အခန်း (၁၀၅)
Vol. 11 Ch. 105
အခန်း။ ၁၀၅
ရပ်ကွက်အတွင်းရှိ ကြောက်မက်ဖွယ်မြင်ကွင်းက တံတိုင်းကျော်ဝင်လာသော စွမ်းအားရှင်အနည်းငယ်ကို မလုံမလဲ ဖြစ်သွားစေသည်။
သူတို့မှာ အစွမ်းထက်သူများဖြစ်ပြီး သာမန်ဇွန်ဘီများသည် သူတို့အတွက် အန္တရာယ်မရှိသလောက်ပင်။ ဆင့်ကဲဇွန်ဘီများနှင့် တွေ့လျှင်ပင် သူတို့အဖွဲ့ ပူးပေါင်းတိုက်ခိုက်ပါက အနိုင်ယူနိုင်စွမ်းရှိသည်။ သို့သော်လည်း စွမ်းအားရှင်များပီပီ သူတို့တွင် ဘေးအန္တရာယ်ကို ကြိုတင်သိရှိနိုင်သော အာရုံရှိကြရာ ယခုကဲ့သို့ ထူးဆန်းသောအခြေအနေကို မြင်လိုက်ရချိန်တွင် တစ်ခုခုတော့ မှားနေပြီဟု အားလုံး ခံစားလိုက်ရသည်။
အတွေးအခေါ် ရိုးရှင်းလှသော ကန်းကျီပင်လျှင် နေရောင်ခြည်ရပ်ကွက်သည် သာမန်ရိက္ခာသိုလှောင်ရုံတစ်ခုမျှသာ မဟုတ်တော့ကြောင်း ရိပ်မိလာသည်။
အဖွဲ့အတွင်းရှိ ကုသရေးစွမ်းအားရှင်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီးနောက် ခေါင်းဆောင်ဖြစ်သူအား အမြန်ပြောလိုက်သည်။
“ခေါင်းဆောင်... အခြေအနေက တစ်ခုခုထူးဆန်းနေသလိုပဲ။ ငါတို့ အရင်ဆုတ်ကြရင် မကောင်းဘူးလား”
“ဒီလိုမျိုး အခြေအနေကို တစ်ခါမှ မကြုံဖူးဘူး။ ရိက္ခာအချို့အတွက်နဲ့ ငါတို့ညီအစ်ကိုတွေရဲ့ အသက်ကို အရင်းအနှီးမပြုသင့်ဘူး ထင်တယ်”
သူ၏စကားကို ကျန်ရှိသောအဖွဲ့ဝင်များကလည်း ခေါင်းညိတ်ထောက်ခံကြသည်။ ဤရပ်ကွက်တစ်ခုလုံးက ထူးဆန်းအေးစိမ့်သော အငွေ့အသက်များကို ထုတ်လွှတ်နေသဖြင့် သူတို့ ထိုနေရာတွင် ဆက်၍မနေလိုကြတော့ပေ။
သို့သော်လည်း အဖွဲ့ခေါင်းဆောင်မှာမူ သူ့၏အရည်အချင်းနှင့် သတ္တိကို အလွန်အမင်း ယုံကြည်ချက်ရှိနေသည်။ ရပ်ကွက်အတွင်းရှိ စနစ်တကျတန်းစီထားသော ပုံစံများ လက်နက်ကိုယ်စီကိုင်ထားသော ဇွန်ဘီများကို ကြည့်ရင်း သူ၏စိတ်ထဲတွင် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာသည်။
မူလက ဖရိုဖရဲဖြစ်နေတတ်သော ဤဇွန်ဘီများသည် ယခုအခါ ကောင်းစွာလေ့ကျင့်ထားသော စစ်သားများကဲ့သို့ ရပ်ကွက်အတွင်း ကင်းလှည့်နေကြခြင်းပင်။ ဤမြင်ကွင်းက သူ့ကို စိတ်
လှုပ်ရှားမှုဖြစ်စေကာ “ခဏလောက် ထပ်စောင့်ကြည့်ရအောင် အလောမကြီးကြနဲ့ဦး။ ဒါက တကယ့်ကို အခွင့်အရေးကောင်းတစ်ခုလို့ မင်းတို့မထင်ဘူးလား”
“ဇွန်ဘီတွေနဲ့ ပတ်သက်ပြီး စခန်းမှာရှိတဲ့ သတင်းအချက်အလက်တွေအားလုံးထဲမှာ အခုလို လူသားစစ်သားတွေလို ပြုမူနေတဲ့ ဇွန်ဘီမျိုး တစ်ခါမှ မှတ်တမ်းမရှိခဲ့ဖူးဘူး”
အဖွဲ့ခေါင်းဆောင်သည် မှောင်ရိပ်အတွင်းမှ ဝေဝါးသော ပုံရိပ်များကို စိုက်ကြည့်နေသည်။ သူသည် ကြောက်လန့်နေခြင်း မရှိဘဲ သူ၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များသာ ဝင်းလက်နေသည်။
ဤရပ်ကွက်မှာ ထူးခြားဆန်းပြားနေပြီး ကမ္ဘာကြီးကို တုန်လှုပ်စေမည့် လျှို့ဝှက်ချက်တစ်ခု ကိန်းအောင်းနေသည်ဟု သူ ခံစားနေရသည်။ အကယ်၍ သူတို့အဖွဲ့သာ ၎င်းကို အရင်ဆုံး ဖော်ထုတ်နိုင်ခဲ့လျှင် မယုံနိုင်လောက်အောင် ကြီးမားသည့် ဆုလာဘ်များကို ရရှိမည်မှာ သေချာသည်။
ဇွန်ဘီတွေ လက်နက်ကိုင်တတ်တယ်ဆိုတာ သူတို့ တစ်ခါမှ မကြားဖူးသော်လည်း ယခု ဤရပ်ကွက်အတွင်း၌ ထိုကဲ့သို့သော ဇွန်ဘီအမြောက်အမြားကို တွေ့နေရပြီ ဖြစ်သည်။ ထို့အပြင် ၎င်းတို့မှာ ဇွန်ဘီများအတွက် မလိုအပ်သော လူသားရိက္ခာများကိုပါ သယ်ယူနေကြသေးသည်။ ဖြစ်နိုင်သည်မှာ... ဤဇွန်ဘီအားလုံးကို တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ခုက နောက်ကွယ်မှ ထိန်းချုပ်နေခြင်းလော။
ဤအတွေးက ခေါင်းဆောင်၏ မျက်လုံးများကို အရောင်တောက်သွားစေပြီး အချိန်နှင့်အမျှ ပိုမို စိတ်လှုပ်ရှားလာစေသည်။ သူသည် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု၏ အဖြေမှာ သူ့ကို လက်ယပ်ခေါ်နေသကဲ့သို့ ခံစားနေရသည်။ ဤအခြေအနေအားလုံး၏ နောက်ကွယ်မှ တည်ရှိမှုကို သူ အလွန်ပင် စူးစမ်းချင်နေပြီး ရှင်သန်ကျန်ရစ်သူများစခန်းမှ အရာရှိကြီးများသည်လည်း ဤသတင်းအချက်အလက်ကို အလွန်စိတ်ဝင်စားကြလိမ့်မည်ဟု သူ ယုံကြည်နေသည်။
အကယ်၍ ဤနေရာမှ အခြေအနေများကို အောင်မြင်စွာ ပြန်လည်သတင်းပို့နိုင်ပါက သူတို့မှာ အကြီးအကျယ် ချီးမြှင့်ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ကမ္ဘာပျက်ကပ်အတွင်း ဆင့်ကဲပြောင်းလဲရန်မှာ မလွယ်ကူလှရာ အစောပိုင်းကာလတွင် အခွင့်အရေးတစ်ခု ရရှိထားခြင်းမှာ အလွန်ပင် အရေးကြီးလှသည်။
သို့သော်လည်း ထိုခဏမှာပင် အခြားအဖွဲ့ဝင်များမှာမူ တစ်ကိုယ်လုံး စိမ့်တက်သွားကာ ကြီးမားသော ဘေးအန္တရာယ်တစ်ခု နီးကပ်လာသကဲ့သို့ ခံစားနေရသည်။
အဖွဲ့ဝင် သုံးဦးစလုံးက “ခေါင်းဆောင်... အခုပဲ ဆုတ်ကြရအောင် ဒီရပ်ကွက်က တကယ်ကြီး ထူးဆန်းနေတာ”
“ဟုတ်တယ် ဒီဇွန်ဘီတွေက မရိုးရှင်းဘူး။ ဒုတိယအဆင့် ဆင့်ကဲဇွန်ဘီတွေလည်း ရှိနေသလို သာမန်ဇွန်ဘီတွေကလည်း အရမ်းများလွန်းတယ်။ အားလုံးပေါင်းတိုက်ရင်တောင် ငါတို့ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
သူတို့က အသည်းအသန် တိုက်တွန်းနေကြတော့သည်။
အဖွဲ့ဝင်များ၏ တိုက်တွန်းမှုကို လက်ခံပြီးနောက် ခေါင်းဆောင်ဖြစ်သူသည်လည်း ဤအရေးကြီးသော သတင်းအချက်အလက်များကို ပြန်လည်သတင်းပို့ရန် ဆုံးဖြတ်ကာ ခေါင်းညိတ်လိုက်သည်။ သူသည် ရရှိလာမည့် ကြီးမားသော ဆုလာဘ်များကို စိတ်ကူးယဉ်ကာ စိတ်လှုပ်ရှားနေစဉ်မှာပင် သေမင်း၏ အရိပ်အယောင်မှာ သူတို့ထံ တိတ်တဆိတ် ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။
သူတို့ တံတိုင်းပေါ်မှ ခုန်ဆင်းလာသည့် အချိန်ကတည်းက လုချွမ်းသည် သူတို့ကို သတိပြုမိထားပြီးဖြစ်ကာ ထောင်ချောက်တစ်ခုကိုလည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
ရှင်သန်ကျန်ရစ်သူအဖွဲ့သည် ဝင်းအတွင်းမှ ပြန်လည်ထွက်ခွာရန် လှည့်အထွက်တွင် လျှပ်စီး ၂ သည် သံမဏိဓားတစ်လက်ကို ကိုင်ဆောင်ကာ သူတို့၏နောက်တွင် မတ်တပ်ရပ်နေသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရသည်။ ဖြူဖွေးသော ဓားသွားမှာ လရောင်အောက်တွင် အေးစက်စွာ ဝင်းလက်နေသည်။
ဤရုတ်တရက် မြင်ကွင်းကြောင့် သူတို့အားလုံး တုန်လှုပ်သွားကြပြီး များမကြာမီမှာပင် လုချွမ်း၏ ဇွန်ဘီရုပ်သေးတပ်ဖွဲ့ကြီးက သူတို့ကို စတင်ဝိုင်းရံလာတော့သည်။ အကယ်၍ ဤအရာများသည် ဇွန်ဘီများသာ မဟုတ်ပါက သူတို့သည် လေ့ကျင့်ထားသော လူသားစစ်သားများ၏ ဝိုင်းရံခြင်းကို ခံနေရသည်ဟုပင် ထင်မှတ်မှားစရာ ရှိနေသည်။
လုချွမ်း၏ ဇွန်ဘီအဖွဲ့မှာ စွမ်းအားရှင်များ၏ ဆုတ်ခွာမှုထက်ပင် ပိုမိုမြန်ဆန်နေပြီး ခြေလှမ်းအနည်းငယ်အတွင်းမှာပင် သူတို့သည် ဇွန်ဘီအုပ်ကြီး၏ ကြားတွင် ပိတ်မိသွားကြတော့သည်။ မှောင်ရိပ်ထဲမှ ပေါ်ထွက်လာသော အရိပ်အယောင်များကို ကြည့်ရင်း ရှင်သန်ကျန်ရစ်သူများမှာ မျက်နှာများ ပြာနှမ်းကုန်ကြသည်။
ကန်းကျီ၏ လက်များမှာ စတင်တုန်ရင်လာသည်။ ဒုတိယအဆင့် ဇွန်ဘီများစွာကို ကျော်ဖြတ်လွတ်မြောက်လာခဲ့ပြီးမှ ယခုကဲ့သို့ ရပ်ကွက်တစ်ခုအတွင်း ပိတ်မိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ လုချွမ်း၏ ဇွန်ဘီများမှာ မည်သည့်အသံမျှ မပြုဘဲ ချက်ချင်းပင် ရှေ့သို့ တဟုန်ထိုး ပြေးဝင်ကာ ကိုက်ခဲရန် ပြင်လိုက်ကြသည်။
“တောက် ညီအစ်ကိုတို့... အားလုံးပေါင်းပြီး ဒီကနေ ဖောက်ထွက်ကြရအောင်”
အဖွဲ့ခေါင်းဆောင်သည် သူ၏ ဓားကြီးကို ဝှေ့ယမ်းကာ ဆုတ်ခွာရန် လမ်းစဖော်ရင်း အမိန့်ပေးလိုက်တော့သည်။
သိပ်သည်းလွန်းလှသော ဇွန်ဘီအုပ်ကြီးမှာ သူတို့ကို မျှော်လင့်ချက်မဲ့စေသည်။ အဆိုးဆုံးမှာ ထိုဇွန်ဘီများကြားတွင် ဆင့်ကဲဇွန်ဘီအမြောက်အမြား ပါဝင်နေခြင်းပင်။
လျှပ်စီး ၂ ၏ နှစ်ဖက်သွားဓားများသည် မိုးကြိုးအလား ဝှေ့ယမ်းလျက်ရှိပြီး မှောင်မိုက်သောညတွင် အေးစက်သော အလင်းတန်းများကို ထုတ်လွှတ်နေသည်။ အင်အားနည်းသော ကုသရေးစွမ်းအားရှင်မှာ ထိပ်တိုက်ရင်ဆိုင်မှု တစ်ခုအတွင်းမှာပင် ခေါင်းပြတ်၍ သေဆုံးသွားတော့သည်။ သူတို့ရဲဘော်၏ ကြောက်မက်ဖွယ် သေဆုံးမှုကို မြင်လိုက်ရသောအခါ ကန်းကျီနှင့် အခြားသူများမှာ ထိတ်လန့်တုန်လှုပ်ကာ အသည်းအသန် ထွက်ပြေးကြတော့သည်။
ထိုခဏမှာပင် တာဖန်းသည် ၎င်း၏ ဧရာမ သံတူနှစ်လုံးကို လွှဲရိုက်လိုက်ရာ ၎င်း၏ ဧရာမ ခွန်အားကြောင့် ကန်းကျီနှင့် အဖွဲ့ခေါင်းဆောင်မှာ နောက်သို့ ခြေလှမ်းအတော်များများ လန်ထွက်သွားရသည်။
လုချွမ်းသည် သူ၏ နေရောင်ခြည်ရပ်ကွက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ထိုရှင်သန်ကျန်ရစ်သူများကို ကြည့်ရင်း အေးစက်စွာ ပြုံးလိုက်သည်။ ဤလူများမှာ သူ၏နယ်မြေကို ပစ်မှတ်ထားခဲ့ကြရာ ၎င်းသည် သူ၏ အထိမခံသော စည်းကို လာရောက်ထိပါးခြင်းပင်။ တာဖန်း၏ ပြင်းထန်လှသော သံတူချက်များက ကန်းကျီနှင့် အဖွဲ့ခေါင်းဆောင်ကို ဖိနှိပ်ထားရာ ၎င်းတို့မှာ ခုခံရန်ပင် ရုန်းကန်နေရသည်။
ထို့နောက်တွင်မူ လေထုထဲ၌ ဓားအလင်းတန်းများ ထပ်မံဝင်းလက်သွားပြန်သည်။ လျှပ်စီး ၂ သည် သာမန်ဇွန်ဘီများ၏ ရှုပ်ထွေးမှုကြားမှ အခွင့်အရေးကို အရယူကာ သံမဏိဓားများဖြင့် ထိုနှစ်ဦးအား အသေအလဲ တိုက်ခိုက်လိုက်တော့သည်။ ၎င်းတို့သည် ဤဇွန်ဘီများမှာ လူသားများကဲ့သို့ လက်နက်များကို ဘာလို့ ကိုင်တွယ်နိုင်ရတာလဲဆိုသည်ကို မသိရှိဘဲ သေဆုံးသွားကြရရှာသည်။
ယခုအခါ နေရောင်ခြည်ရပ်ကွက်အတွင်း ကျူးကျော်လာသူများအနက် အရှိန်နှုန်းစွမ်းအားရှင် ကတုံးလူသား တစ်ဦးတည်းသာ ကျန်ရှိတော့သည်။ သူသည် သူ၏ တောခုတ်ဓားဖြင့် ဇွန်ဘီရုပ်သေးများကြားမှ အတင်းဖောက်ထွက်လာစဉ် လမ်းခုလတ်၌ လူတစ်ဦး၏ အရိပ်က ပိတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူ့၏ လမ်းကြောင်းကို ပိတ်ဆို့ထားသော ဓားကိုင်ထားသည့် ထိုလူကို ကြည့်ရင်း လုချွမ်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤလူမှာ လုချွမ်းက တမင်တကာ လွှတ်ပေးထားခြင်း ဖြစ်သည်။ ကျောက်လင်းမှလွဲ၍ သူသည် အခြားလူသားများနှင့် တိုက်ခိုက်ဖူးခြင်း မရှိသေးသဖြင့် တတိယအဆင့်သို့ တက်လှမ်းပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်လိုသောကြောင့်ပင်။
ကတုံးလူသားသည် လုချွမ်း တစ်ယောက်တည်းဖြစ်နေသည်ကို မြင်သောအခါ မည်သည့်စကားမျှ မဆိုဘဲ ဓားဖြင့် အားကုန်ပြေးဝင်လာတော့သည်။ သို့သော်လည်း ထိုခဏမှာပင် လုချွမ်း၏ ညာဘက်လက်မှာ လှုပ်ရှားသွားသည်ကို သူ မြင်လိုက်ရပြီးနောက် သွေးရောင်လွှမ်းနေသော ဓားအလင်းတန်းတစ်ခုက လေထုကို ခွဲထွက်လာသည်။
လုချွမ်း၏ အလျားလိုက် ပိုင်းဖြတ်လိုက်သော ဓားချက်မှာ ကတုံးလူသား၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းပြတ်သွားစေခဲ့သည်။ ကတုံးလူသားမှာ ကျန်ရစ်ခဲ့သော သူ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိတော့သည်။
“တကယ့်ကို... မြန်တဲ့ဓားပဲ...”