← Chapters

အခန်း (၁၀၉)

Vol. 11 Ch. 109

အခန်း (၁၀၉)

Vol. 11 Ch. 109

အခန်း။ ၁၀၉

အချိန်တွေက တရိပ်ရိပ်ကုန်ဆုံးသွားခဲ့ရာ နောက်ထပ် သုံးရက်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဤသုံးရက်အတွင်း လုချွမ်းသည် နေရောင်ခြည်ရပ်ကွက်မှ ထွက်ခွာရန် အလုပ်ရှုပ်နေခဲ့သလို ကျိရုရွှယ်သည်လည်း အားလပ်မနေခဲ့ပေ။ ဖခင်ဖြစ်သူ၏ အစီအစဉ်ကို သိရှိပြီးကတည်းက ကျိရုရွှယ်သည် သူမ၏ လေ့ကျင့်မှုများကို လုံးဝလျှော့ချခြင်း မရှိခဲ့ပေ။

ယခုအခါ ခုနစ်ထပ်ရှိ အိပ်ခန်းထဲတွင် ကျိရုရွှယ်သည် ကုတင်ပေါ်၌ တင်ပလ္လင်ခွေထိုင်ကာ ဖန်သားအသက်ရှူသိုင်းကို ကျင့်ကြံရင်း လေထုထဲရှိ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေသည်။ ကျိရုရွှယ်၏ အသက်ရှူနှုန်းမှာ အလွန်တည်ငြိမ်ပြီး အသက်ရှူသွင်းရှူထုတ် အချက်အလက်မှာ အလွန်ရှည်လျားကာ ချောမွေ့လွန်းလှရာ တစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦးနှင့် လုံးဝမတူပေ။

သူမ၏ ကျင့်ကြံမှုအခြေအနေတွင် ထူးဆန်းသော စွမ်းအင်တစ်ခုက ကျိရုရွှယ်၏ ခန္ဓာကိုယ်ကို ဝန်းရံထားပုံရသည်။ ဤကျင့်စဉ်မှာ နောင်အနာဂတ် ကမ္ဘာပျက်ကပ်နှောင်းပိုင်းမှ လူသားများ ဖန်တီးခဲ့သည့် အဆင့်မြင့်ပညာရပ်ဖြစ်ရာ ကမ္ဘာပျက်ကပ်အစောပိုင်းကာလတွင် အလွန်ပင် စွမ်းအားကြီးမားလှသည်။ ဤနည်းစနစ်ဖြင့် ကျိရုရွှယ်သည် ဆင့်ကဲပြောင်းလဲမှုဆေးရည်များကို သုံးစွဲရန်မလိုဘဲ လျင်မြန်စွာ အဆင့်တက်နိုင်သည်။

ဤရက်အနည်းငယ်အတွင်း ကျိရုရွှယ်သည် လေ့ကျင့်ချိန် တစ်မိနစ်ကိုမျှ အလဟဿ အဖြစ်မခံခဲ့ဘဲ ညဘက်များတွင်ပင် တိတ်တဆိတ် လေ့ကျင့်ခဲ့သည်။ သူမ၏ ရည်ရွယ်ချက်မှာ ခရီးစတင်ချိန်တွင် ဖခင်ဖြစ်သူကို ပိုမိုကူညီနိုင်ရန်အတွက် အင်အားမြှင့်တင်ရန်သာ ဖြစ်သည်။

ထိုခဏတွင် ကျိရုရွှယ်၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာ အဆက်မပြတ် တုန်ရင်လာပြီး သူမ၏ ကိုယ်ထဲမှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာတော့သည်။

ဝုန်း….

ဟိန်းဟောက်သံတစ်ချက်နှင့်အတူ ကျိရုရွှယ်သည် တတိယအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး တတိယအဆင့် စွမ်းအားရှင် တစ်ဦး ဖြစ်လာခဲ့သည်။

သူမ၏အတွင်းပိုင်းမှ စွမ်းအားများသည် ဆည်ကျိုးသကဲ့သို့ တဟုန်ထိုး တိုးပွားလာရာ ကျိရုရွှယ်၏ ခန္ဓာကိုယ်မှာ ပိုမိုပြင်းထန်စွာ တုန်ရင်လာတော့သည်။ ခန့်ညားထည်ဝါလှသော ထိုစွမ်းအားများမှာ သူမ၏ကိုယ်တွင်း၌ ရူးသွပ်စွာ စီးဆင်းနေပြီး အရိုးများမှာလည်း ပဲစေ့များ ပေါက်ကွဲသကဲ့သို့ မြည်ဟီး လာသည်။

ခန္ဓာကိုယ်အတွင်းရှိ အရိုးများနှင့် အသားမျှင်များမှာ ပိုမိုသိပ်သည်းကျစ်လျစ်သွားသည်။ ကျိရုရွှယ်၏ ခန္ဓာကိုယ်မှာ သေးငယ်နေသေးသော်လည်း သူမထုတ်လွှတ်လိုက်သော အရှိန်အဝါမှာမူ ကြောက်ခွာဖွယ်ရာ ကောင်းလှသည်။ တတိယအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားပြီးနောက် သူမ၏ ကိုယ်ထဲမှ ပြင်းထန်သော ဖိအားများ စတင်ထွက်ပေါ်လာတော့သည်။

သူမ၏ ဖြူဖွေးနုနယ်သော အသားအရေမှာ အောင်မြင်စွာ အဆင့်တက်ပြီးနောက် ပိုမိုဝင်းပလာသည်။ မူလအခြေခံအုတ်မြစ်ထက် ခန္ဓာကိုယ်မှာ အနည်းငယ် ပိုမိုဖွံ့ဖြိုးလာသော်လည်း သေးငယ်နေဆဲပင် ဖြစ်သည်။ သို့သော် သူမအတွင်း၌ ကိန်းအောင်းနေသော စွမ်းအားများမှာမူ အတိုင်းအဆမရှိ ကျယ်ပြောလှ၏။

အဆင့်တက်သွားခြင်းနှင့်အတူ ကျိရုရွှယ်၏ ခွန်အားမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ သူမ၏ စိတ်စွမ်းအင်မှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး စိတ်ပိုင်းဆိုင်ရာ စွမ်းအားများမှာ မယုံနိုင်လောက်အောင် တောင့်တင်းခိုင်မာလာခဲ့သည်။

ခဏအကြာတွင် ကျိရုရွှယ်၏ တုန်ရင်နေသော ခန္ဓာကိုယ်မှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး သူမ၏ ပတ်ဝန်းကျင်တွင် နတ်ဘုရားမတစ်ပါးကဲ့သို့ ထူးခြားဆန်းပြားသော အငွေ့အသက်များ လွှမ်းမိုးသွားတော့သည်။ မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် ကျိရုရွှယ်၏ မျက်ဝန်းများထဲ၌ အရောင်တောက်သွားပြီး သူမ၏ အသက်အရွယ်နှင့် မလိုက်အောင် တည်ငြိမ်ရင့်ကျက်မှုများဖြင့် ပြည့်နှက်နေသည်။ လက်သီးကို တင်းတင်းဆုပ်လိုက်စဉ် သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ ခွန်အားမှာ ယခင်ကထက် အဆပေါင်းများစွာ သာလွန်သွားပြီဖြစ်သည်။

ရှူး... ရှူး... ရှူး

ကျိရုရွှယ်သည် သူမ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ လေထဲတွင် ခဏတာ ပျံသန်းလိုက်သည်။ သူမ၏ လှုပ်ရှားမှုအရှိန်မှာ ယခင်ကထက် များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ယခင်က ကျိရုရွှယ်သည် သူမ၏ သေးငယ်သော ခန္ဓာကိုယ်ကို လေထဲတွင် ခေတ္တမျှ ဝဲပျံနိုင်ရန်သာ စိတ်စွမ်းအင်ကို အသုံးချနိုင်ခဲ့သည်။ ယခုမူ ပိုမိုမြန်ဆန်လာသော အရှိန်နှုန်းကြောင့် တိုက်ခိုက်ရေးနှင့် ခုခံရေးစွမ်းရည်များမှာ များစွာ ပိုမိုအားကောင်းလာခဲ့သည်။ သူမသည် ပန်းရောင်သမ်းနေသော လက်သီးဆုပ်လေးကို ကြည့်ရင်း အလွန်ပင် ကျေနပ်နေတော့သည်။

သူမ၏ မှတ်ဉာဏ်များသာ မမှားခဲ့လျှင် ဤကာလတွင် အစွမ်းထက်ဆုံး လူသားမှာ အလွန်ဆုံးရှိလှ ဒုတိယအဆင့်မျှသာ ရှိပါသေးသည်။ ယခုမူ သူမသည် အဆင့်မြင့်ကျင့်စဉ်နှင့်အတူ တတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ သူမ၏ အဆင့်တက်နှုန်းမှာ ယခင်ဘဝကထက် များစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။ သူမ၏ ရှေ့ပြေးနေသော အဆင့်အတန်းနှင့် ပြန်လည်မွေးဖွားလာမှုကြောင့် ရရှိထားသော ဗီဇစွမ်းရည် နှစ်မျိုး တို့ကြောင့် ကျိရုရွှယ်သည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး စွမ်းအားရှင်တစ်ဦး ဖြစ်နေပြီဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေသည်။

ယခုရှိနေသော စွမ်းအားဖြင့်ဆိုလျှင် ဤကမ္ဘာပျက်ကပ်ဘေးကြီးအတွင်း သူမ ကောင်းစွာ ရှင်သန်နိုင်ပြီ ဖြစ်သည်။

...

ကျိရုရွှယ် အဆင့်တက်လှမ်းနိုင်ခဲ့သည့် တစ်ချိန်တည်းမှာပင် နေရောင်ခြည်ရပ်ကွက်၏ ဂိတ်တံခါးအပြင်ဘက်မှ စက်အင်ဂျင်သံတစ်ခု ထွက်ပေါ်လာသည်။ တိတ်ဆိတ်ခြောက်ကပ်နေသော ကမ္ဘာပျက်ကပ်အတွင်း ဤအင်ဂျင်သံမှာ အလွန်ပင် သိသာထင်ရှားလှသည်။ ကပ်ဘေးစတင်ကတည်းက ဤမြို့ပြကြီးအတွင်း၌ ထိုကဲ့သို့သော အသံမျိုးကို မကြားရသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

ဧရာမ ကုန်တင်ကားကြီးတစ်စီးမှာ နေရောင်ခြည်ရပ်ကွက်၏ ဂိတ်ဝတွင် ဆိုက်ရပ်လိုက်သည်။ ကားတံခါး ပွင့်သွားချိန်တွင်မူ အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာတော့သည်။ ဒရိုင်ဘာထိုင်ခုံမှ ဆင်းလာသူမှာ ပုံမှန်မဟုတ်ဘဲ ဖြူဖျော့နေသော အသားအရေ၊ ကြောက်မက်

ဖွယ်ကောင်းသော ရုပ်သွင်နှင့် သွားကြားတွင် သွေးစများပင် စွန်းထင်နေသည့် ဇွန်ဘီဒရိုင်ဘာတစ်ကောင်ပင်။

နေရောင်ခြည်ရပ်ကွက်၏ ဂိတ်ဝတွင် ဧရာမကုန်တင်ကားကြီး သုံးစီး တန်းစီ၍ ဆိုက်ရပ်ထားသည်။ လုချွမ်းသည် အဆောက်အအုံ၏ အမိုးပေါ်တွင် ရပ်နေရင်း အောက်ဘက်မှ မြင်ကွင်းကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“နောက်ထပ် ကားနှစ်စီးလောက် ထပ်ရရင်တော့ လောက်ပြီထင်တယ်”

အမှတ် ၅ အဆောက်အအုံထဲမှ ရိက္ခာများနှင့် ပစ္စည်းများမှာ အလွန်များပြားလှရာ လူအင်အား သို့မဟုတ် ဇွန်ဘီအင်အားသက်သက်ဖြင့် သယ်ယူမည်ဆိုပါက ပုရွက်ဆိတ်များ အသိုက်ရွှေ့သကဲ့သို့ အချိန်အတော်ကြာမြင့်ပေလိမ့်မည်။ မြို့ပြကြီးကို ဖြတ်ကျော်ရမည့် ခရီးမှာလည်း အလွန်အန္တရာယ်များလှရာ ဇွန်ဘီအမြောက်အမြားကို ပစ္စည်းသယ်ရန်အတွက်တင် စွမ်းအင်အကုန်ခံ၍ ထိန်းချုပ်ထားရန် လုချွမ်းတွင် အချိန်မရှိပေ။

ထို့ကြောင့် ကုန်တင်ကားများကို အသုံးပြုခြင်းက အထိရောက်ဆုံးနှင့် အဆင်ပြေဆုံး နည်းလမ်းပင်။ ဤကားများက ပစ္စည်းအားလုံးကို တစ်ပါတည်း သယ်ဆောင်ပေးနိုင်ရုံသာမက အချိန်ကိုလည်း များစွာ သက်သာစေမည် ဖြစ်သည်။ ရိက္ခာသယ်ယူရေး ပြဿနာ ပြေလည်သွားပြီဖြစ်၍ လုချွမ်းသည် ဆင့်ကဲဇွန်ဘီများကို ရှာဖွေရေးဘက်သို့ အာရုံအပြည့်အဝ ပြန်စိုက်နိုင်တော့မည် ဖြစ်သည်။

လွန်ခဲ့သော သုံးရက်အတွင်း လုချွမ်းသည် သူ၏ ဇွန်ဘီရုပ်သေးများကို အသုံးပြုကာ ရှာဖွေရေးလုပ်ငန်းများကို တစ်စက္ကန့်မျှ မနားဘဲ လုပ်ဆောင်ခဲ့သည်။ ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်ကိုမျှ ထပ်မံမတွေ့ရှိခဲ့ရသော်လည်း လုံးဝ အကျိုးအမြတ်မရှိခဲ့သည်တော့ မဟုတ်ပေ။ ဒုတိယအဆင့် ဆင့်ကဲဇွန်ဘီများမှာ ယခုအချိန်အထိ ရှားပါးနေဆဲဖြစ်ရာ တွေ့ဆုံရန် ခဲယဉ်းလှသည်။

သို့သော် ပထမအဆင့်ဆင့်ကဲဇွန်ဘီအချို့ကိုမူ သူ ထပ်မံရရှိခဲ့သည်။ ဤရက်ပိုင်းအတွင်း လုချွမ်းသည် အလျင်နှုန်းမြင့်ပထမအဆင့် ဇွန်ဘီနှစ်ကောင်ကို ထပ်မံထိန်းချုပ်နိုင်ခဲ့ရာ လျှပ်စီးအဖွဲ့မှာ အမှတ်စဉ် ၄ အထိ ရှိလာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် အစွမ်းထက်သော တင့်ကားဇွန်ဘီတစ်ကောင်ကိုလည်း ထပ်တိုးနိုင်ခဲ့သဖြင့် တာဖန်းအဖွဲ့မှာ ဆန်းဖန်အထိ အင်အားတောင့်တင်းလာခဲ့သည်။

လုချွမ်း၏ ကိုယ်ပိုင်အင်အားနှင့် ဇွန်ဘီရုပ်သေးတပ်ဖွဲ့မှာ သိသိသာသာ တိုးတက်လာခဲ့သော်လည်း လက်ရှိအင်အားမှာ လုံလောက်မှု မရှိသေးကြောင်း သူ သိရှိထားသည်။ အချိန်ကြာလာသည်နှင့်အမျှ အဖွဲ့အစည်းအားလုံးမှာ ဆင့်ကဲပြောင်းလဲနေကြပြီဖြစ်ရာ ပထမအဆင့် ဇွန်ဘီများမှာ ကမ္ဘာပျက်စောစောပိုင်းကကဲ့သို့ အပြတ်အသတ် လွှမ်းမိုးနိုင်စွမ်း မရှိတော့ပေ။

အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း ဒုတိယအဆင့် ဇွန်ဘီတစ်ကောင်မျှ ထပ်မတွေ့ခဲ့ရသည်ကို လုချွမ်း နောင်တရမိသည်။ ဒုတိယအဆင့် ဇွန်ဘီများ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပထမအဆင့်ထက် များစွာ သာလွန်သောကြောင့် ဖြစ်သည်။ သူ၏ ဇွန်ဘီတပ်ဖွဲ့တွင် ရုပ်သေးများစွာ ရှိသော်လည်း တကယ့်တိုက်ပွဲတွင် အားကိုးရမည့်သူမှာ ဒုတိယအဆင့် အားဖန်တစ်ကောင်တည်းသာ ရှိသေးသည်ဟု သူ ခံစားနေရသည်။

ကံကောင်းထောက်မစွာဖြင့် လုချွမ်းသည် အားဖန် အတွက် သင့်တော်သော လက်နက်တစ်ခုကို ရှာဖွေတွေ့ရှိထားသဖြင့် ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆမတန် မြင့်တက်သွားခဲ့သည်။ သို့မဟုတ်ပါက လက်ရှိအင်အားဖြင့် မြို့လယ်ခေါင်ကို ဖြတ်ကျော်ကာ မြို့ပြင်သို့ သွားရန်မှာ စွန့်စားမှုတစ်ခု ဖြစ်နေဦးမည်သာ။

All Chapters