အခန်း (၉၇)
Vol. 10 Ch. 97
အခန်း။ ၉၇
ဒုတိယအဆင့် ဧရာမဇွန်ဘီကို ဝိုင်းဝန်းတိုက်ခိုက်နေသည့် ထိုစွမ်းအားရှင်အဖွဲ့မှာ စောစောက ခန်းကျီနှင့် ဆုံတွေ့ခဲ့သူများပင်။
ပိုမိုသန်မာလာရန်နှင့် မြင့်မားသောအဆင့်အတန်းကို ရရှိရန်အတွက် ခန်းကျီသည်လည်း ဤစွမ်းအားရှင်အဖွဲ့ထဲသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့သည်။ သူ၏ရှေ့မှ ဒုတိယအဆင့် ဧရာမဇွန်ဘီကို ကြည့်ရင်း ခန်းကျီ၏ မျက်ဝန်းများတွင် ဒေါသရိပ်များ ပြည့်လျှံနေတော့သည်။
ရန်သူနှင့် ထိပ်တိုက်တွေ့ဆုံရသကဲ့သို့ သူ၏စိတ်များမှာ ပြင်းထန်စွာ လှုပ်ရှားနေ၏။ တစ်ချိန်က ခန်းကျီ၏ အဖွဲ့ငယ်လေးမှာ ဒုတိယအဆင့် ဧရာမဇွန်ဘီတစ်ကောင်၏ ဖျက်ဆီးမှုကို ခံခဲ့ရဖူးသည်။ သူ၏ လက်ပါးစေများနှင့် အမျိုးသမီးများမှာ ထိုဇွန်ဘီ၏လက်တွင် တစ်ယောက်ပြီးတစ်ယောက် ရက်စက်စွာ အသတ်ခံခဲ့ရပြီး သူကိုယ်တိုင်ပင် ထိုကဲ့သို့သော ဇွန်ဘီမျိုး၏လက်တွင် သေလုမတတ် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
ယခု သူ၏ရှေ့မှ ဇွန်ဘီမှာ ယခင်က သူ့ကို တိုက်ခိုက်ခဲ့သည့် ကောင်မဟုတ်မှန်း ခန်းကျီ သိသော်လည်း သူ၏ ရင်ထဲမှ ဒေါသများကို ဖွင့်ချရန်အတွက် ပစ်မှတ်တစ်ခု လိုအပ်နေခဲ့သည်။ သို့သော် ခန်းကျီသည် အဆင်ခြင်မဲ့စွာဖြင့် ရှေ့သို့ မတိုးရဲပေ။ အကြောင်းမှာ ဒုတိယအဆင့် ဧရာမဇွန်ဘီ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး သူ၏ လက်ရှိစွမ်းအားဖြင့်မူ ပြန်လည်ခုခံရန်ပင် အရည်အချင်း မပြည့်မီသေးသောကြောင့် ဖြစ်သည်။
လေးဦးပါ စွမ်းအားရှင်အဖွဲ့ထဲမှ ဆံပင်အမည်းရောင်ကို နောက်သို့ သပ်တင်ထားသော လူသန်ကြီးမှာမူ ဒုတိယအဆင့် ဧရာမဇွန်ဘီ နှင့် ရင်ဆိုင်နေရသော်လည်း တည်ငြိမ်စွာပင် ရှိနေဆဲဖြစ်သည်။ ဤအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ သူသည် အမိန့်များ ပေးလိုက်ရင်း သူ၏ကျောနောက်မှ နက်မှောင်ပြောင်လက်နေသော ဓားမကြီးတစ်လက်ကို ဆွဲထုတ်လိုက်သည်။
ထိုဓားမှာ မီတာဝက်ကျော် ရှည်လျားပြီး ဓားသွားမှာလည်း အလွန်ပင် ထူထဲလှရာ စွမ်းအားအရှိန်အဟုန် အပြည့်ရှိသော လက်နက်တစ်ခုဖြစ်ကြောင်း သိသာလှသည်။ ခန်းကျီကဲ့သို့ပင် သူ၏ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းမှာလည်း ခွန်အားအမျိုးအစားအနီးကပ်တိုက်ခိုက်ရေးသမား ဖြစ်သည်။
“ခန်းကျီ ငါတို့နှစ်ယောက်လုံးက ခွန်အားအမျိုးအစား စွမ်းအားရှင်တွေပဲ။ အရှေ့နဲ့ အနောက်ကနေ သူ့ကို ညှပ်ပြီး ထိန်းထားကြစို့”
အဖွဲ့ခေါင်းဆောင်၏ အမိန့်ကို ကြားလိုက်ရသောအခါ ခန်းကျီသည် ခဏမျှ တွန့်ဆုတ်သွားမိသည်။
ယခင်က ထိုကဲ့သို့သော ဧရာမဇွန်ဘီမျိုးနှင့် သူ တိုက်ခိုက်ခဲ့ဖူးသည်။ ထိုစဉ်က သူ၏ဓားမှာ ပြတ်ရှအောင်ပင် မစွမ်းသာဘဲ တုံးအသွားခဲ့ရပြီး သူကိုယ်တိုင်ပင် ထိုဇွန်ဘီ၏ လက်ချက်တစ်ချက်ကြောင့် သေလုမတတ် ဖြစ်ခဲ့ရသည်။
ယခု ထိုဇွန်ဘီမျိုးနှင့် နောက်တစ်ကြိမ် ရင်ဆိုင်ရသောအခါ ရင်ထဲ၌ ဒေါသများရှိနေသော်လည်း ယခင်က ရရှိခဲ့သော စိတ်ဒဏ်ရာများကြောင့် ခန်းကျီမှာ ဆုံးဖြတ်ချက်မပြတ်ဘဲ ဖြစ်နေမိသည်။ ထိုအချိန်မှာပင် ခန်းကျီသည် သူ၏ဝမ်းဗိုက်မှ ဒဏ်ရာမှာ မယုံနိုင်လောက်အောင် လျင်မြန်စွာ ကျန်းမာလာသည်ကို ခံစားလိုက်ရသဖြင့် အံ့အားသင့်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်မိသည်။
သူသည် အသက် ၂၀ ကျော်အရွယ် ဆံပင်ပုံစံ အလန်းစားနှင့် လူငယ်တစ်ဦးက သူ၏လက်မောင်းကို မြှောက်၍ ထူးဆန်းသော စွမ်းအင်တစ်မျိုးကို သူ့ထံသို့ ထုတ်လွှတ်ပေးနေသည်ကို မြင်လိုက်ရသည်။ ခန်းကျီ ခဏတာ အာရုံလွင့်သွားစဉ်မှာပင် ဒုတိယအဆင့် ဧရာမဇွန်ဘီကြီးမှာ သူ၏အနားသို့ တဟုန်ထိုး ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ရှူး... ဗုန်း
လေထုကို ထိုးဖောက်သွားသည့် အသံနှင့်အတူ မြှားတစ်စင်းသည် ဧရာမဇွန်ဘီကြီး၏ ကိုယ်ထည်သို့ တိကျစွာ ထိမှန်သွားသည်။ ဇွန်ဘီကြီးက ထိုမြှားကို ကာကွယ်လိုက်နိုင်သော်လည်း ၎င်းသည် ခန်းကျီအတွက် ရှောင်တိမ်းရန် အချိန်အနည်းငယ် ရရှိသွားစေခဲ့သည်။
လမ်းမပေါ်ရှိ ကားခေါင်မိုးတစ်ခုပေါ်တွင် မျက်မှန်နှင့်လူတစ်ဦးသည် စစ်သုံး လေးမြှားတစ်လက်ကို ကိုင်ဆောင်ကာ ရပ်နေသည်ကို သူ မြင်လိုက်ရသည်။
“ညီလေး... ငါ့ရဲ့စွမ်းရည်က ကင်းထောက်တာပဲ။ မင်းတို့ကို အဝေးကနေ ပစ်ကူပေးမယ်”
ဧရာမဇွန်ဘီကို နှောင့်ယှက်ရန် မြှားဖြင့် ပစ်လိုက်ပြီးနောက် ထိုလူက ခန်းကျီကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“ခန်းကျီ... မကြောက်နဲ့ ရှေ့တိုးလိုက်စမ်း။ ငါတို့အဖွဲ့မှာ ကုသပေးနိုင်သူပါတယ်ကွ”
ထိုအခါမှသာ ထိုစွမ်းအားရှင်၏ စွမ်းရည်ကြောင့် သူ၏ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းနေခြင်းဖြစ်ကြောင်း ခန်းကျီ သဘောပေါက်သွားတော့သည်။ ကုသပေးနိုင်သည့် စွမ်းအားရှင်တစ်ဦး အဖွဲ့ထဲတွင် ရှိနေသည်ဟု သိလိုက်ရသဖြင့် ခန်းကျီမှာ ယုံကြည်မှုများ ပြန်လည်တိုးပွားလာသည်။
ချက်ချင်းဆိုသလိုပင် သူသည် သံမဏိချောင်း နှစ်ချောင်းကို ကိုင်ဆောင်ကာ ဧရာမဇွန်ဘီကြီး၏ နောက်ကျောဘက်သို့ ပြေးဝင်သွားပြီး အဖွဲ့ခေါင်းဆောင်နှင့်အတူ ညှပ်ပိတ်တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။ ဒုတိယအဆင့် ဧရာမဇွန်ဘီမှာ မယုံနိုင်လောက်အောင် သန်မာပြီး လျင်မြန်လှရာ ၎င်း၏ လက်သည်းချက်များမှာ ကားကိုယ်ထည်များကိုပင် အလွယ်တကူ ဆွဲဖြဲပစ်နိုင်စွမ်း ရှိသည်။
ထိုနေရာရှိ လူအားလုံးထဲတွင် အဖွဲ့ခေါင်းဆောင်နှင့် ခန်းကျီတို့ နှစ်ဦးသာလျှင် ရန်သူ၏ တိုက်ခိုက်မှုများကို ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း အနည်းငယ် ရှိနေကြခြင်း ဖြစ်သည်။
သူတို့၏ ရှေ့နောက်ညှပ်ပိတ်ထားသော စစ်ဗျူဟာကြောင့် ဧရာမဇွန်ဘီမှာ အနည်းငယ် ဝေခွဲမရဖြစ်သွားပုံရသည်။ သို့သော် ဒုတိယအဆင့် ဧရာမဇွန်ဘီ မှာ များစွာစဉ်းစားမနေဘဲ ဟိန်းဟောက်ကာ အဖွဲ့ခေါင်းဆောင်ရှိရာသို့ တဟုန်ထိုး ပြေးဝင်တော့သည်။ ၎င်း၏ ကြောက်မက်ဖွယ် လက်သည်းများ ဝှေ့ယမ်းလိုက်ချိန်တွင် လေထုထဲ၌ ပြင်းထန်သော လေတိုးသံများပင် ထွက်ပေါ်လာ၏။
ဘုန်း…
ဒုတိယအဆင့် ဆင့်ကဲဇွန်ဘီ၏ ခွန်အားမှာ အဆမတန် ကြီးမားလှသည်။ အဖွဲ့ခေါင်းဆောင်မှာ ဧရာမခွန်အားစွမ်းရည်ရှိပြီး သံမဏိဓားဖြင့် ကာကွယ်ထားသော်လည်း ဇွန်ဘီ၏ အရှိန်ကြောင့် နောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာသွားရသည်။ သူ၏ပုံစံမှာ အနည်းငယ် အရှက်ရစရာ ဖြစ်သွားသော်လည်း သူ၏ ဓားမကြီးဖြင့် ထိုတိုက်ခိုက်မှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။
ထိုစဉ် ခန်းကျီသည်လည်း သံမဏိချောင်းများကို ဝှေ့ယမ်းရင်း ပြေးဝင်လာကာ ဧရာမဇွန်ဘီ၏ ဒူးဆစ်ကို အားကုန်လွှဲရိုက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြောက်မက်ဖွယ် ခွန်အားကြောင့် ဧရာမဇွန်ဘီ၏ ဘယ်ဘက်ခြေထောက်မှာ မထိန်းချုပ်နိုင်ဘဲ တုန်ခါသွားရ၏။ ဒုတိယအဆင့် ဧရာမဇွန်ဘီ မှာ မည်မျှပင် သန်မာသည်ဆိုစေ ဤမျှပြင်းထန်သော ဒဏ်ချက်ကြောင့် ဟန်ချက်ပျက်ကာ ဒူးတစ်ဖက် ထောက်ကျသွားရလေသည်။
ရှူး... ဗုန်း
ဧရာမဇွန်ဘီ၏ ကိုယ်ထည် ယိုင်နဲ့သွားသည့် အခိုက်အတန့်မှာပင် လေထုထဲ၌ ရှူးခနဲမြည်သံတစ်ခု ပေါ်ထွက်လာသည်။ ငွေဖြူရောင် ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းသွား၏။
ပြတ်သားသော မျက်နှာထားနှင့် ကတုံးနှင့်လူတစ်ဦးသည် လက်ထဲတွင် သံမဏိဓားတစ်လက်ကို ကိုင်ဆောင်ကာ ရုတ်တရက် ပေါ်လာပြီး ဧရာမဇွန်ဘီ၏ လည်ပင်းကို ကြီးမားသော ဒဏ်ရာတစ်ခု ရရှိအောင် လျင်မြန်စွာ ပိုင်းဖြတ်လိုက်သည်။ ဇွန်ဘီကြီးက ၎င်း၏လက်သည်းများဖြင့် ပြန်လည်မတုံ့ပြန်နိုင်မီမှာပင် ထိုလူသည် အဖွဲ့ခေါင်းဆောင်၏ ပုခုံးကို နင်းကာ အဝေးသို့ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။
ဤကတုံးနှင့်လူမှာ အဖွဲ့၏ တိုက်စစ်မှူးဖြစ်ပြီး သူသည် သွေးရောင်လွှမ်းနေသောလညအပြီးတွင် အရှိန်နှုန်း အလွန်မြင့်မားသော စွမ်းအားရှင်တစ်ဦးအဖြစ် နိုးထလာခဲ့သူဖြစ်သည်။ ဒုတိယအဆင့် ဧရာမဇွန်ဘီ ၏ ခံစစ်မှာ အလွန်မာကျောလှသော်လည်း ထိုသူ၏ ဓားချက်မှာ ၎င်း၏လည်ပင်းတွင် ကြီးမားသော ဒဏ်ရာတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ သို့သော်လည်း ထိုဒဏ်ရာမှာ ဇွန်ဘီကြီးကို သေစေလောက်သည်အထိတော့ မပြင်းထန်သေးပေ။
ဝေါ့...
ရှေ့နောက်ညှပ်ပိတ်ခံထားရသည့်အပြင် အခြားစွမ်းအားရှင်နှစ်ဦး၏ မနားတမ်းနှောင့်ယှက်မှုကြောင့် ဒုတိယအဆင့် ဧရာမဇွန်ဘီကြီးမှာ အကြီးအကျယ် ဒေါသချောင်းပေါက်နေပြီဖြစ်သည်။ ၎င်း၏ လက်သည်းကြီးများကို ရမ်းခါလိုက်ရာ ပထမအဆင့် စွမ်းအားရှင်ဖြစ်သော ခန်းကျီမှာ လွင့်စင်ထွက်သွားတော့သည်။
ခန်းကျီသည် သံချောင်းကို အားကိုးတကြီး ဆုပ်ကိုင်ထားသော်လည်း ဇွန်ဘီ၏အရှိန်ကြောင့် သူ၏လက်ဖဝါး အသားစများ စုတ်ပြဲကာ သွေးများ တားမရဆီးမရ စီးကျလာသည်။ သို့သော် ခဏအကြာမှာပင် နွေးထွေးသော စွမ်းအင်တစ်ခု သူ၏လက်ထဲသို့ စီးဝင်လာပြီး စုတ်ပြဲသွားသော ဒဏ်ရာများကို ချက်ချင်း ပြန်လည်စိစပ်ပေးလိုက်၏။ ခန်းကျီသည် ကုသမှုပေးနေသော အဖွဲ့ဝင်အား ခေါင်းညိတ်ပြကာ တိုက်ပွဲထဲသို့ နောက်တစ်ကြိမ် ပြန်လည်တိုးဝင်သွားပြန်သည်။
ဤစွမ်းအားရှင်အဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်ရခြင်းမှာ ခန်းကျီအတွက် များစွာ စိတ်အေးရစေသည်။ ဒုတိယအဆင့် ဧရာမဇွန်ဘီမှာ မည်မျှပင် သန်မာသည်ဆိုစေ ခန်းကျီနှင့် အခြားလေးဦးတို့၏ မနားတမ်း ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် တဖြည်းဖြည်း အရေးနိမ့်လာတော့သည်။
စစ်သုံး လေးမြှား၏ ပစ်ခတ်မှုများကို ခံရသလို ကတုံးနှင့်လူ၏ ဓားချက်များကြောင့်လည်း လည်ပင်းနှင့် ကိုယ်ထည်တွင် ရှည်လျားသော ဒဏ်ရာများ ပြည့်နှက်နေပြီဖြစ်သည်။ သို့သော် ဧရာမဇွန်ဘီ၏ ပြန်လည်ကုသနိုင်စွမ်းမှာ အလွန်မြင့်မားလှသဖြင့် ရရှိထားသော ဒဏ်ရာများမှာ ခဏချင်းပင် ပုံမှန်ပြန်ဖြစ်သွားလေ့ရှိသည်။
“ဟင် ဒါ စောစောက ဒုတိယအဆင့် ဆင့်ကဲဇွန်ဘီတွေရဲ့ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့ ကံဆိုးသူ မဟုတ်လား”
လုချွမ်းသည် လျှပ်စီး ၂ကို ထိန်းချုပ်ကာ အမှောင်ထဲမှနေ၍ အခြေအနေကို အကဲခတ်နေစဉ် ခန်းကျီ၏ ရင်းနှီးနေသော မျက်နှာကို မှတ်မိသွားခြင်းဖြစ်သည်။
“ဒီအနီးအနားမှာ စွမ်းအားရှင်တွေ ဘယ်တုန်းက ဒီလောက်အထိ များသွားတာလဲ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အထစ်အငေါ့မရှိဘူး တိုက်ခိုက်ရေးစွမ်းရည်က တကယ့်ကို အထင်ကြီးစရာပဲ”
အနီးကပ်ထိန်းချုပ်သူ နှောင့်ယှက်တိုက်ခိုက်သူနှင့် ကုသပေးသူတို့ ပါဝင်သည့် ဤအဖွဲ့၏ တည်ဆောက်ပုံမှာ စံပြဖြစ်ကြောင်း လုချွမ်း ရိပ်မိလိုက်သည်။ လက်ရှိတွင် ဧရာမဇွန်ဘီ မှာ ၎င်း၏ ပြန်လည်ကုသနိုင်စွမ်းဖြင့် ခံနိုင်ရည်ရှိနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုဇွန်ဘီသာလျှင် ကျရှုံးသွားမည်မှာ သေချာလှသည်။
လုချွမ်းအနေဖြင့် ဤကဲ့သို့သော ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်ကို ခဲခဲယဉ်းယဉ်း ရှာဖွေထားရခြင်းဖြစ်ရာ အခြားသူများကို အလွယ်တကူ လက်လွှတ်ပေးရန် အစီအစဉ်မရှိပေ။ သူသည် ချက်ချင်းပင် အာဖန်းကို ထိန်းချုပ်ကာ အသစ်ရရှိထားသော သံမဏိတုံးကြီးကို ထမ်း၍ နေရောင်ခြည်ရပ်ကွက်မှ ဤနေရာသို့ ဦးတည်စေလိုက်သည်။
“တိုက်ကြ... မင်းတို့ စိတ်ကြိုက်သာ အားကုန်တိုက်ထားကြ”
“ပုစဉ်းရင်ကွဲကို ဖမ်းဖို့ ချောင်းနေတဲ့ ပုစဉ်းကောင်ဟာ သူ့နောက်က ပုတီးစေ့ငှက်ရှိနေတာကို မသိဘူးဆိုတဲ့ စကားပုံရဲ့ အဓိပ္ပာယ်ကို ငါ မင်းတို့ကို သင်ပေးရတာပေါ့”