အခန်း (၁၁၀)
Vol. 11 Ch. 110
အခန်း။ ၁၁၀
ခုနစ်ထပ်ရှိ အိပ်ခန်းအတွင်း၌ ကျိရုရွှယ်သည် ပြတင်းပေါက်မှတစ်ဆင့် ဂိတ်ဝတွင် ဆိုက်ရပ်ထားသော ကုန်တင်ကားကြီးများကို လှမ်းကြည့်ရင်း သူမ၏ မျက်နှာထားမှာ အနည်းငယ် ထူးဆန်းသွားတော့သည်။
“အလိုလေး... ဇွန်ဘီတွေကို ကားမောင်းခိုင်းဖို့ကတော့ ဖေဖေတစ်ယောက်ပဲ စဉ်းစားမိမှာပဲ...”
ဇွန်ဘီတွေကို ဒီလောက်အထိ အသိစိတ်ရှိရှိနဲ့ ခိုင်းစေနိုင်ဖို့ဆိုတာ သူမဖေဖေကလွဲရင် တခြားဘယ်သူမှ မရှိနိုင်တာ ကျိရုရွှယ် ကောင်းကောင်းသိသည်။
“ဖေဖေက ရပ်ကွက်ထဲက ပစ္စည်းတွေ အကုန်သယ်သွားမလို့လား ဘာလို့ ကားတွေအများကြီး ပြင်ထားရတာလဲ”
တကယ်လို့ ဇွန်ဘီတွေပဲ နေရာရွှေ့တာဆိုရင် ကားတွေတောင် လိုမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဇွန်ဘီတွေက လူသားတွေလို မဟုတ်ဘဲ လမ်းမပေါ်မှာ လွတ်လွတ်လပ်လပ် သွားလာနိုင်လို့ပဲလေ။
တခြားကိစ္စတွေက ကျိရုရွှယ်အတွက် စိတ်ပူစရာမရှိပေမဲ့ အောက်ထပ်မှာ အပိတ်ခံထားရတဲ့ ကျောက်လင်းကိုတော့ သူမ သတိရသွားမိသည်။ ရိက္ခာတွေကိုတော့ ဇွန်ဘီတွေက ကားပေါ်တင်ပြီး မြို့ပြင်ကို မောင်းသွားနိုင်ပေမဲ့ ကျောက်လင်းကတော့ လူသားတစ်ယောက် ဖြစ်နေသည်။
ဖေဖေက သူမကို ဘယ်လိုလုပ်ဖို့ စဉ်းစားထားပါလိမ့်။
ကျောက်လင်းကိုပါ တစ်ပါတည်း ခေါ်သွားဖို့များ ကြံစည်နေတာလား။
ဒါပေမဲ့ အဲဒီမိန်းမရဲ့ လက်ရှိကိုယ်ရည်ကိုယ်သွေးအရဆိုရင် ဖေဖေ့နောက်ကို လွယ်လွယ်နဲ့ လိုက်လာမှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျောက်လင်းဟာ ဇွန်ဘီတွင်းထဲမှာ နေနေရတာတောင် အသက်အန္တရာယ် မရှိဘူးဆိုတာ သိသွားပြီးကတည်းက ပိုပြီးတော့တောင် သတ္တိတွေ ကြွလာခဲ့သေးတာ။
သူမက ရဲစခန်းမှာ ပိတ်မိနေတဲ့ ရှင်သန်ကျန်ရစ်သူတွေဆီကို အစားအစာတွေ သွားပို့ပေးဖို့တောင် ဖေဖေ့ကို တောင်းဆိုခဲ့သေးတာပဲ။ ဒီမိန်းမဟာ ကျားတွင်းထဲ ရောက်နေပြီး အသက်က ဆံဖျားမှာ တင်နေတာတောင် သူစိမ်းတွေအတွက် စိုးရိမ်နေတုန်းပဲ။ တကယ့်ကို သူတော်စင်မကြီးလို့ အမည်တွင်တာ မဆန်းပါဘူး။
ကျောက်လင်းကိုကြည့်ပြီး ကျိရုရွှယ် စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။
ယခင်ဘဝတုန်းက ကျောက်လင်းဟာ ကမ္ဘာပျက်စောစောပိုင်းမှာ ဘာလို့ အကြိမ်ကြိမ် သေခဲ့ရသလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်။
သူမရဲ့ ဒီလိုစိတ်ဓာတ်မျိုးနဲ့ဆိုရင် အသက်ကိုးလောက်ရှိရင်တောင် ကမ္ဘာပျက်ကပ်ထဲမှာ လောက်မှာမဟုတ်ဘူး။
“ဒီအခြေအနေမှာတောင် ရဲစခန်းက လူတွေအတွက် စိုးရိမ်မကင်း ဖြစ်နေတာပဲ။ သူမကတော့ ဖေဖေ့နောက်ကို လိုက်ပြီး ကျန်းဟိုင်မြို့ကနေ အလွယ်တကူ ထွက်ခွာမှာ မဟုတ်တာတော့ သေချာသလောက်ပဲ”
“ဒီလူက ဘယ်လိုစိတ်ဓာတ်နဲ့ ဒီလောက်တောင် တာဝန်သိစိတ်တွေ ရှိနေရတာလဲမသိဘူး။ အဲဒီရှင်သန်ကျန်ရစ်သူတွေရဲ့ သစ္စာဖောက်တာကို ဒီလောက်အကြိမ်ကြိမ် ခံရတာတောင် သူတို့ကို စိတ်မပျက်နိုင်သေးဘူး”
ကျိရုရွှယ်သည် ကိုးကြိမ်သေ နတ်ဆိုးရဲတပ်ဖွဲ့ကို အထူးအာရုံစိုက်နေမိသည်။ အဘယ်ကြောင့်ဆိုသော် နောင်အနာဂတ်တွင် သူတို့သည် ဧကရာဇ်နယ်ပယ်၏ အစွမ်းထက်ဆုံး အင်အားစုများ ဖြစ်လာနိုင်ခြေ ရှိသောကြောင့်ပင်။ အကယ်၍ သူမအနေဖြင့် သူတို့ကို မဟာမိတ်အဖြစ် သိမ်းသွင်းနိုင်ပါက နောင်တစ်ချိန်တွင် ကြီးမားသော အထောက်အပံ့ ဖြစ်လာပေလိမ့်မည်။
သို့သော် ကျောက်လင်းမှာမူ ရုပ်ရည်လှပသလောက် အသိဉာဏ်နည်းပါးပြီး သူမ၏ ယုံကြည်ချက်ကိုသာ ခေါင်းမာစွာ ဆုပ်ကိုင်ထားသူ ဖြစ်သည်။ ထိုရှင်သန်ကျန်ရစ်သူများကို စွန့်ခွာပြီး သူတို့နှင့်အတူ လိုက်လာရန် သူမအား ဖျောင်းဖျဖို့မှာ လုံးဝမလွယ်ကူလှပေ။ အခက်ခဲဆုံးအချက်မှာ ကျောက်လင်းကို သတ်ပစ်၍လည်းမရ သူမကိုယ်သူမ အဆုံးစီရင်သွားအောင်လည်း လွှတ်ထား၍မရခြင်းပင်။
အသေအချာ စဉ်းစားပြီးနောက် ကျိရုရွှယ်သည် ဖခင်ဖြစ်သူနှင့် ပွင့်ပွင့်လင်းလင်း စကားပြောရန် ဆုံးဖြတ်လိုက်သည်။ လုချွမ်း ခုနစ်ထပ်သို့ ပြန်ရောက်လာချိန်တွင် ကလေးမလေးသည် သူ့ထံသို့ ချက်ချင်း ချဉ်းကပ်သွားတော့သည်။
ကျိရုရွှယ်သည် အပြစ်ကင်းစင်သော မျက်ဝန်းကြီးများဖြင့် မော့ကြည့်ကာ “ဖေဖေ... ဘာလို့ ဂိတ်ဝမှာ ကားကြီးတွေ အများကြီး နေ့တိုင်း လာရပ်ထားတာလဲဟင်” ဟု စပ်စုသလို မေးလိုက်သည်။
သမီးဖြစ်သူ၏ အမေးကို လုချွမ်း မဖုံးကွယ်ခဲ့ပေ။ မကြာမီ ပြောင်းရွှေ့ကြတော့မည်ဖြစ်ရာ ဖုံးကွယ်ထားရန်လည်း မလိုအပ်တော့သဖြင့် သူမကို တိုက်ရိုက်ပင် ပြောပြလိုက်သည်။ သူသည် ကလောင်နှင့် စက္ကူကို ယူကာ အသာအယာ ရေးသားလိုက်သည်
“ချီချီလေး... ဖေဖေ သမီးကိုခေါ်ပြီး နေရာအသစ်တစ်ခုကို ပြောင်းဖို့ ပြင်နေတာပါ။ ဒီကားကြီးတွေကတော့ ဖေဖေတို့ပစ္စည်းတွေကို သယ်ဖို့အတွက်ပေါ့။ ဖေဖေတို့အဆောက်အအုံထဲမှာ ပစ္စည်းတွေ အများကြီးရှိတာလေ အလဟဿ အဖြစ်မခံနိုင်ဘူး။ ဖေဖေက မြို့ပြင်က လယ်တောတစ်ခုမှာ အိမ်သစ် ရှာထားတယ်။ အဲဒီမှာဆိုရင် သမီး နေ့တိုင်း အပြင်က ရှုခင်းလှလှလေးတွေကို မြင်ရလိမ့်မယ်။ ချီချီလေးကော... ဖေဖေနဲ့အတူ ဒီကနေ ထွက်သွားဖို့ သဘောတူရဲ့လား”
လုချွမ်းသည် ခေတ္တစဉ်းစားပြီးနောက် သမီးဖြစ်သူ၏ သဘောထားကို ဦးစားပေး မေးမြန်းလိုက်ခြင်း ဖြစ်သည်။ ချီချီလေးတွင်လည်း ကိုယ်ပိုင်အမြင်များ ရှိနေပြီဖြစ်ရာ သူမ၏ ဆန္ဒကို သူ လေးစားလိုသည်။
ကျိရုရွှယ်ကမူ ကန့်ကွက်ရန် အကြောင်းမရှိဘဲ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ပါ ဖေဖေ။ ဖေဖေ ဘယ်သွားသွား သမီးကတော့ လိုက်မှာပဲ”
ချီချီလေး၏ စကားကို ကြားလိုက်ရချိန်တွင် လုချွမ်း၏ ရင်ထဲ၌ နွေးထွေးသော ခံစားချက်တစ်ခု စီးဆင်းသွားပြီး ဝမ်းသာပီတိ ဖြစ်သွားရသည်။ သူ၏ သမီးအပေါ် ထားရှိသော မေတ္တာနှင့် ဂရုစိုက်မှုများမှာ အလဟဿ မဖြစ်ခဲ့ကြောင်း ဤအချက်က သက်သေပြနေသည်။
ချီချီလေးကဲ့သို့ အရွယ်ငယ်သေးသော ကလေးငယ်များသည် ပုံမှန်အားဖြင့် မသိနားမလည်သေးသည့် ပြင်ပလောကကို ကြောက်ရွံ့တတ်ကြပြီး ရင်းနှီးပြီးသား ပတ်ဝန်းကျင်ကိုသာ တွယ်တာတတ်ကြသော်လည်း သူမက ယခုကဲ့သို့ လိုက်ပါရန် အလွယ်တကူ သဘောတူခြင်းက လုချွမ်းကို အံ့အားသင့်စေခဲ့သည်။ ၎င်းမှာ သူမအတွက် ဖခင်ဖြစ်သူသည် အားလုံးထက် အရေးအကြီးဆုံးဖြစ်ကြောင်း ပြသနေခြင်းပင်။
ထို့နောက် ကျိရုရွှယ်က သူမ စိုးရိမ်နေသည့်အချက်ကို မေးမြန်းလိုက်သည်။
“ဒါပေမဲ့ အောက်ထပ်က ကျောက်လင်းကိုရော ဘယ်လိုလုပ်မလဲဟင်။ ဖေဖေ သူမကိုပါ တစ်ပါတည်း ခေါ်သွားဖို့ စဉ်းစားထားတာလား”
ထိုအမေးကို ကြားသောအခါ လုချွမ်းက ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။ သူက စာရေးသားလိုက်သည်။
“သေချာတာပေါ့... ဒီမိန်းမက ဖေဖေ့ရဲ့ အိမ်မွေးတိရစ္ဆာန် လေးပဲလေ။ ဒါကြောင့် သူမကိုပါ တစ်ပါတည်း ခေါ်သွားရမှာပေါ့”
တခြားအရာတွေကို ခေတ္တချန်ထားရစ်ခဲ့နိုင်သော်လည်း ကျောက်လင်းကိုမူ သူ လုံးဝ ချန်မထားနိုင်ပေ။ ဤမိန်းမကို လွှတ်ပေးလိုက်ရန် လုချွမ်းအနေဖြင့် လုံးဝ စိတ်မချနိုင်ခြင်း ဖြစ်သည်။ သူမသည် သေဆုံးသွားပြီးနောက် ပြန်လည်ရှင်သန်နိုင်စွမ်းရှိပြီး အဆင့်တက်လာတိုင်း ခွန်အားမှာ နှစ်ဆတိုးလာတတ်သည်။ အကယ်၍ သူမသာ သူ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားပါက နောင်တစ်ချိန်တွင် မည်မျှအထိ ကြောက်စရာကောင်းလာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
သူမ၏ ခြေထောက်များကို ချိုးဖျက်ပြီး ဤမျှကာလပတ်လုံး ပိတ်လှောင်ထားခဲ့သည့်အတွက် အကယ်၍ သူမသာ နဂိုအတိုင်း ပြန်လည်ကျန်းမာလာပါက သူ့အပေါ် မည်သို့ လက်စားချေမည်ကိုလည်း တွေးတောရပေမည်။ လုချွမ်းသည် သူကိုယ်တိုင်အတွက် ပြဿနာများကို ဖန်တီးမထားလိုပေ။
သူသည် ချင်းရွှေလယ်ယာခြံသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခြင်းမှာလည်း လူသားများနှင့် အတတ်နိုင်ဆုံး ဝေးဝေးနေရန် ရည်ရွယ်ခြင်းပင်။
ကျောက်လင်းကိုသာ လွှတ်ပေးလိုက်ပါက သူမသည် အခြားသော လူသားရှင်သန်ကျန်ရစ်
သူများနှင့်အတူ လက်စားချေရန် ပြန်လာမည်လောဆိုသည်မှာ မည်သူမျှ မပြောနိုင်ပေ။ ကျားကို တောင်ပေါ်ပြန်လွှတ်ခြင်းကဲ့သို့သော အမှားမျိုးကို လုချွမ်း အဖြစ်မခံနိုင်ပေ။ သူမကို သူ့အနားမှာပဲ ထိန်းသိမ်းထားခြင်းက အကောင်းဆုံးနည်းလမ်းပင်။
"ဒါပေမဲ့ ဖေဖေ... သူမက သမီးတို့နဲ့ လိုက်ဖို့ သဘောတူပါ့မလား"
သမီးဖြစ်သူ၏ အမေးကို ကြားလိုက်ရချိန်တွင် လုချွမ်း၏ ရင်ထဲ၌ အေးစက်စွာ လှောင်ပြုံးမိသွားသည်။ ကျောက်လင်းက သဘောမတူရင်တောင်မှ သူမ၏ လက်ရှိအခြေအနေအရ ဘာများ ရွေးချယ်စရာ ရှိဦးမှာလဲ။ လုချွမ်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားသည်။
ဤကိစ္စသည် သူနှင့် ချီချီလေး၏ ဘေးကင်းလုံခြုံမှုနှင့် တိုက်ရိုက်သက်ဆိုင်နေသဖြင့် အမှားအယွင်း လုံးဝအဖြစ်မခံနိုင်ပေ။ အကယ်၍ ကျောက်လင်းက ထွက်ခွာရန် ငြင်းဆန်ပါက သူမ၏ လက်ခြေများကို ထပ်မံချိုးဖျက်ပြီး အတင်းအဓမ္မ ခေါ်ဆောင်သွားရုံသာ ရှိတော့သည်။ ကျောက်လင်း စိုးရိမ်နေသည့် ထိုရှင်သန်ကျန်ရစ်သူများမှာမူ... ဇွန်ဘီတစ်ကောင်ဖြစ်သော သူ့အဖို့ ဘာမှပတ်သက်စရာ အကြောင်းမရှိပေ။
သို့သော် မကြာမီမှာပင် လုချွမ်း၏ မျက်နှာထားမှာ ပြန်လည်လေးနက်သွားပြန်သည်။
"ဒီမိန်းမရဲ့ ဆင့်ကဲပြောင်းလဲမှု စွမ်းရည်ကို မေ့နေလို့ မဖြစ်ဘူး။ အကယ်၍ သူမကို အတင်းခေါ်သွားလို့ သူမကိုယ်သူမ အဆုံးစီရင်လိုက်ရင် ဘယ်လိုလုပ်မလဲ"
ဒီအချက်ကို တွေးမိရင်း လုချွမ်း အတော်လေး စိတ်တိုသွားရသည်။ ဤမျှလောက်ထိ ကောင်းကင်ဘုံကို ဆန့်ကျင်နေသော စွမ်းရည်မျိုး ဘာကြောင့် ရှိနေရသလဲဆိုသည်ကို သူ နားမလည်နိုင်တော့ပေ။ သေပြီး ပြန်ရှင်ရုံတင်မကဘဲ ပိုတောင် အစွမ်းထက်လာဦးမည်တဲ့လား။ ဤကဲ့သို့သော စွမ်းရည်နှင့် ကျောက်လင်း၏ ထူးဆန်းလှသော စိတ်ဓာတ်တို့ ပေါင်းစပ်လိုက်သည့်အခါတွင်မူ အလွန်ပင် ကိုင်တွယ်ရခက်ခဲသော အခြေအနေတစ်ခု ဖြစ်လာတော့သည်။
လုချွမ်း၏ မူဝါဒမှာ သူနှင့် ချီချီလေးအတွက် ခြိမ်းခြောက်မှုဖြစ်စေမည့် မည်သည့်အရာကိုမဆို အမြစ်ပြတ်ရှင်းလင်းရန် ဖြစ်သည်။ သို့သော် ကျောက်လင်းနှင့် ပတ်သက်လျှင်မူ သူ အကူအညီမဲ့နေရသည်။ သူမ၏ စွမ်းရည်ကြောင့် သတ်ပစ်လို့လည်းမရ လွှတ်ပေးလိုက်လို့လည်း မဖြစ်နိုင်ရာ လုချွမ်းတစ်ယောက် တကယ့်ကို ခေါင်းခဲနေရတော့သည်။
"ဒီမိန်းမကတော့ တကယ့်ကို ခေါင်းကိုက်စရာပဲ"