← Chapters

မင်္ဂလာဝေါယာဉ်

Vol. 38 Ch. 568

မင်္ဂလာဝေါယာဉ်

Vol. 38 Ch. 568

“တကယ့် အရူးကောင် ၊ ကျန်းမင်လီနဲ့ တစ်ထေရာတည်းပဲ”

ထိုလူသည် ခြေလက်အင်္ဂါ မရှိတော့သဖြင့် ရုန်းပင်မရုန်းနိုင်ရှာပေ။

“ကောင်းပြီ ၊ ကောင်းပြီ ၊ ငါ့ကို ပြန်ချထားခဲ့လိုက်တော့ ၊ ဒီအိုးတွေထဲက ဝိုင်တွေမှာ ရှီနတ်ဘုရားရဲ့ မှတ်ဉာဏ်တွေကို သယ်ဆောင်ထားတာ ၊ မင်း အဲဒါတွေကို မြေအောက်ခန်းအပြင်ဘက် ထုတ်သွားတာနဲ့ ရှီနတ်ဘုရားက ချက်ချင်း သိသွားလိမ့်မယ်”

ကောင်းမင်သည် ကြမ်းပြင်ပေါ်မှ အဝတ်အစားများကို ကောက်ယူ၍ အိုးကို မူလနေရာတွင် ပြန်ထားလိုက်သည်။ ထို့နောက် ထိုလူကို အိုးထဲမှ ဆွဲထုတ်လိုက်ပြီး အဝတ်အစားအသစ်များ ဝတ်ပေးလိုက်သည်။ ထိုလူ၏ ကိုယ်ခန္ဓာသည် ဆိုးရွားစွာ ပိန်ချုံးနေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အနီရောင်ကြိုးများဖြင့် ချည်နှောင်ထားခံပြီး အချို့ကြိုးများမှာ အသားထဲသို့ပင် နစ်ဝင်နေပြီ ဖြစ်သည်။ သူ့ကို အိုးထဲမှ ခွဲထုတ်ရန် အတော်ပင် ခက်ခဲသည်။

“တောင်းပန်ပါတယ်”

ကောင်းမင်သည် အလောင်းတစ်ခု၏ အဝတ်အစားများကို အသုံးပြု၍ ထိုလူကို ထုပ်ပိုးကာ သူ၏ကျောတွင် ပိုးလိုက်သည်။

“တောင်းပန်နေလို့ ဘာထူးမှာလဲ”

ထိုလူသည် အရှုံးပေးလိုက်တော့သည်။

“ငါ့ဆီက ထွက်နေတဲ့ အငွေ့အသက်တွေက ရှီအိမ်တော်နဲ့ မတူဘူး ၊ မင်း ငါ့ကို တကယ်ကယ်ချင်ရင် ငါ့ရဲ့ အငွေ့အသက်ကို ဖုံးကွယ်ပေးနိုင်မယ့် အရာတစ်ခုခုကို သုံးမှဖြစ်မယ် ၊ မဟုတ်ရင် ငါတို့နှစ်ယောက်လုံး ချက်ချင်း ဖမ်းမိသွားလိမ့်မယ်”

“ခင်ဗျား ပြောတာလည်း ဟုတ်သားပဲ”

ကောင်းမင်သည် သားသတ်သမား၏ ဓားကို ဆွဲထုတ်လိုက်သည်။

“ဒါကို ဖက်ထားလိုက်”

“ဘယ်လက်နဲ့ ဖက်ရမှာလဲ”

ထိုလူက သူ့ကို စိုက်ကြည့်သည်။

“ဆောရီးပါ”

ကောင်းမင်သည် ဓားကို ထိုလူ၏ ခန္ဓာကိုယ်ပေါ်တွင် တင်ကာ ချွင်နန်၏ အဝတ်အစားများနှင့် အတူတူ တွဲချည်လိုက်သည်။

“ဒီလောက်ဆို အဆင်ပြေလောက်ပါပြီ”

“တကယ့်ကို စေ့စပ်သေချာတဲ့ အစီအစဉ်ပဲ”

ထိုလူက ခံစားချက်မဲ့စွာ ပြောလိုက်သည်။ သူသည် သူ၏ဘဝမှာ ပြီးဆုံးသွားပြီဟု ယုံကြည်နေတော့သည်သည်။

ကောင်းမင်က ထိုလူ၏ လှောင်ပြောင်မှုကို လျစ်လျူရှုထားလိုက်သည်။ကြိုးထုံးများ ခိုင်ခံ့ကြောင်း သေချာစေပြီးနောက် သူသည် အရိုးလက်ရန်းများကို ဆုပ်ကိုင်၍ အလောင်းများ၏ ကျောပေါ်သို့ နင်းဖြတ်လိုက်ပြီး လှေကားထစ်များအတိုင်း အပေါ်သို့ တက်သွားလိုက်သည်။

ဗွက်…ဗွက်။

မြေအောက်ခန်းထဲမှ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။ တစ်ဦးကိုတစ်ဦး ဖက်ထားကြသော အလောင်းများသည် တုန်ယင်လာပြီး သူတို့၏ ဦးခေါင်းများကို လှည့်ကြည့်လာကြသည်။ အနီရောင်တိပ်များဖြင့် ပိတ်ထားသော အိုးများသည်လည်း လှုပ်ခါလာပြီး ၎င်းတို့ထဲမှ စေးပျစ်သော အရည်များ ယိုစိမ့်ထွက်လာလေသည်။ မမြင်ရသော ကြိုးမျှင်များက ၎င်းတို့ကို ဆက်သွယ်ထားကြသည်။ ထို့နောက် ဝုန်းခနဲ မြည်သံနှင့်အတူ ထိုလူ ယခင်က နေထိုင်ခဲ့သော အိုးကြီးမှာ ပေါက်ကွဲသွားတော့သည်။ အိုးအတွင်းရှိ ဝိုင်များနှင့် အင်္ဂါအစိတ်အပိုင်းများမှာ နေရာအနှံ့သို့ လွင့်စင်သွားသည်။

“သေစမ်း၊ သွားတော့၊ အခုပဲ”

ထိုလူက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ကောင်းမင် စတင် အရှိန်မြှင့်လိုက်သည်။ သို့သော်လည်း သူ့ခြေထောက်အောက်မှ အလောင်းများမှာလည်း စတင်လှုပ်ရှားလာကြသည်။ ထိုအလောင်းများသည် ကောင်းမင်ကို အောက်သို့ ဆွဲချရန်အတွက် သူ၏ခြေထောက်များကို ဝါးမျိုရန် ကြိုးစားနေကြသည်။

နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြန်သည်။ သူတို့နှင့် နီးကပ်နေသော အိုးများသည်လည်း ပေါက်ကွဲကုန်သည်။ ချိတ်ပိတ်မှုများထဲမှ ရွှေနှင့် ကျောက်မျက်ရတနာများ ဖုံးလွှမ်းနေသော လက်တစ်ဖက် တွားထွက်လာသည်။ ထိုလက်သည် သူ့ပတ်ဝန်းကျင်ရှိ အိုးများကို ရိုက်ခွဲပစ်လိုက်သည်။ ကြင်နာတတ်သော အပြုံးနှင့် ဆံပင်ဖြူများရှိသော လူ့ဦးခေါင်းတစ်ခုမှာ အပြင်သို့ လိမ့်ကျလာသည်။ ၎င်းသည် ကောင်းမင်နှင့် ထိုလူကို ကြည့်ကာ ပြုံးနေလေသည်။၎င်းသည် ဘာမှမပြောသော်လည်း ၎င်း၏ မျက်လုံးများထဲတွင် အနီရောင်လိုင်းများ ပြည့်နှက်နေသည်။

“အဲဒါကို မကြည့်နဲ့ ၊ အဲဒါက မင်းရဲ့ သက်တမ်းကို ခိုးယူသွားလိမ့်မယ်”

ထိုလူက ကောင်းမင်ကို သတိပေးရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။

အိုးများ ပိုမိုပေါက်ကွဲလာသည်။ပုံပျက်ပန်းပျက်နှင့် သန္ဓေပြောင်းသတ္တဝါများ တွားထွက်လာကြသည်။ အများစုသည် အနက်ရောင်လက်ပတ်များကို ဝတ်ဆင်ထားကြပြီး လူမဆန်သော နှိပ်စက်ညှဉ်းပန်းမှုများကို ခံထားရပုံရသည်။

“ဒီအိုးတွေထဲမှာ ရှီနတ်ဘုရားရဲ့ မှတ်ဉာဏ်တွေ ရှိနေတာ ၊ အဲဒါက စမ်းသပ်သူတွေရဲ့ ကောင်းချီးငါးပါးကို သုံးပြီး သူ့ကိုယ်သူ ထိန်းသိမ်းထားတာပဲ ၊ စမ်းသပ်သူတွေကို အိပ်မက်ဆိုးအမျိုးမျိုးကနေ ရွေးချယ်ထားတာ ၊ သူတို့ဟာ ကံအကောင်းဆုံးနဲ့ အကောင်းဆုံး ဘဝတွေကို ပိုင်ဆိုင်ထားတဲ့သူတွေပဲ ၊ သူတို့ဟာ ချမ်းသာကြွယ်ဝမှု၊ အသက်ရှည်မှု၊ ငြိမ်းချမ်းမှု၊ ကိုယ်ကျင့်တရားနဲ့ ရောဂါဘယမရှိဘဲ သေဆုံးခြင်းတို့ကို ကိုယ်စားပြုတယ် ၊ မသေဆေးက ရှီနတ်ဘုရား ပိုသန်မာလာအောင် သူတို့ကို အစာအဖြစ် ကျွေးခဲ့တာပဲ”

ထိုလူသည် မဒမ်ရှီက သက်ရှိလူသားများကို အသုံးပြုကာ ဝိုင်စိမ်နေခြင်းဖြစ်ကြောင်း သိထားပြီးဖြစ်သည်။ အိုးထဲမှ သတ္တဝါများသည် သူတို့၏အသိစိတ်များကို ဆုံးရှုံးနေကြပြီ ဖြစ်သည်။ သူတို့၏ ဦးနှောက်များသည် မသေဆေးအတွက် အသုံးမဝင်တော့ပေ။ အသိစိတ်ရှိနေခြင်းက မသေဆေး၏ စမ်းသပ်မှုများကိုသာ အနှောင့်အယှက်သာ ဖြစ်စေမည် ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ဖြစ်တည်မှုကို ဖြတ်တောက်၍ အသုံးဝင်သော အစိတ်အပိုင်းကိုသာ ချန်ထားခဲ့ကြခြင်း ဖြစ်သည်။

“ပြေးတော့ ၊ ဒီမှာရှိသမျှ အရာအားလုံးက အတုအယောင်တွေပဲ ၊ မင်းမြင်နေရတာက အမှန်တရား မဟုတ်ဘူး ၊ သူတို့တွေက တကယ့်လက်တွေ့မှာ အာဟာရဖြည့်ကန်တွေထဲမှာ ပိတ်မိနေတာလည်း ဖြစ်နိုင်တယ် ၊ မင်း သူတို့ကို မကယ်နိုင်ဘူး”

ထိုလူသည် ကောင်းမင်က သူတို့အားလုံးကို ကယ်တင်ရန် ကြိုးစားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ တကယ်တမ်းတွင်မူ သူ၏စိုးရိမ်မှုမှာ အခြေအမြစ်မရှိပေ။ ပထမဆုံးအိုး ပေါက်ကွဲကတည်းက ကောင်းမင်သည် ပြေးရန် အသင့်ပြင်ထားပြီးသား ဖြစ်သည်။

ကောင်းချီးငါးပါးအလောင်းများသည် စတင်စုစည်းလာကြသည်။ ဝိုင်များက သွေးများအဖြစ် ပြောင်းလဲသွားပြီး အနီရောင်ကြိုးများမှာလည်း သွေးကြောများအဖြစ် ပြောင်းလဲသွားသည်။ ကံကောင်းခြင်း၊ ချမ်းသာကြွယ်ဝခြင်းနှင့် အသက်ရှည်ခြင်းများမှာ တစ်ခုနှင့်တစ်ခု ဝါးမျိုသွားကြပြီးနောက် ကြီးမားလှသော တွန့်လိမ်နေသည့် အသားတုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ပြင်းထန်လှသော ပျော်ရွှင်ခြင်းအော်ရာကို ထုတ်လွှတ်နေသည်။ ပျော်ရွှင်ခြင်းနတ်ဘုရားကိုယ်တိုင် ဆင်းသက်လာသည့်အလား ခံစားလိုက်ရသည်။

ကောင်းမင်သည် မြေအောက်ခန်းထဲမှ ခုန်ထွက်လိုက်သည်။ နောက်ဖေးခြံထဲမှ ဆူညံသံများကြောင့် ဧည့်သည်များ၏ အာရုံမှာ ထိုဘက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ပိုင်ဖုန်းနှင့် ရှီနတ်မင်းငယ် (၂၄) ပါးတို့၏ အငြင်းပွားသံများကို ကောင်းမင် ကြားနေရသည်။ သူမမှာ အတော်ပင် ဖိအားများနေပုံရသည်။

“မကောင်းတော့ဘူး ၊ ငါတို့သာ အဖမ်းခံရရင် နှစ်ယောက်လုံး အိုးထဲ ပြန်ထည့်ခံရမှာပဲ”

ထိုလူ၏ မျက်နှာမှာ ဖြူဆွတ်နေတော့သည်။ သူသည် လတ်ဆတ်သော လေကိုပင် ဝဝလင်လင် မရှူရသေးပေ။

ကောင်းမင်သည် အပြင်ဘက် တံတိုင်းဆီသို့ ပြေးသွားသည်။ သူ တံတိုင်းပေါ်မှ ခုန်ကျော်ရန် ကြံလိုက်စဉ် အုတ်တံတိုင်းပေါ်တွင် ကြီးမားလှသော ဧရာမ ‘ရှီ’ စာလုံးတစ်ခု ပေါ်လာလေသည်။ ထိုစာလုံးသည် မရေမတွက်နိုင်သော ပျော်ရွှင်ကြည်နူးနေသည့် လူမျက်နှာများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကောင်းမင်၏ လက်ချောင်းများ တံတိုင်းနှင့် ထိတွေ့ရုံရှိသေးသော်လည်း ထိုလူမျက်နှာများ၏ ကိုက်ခဲခြင်းကို ခံလိုက်ကြသည်။ ကောင်းမင်သာ များစွာသော စိတ်ပျက်အားငယ်မှု အငွေ့အသက်များကို သယ်ဆောင်မထားပါက ဤထိတွေ့မှုလေးတစ်ခုတည်းနှင့်ပင် သူသည် ရှီနတ်ဘုရား၏ ရုပ်သေးရုပ် ဖြစ်သွားနိုင်ပေသည်။

“ဒါက အလကားပဲ ၊ မင်းမှာ ကံကောင်းခြင်းတွေ ရှိနေသေးသရွေ့တော့ ရှီနတ်ဘုရားကိုယ်တိုင် ခွင့်မပြုရင် ဒီနေရာကနေ လွတ်မြောက်မှာမဟုတ်ဘူး ၊ အစောပိုင်းဆိုရင် အခွင့်အရေး ရှိနိုင်ပေမဲ့ အခုတော့ သူနိုးလာပြီ”

ထိုလူက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

“ငါတို့ အိပ်မက်ချိုးဖျက်မြို့ကို ဒီဇိုင်းဆွဲတုန်းက အနက်ရှိုင်းဆုံးကမ္ဘာက နတ်ဘုရားတွေနဲ့ စည်းမျဉ်းတွေကို အတုယူခဲ့ကြတာ ၊ ရှီနတ်ဘုရားဆိုတာ ကံကောင်းခြင်းတွေ အားလုံးကို ပေါင်းစပ်ထားတဲ့အရာပဲ”

“သတင်းကောင်း မရှိရင် ပါးစပ်ပိတ်ထား”

ရှီနတ်ဘုရား ရောက်ရှိလာတော့မည်ဖြစ်သည်။ ကောင်းမင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ထွက်ပြေးစရာ လမ်းမရှိချေ။ ဆိတ်ခြံမှာလည်း ပုန်းအောင်း နေရာကောင်း မဟုတ်ပေ။ ဆိတ်များမှာ အလွန်ကြောက်တတ်သဖြင့် သူတို့ကို ဖုံးကွယ်ပေးနိုင်မည် မဟုတ်ချေ။ ကောင်းမင်သည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး နောက်ဖေးခြံထဲမှ တစ်ခုတည်းသော အိမ်ကလေးဆီသို့ အပြေးသွားလိုက်သည်။ ထိုအိမ်သည် အိမ်တော်၏ ယင်ဓာတ်အပြင်းဆုံးနေရာတွင် တည်ရှိသည်။ အဆောက်အအုံသည် ရှေးကျသောပုံစံရှိပြီး ဝတ်ပြုဆောင်ငယ်တစ်ခုနှင့် တူလှသည်။ ၎င်းသည် သူ တခြားနေရာများတွင် မတွေ့ဖူးခဲ့သည့် ထူးခြားသည့် အဆောက်အအုံတစ်ခု ဖြစ်သည်။

ရှီနတ်မင်းငယ်များ၏ ခြေသံနှင့် ဆူညံသံများမှာ နီးကပ်လာပြီ ဖြစ်သည်။ ကောင်းမင်သည် တံခါးကို ဖွင့်ဝင်လိုက်သည်။

ယင်စွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ ကောင်းမင်နှင့် ထိုလူမှာ ချမ်းစိမ့်သွားသည်။ ထိုနေရာတွင် ကုတင် သို့မဟုတ် စားပွဲ စသည့်ပရိဘောဂ တစ်ခုမျှ မရှိချေ။ လွတ်နေသော အခန်းအလယ်တွင်မူ ကြီးမားလှသော အနီရောင် မင်္ဂလာဝေါယာဉ်ကြီးတစ်ခုသာ ရှိနေလေသည်။

ဝေါယာဉ်တွင် မင်္ဂလာရှိသည့် အလှဆင်မှုများစွာ ပါဝင်နေသော်လည်း ထိုကဲ့သို့ တစ်ခုတည်း ရှိနေသည်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။

ခြေသံများမှာ ပို၍ နီးကပ်လာချေသည်။ ရှီနတ်မင်းငယ်များ နောက်ဖေးခြံထဲသို့ ဝင်ရောက်လာကြပြီ ဖြစ်သည်။ ကောင်းမင် တံခါးကို ပြန်ပိတ်လိုက်ပြီး ဝေါယာဉ်ဆီသို့ လျှောက်သွားလိုက်သည်။

“မင်း ဘာလုပ်မလို့လဲ ၊ ဒါက မဒမ်ရှီကို တင်ဆောင်မယ့် ဝေါယာဉ်ကွ ၊ ဒါကို ထိမိတဲ့သူတိုင်း သေကုန်ကြလိမ့်မယ်”

ထိုလူက ကြောက်ရွံ့စွာဖြင့် ခပ်တိုးတိုးသတိပေးလိုက်သည်။

“ဒါဆို အကောင်းဆုံးပဲ ၊ဘယ်သူမှ ဒီနား လာရဲမှာမဟုတ်ဘူး”

ကောင်းမင်သည် ဝေါယာဉ်လိုက်ကာကို ဆွဲဖွင့်လိုက်ပြီး ထိုလူကို ကျောပိုးလျက် အထဲသို့ ဝင်လိုက်တော့သည်။

ထိုလူမှာ ဆိတ်ဆိတ်သာ နေလိုက်တော့သည်။ ကောင်းမင်သည် သူ၏စကားကို ဂရုမစိုက်ရုံသာမက သူတားသည့်အရာကိုသာ ရွေးလုပ်တတ်ကြောင်း သူနားလည်သွားပြီ ဖြစ်သည်။

All Chapters