အခန်း (၁၁၈)
Vol. 12 Ch. 118
အခန်း။ ၁၁၈
ကျောက်လင်း၏ ရုတ်တရက် ပေါ်ပေါက်လာမှုသည် ရဲစခန်းအတွင်းရှိ ရှင်သန်ကျန်ရစ်သူအားလုံးကို ကြက်သေ သေသွားစေသည်။ သေဆုံးသွားပြီဟု ယူဆထားသောသူက သူတို့ရှေ့တွင် ပြန်လည်ရပ်နေခြင်းမှာ လူသားချင်းပြန်စားနေသည့် ထိုနတ်ဆိုးများအတွက်ပင် အဆုံးအစမဲ့သော ထိတ်လန့်မှုကို ဖြစ်စေတော့သည်။
"ကျောက်လင်း ပြောခဲ့တာတွေက တကယ်ပဲလား... သူက တကယ့်ကို စွမ်းအားရှင်ဖြစ်ပြီး သေရာကနေ ပြန်ရှင်လာနိုင်တာလား"
ကျောက်လင်းသည် ယခင်က သူမ၏ ထူးခြားသော စွမ်းရည်အကြောင်းကို ပြောပြခဲ့ဖူးသည်ကို အချို့က ပြန်လည်သတိရသွားကြပြီး ထိုအခိုက်အတန့်တွင် လူတိုင်း၏ မျက်နှာများမှာ ကြောက်လန့်တကြားဖြင့် ဖြူလျော်သွားကြတော့သည်။
"အရာရှိကျောက်... ကျွန်တော်တို့ မှားသွားပါတယ်။ ကျွန်တော်တို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရတာပါ"
"ကျွန်တော်တို့ ဘာရိက္ခာမှ ရှာမတွေ့တော့လို့ပါ ဗိုက်ဆာလွန်းလို့ ဒီလိုဖြစ်သွားရတာပါ။ မဟုတ်ရင် ကျွန်တော်တို့က ဘယ်လိုလုပ် လူသားချင်း ပြန်စားပါ့မလဲ"
ခုနကတင် လူသားအသားကို အငမ်းမရ စားသောက်နေစဉ်က ကြမ်းကြုတ်ခက်ထန်သော မျက်နှာထားရှိခဲ့သည့် ထိုသူများသည် ယခုအခါ သနားကမား အသွင်သို့ ချက်ချင်း ပြောင်းလဲသွားကြသည်။ ကျောက်လင်း၏ အေးစက်လှသော အကြည့်နှင့် ရင်ဆိုင်လိုက်ရချိန်တွင် လူအများအပြားမှာ ငိုယိုကာ အဆက်မပြတ် တောင်းပန်တိုးလျှိုးနေကြတော့သည်။
ကျောက်လင်းသည် ယခင်က အစွမ်းထက်လှသော ဧရာမဇွန်ဘီကိုပင် မျှားခေါ်နိုင်ခဲ့သူဖြစ်ရာ ဤကဲ့သို့သော သာမန်လူများကို ကိုင်တွယ်ရန်မှာ သူမအတွက် လက်ဖျောက်တစ်ချက်တီးရသလောက်ပင် လွယ်ကူလှသည်။
ဗုန်း... ဗုန်း...
ကျောက်လင်းမှာ တုန့်ပြန်မှု တစ်စုံတစ်ရာမရှိဘဲ ရပ်နေသည်ကို မြင်သောအခါ ရှင်သန်ကျန်ရစ်သူများမှာ ပျာပျာသလဲ ဖြစ်ကုန်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။
"အရာရှိကျောက်... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အသက်ချမ်းသာခွင့် ပေးပါ။ အရာရှိတွေထဲမှာ အရာရှိက အကြင်နာဆုံးဆိုတာ ကျွန်တော်တို့ သိပါတယ်"
"ကျွန်တော်တို့ မှားသွားပါပြီ ဆာလောင်လွန်းလို့ ရူးသွပ်သွားမိတာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ နောက်တစ်ခါ ဘယ်တော့မှ မလုပ်တော့ပါဘူး"
ကျောက်လင်း၏ လက်သီးများမှာ တင်းတင်းဆုပ်ထားလျက် ရှိပြီး သူမသည် နာကျည်းမှုကြောင့် အံကြိတ်ထားမိသည်။ သနားစရာကောင်းအောင် ဟန်ဆောင်နေကြသော ဤလူများ၏ ပုံစံမှာ သူမ မသေဆုံးမီက မြင်တွေ့ခဲ့ရသည့် ကြောက်မက်ဖွယ် ကောင်းလှသော သူတို့၏ စရိုက်အမှန်ကို ကျောက်လင်း ကောင်းကောင်းကြီး မှတ်မိနေသည်။
ဆာလောင်နေသော တောခွေးများအလား သူမကို ငမ်းငမ်းတက် စိုက်ကြည့်နေခဲ့ကြသည့် ထိုလောဘဇောတက်နေသော မျက်လုံးများကို သူမ ဘယ်တော့မှ မေ့လိမ့်မည်မဟုတ်ပေ။
“ဟား... မင်းတို့ ငါ့ကို သတ်ခဲ့တုန်းက ငါ ဘယ်လိုခံစားရမလဲဆိုတာ တစ်ချက်ကလေးတောင် တွေးခဲ့မိကြရဲ့လား”
“ငါ့မှာသာ သေရာကနေ ပြန်ရှင်နိုင်တဲ့ စွမ်းရည်မရှိခဲ့ရင် အခုချိန်မှာ ငါဟာ မြေမှုန့်ပုံတစ်ခု ဖြစ်နေလောက်ပြီ”
ကျောက်လင်းသည် မွေးရာပါ စိတ်ထားနူးညံ့သိမ်မွေ့သူဖြစ်သော်လည်း သူမကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့ကြသော ဤကျောသားရင်သားမခွဲခြားဘဲ သစ္စာဖောက်ခဲ့သူများနှင့် ရင်ဆိုင်ရချိန်တွင် သူမ၏ရင်ထဲ၌ ဒေါသတရားများသာ တဟုန်ထိုး တောက်လောင်နေတော့သည်။
ဤအမှိုက်ကောင်များသည် သူမကို ဓားဖြင့် မွှန်းခဲ့ကြရုံသာမက ယခုအချိန်အထိ လူသားအသားကို စားသောက်နေကြဆဲပင်။ အကယ်၍ သူမသာ ပြန်လည်နိုးထမလာခဲ့ပါက ဤသူများသည် အသက်ရှင်သန်ရေးအတွက် အခြားသော လူသားများကိုလည်း ဆက်လက်၍ အန္တရာယ်ပေးနေကြဦးမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
သဋတို့သည် အပြင်ဘက်ရှိ ကြမ်းတမ်းလှသော ဇွန်ဘီများကိုမူ ရင်မဆိုင်ရဲကြဘဲ အားနည်းသူများအပေါ်တွင်သာ သားသတ်ဓားကို မြှောက်ခဲ့ကြခြင်းဖြစ်သည်။ ကျောက်လင်းသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူမထံမှ ထွက်ပေါ်နေသော အေးစက်လှသည့် စွမ်းအားများမှာ ပိုမိုပြင်းထန်လာပြီး သူမ၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်များမှာ အမှန်တကယ် လက်ဆုပ်လက်ကိုင်ပြနိုင်လောက်အောင် ထင်ရှားလာတော့သည်။
“အရာရှိကျောက်... မမေ့ပါနဲ့ဦး။ ကျွန်တော့်ကို ဇွန်ဘီပုံထဲကနေ ကယ်ထုတ်ခဲ့တာ အရာရှိကိုယ်တိုင်ပါ”
ကျောက်လင်းနှင့် အနီးဆုံးရှိ ရှင်သန်ကျန်ရစ်သူမှာ ကျောက်လင်း၏ ကြင်နာတတ်သော စိတ်ထားကို ပြန်လည်နိုးကြားလာစေရန် ကြိုးစားရင်း ငိုယိုကာ ပြောဆိုလိုက်သည်။ သို့သော် သူ မသိသည်မှာ ထိုစကားက ကျောက်လင်းကို ပို၍ပင် ဒေါသထွက်စေခဲ့ခြင်းပင်။
ဂွပ်….
ကျောက်လင်းသည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ထိုသူ၏ လည်ပင်းကို တိုက်ရိုက်ပင် ချိုးပစ်လိုက်သည်။ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားသော လေးလံသည့် ရုပ်အလောင်းကို ကြည့်ရင်း ကျန်ရှိနေသူများအားလုံး ဦးရေပြားများ စိမ့်တက်သွားကာ ထိတ်လန့်သွားကြသည်။ လူကြီးတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်သော ဤအင်အားမျိုးမှာ သာမန်လူသားများ ယှဉ်ပြိုင်နိုင်သည့် အရာမဟုတ်တော့ပေ။
ဤအခိုက်အတန့်တွင် အခန်းထဲရှိ လူအားလုံးမှာ အသည်းအသန် ထွက်ပြေးချင်နေကြသော်လည်း ကျောက်လင်းက တံခါးဝရှိ ထွက်ပေါက်ကို ပိတ်ဆို့ထားသည်။
“ကယ်ကြပါဦး ကျွန်တော့်ကို မသတ်ပါနဲ့”
“အရာရှိကျောက်... ကျေးဇူးပြုပြီး ချမ်းသာပေးပါ...”
အခန်းတွင်းမှ အော်ဟစ်သံများမှာ အဆုံးအစမဲ့ ပဲ့တင်ထပ်နေပြီး ရုပ်အလောင်းများမှာလည်း ကြမ်းပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု လေးလံစွာ ကျရောက်လာတော့သည်။ မိမိတို့၏ လူသားချင်းကိုပင် ပြန်လည်ဒုက္ခပေးခဲ့သော ဤနတ်ဆိုးများကို ကျောက်လင်းက ဆက်တိုက်ဆိုသလို ရှင်းလင်းနေခြင်းဖြစ်သည်။
မကြာမီမှာပင် ရဲစခန်းအတွင်း၌ ရှင်သန်ကျန်ရစ်သူ တစ်ဦးတည်းသာ ကျန်တော့သည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ကျောက်လင်း၏ အရိုးများကို ကောက်ယူမြှုပ်နှံပေးခဲ့သော လူငယ်လေးပင်။
“အရာရှိကျောက်... အရာရှိက လူကောင်းတစ်ယောက်ပါ ကျွန်တော် တကယ်ပဲ သူတို့ အတင်းအကျပ် ခိုင်းလို့ လုပ်ခဲ့ရတာပါ။ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိခဲ့လို့ပါ ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာခွင့် ပေးပါ”
ကျောက်လင်းသည် ဤလူငယ်ကို မှတ်မိသည်။ သူသည် မွေးရာပါ စိတ်ဓာတ်ပျော့ညံ့သူဖြစ်ပြီး ကမ္ဘာမပျက်ခင်ကလည်း အမြဲအနိုင်ကျင့်ခံခဲ့ရသူ ဖြစ်သည်။ အခြေခံအားဖြင့် စိတ်ရင်းကောင်းသူတစ်ဦး ဖြစ်ခဲ့သည်။
သူ၏ တောင်းပန်တိုးလျှိုးနေသော မျက်ဝန်းများကို ကြည့်ရင်း ကျောက်လင်း ခဏမျှ ဝေခွဲမရဖြစ်သွားသည်။ ခေတ္တအကြာတွင် ကျောက်လင်းသည် သူ့ကို သတ်ရန် စိတိမပါတော့သဖြင့် ထွက်ခွာသွားရန် ကျောခိုင်းလှည့်လိုက်သည်။
ကလပ်…
ကျောက်လင်း ကျောခိုင်းလိုက်သည်နှင့် နောက်ဘက်မှ သေနတ်မောင်းတင်လိုက်သံမှာ ပဲ့တင်ထပ်သွားသည်။
သူမ၏ အကြည့်များမှာ ချက်ချင်းပင် အေးစက်သွားပြီး မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် ထိုလူငယ်ထံသို့ ခုန်အုပ်လိုက်တော့သည်။ သေနတ်ကို ဆွဲလုလိုက်ပြီးနောက် သူ၏ ရင်ဘတ်ကို အားကုန်ထိုးနှက်လိုက်သည်။ ပြင်းထန်သော အားဒဏ်ကြောင့် နံရိုးများမှာ ကျိုးကြေသွားပြီး ထိုချွန်ထက်သော အရိုးစများမှာ နှလုံးကို ထိုးစိုက်မိကာ လူငယ်လေးမှာ နေရာတင်ပင် သေဆုံးသွားတော့သည်။
“ဘာလို့လဲ”
“ဘာလို့ ငါ့ကို လိမ်ညာရတာလဲ”
အခန်းတစ်ခုလုံးတွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ရင်း ကျောက်လင်းသည် စိတ်ဓာတ်များ အကြီးအကျယ် ပြိုလဲသွားရသည်။ သူမသည် တိတ်ဆိတ်နေသော အခန်းထဲ၌ အဆက်မပြတ် အော်ဟစ်နေမိပြီး သူမ၏ နှလုံးသားမှာ နာကျင်မှုများဖြင့် ပြည့်နှက်နေတော့သည်။
သူမ ဘာကြောင့် အသက်စွန့်ပြီး ကယ်တင်ခဲ့သောသူများက ဘာလို့ သူမကို သစ္စာဖောက်ရတာလဲဆိုသည်ကို ကျောက်လင်း နားမလည်နိုင်တော့ပေ။ မွေးရာပါ စိတ်ရင်းကောင်းသူများကပင် ကမ္ဘာပျက်ကပ်အတွင်းမှာ ဘာကြောင့် ဤမျှ ကြောက်စရာကောင်းပြီး ကြမ်းတမ်းရက်စက်သွားကြရတာလဲ။
အစားတစ်လုပ်အတွက်နှင့် မိမိတို့၏ အဖော်များကိုပင် ရက်ရက်စက်စက် သတ်ဖြတ်နိုင်ကြတာလား။
ဤကဲ့သို့သော သူများကို လူသားဟု ခေါ်ဆိုရန်ပင် ထိုက်တန်ပါဦးမလား။
“တကယ်လို့ အဲဒီလူတွေက ကာကွယ်ပေးဖို့ မထိုက်တန်တဲ့သူတွေ ဖြစ်နေရင်ကော”
ဤအခိုက်အတန့်တွင် ကျိရုရွှယ် ပြောခဲ့သော စကားလုံးများမှာ ကျောက်လင်း၏ စိတ်ထဲတွင် လျှပ်စီးကဲ့သို့ လက်ခနဲ ပေါ်လာတော့သည်။
ဤကဲ့သို့ ယုတ်မာရက်စက်သော သတ္တဝါများသည် သူမ၏ ကာကွယ်စောင့်ရှောက်မှုကို အမှန်တကယ် ထိုက်တန်လို့လား။
ကျောက်လင်းသည် မိမိကိုယ်ကို မည်မျှအထိ ရယ်စရာကောင်းခဲ့သလဲဆိုသည်ကို ရုတ်တရက် သဘောပေါက်လိုက်မိသည်။ သူမနှင့် ဘာမှမသက်ဆိုင်သော ဤရှင်သန်ကျန်ရစ်သူများအတွက် သူမကိုယ်တိုင် အစာဝအောင်ပင် မစားခဲ့ရပေ။ ကမ္ဘာပျက်ကပ် စတင်ကတည်းက သူမအတွက် အသက်သာဆုံးနှင့် အပန်းပြေဆုံးအချိန်မှာ ဇွန်ဘီဘုရင်၏ ဖမ်းဆီးခြင်းခံရစဉ်ကသာ ဖြစ်သည်။ ထိုကာလမှာတင် သူမ ဗိုက်ဝအောင် စားခဲ့ရခြင်းဖြစ်သည်။
ဤရှင်သန်ကျန်ရစ်သူများကို ကယ်တင်ရန်အတွက် သူမသည် ကြမ်းတမ်းသော ဇွန်ဘီများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီး အကြိမ်ကြိမ်ပင် အသက်စွန့်ခဲ့ရသည်။ သို့သော် ရလဒ်ကမူ ယခုကဲ့သို့ပင်။
အလောင်းများကို ကြည့်ရင်း ကျောက်လင်းသည် သူမ မှတ်မိခဲ့သော အေးချမ်းသာယာသည့် ကမ္ဘာကြီးမှာ ထာဝရ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း နောက်ဆုံးတွင် လက်ခံလိုက်တော့သည်။
“တကယ်လို့ တစ်နေ့မှာ ဒီကမ္ဘာကြီးက အရာရှိ ထင်ထားသလို မလှပတော့ဘူးလို့ ခံစားရရင် တခြားသူတွေကို မကာကွယ်ချင်တော့ရင်... သမီးကို ကာကွယ်ပေးဖို့ သတိရပေးပါနော်“
သူမနှင့် ချီချီလေးကြားက ကတိစကားမှာ ကျောက်လင်း၏ စိတ်ထဲတွင် ပြန်လည် ပဲ့တင်ထပ်လာသည်။ လမ်းပျောက်နေသော ကျောက်လင်း၏ မျက်ဝန်းများမှာ ပြန်လည် တည်ငြိမ်ကြည်လင်လာတော့သည်။
“ဟုတ်တယ် ဒီကမ္ဘာမှာ ငါ ကာကွယ်ပေးဖို့ လိုအပ်သေးတဲ့သူ ရှိသေးတာပဲ”
“ချီချီလေးက ငါ့ကို စောင့်နေတုန်းပဲ”
ဤကမ္ဘာကြီးမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး လူသားတို့၏ စိတ်ဓာတ်မှာလည်း ကမ္ဘာပျက်ကပ်အတွင်း အဆိုးဆုံးဘက်သို့ ဦးတည်သွားခဲ့သော်လည်း ချီချီလေးမှာမူ ထိုသို့မဟုတ်ပေ။ ထိုကလေးမလေးမှာ ဖြူစင်ရိုးသားပြီး ချစ်စဖွယ်ကောင်းကာ သူမ၏ မျက်ဝန်းများမှာလည်း အပြစ်ကင်းစင်မှုနှင့် ကောင်းမြတ်မှုများဖြင့် ပြည့်နှက်နေသည်။
သူမသည် ဤကမ္ဘာကြီးထဲသို့ ရောက်ရှိလာကာစ ဖြစ်သဖြင့် ကောင်းမွန်သော ဘဝတစ်ခုနှင့် ထိုက်တန်သူဖြစ်သည်။ ဤကဲ့သို့ ဖြူစင်သူမျိုးကိုသာ သူမကဲ့သို့သော ရဲမေတစ်ဦးက အသက်စွန့်ကာ ကာကွယ်ပေးရန် ထိုက်တန်ခြင်း ဖြစ်သည်။
ဤသို့ တွေးတောပြီးနောက် ကျောက်လင်းသည် သူမ အသက်သွေးချွေးများ ပေးဆပ်ရန် ရည်ရွယ်ခဲ့သော ရဲစခန်းကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာလာခဲ့တော့သည်။
သို့သော် ကျောက်လင်းသည် နေရောင်ခြည်ရပ်ကွက်သို့ ပြန်ရောက်လာချိန်တွင်မူ ရပ်ကွက်တစ်ခုလုံးမှာ ခြောက်ကပ်နေပြီး ဇွန်ဘီများလည်း မရှိတော့ဘဲ အမှတ် ၅ အဆောက်အအုံရှိ ရိက္ခာများအားလုံးပင် ယူဆောင်သွားခြင်း ခံထားရသည်ကို တွေ့လိုက်ရသည်။
ချီချီလေး ဘယ်ကို ရောက်သွားတာလဲ။
ထိုအချိန်တွင် သူမ မထွက်ခွာမီက ချီချီလေး ပေးခဲ့သော စာတိုလေးကို ရုတ်တရက် သတိရသွားသည်။
“ချင်းရွှေလယ်ယာခြံ”
“ချီချီလေး... သမီးက ချင်းရွှေလယ်ယာခြံကို ပြောင်းသွားတာလား။ စိတ်မပူနဲ့နော် မမ လာရှာနေပြီ”