုများက ကောင်းမင်၏ နှလုံးသားထဲသို့ စီးဝင်သွားကြသည်။ သူတို့သည် ပိုမိုမြင့်မားသော အင်အားတစ်ခု၏ စေခိုင်းမှုကြောင့် ကောင်းမင်ကို သူတို့နှင့် တူညီသွားအောင်လုပ်ရန် ကြိုးစားခဲ့ကြသော်လည်း ကောင်းမင်၏ နာကျင်မှုအချို့ကိုသာ ခွဲဝေယူနိုင်ခဲ့ကြသဖြင့် ကောင်းမင်အား ပိုမိုကြီးမားသော စိတ်ပျက်အားငယ်မှုများကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
“ရှီနတ်ဘုရားရဲ့ စွမ်းအားက ငါ့အတွက် အသုံးဝင်တာပဲ ၊ ဒါက ငါ့နှလုံးသားထဲက ချိတ်ပိတ်မှုကို လျော့ပါးစေပြီး ငါ့ရဲ့နာကျင်မှုတွေကိုလည်း ခွဲဝေယူပေးနိုင်တယ် ၊ ရှီနတ်ဘုရားက တကယ်တော့ ကြင်နာတတ်တဲ့ နတ်ဘုရားတစ်ပါးပဲ”
ကောင်းမင်က သူ့ပတ်ဝန်းကျင်ရှိ အလောင်းများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ရှီနတ်ဘုရား ကျူးလွန်ခဲ့သော လူသတ်မှုများမှာ အကြီးအကဲထန်နှင့် သားသတ်သမားတို့ထက် မလျော့ချေ။
“ဒီပျော်ရွှင်မှုတွေက ပုံရိပ်ယောင်တွေပဲ ၊ မင်းတို့အားလုံးက လက်တွေ့ဘဝမှာ သေနေကြပြီ ၊ မင်းတို့ရဲ့ အလောင်းတွေကို ပိုးကောင်တွေက စားသောက်နေကြပြီ”
တခြားသူများအတွက် အလွန်ဆွဲဆောင်မှုရှိသော ပျော်ရွှင်ခြင်း ထောင်ချောက်မှာ ကောင်းမင်အပေါ်တွင်မူ ဘာသက်ရောက်မှုမျှ မရှိသလောက်ပင်။ သူသည် မြေအောက်ခန်းအဆုံးသို့ အခက်အခဲမရှိ ရောက်ရှိသွားသည်။ ထိုနေရာတွင် အနီရောင်တိပ်များဖြင့် ချိတ်ပိတ်ထားသော အိုးများစွာ ရှိနေလေသည်။ထိုအိုးများသည် ထိုနေရာတွင် ရှိနေသည်မှာ အချိန်ကြာလှပြီ ဖြစ်သည်။ အိုးတစ်လုံးစီတွင် ကြီးမားသော ‘ရှီ’ စာလုံးဖြင့် အလှဆင်ထားသည်။
“ဒီအိုးတွေတိုင်းမှာ လူတစ်ယောက်စီကို စိမ်ထားတာလား”
ကောင်းမင်က မိမိဘာသာ ရေရွတ်လိုက်သော်လည်း နက်ရှိုင်းသည့်အမျိုးသားအသံတစ်ခုက သူ့ကို ပြန်ဖြေလိုက်သည်။
“အဲဒါတွေက မှတ်ဉာဏ်တွေပါ ၊ အဲဒီထဲမှာ ရှီနတ်ဘုရားရဲ့ တန်ဖိုးရှိတဲ့ မှတ်ဉာဏ်တွေ ရှိနေတာလေ”
“ဘယ်သူလဲ”
ကောင်းမင်က ဓားကို ဆွဲထုတ်လိုက်သည်။ သူသည် ကိုယ့်ကိုယ်ကို နှိမ့်လိုက်ပြီး ခုခံရန် အသင့်ပြင်လိုက်သည်။
“ဒီလအတွက် ညဘက်လူကြီးမင်းကို ရွေးပြီးပြီ မဟုတ်လား ၊ မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ ၊ ရှီနတ်မင်းငယ်တွေ မင်းကို မိသွားမှာ မကြောက်ဘူးလား ၊ သူတို့က မင်းကို အရှင်လတ်လတ် အရေခွံခွာပြီး အခြောက်လှန်းထားတဲ့မမ်မီတွေ၊ ရုပ်သေးရုပ်တွေအဖြစ် ပြောင်းပစ်ကြလိမ့်မယ်”
ထိုလူ၏ အသံသည် အလွန် ပင်ပန်းနွမ်းနယ်နေပုံရသည်။ သို့သော် သူနှင့် စကားပြောမည့်သူတစ်ဦး ရောက်လာသည့်အပေါ် ကျေနပ်နေပုံလည်း ရသည်။
အမှောင်မိုက်ဆုံးသော နေရာတွင် အနက်ရောင် ဆံပင်များသည် အိုးကြီးတစ်လုံး၏ ပတ်ပတ်လည်တွင် ပြန့်ကျဲနေလေသည်။ အိုးနှုတ်ခမ်းတွင် လူသားဦးခေါင်းတစ်လုံး ကပ်နေလေသည်။ ထိုလူ၏ မျက်လုံးများက ကောင်းမင်ကို စူးစိုက်ကြည့်နေခြင်းဖြစ်သည်။ ကောင်းမင်က ဓားကို ဖြည်းဖြည်းချင်း ပြန်ချလိုက်သည်။ သူသည် ထိုဦးခေါင်းကို သေချာကြည့်လိုက်သောအခါ မျက်စိများ ကျဉ်းမြောင်းသွားသည်။ ထိုလူတွင် ကျန်းမင်လီ ၏ မျက်နှာ ရှိနေချေသည်။
“ကျန်းမင်လီ”
ထိုလူက အံ့အားသင့်သွားပြီးမှ ပြုံးလိုက်သည်။
“မင်းက အိပ်မက်ချိုးဖျက်မြို့ရဲ့ တားမြစ်ချက်ကို ပေါ့ပေါ့ပါးပါး ပြောနိုင်သားပဲ ၊ ဒါက အတော်လေး ဆန်းသစ်တယ်လို့ ဝန်ခံရမယ်”
“ခင်ဗျားမှာ ဘာလို့ သူ့မျက်နှာ ရှိနေတာလဲ ၊ ခင်ဗျားနဲ့ မဒမ်ရှီနဲ့က ဘယ်လို ပတ်သက်တာလဲ”
ကောင်းမင်နှင့် ထိုဦးခေါင်းကြားတွင် အိုးများစွာ ခြားနေသည်။
“မင်း ပိုသိလေ ပိုမြန်မြန် သေလေပဲ ၊ ငါလဲ အများကြီး သိခဲ့လို့ ဒီထဲမှာ လာပိတ်မိနေတာလေ ၊ မင်းရော ငါ့လို ဖြစ်ချင်လို့လား”
ထိုလူက မိမိကိုယ်ကိုယ် လှောင်ပြောင်ရင်း ရယ်လိုက်သည်။ သူသည် ကောင်းမင်ကို ကာကွယ်ပေးချင်သဖြင့် အကြောင်းအရာများကို အများကြီး မပြောချင်ပေ။
“ကျုပ် အပေါ်ထပ်က အိုးထဲမှာ စိမ်ထားခံရတဲ့ မကောင်းဆိုးဝါးတစ်ကောင်နဲ့ တွေ့ခဲ့တယ် ၊ သူက ခင်ဗျားထက် အများကြီး ပိုကြီးတယ် ၊ အဲဒီအကောင် ပြောတာတော့ ကျုပ်ဆီမှာ ကျန်းမင်လီလိုပဲ ‘တားမြစ်ချက်’ ရဲ့ အငွေ့အသက်တွေ ရှိနေတယ်တဲ့ ၊ အဲဒီတော့ ကျုပ် ကြောက်နေလိမ့်မယ်လို့ ခင်ဗျား ထင်သလား”
ကောင်းမင်က အမြဲတမ်း တိုက်ရိုက်ကျသူဖြစ်သည်။
“မင်းကလည်း တားမြစ်ချက်တစ်ခုပဲလား”
ထိုလူသည် အသက်ပြင်းပြင်း ရှူလိုက်သော်လည်း ဘာကိုမှ အာရုံမခံမိပေ။
“သူတို့က ငါ့ရဲ့ ဝင်ခွင့် အာဏာတွေ အကုန်သိမ်းပြီး ငါ့ရဲ့ အာရုံခံစားမှုတွေကို ပိတ်ထားလိုက်ကြတာလေ”
“ခင်ဗျား ဘာတွေ ပြောနေတာလဲ”
“မင်း လက်ကောက်ဝတ်က လက်ပတ်ကို ငါမြင်ပါတယ် ၊ ငါတို့က တစ်နေရာတည်းက လာကြတာပဲ”
ထိုလူက သူ၏ဦးခေါင်းကို လှည့်၍ ကောင်းမင်ကို တောင်းပန်တိုးလျှိုးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ငါ့ရဲ့ ခြေလက်တွေက ဖြတ်တောက် ခံထားရတယ် ၊ မင်း ငါ့အတွက် အရာတစ်ခု ရှာပေးနိုင်မလား ၊ အဲဒါက ငါဘယ်သူလဲဆိုတာ သက်သေပြနိုင်လိမ့်မယ်”
ထိုလူ၏ လမ်းညွှန်မှုဖြင့် ကောင်းမင်သည် အိုးများကြားမှ ဖြတ်လျှောက်သွားလိုက်သည်။ သူသည် ထိုလူအနားသို့ ရောက်သောအခါ အိုးထဲသို့ လက်နှိုက်လိုက်သည်။ စေးပျစ်နေသော အရည်များသည် ဝိုင်နှင့်သွေး ရောထားသကဲ့သို့ ဖြစ်သည်။ အနံ့မှာလည်း အလွန်ပင် ဆိုးရွားလှသည်။ ကောင်းမင်သည် ထိုနေရာနှင့် လုံးဝ မသက်ဆိုင်သော အရာတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ အဖြူရောင် ဆက်သွယ်ရေးလက်ပတ်တစ်ခု ဖြစ်သည်။
“အဲဒီအရောင်ကလွဲရင် မင်းရဲ့ လက်ပတ်နဲ့ မတူဘူးလား”
ထိုလူက ခေါင်းကို ခက်ခဲစွာ မော့လိုက်သည်။
“ငါက ဒီအိပ်မက်ဆိုးကို ဒီဇိုင်းဆွဲခဲ့တဲ့ လူတွေထဲက တစ်ယောက်ပဲ ၊ ဦးနှောက်လောကဂိမ်းကို စီစဉ်သူတွေထဲမှာ ငါက အသက်အငယ်ဆုံးပဲ ၊ အိပ်မက်ချိုးဖျက်မြို့ ကို ငါ ဖန်တီးခဲ့တာပဲ”
ကောင်းမင်က ထိုလူကို မယုံသင်္ကာ ကြည့်လိုက်သည်။ ထိုလူ ရူးသွားပြီလားဟု သူ မခန့်မှန်းနိုင်ပေ။
ထိုလူ၏ မျက်လုံးများတွင် စိတ်ရင်းမှန်များဖြင့် လင်းလက်နေသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှင်းလုပရမ်းပတာဖြစ်ရပ်တုန်းက ‘ပြီးပြည့်စုံသောဘဝ’ ဂိမ်းဟာ ဦးနှောက်လောကဂိမ်းထဲက လျှို့ဝှက်တံခါးကို ဖွင့်လိုက်မိတယ် ၊ အဲဒါက အနက်ရှိုင်းဆုံးကမ္ဘာလို့ခေါ်တဲ့ ကြောက်စရာကောင်းတဲ့ နေရာတစ်ခုနဲ့ ဆက်သွယ်သွားခဲ့တာ ၊ အိပ်မက်ချိုးဖျက်မြို့ဆိုတာ အဲဒီ အနက်ရှိုင်းဆုံးကမ္ဘာထဲက ပုံစံတစ်ခုကိုယူပြီး ငါဖန်တီးခဲ့တဲ့ ချို့ယွင်းချက်ပါတဲ့ ထုတ်ကုန်တစ်ခုပဲ ၊ ငါ့ရဲ့အဘိုး ဖူထျန်းက ပြီးပြည့်စုံတဲ့ဘဝကို ဖန်တီးခဲ့တာပဲ ၊ အခုတော့ အဲဒါကို ‘တားမြစ်ဂိမ်း လို့ လူသိများကြတယ်”
ထိုလူသည် လျှို့ဝှက်ချက်များစွာကို သိထားပုံရသည်။ သူသည် အိုးနှုတ်ခမ်းတွင် ခေါင်းမှီလိုက်သည်။ သူ၏မျက်လုံးများတွင် အတိတ်က မှတ်ဉာဏ်များ၊ နောင်တများဖြင့် ပြည့်နှက်နေလေသည်။
“ခင်ဗျားရဲ့အဘိုးက တားမြစ်ဂိမ်းကို ဖန်တီးခဲ့တာလား”
ကောင်းမင်သည် ကြားသမျှ အချက်အလက်အားလုံးကို မှတ်သားနေသည်။
“ငါ့အဘိုးက မသေဆေးရဲ့ တည်ထောင်သူဖြစ်သလို ရှင်းလုမြို့ရဲ့ ဂန္ထဝင်တစ်ယောက်လည်းဖြစ်တယ် ၊ သူက ရာစုသစ်ကို ဦးဆောင်ခေါ်ယူခဲ့တဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက်ပေါ့”
“ဒါဆို... ခင်ဗျားပြောချင်တာက မသေဆေးက တားမြစ်ဂိမ်းကို ဒီဇိုင်းဆွဲခဲ့တာပေါ့၊ ဒါဆိုရင် နောက်ပိုင်းကျမှ ဘာလို့ အဲဒါကို တားမြစ်ဂိမ်းလို့ သတ်မှတ်လိုက်ကြတာလဲ ၊ ဘာတွေ ဖြစ်ခဲ့လို့လဲ”
ကောင်းမင်က မေးလိုက်သည်။
“စိတ်ရှည်ပါဦး ၊ ငါ ရှင်းပြပါ့မယ်”
ထိုလူ၏ မေးစေ့မှာ ရေထဲသို့ နစ်ဝင်နေသည်။
“ပြီးပြည့်စုံတဲ့ဘဝကို ပိတ်ပစ်လိုက်ရတာက... မူလဂိမ်းကစားသမားတွေက အနက်ရှိုင်းဆုံးကမ္ဘာထဲက ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုတစ်ခုကို လွှတ်ပေးလိုက်မိလို့ပဲ”
“အဲဒါက ဘာကြီးလဲ”
“အဲဒါက ‘မပြောသင့်တဲ့အရာ' တစ်ခုပဲ ဖိုင်တွေထဲမှာတော့ အဲဒါကို ‘လိပ်ပြာနဲ့ အိပ်မက်’ လို့ ရည်ညွှန်းကြတယ်”
ထိုလူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားသည်။
“ကစားသမားတွေနဲ့ ကုမ္ပဏီက အနက်ရှိုင်းဆုံးကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းနေတဲ့အချိန်မှာ အဲဒီကမ္ဘာက မပြောသင့်သူတွေကလည်း ငါတို့ကို ပြန်လေ့လာနေခဲ့ကြတယ် ၊ သူတို့က နည်းလမ်းအမျိုးမျိုးသုံးပြီး လက်တွေ့လောကကို လွှမ်းမိုးဖို့ ကြိုးစားခဲ့ကြတယ် ၊ သူတို့ဟာ လက်တွေ့ကမ္ဘာကို သူတို့ကမ္ဘာထဲ ဆွဲသွင်းပြီး လက်တွေ့ကမ္ဘာကြီးကို စိတ်ပျက်အားငယ်မှုတွေနဲ့ မြှုပ်နှံပစ်ချင်ခဲ့ကြတာ”
“အဲဒီနောက်မှာရော”
“နောက်ဆုံးအချိန်ကျတော့... လူတစ်ယောက် ပေါ်လာခဲ့တယ်”
ထိုလူသည် ခေါင်းကုတ်ချင်သော်လည်း လက်မရှိသဖြင့် စိတ်ညစ်သွားဟန် ရှိသည်။
“ဘာကြောင့်လဲတော့မသိဘူး၊ ငါ အဲဒီလူအကြောင်းကို တဖြည်းဖြည်း မေ့လာတယ်၊ သူ့နာမည်ကိုလည်း မမှတ်မိတော့ဘူး ၊သူဟာ လိပ်ပြာနဲ့အတူ သေဆုံးသွားပြီး သွေးပင်လယ်ထဲ နစ်မြုပ်သွားခဲ့တယ်ဆိုတာလောက်ပဲ ဝေဝါးဝါး မှတ်မိတော့တယ်။
“အဲဒီလူ ကယ်တင်ခဲ့တဲ့ လူသားတွေနဲ့ သရဲတွေက ကမ္ဘာကြီးကို ပြန်လည်တည်ဆောက်ဖို့ ကျန်ရစ်ခဲ့ကြတယ် ၊ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားတဲ့အခါမှာ သူတို့က ကမ္ဘာကြီးရဲ့ ကယ်တင်ရှင်ကို သွားကယ်ဖို့ အနက်ရှိုင်းဆုံးကမ္ဘာထဲကို ဝင်သွားခဲ့ကြတယ်။
“သူတို့ ထွက်သွားပြီး လအနည်းငယ်အကြာမှာ မသေဆေးကုမ္ပဏီရဲ့ ဖိုင်တွေအရ တားမြစ်ဂိမ်းရဲ့ အစွန်အဖျားမှာ အမည်မသိ မပြောသင့်သူတစ်ယောက် ပေါ်လာတယ်လို့ ပြသခဲ့တယ် ၊ အထက်လူကြီးတွေက မဲခွဲကြပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အဲဒီလမ်းကြောင်းကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်...”
ဤနေရာတွင် ထိုလူက ခဏမျှ တုံ့ဆိုင်းသွားသည်။
“အဲဒီနောက်မှာ ငါ စုံစမ်းစစ်ဆေးမှုတွေ အများကြီး လုပ်ခဲ့တယ် ၊ ငါ သိလိုက်ရတာက... အဲဒီ မပြောသင့်သူရဲ့ ခြိမ်းခြောက်မှုဆိုတာ ကုမ္ပဏီနဲ့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဖန်တီးခဲ့တဲ့ ပြဇာတ်တစ်ခုပဲ ဖြစ်ဖို့များတယ် ၊ သူတို့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာနှစ်ခုကြားက လမ်းကြောင်းကို ဖျက်ဆီးပစ်ဖို့ပဲ ၊ သူတို့က ကမ္ဘာကြီးရဲ့ ကယ်တင်ရှင် ချန်ထားခဲ့တဲ့ အင်အားစုတွေကို လက်တွေ့ကမ္ဘာရဲ့ အပြင်ဘက်မှာ အထီးကျန်အောင် လုပ်ချင်ခဲ့ကြတာ”