← Chapters

အခန်း (၁၁၂)

Vol. 12 Ch. 112

အခန်း (၁၁၂)

Vol. 12 Ch. 112

၁၁၂

လုချွမ်းသည် အဆောက်အအုံအပေါ်ထပ်တွင် ရပ်နေရင်း ဂိတ်တံခါးမှ ဝေးရာသို့ ထော့နဲ့ထော့နဲ့ဖြင့် ထွက်ခွာသွားသော ကျောက်လင်း၏ ကျောပြင်ကို လှမ်းကြည့်နေမိသည်။

“ငါတို့တွေ ထပ်မဆုံကြဖို့ပဲ ဆုတောင်းပါတယ်”

ဒီမိန်းမက တကယ်ကို ပြဿနာပဲ။ သတ်ပစ်လို့လည်း မရသလို လွှတ်ပေးလိုက်ဖို့ကလည်း စိတ်မချရဘူး။ အခု နေရာရွှေ့မှာသာ မဟုတ်ရင် ငါ့အနေနဲ့ သူမကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအရပ်မှာ ဆက်နေဖို့ အစီအစဉ်မရှိတော့သလို ဒီလောက်ရူးသွပ်ပြီး ကမောက်ကမဖြစ်နေတဲ့ ကမ္ဘာပျက်ကပ်ထဲမှာ ဒီမိန်းမနဲ့ နောက်တစ်ကြိမ် ထပ်ဆုံဖို့ဆိုတာ အလွန်ခဲယဉ်းလိမ့်မယ်။

မတွေ့ရတာက အကောင်းဆုံးပဲ။

ကျောက်လင်းး၏ လက်ရှိ ထော့နဲ့ထော့နဲ့ ဖြစ်နေသော အခြေအနေနှင့် ရဲစခန်းသို့ အသက်ရှင်လျက် ပြန်လည်ရောက်ရှိနိုင်ပါ့မလား ဆိုသည်မှာ လုချွမ်း စိတ်ပူနေရမည့် ကိစ္စမဟုတ်တော့ပေ။ သူမအား အသက်ရှင်လျက် ထွက်ခွာခွင့် ပေးလိုက်ခြင်းမှာပင် သူ၏ဘက်မှ အကြီးမားဆုံးသော ကရုဏာဖြစ်နေခြင်းပင်။ မည်သို့ပင်ဆိုစေကာမူ ဤမိန်းမ၌ ကောင်းကင်ဘုံကို ဆန့်ကျင်သော စွမ်းအားများ ရှိနေသည်ဖြစ်ရာ သေဆုံးသွားလျှင်ပင် ပြန်လည်ရှင်သန်လာနိုင်မည်သာ ဖြစ်ပါသည်။

“နောက်ဆုံးတော့ ဒီအချိန်ကိုက်ဗုံးကြီးကို ရှင်းထုတ်နိုင်ခဲ့ပြီ။ အခုတော့ ဆင့်ကဲဇွန်ဘီတွေကိုပဲ စိတ်ရောကိုယ်ပါ အာရုံစိုက်ပြီး ရှာလို့ရပြီ”

ကျန်းဟိုင်မြို့အတွင်းမှ ထွက်ခွာတော့မည် ဖြစ်သောကြောင့် ဤအတောအတွင်း အခြားအစွမ်းထက်သော ဇွန်ဘီများ၏ တည်နေရာကို အတတ်နိုင်ဆုံး စုံစမ်းရန် လုချွမ်း စီစဉ်ထားသည်။ မထွက်ခွာမီ မိမိကိုယ်ကိုယ် အစွမ်းထက်အောင် တည်ဆောက်ထားခြင်းက ခရီးစဉ်အတွင်း ကြုံတွေ့ရမည့် အန္တရာယ်များကို လျှော့ချနိုင်မည်ပင်။

ထိုစဉ် လုချွမ်း တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။

“လာမယ့်ဘေး ပြေးကြည့်စရာ မလိုတော့ဘူးပဲ”

သူ၏ ဇွန်ဘီရုပ်သေးတစ်ကောင်က ဆင့်ကဲဇွန်ဘီတစ်ကောင်၏ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“အဲဒီနတ်ဆိုးမလေး ထွက်သွားတာနဲ့ သတင်းကောင်းက ချက်ချင်းရောက်လာတာပဲ။ သူမက တကယ့်ကို ကံဆိုးစေတဲ့သူပဲ”

လုချွမ်းသည် ဤကဲ့သို့ တိုက်ဆိုင်မှုမျိုးကို မျှော်လင့်မထားခဲ့ပေ။ ကျောက်လင်းကို မောင်းထုတ်လိုက်ရုံရှိသေး တစ်ဖက်တွင် ဆင့်ကဲဇွန်ဘီအသစ်တစ်ကောင်ကို တွေ့လိုက်ရသည်။ ရက်ပေါင်းများစွာ အသည်းအသန် ရှာဖွေခဲ့ရပြီးနောက်မှ ခြေရာလက်ရာ တွေ့ရှိခြင်းဖြစ်ရာ လုချွမ်းသည် ချက်ချင်းပင် ထိုနေရာသို့သွားရန် သူ၏ ဇွန်ဘီရုပ်သေးများကို စေခိုင်းလိုက်တော့သည်။

သို့သော် ဘေးကင်းလုံခြုံမှုအတွက် လုချွမ်းသည် တာဖန်းနှင့် လျှပ်စီး ၁ တို့ကို အမှတ် ၅ အဆောက်အအုံတွင် ချန်ထားရစ်ခဲ့ပြီး ချီချီလေးကို ကာကွယ်ခိုင်းထားသည်။ သူကိုယ်တိုင်မှာမူ အခြားသော ဇွန်ဘီများနှင့်အတူ အသစ်တွေ့ရှိသော ဆင့်ကဲဇွန်ဘီရှိရာသို့ အပြေးအလွှား ဦးတည်သွားတော့သည်။

“ဖေဖေ တစ်ခုခု ထပ်တွေ့ပြန်ပြီလား”

ကျိရုရွှယ်သည် အပေါ်ထပ်တွင် ရပ်နေရင်း ရပ်ကွက်အတွင်းရှိ ဇွန်ဘီများ၏ လှုပ်ရှားမှုကို လျင်မြန်စွာ သတိပြုမိလိုက်သည်။ သူတို့အားလုံးမှာ ဖခင်ဖြစ်သူ၏ ဦးဆောင်မှုအောက်တွင် အပြင်ဘက်သို့ အလျင်အမြန် ထွက်ခွာနေကြပြီ ဖြစ်သည်။ တံခါးဝသို့ အပြေးလေး သွားကြည့်လိုက်ချိန်တွင်မူ မူလက ကျောက်လင်းကို စောင့်ကြပ်ရန် ခိုင်းထားသော လျှပ်စီး ၁ မှာ ယခုအခါ သူမကို စောင့်ရှောက်ရန် တံခါးဝတွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။

ကျိရုရွှယ်၏ ရင်ထဲတွင် နွေးထွေးသွားပြီး အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။

ဖေဖေကတော့ သူမအတွက် အမြဲတမ်း စိတ်မချနိုင်ဖြစ်နေတုန်းပဲ။

“ဒါပေမဲ့ ဖေဖေရယ်... သမီးကို အထင်သေးလွန်းနေပြီ။ အခုသမီးရဲ့ အစွမ်းနဲ့ဆိုရင် သမီးကို ဒုက္ခပေးနိုင်တဲ့သူ ဘယ်သူမှ ရှိမှာမဟုတ်တော့ဘူး”

ကျိရုရွှယ်မှာ တကယ့် တတိယအဆင့်စွမ်းအားရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူမ၏ ဗီဇစွမ်းရည် နှစ်မျိုးမှာလည်း အလွန်ပင် အစွမ်းထက်လှသည်။ ကျန်းဟိုင်မြို့တင်မက တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြည့်လျှင်ပင် သူမသည် ထိပ်တန်းလူသား ပညာရှင်တစ်ဦး ဖြစ်နေပေပြီ။ သို့သော် ဖခင်ဖြစ်သူ၏ အမြဲမပြတ် ဂရုစိုက်မှုနှင့် သတိရမှုကို ခံစားနေရခြင်းမှာ ကျိရုရွှယ်

အတွက် ယခင်ဘဝက တစ်ခါမျှ မရရှိခဲ့ဖူးသော အတွေ့အကြုံသစ်ပင်။

သူမ၏ မျက်ဝန်းများထဲတွင် နူးညံ့သော အရိပ်အယောင်များ ပေါ်လာသည်။ ယခင်ဘဝတုန်းက သူမသည် သေခြင်းရှင်ခြင်း အန္တရာယ်များ၊ လုပ်ကြံမှုများ၊ အကောက်ကြံမှုများနှင့် အခက်အခဲများကြားတွင် မနားမနေ ရုန်းကန်ခဲ့ရသည်။ ညဘက် အိပ်စက်ချိန်တွင်ပင် မျက်လုံးတစ်ဖက်ဖွင့်၍ အမြဲ သတိထားနေခဲ့ရပုံကို သူမ မှတ်မိနေဆဲပင်။ လူသားရှင်သန်ကျန်ရစ်သူများ စခန်းမှာပင် လူသားအချင်းချင်း ထောင်ထားသော ထောင်ချောက်များကို အမြဲ စိုးရိမ်နေခဲ့ရသည်။

ယခင်ဘဝက လူသားတို့၏ ဧကရီ ဖြစ်ခဲ့ပြီး အနှိုင်းမဲ့အင်အားနှင့် အဆင့်အတန်းကို ပိုင်ဆိုင်ခဲ့သော်လည်း ထိုကဲ့သို့သော ဘဝမှာ ယခု ဖခင်ဖြစ်သူ၏ ဘေးနားတွင် နေရသလောက် မပျော်ရွှင်ခဲ့ပေ။ မိသားစုမေတ္တာနှင့် ဂရုစိုက်မှုမရှိသော အင်အားကြီးမားမှုဟူသည် အထီးကျန်ခြင်းသက်သက်သာ ဖြစ်သည်။ ပြန်လည်မွေးဖွားလာပြီးနောက်တွင်မူ သူမသည် ဇွန်ဘီဖေဖေ၏ အတောင်ပံအောက်တွင် အမြဲ အကာအကွယ် ရရှိခဲ့သည်။

သူမ၏ အတောင်ပံများ တဖြည်းဖြည်း တောင့်တင်းလာနေပြီ ဖြစ်သော်လည်း ဖခင်ဖြစ်သူ၏ မေတ္တာမှာ လျော့ပါးသွားခြင်း မရှိပေ။ သူမကို ကာကွယ်ရန် ချန်ထားခဲ့သော ဆင့်ကဲဇွန်ဘီ နှစ်ကောင်ကို ကြည့်ရင်း ကျိရုရွှယ် သူမကိုယ်သူမ အလွန်ပင် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ အခြားသူများအတွက်မူ ဇွန်ဘီဟူသည် ကြောက်မက်ဖွယ် သတ္တဝါများ ဖြစ်သော်လည်း ကျိရုရွှယ်အတွက်မူ ဤဇွန်ဘီများမှာ သူမအပေါ်ထားသော ဖေဖေ့၏ မေတ္တာတရားများပင်။

အမြဲတမ်း ကာကွယ်စောင့်ရှောက်ခံနေရခြင်းက တကယ်ကို ကောင်းလှသည်။

ဝုန်း….

ထိုအချိန်မှာပင် လုချွမ်း၏ ဇွန်ဘီရုပ်သေးတစ်ကောင်၏ အမြင်အာရုံထဲတွင် လူသားတစ်ဦးမှာ လမ်းမပေါ်၌ အသည်းအသန် ထွက်ပြေးနေသည်ကို မြင်လိုက်ရသည်။

ထိုလူသား၏ နောက်ဘက်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော ဒုတိယအဆင့် ဧရာမဇွန်ဘီတစ်ကောင် လိုက်ပါလာသည်။

ဤဧရာမဇွန်ဘီ၏ တိုက်ခိုက်မှုစွမ်းရည်မှာ အလွန်ပင် ပြင်းထန်လှရာ လမ်းတစ်လျှောက်ရှိ မော်တော်ကားများမှာလည်း ၎င်း၏လက်ချက်ဖြင့် လွင့်စင်တိမ်းမှောက်ကုန်ကြသည်။ ၎င်း၏ ဧရာမလက်သည်းကြီးများဖြင့် ဝှေ့ယမ်းလိုက်တိုင်း မြေပြင်ပေါ်တွင် နက်ရှိုင်းသော အရာများ ထင်ကျန်ရစ်ခဲ့ပြီး အကယ်၍ ရှေ့မှပြေးနေသူသာ လျင်မြန်မှုမရှိပါက အပိုင်းပိုင်းအပြတ်ပြတ် အဆွဲဖြတ်ခံရပြီး ဖြစ်ပေလိမ့်မည်။

ဧရာမဇွန်ဘီမှာမူ ၎င်း၏တိုက်ခိုက်မှုများ မအောင်မြင်သည့်အတွက် ပိုမိုဒေါသထွက်လာပြီး ရှေ့မှပြေးနေသူထံသို့ ကားလေးတစ်စီးကို လှမ်း၍ ပစ်ပေါက်လိုက်တော့သည်။ နောက်ဘက်မှ လေတိုးသံကို ကြားလိုက်ရသည်နှင့် ထိုလူသားမှာ မြေပြင်ပေါ်တွင် လျင်မြန်စွာ လိမ့်၍ ရှောင်တိမ်းလိုက်သဖြင့် ကားနှင့် အပိမခံလိုက်ရပေ။ သို့သော် ဧရာမဇွန်ဘီ၏ ပစ်ပေါက်မှုကြောင့် ပြားချပ်သွားသော ကားကြီးကို ကြည့်ရင်း ထိုလူသား၏ မျက်နှာမှာ ကြောက်လန့်တကြားဖြင့် သွေးဆုတ်ဖြူလျော့သွားတော့သည်။

ယခုတစ်ကြိမ် ကြုံတွေ့ရသော ဇွန်ဘီမှာ ဤမျှအထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ရင်ထဲတွင် တုန်လှုပ်နေသော်လည်း ခြေလှမ်းများကိုမူ အရှိန်မလျှော့ရဲပေ။ အဘယ်ကြောင့်ဆိုသော် ဧရာမဇွန်ဘီ၏ လက်သည်းများက သူ့ထံသို့ ရောက်ရှိလုနီးပါး ဖြစ်နေသောကြောင့်ပင်။ အရှိန်အနည်းငယ် လျော့သွားသည်နှင့် သူ၏ဦးခေါင်းမှာ ခန္ဓာကိုယ်နှင့် တခြားစီ ဖြစ်သွားပေလိမ့်မည်။

သို့သော် ဘေးကျပ်နံကျပ် အခြေအနေတွင် လူသားတို့၏ ပင်ကိုယ်စွမ်းရည်များ ပွင့်ထွက်လာပုံရပြီး သူသည် ဧရာမဇွန်ဘီ၏ တိုက်ခိုက်မှုမှ နောက်တစ်ကြိမ် ကံကောင်းထောက်မစွာ ရှောင်တိမ်းနိုင်ခဲ့ပြန်သည်။ ထိုသူသည် ဧရာမဇွန်ဘီ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ အားနည်းချက်ဖြစ်နိုင်သည်ဟု ရိပ်မိသွားပြီး ကွေ့ကောက်နေသော လမ်းကြားလေးများထဲသို့ အပြေးအလွှား ဝင်ရောက်သွားတော့သည်။

အဆောက်အအုံများကြားရှိ ကျဉ်းမြောင်းသော လမ်းကြားထဲသို့ သူ ဝင်သွားချိန်တွင်မူ ဧရာမဇွန်ဘီမှာ နံရံနှစ်ခုကြားတွင် ညပ်မိသွားပြီး ရှေ့ဆက်တိုး၍ မရတော့ပေ။

“ဝုန်း... ဝုန်း...”

ဧရာမဇွန်ဘီမှာ ၎င်း၏လက်သည်းများကို အဆက်မပြတ် ဝှေ့ယမ်းနေသဖြင့် နံရံမှ အင်္ဂတေများမှာ တဖွဲဖွဲ ကြွေကျနေသော်လည်း ရှေ့မှလူသားကိုမူ ဘာမှမတတ်နိုင်တော့ပေ။ လုချွမ်း ရောက်ရှိလာချိန်တွင် ဧရာမဇွန်ဘီမှာ နံရံကြား၌ တစ်ကိုယ်လုံးနီးပါး ညပ်နေပြီး လက်မောင်းများကိုသာ ရှေ့သို့ ရူးသွပ်စွာ ဝှေ့ယမ်းနေသည်ကို မြင်တွေ့လိုက်ရသည်။

အဆောက်အအုံနှစ်ခုကြားရှိ လမ်းကြား၏ အနက်ရှိုင်းဆုံးနေရာတွင်မူ လူသားတစ်ဦးမှာ သွေးဆုတ်ဖြူလျော့ကာ ခြေထောက်များ အဆက်မပြတ် တုန်ရင်လျက် ကြောက်ရွံ့စွာ ပုန်းအောင်းနေလေသည်။ ဧရာမဇွန်ဘီ၏ အခြေအနေကို ကြည့်ပြီး လုချွမ်းမှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်မိသည်။ ဤကောင်ကြီးမှာ သူတွေ့ခဲ့သမျှ ဇွန်ဘီများထဲတွင် အတုံးအအဆုံး ဇွန်ဘီပင် ဖြစ်ပေလိမ့်မည်။

လုချွမ်းသည် ဝေခွဲမနေဘဲ သူ၏ စိတ်စွမ်းအင်ကို အသုံးပြုကာ ၎င်းကို အောင်မြင်စွာ ထိန်းချုပ်လိုက်သည်။ ထို့နောက် သူသည် အားဖန်ကို ရှေ့သို့စေလွှတ်ကာ နံရံကြားတွင် ညပ်နေသော ဧရာမဇွန်ဘီကို အတင်းအဓမ္မ ဆွဲထုတ်ခိုင်းလိုက်ရာ နံရံမှ အစိတ်အပိုင်းများပါ ကွာကျလာတော့သည်။

လမ်းကြားထဲတွင် ပုန်းနေသော လူသားမှာမူ အပြင်ဘက်တွင် ဘာဖြစ်နေမှန်း မသိဘဲ ဧရာမဇွန်ဘီက သူ့ကို ဖမ်းမရသည့်အတွက် လက်လျှော့ကာ ဆုတ်ခွာသွားသည်ဟုသာ ထင်မှတ်နေတော့သည်။ သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရသည်ဟု ခံစားလိုက်ရပြီး သူသည် မြေပြင်ပေါ်သို့ ပုံလဲကျသွားကာ အမောတကော အသက်ရှူနေမိတော့သည်။

All Chapters