လူတန်းကြီး
Vol. 38 Ch. 569
“ဒါ ငါသေမယ့်နေရာပဲ ၊ မသေဆေးက ငါ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖျက်ဆီးပစ်လိမ့်မယ် ၊ ငါ့မှာ အသိစိတ်တောင် ကျန်မှာမဟုတ်တော့ဘူး”
ထိုလူ၏ မျက်လုံးများမှ ခါးသီးသော မျက်ရည်များ စီးကျလာလေသည်။
“ငါက ဖူထျန်းရဲ့ မြေးပဲ ၊မသေဆေးကို အမွေဆက်ခံရမယ့်သူ ၊ ငါ အကြာကြီး စီစဉ်ခဲ့တာ... ဒါပေမဲ့ အားလုံး ပြီးသွားပြီ”
“ရှူး”
ကောင်းမင်က ကိုယ်ကို ကိုင်းလိုက်ပြီး လိုက်ကာကို အနည်းငယ်ဟလိုက်သည်။သူ အပြင်ဘက်ကို ဂရုတစိုက် ချောင်းကြည့်လိုက်သည်။
“တစ်ယောက်ယောက် နောက်ဖေးခြံထဲ ဝင်သွားပြီဟေ့၊ မြေအောက်ခန်း အဖွင့်ခံထားရတယ်”
“ရှီနတ်ဘုရားရဲ့ ဒေါသကို ငါခံစားနေရတယ် ၊ တစ်ယောက်ယောက်က နတ်ဘုရားကို စော်ကားလိုက်ပြီ ၊ သူ့ကို ရှာတွေ့တာနဲ့ သူ့ကလီစာတွေကို ဆွဲထုတ်ပြီး ယဇ်ပူဇော်ပစ်မယ်”
“ပျော်ရွှင်ခြင်းအရှိန်အဝြတွေ လျော့သွားပြီ ၊ ဘယ်သူက ရှီနတ်ဘုရားရဲ့ ဝိုင်အိုးကို ခွဲလိုက်တာလဲ ၊မကောင်းတော့ဘူး၊ မှတ်ဉာဏ်တွေ စီးထွက်ကုန်ပြီ”
“ရှီနတ်ဘုရား ၊ ကျွန်တော်က အရှင်မြတ်ရဲ့ ကလေးပါ ၊ ကျွန်တော့်ကို မစားပါနဲ့”
ခြံဝင်းတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားကုန်သည်။ ရှီနတ်မင်းငယ်များ၏ ရယ်မောသံနှင့် အော်ဟစ်သံများမှာ ပဲ့တင်ထပ်နေသည်။ မည်သည့်အရာများ ဖြစ်ပျက်နေမှန်း ခွဲခြားရန် ခက်ခဲလှသည်။
“အခုက အာ့ကန်း(ညဉ့်ဦးယံ) အချိန်ပဲ ရှိသေးတယ်၊ ရှီနတ်ဘုရားက အပြည့်အဝ နိုးမလာသေးဘူး ၊ အခြေအနေသွားစစ်ဆေးတဲ့ ရှီနတ်မင်းငယ်တွေကတော့ ရှီနတ်ဘုရားကြောင့် မတော်တဆ ဒဏ်ရာရသွားကြပြီ ထင်တယ်”
ထိုလူက အနည်းငယ် နေသာထိုင်သာ ရှိသွားပုံရသည်။ မိမိထက် တခြားသူများ ဒုက္ခရောက်သည်ကို မြင်ရခြင်းသည် ပိုစိတ်သက်သာရာ ရစေသည် မဟုတ်ပါလား။
“ရှီနတ်ဘုရားနဲ့ ရှီနတ်မင်းငယ်တွေကြားမှာ ဘာပတ်သက်မှု ရှိလဲ”
“သူတို့ကို ရှီနတ်ဘုရားရဲ့ နောက်လိုက်တပည့်တွေလို့ သတ်မှတ်လို့ရတယ် ၊ သူတို့က အိပ်မက်ဆိုး အမျိုးမျိုးထဲကနေ မသေဆေး ခေါ်ထုတ်လာတဲ့သူတွေပဲ ၊ တချို့က စိတ်ဝေဒနာရှင်တွေရဲ့ စိတ်ကူးယဉ်မှုတွေ ဖြစ်တည်လာတာမျိုးပဲ ၊ တချို့ကတော့ စိတ်နှစ်ခွရောဂါရှိတဲ့သူတွေ ၊ အားလုံးက ရှီနတ်ဘုရားရဲ့ သဘာဝနဲ့ အံဝင်ခွင်ကျ ဖြစ်ကြတယ် ၊အရင်က သူတို့ ဘယ်သူဖြစ်ခဲ့လဲဆိုတာ အရေးမကြီးဘူး ၊ သူတို့ဟာ ရှီနတ်ဘုရားရဲ့ လက်ပါးစေတွေဖြစ်ပြီး သူတို့ရဲ့ စွမ်းအားအားလုံးက ရှီနတ်ဘုရားဆီက လာတာဆိုတာပဲ မှတ်ထားလိုက်ပါ”
ထိုလူသည် အိပ်မက်ချိုးဖျက်မြို့အကြောင်းကို ကောင်းကောင်းသိသည်။
“စန်းကန်း(သန်းခေါင်ယံ) မတိုင်ခင် ငါမဒမ်ရှီနဲ့ လက်ထပ်ရမယ် ၊ အချိန်နှောင့်နှေးသွားရင် ငါတို့အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်”
ပိုင်ဖုန်း၏ အသံက ခြံဝင်းအတွင်း ဟိန်းထွက်လာသည်။ သူမသည် ကျိုးကြောင်းဆင်ခြင်တုံတရား ရှိနေဆဲဖြစ်သည်။
“ရှီနတ်ဘုရားရဲ့ မှတ်ဉာဏ်တွေ ပါဝင်နေတဲ့ ယဇ်ပစ္စည်းကို မြေအောက်ခန်းထဲ ပြန်ထည့်ဖို့ ငါတို့ အတူတူ လုပ်ရမယ်”
ပိုင်ဖုန်းသည် အိပ်ပျော်နေသော ရှီနတ်ဘုရား၏ အသိစိတ်အကြောင်းကို ထည့်မပြောပေ။ သူမက ယဇ်ပစ္စည်း (အသားတုံးကြီး) အပေါ်တွင်သာ အာရုံစိုက်ခိုင်းလိုက်သည်။ သူတို့သည် ရှီနတ်ဘုရားကို ရင်ဆိုင်ရမည် မဟုတ်ဘဲ ယဇ်ပစ္စည်းကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။
“မြန်မြန်လုပ်”
ညဘက်လူကြီးမင်းများသည် ရှီအိမ်တော်တွင် အာဏာမရှိပေ။ သူတို့သည် ရှီနတ်ဘုရား ဝတ်ဆင်မည့် ‘အဝတ်အစား’ မျှသာ ဖြစ်သည်။ သူတို့စကား အလေးသာသည့် တစ်ခုတည်းသော အချိန်မှာ လက်ထပ်ပွဲည ဖြစ်သည်၊ အကြောင်းမှာ ထိုအချိန်တွင် ရှီနတ်ဘုရားက သူတို့၏ကိုယ်ထဲသို့ ပူးကပ်မည် ဖြစ်သောကြောင့်ပင်။
အချို့သော ရှီနတ်မင်းငယ်များက ပိုင်ဖုန်းကို သံသယဝင်ကြသော်လည်း မည်သူမျှ ထုတ်မပြောရဲကြချေ။ ပိုင်ဖုန်းကို မေးခွန်းထုတ်ခြင်းသည် ရှီနတ်ဘုရားကို မေးခွန်းထုတ်ခြင်းနှင့် အတူတူဖြစ်သည်။ ရှီနတ်မင်းငယ်များသည် ‘မကောင်းဆိုးဝါး’ ကို မြေအောက်ခန်းထဲ ပြန်လည်ပိတ်လှောင်ရန် ဝိုင်းဝန်းလုပ်ဆောင်လိုက်ကြသည်။ သူတို့က မြေအောက်ခန်းကို ထပ်မံစစ်ဆေးရန် ပြင်ဆင်နေချိန်တွင် ပိုင်ဖုန်းက ထပ်ပြောလိုက်သည်။
“ရှီနတ်ဘုရားက အရာရာအားလုံးကို သိမြင်နိုင်စွမ်းရှိတယ် ၊ ဘယ်သူမှ ရှီနတ်ဘုရားဆီက ဘာမှ ခိုးလို့မရဘူး ၊ သူခိုးရှိရင်တောင် ရှီနတ်ဘုရား ဝါးမျိုလိုက်လို့ ဝိုင်ထဲမှာ အရည်ပျော်သွားလောက်ပြီ”
ပိုင်ဖုန်း၏ လေသံသည် အစွန်းရောက်မှုဖြင့် ပြည့်နှက်နေပုံရသည်။
“အခု အရေးကြီးဆုံးက မဒမ်ရှီနဲ့ လက်ထပ်ဖို့ပဲ ၊ မဒမ်ရှီ ပြန်ရောက်လာတာနဲ့ အားလုံး အဆင်ပြေသွားလိမ့်မယ်...”
“ဒါကလည်း မှန်တော့မှန်ပါတယ်၊ ဒါပေမဲ့ မြေအောက်ခန်းထဲမှာ ရှီနတ်ဘုရားရဲ့ မှတ်ဉာဏ်တွေ ရှိနေတာလေ၊ တစ်ခုခု မှားယွင်းသွားရင်...”
“မင်းက မင်္ဂလာအချိန်ကို ရည်ရွယ်ချက်ရှိရှိနှောင့်နှေးအောင်လုပ်ပြီး ရှီနတ်ဘုရားနဲ့ ကိုယ်တိုင် ဆက်သွယ်ချင်နေတာလား ၊ မဒမ်ရှီအသစ် ဖြစ်လာအောင် ယုံကြည်မှုတွေကို ခိုးယူချင်နေတာလား”
ပိုင်ဖုန်းက အသံကို မြှင့်လိုက်သည်။ သူမ၏ မေးခွန်းကြောင့် ရှီနတ်မင်းငယ်များ အားလုံး ထိတ်လန့်သွားကြသည်။
“မင်္ဂလာအဖွဲ့က လွန်ခဲ့တဲ့ နာရီဝက်ကတည်းက ထွက်သွားပြီ ၊ ငါတို့ ထပ်စောင့်လို့ မရတော့ဘူး”
ပိုင်ဖုန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ရှီနတ်မင်းငယ်တွေ အားလုံး ကိုယ့်နေရာကိုယ် ပြန်ကြပါ ၊ ယင်အိမ်တော်တံခါးကို ဖွင့်လိုက် ၊ ငါတို့ အခုပဲ ထွက်ခွာကြမယ်”
ရှီအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာမှ အိမ်တံခါးက ပွင့်ဟသွားသည်။ယင်စွမ်းအင်များသည် ရေလှိုင်းလုံးများအလား အရှိန်အဟုန်ဖြင့် စီးထွက်လာသည်။ ကောင်းမင်နှင့် ထိုလူသည် ဝေါယာဉ်ထဲတွင် ထိုင်နေကြသည်။သူတို့သည် အသက်ပင် မရှူမဝံ့ကြချေ။ သူတို့ ရောက်နေသော ဝေါယာဉ်မှာ မဒမ်ရှီကို လက်ထပ်ရန် တင်ဆောင်မည့် ဝေါယာဉ်ဖြစ်သည်။ ဝေါယာဉ်မှာ လှုပ်ခါသွားသည်။ ရှီနတ်မင်းငယ်ရှစ်ဦးက ဝေါယာဉ်ကို ပခုံးထမ်းလိုက်ကြသည်။ ပျော်ရွှင်ခြင်း အငွေ့အသက် ကူးစက်ခံထားရသူများသာ သူတို့ကို မြင်နိုင်သဖြင့် ကောင်းမင်၏ အမြင်တွင်မူ ဝေါယာဉ်မှာ အလိုအလျောက် မြောက်တက်သွားသကဲ့သို့ပင်။ ၎င်းသည် နောက်ဖေးခြံမှ ထွက်ခွာကာ ခန်းမဆောင်ကြီးဆီသို့ ရောက်ရှိသွားသည်။
မင်္ဂလာဝေါယာဉ် ပေါ်လာသည့်အခါ ဧည့်သည်များ၏ ရယ်မောသံမှာ ပို၍ ကျယ်လောင်လာတော့သည်။ ထိုပျော်ရွှင်မှုများသည် ဝေါယာဉ်ကို မှောက်လှန်ပစ်ရန်ပင် ကြိုးစားနေသကဲ့သို့ ရှိနေသည်။ ရှီအိမ်တော်၏ အနီရောင်ဂိတ်တံခါးကြီး ပွင့်ဟသွားသည်။ အနီရောင် ဖယောင်းတိုင်များ လင်းလက်လာသည်။ ရှီနတ်မင်းငယ်များနှင့် တစ္ဆေလေးများ အိမ်တော်ထဲမှ စတင်ထွက်ခွာလာကြသည်။
မောင်းသံ၊ စည်သံများ ဆူညံနေပြီး ဗြောက်အိုးများလည်း ပေါက်ကွဲနေသည်။ ဤဆူညံမှုမှာ တစ်မြို့လုံး၏ သေမင်းတမန်တိတ်ဆိတ်မှုနှင့် ဆန့်ကျင်ဘက် ဖြစ်နေလေသည်။ ဝေါယာဉ်သည် အမှောင်ထုထဲတွင် ဆက်လက်ရွေ့လျားနေသည်။ သရဲများက ဦးချိုခရာများကို မှုတ်နေကြသည်။ ရှီနတ်မင်းငယ်များက ထီး၊ ယပ်တောင်၊ မှန်ချပ်ကြီး၊ မှန်ချပ်ငယ်၊ ပုဆိန်၊ တံပိုးနှစ်ခုနှင့် စည်ကြီးရှစ်လုံးတို့ကို သယ်ဆောင်လာကြသည်။ ယင်းသည် အလွန်ပင် စည်ကားလှပေသည်။
“သူတို့ ဘယ်ကို သွားနေကြတာလဲ”
ကောင်းမင်က ထိုလူအား တိုးတိုးလေး မေးလိုက်သည်။
“မြို့ပြင်က ရှီဘုရားကျောင်းကို သွားနေတာ ဖြစ်ရမယ် ၊ မဒမ်ရှီက အဆုံးမဲ့ အိပ်မက်ဆိုးတွေဆီကနေ ပျော်ရွှင်ခြင်းအငွေ့အသက်တွေကို သွားရောက်သိမ်းဆည်းလိမ့်မယ် ၊ လက်ထပ်ပွဲဆိုတာ တကယ်တော့ မဒမ်ရှီရဲ့ အိပ်မက်ဆိုးတွေဆီက ကံကောင်းခြင်းနဲ့ ပျော်ရွှင်ခြင်းတွေကို စုပ်ယူမယ့် အခမ်းအနားပဲ ၊ ဒါကြောင့်လည်း လက်ထပ်ပွဲ တစ်ကြိမ်လုပ်တိုင်း ရှီနတ်ဘုရားက ပိုပိုပြီး သန်မာလာတာပေါ့”
ထိုလူသည် ရှီနတ်ဘုရား၏ မူလအသွင်အပြင်ကိုပင် မေ့လျော့သွားခဲ့ပြီဖြစ်သည်။ ၎င်းသည် ဖော်ပြ၍မရနိုင်လောက်သော ဖြစ်တည်မှုတစ်ခု ဖြစ်လာခဲ့ချေပြီ။
“ရှီအိမ်တော်ကနေ ထွက်တာနဲ့ ကျုပ်တို့ ထွက်ပြေးဖို့ အပေါက်တစ်ခုရှာကြမယ်”
ကောင်းမင်က ပြောလိုက်သည်။ ထိုလူက ခေါင်းသာ ခါပြသည်။ မင်္ဂလာစီတန်းလှည့်လည်ပွဲတွင် ရှီနတ်မင်းငယ်များ ဝန်းရံထားခြင်းဖြစ်သည်။ သူတို့ ဘယ်ကို ပြေးနိုင်မည်နည်း။ သို့သော်လည်း ထိုလူသည် သင်ခန်းစာ ရထားပြီဖြစ်သည်။ သူက ကောင်းမင်ကို ပြန်မငြင်းတော့ပေ။ ကောင်းမင်က နောက်ထပ် အံ့ဖွယ်တစ်ခု ဖန်တီးနိုင်မည်ကိုပင် မျှော်လင့်နေမိသည်။
အိုးစည်ဗုံမောင်းသံများမှာ ညစောင့်သမား၏ မောင်းသံထက် ပို၍ ကျယ်လောင်နေလေသည်။ သို့သော် မည်သူမျှ မကန့်ကွက်ရဲကြပေ။ သူတို့သည် မင်္ဂလာအဖွဲ့တန်း၏ အသံကို မကြားချင်ယောင်ဆောင်ကာ တံခါးများနှင့် ပြတင်းပေါက်များအားလုံး ပိတ်ထားကြသည်။ မည်သူမျှ လက်ထပ်ပွဲ စီတန်းလှည့်လည်ရေးကို စိန်မခေါ်ရဲကြချေ။ ကောင်းမင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ အကယ်၍ ပြဿနာမရှိလျှင် သူကိုယ်တိုင် ပြဿနာတစ်ခု ဖန်တီးလိုက်မည်။
ကောင်းမင်သည် သားသတ်ဓားပေါ်မှ ချွင်နန်၏ အဝတ်အစားများကို ဖယ်လိုက်သည်။
“မင်း ဘာလုပ်မလို့လဲ”
ဓားကို ထိုလူဆီသို့ ဦးတည်လိုက်သည်။ ကောင်းမင်သည် ထိုလူ၏ကိုယ်ပေါ်မှ ဝိုင်များကို ဓားသွားပေါ်တွင် သုတ်လိမ်းလိုက်သည်။ ပျော်ရွှင်ခြင်း အငွေ့အသက်များသည် ဓားကို တိုက်စားရန် ကြိုးစားနေသော်လည်း ဓား၏အရှိန်အဝါကြောင့် ပြန်လည်လွင့်စင်သွားသည်။ သို့သော် ပျော်ရွှင်ခြင်း အငွေ့အသက်များက လက်မလျှော့သေးပေ။ကောင်းမင်သည် အခြေအနေအား ပိုမိုဆိုးရွားလာစေရန် ဓားဖြင့် ဝေါယာဉ်အတွင်းရှိ အလှဆင်ပစ္စည်းများကို ခုတ်ဖြတ်ပစ်လိုက်သည်။
မဒမ်ရှီ၏ ဝေါယာဉ်သည် လူအများစုအတွက် တားမြစ်ထားသော နေရာဖြစ်သည်။ သေးငယ်သော အလှဆင်ပစ္စည်းလေး တစ်ခုချင်းစီတွင် ပြင်းထန်သော ပျော်ရွှင်ခြင်းအငွေ့အသက်တစ်ခု ပါဝင်သည်။ သာမန်လူတစ်ယောက်သာ ဝေါယာဉ်ထဲ ရှိနေပါက သူသည် မကြာမီ စိတ်ရူးပေါက်သွားပြီး ရုပ်သေးရုပ် ဖြစ်သွားပေလိမ့်မည်။ သို့သော်လည်း ကောင်းမင်၏ နှလုံးသားထဲတွင်မူ ချောက်နက်ကြီး တည်ရှိနေပေသည်။ ရှီနတ်ဘုရားကိုယ်တိုင် ပေါ်မလာသရွေ့ ပျော်ရွှင်ခြင်း အငွေ့အသက်များက သူ့ကို မခြိမ်းခြောက်နိုင်ပေ။
“ကျန်းမင်လီက မင်းလို အရူးတစ်ယောက်ကို ဘယ်နေရာမှာ ရှာတွေ့ပြီး အကူအညီတောင်းခဲ့လဲဆိုတာ ငါတကယ် သိချင်မိတယ်”
ထိုလူသည် ကောင်းမင်ကို တားရန် ကြိုးပင် မကြိုးစားတော့ပေ။
ဝေါယာဉ်က ရုတ်တရက် ရပ်သွားသည်။ အသံများလည်း ရပ်တန့်သွားသည်။ ကောင်းမင် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဓားကိုသုံး၍ လိုက်ကာအနားစကို အနည်းငယ် မလိုက်သည်။
ထိုနေရာတွင် စုစည်းနေသော အသားတုံးကြီးတစ်ခု ရှိနေလေသည်။ ၎င်းသည် ရွာအဝင်ရှိ ကျောက်စာတိုင်ကို မှီထားသော ကြီးမားသည့် မြွေကြီးတစ်ကောင်နှင့် တူနေသည်။