အခန်း (၃၂၂)
Vol. 33 Ch. 322
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၂၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ကျန်းရှောင်၏ ချောမောသော မျက်နှာမှာ တွန့်သွားလေသည်။ သူသည် ကုန်းကုန်းခွေးတစ်ကောင်နှင့် မတူဘဲ ခန့်ညားပြီး မောက်မာသော ရုပ်ရည်ရှိခဲ့သော်လည်း ယခုအခါ ထိုမောက်မာမှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မှိုင်းညို့မှုများဖြင့် အစားထိုးလာပြီ ဖြစ်သည်။
ကျန်းရှောင်က ဆိုသည် “တုပိုင်က မရင့်ကျက်သေးတဲ့ လူပြက်တစ်ယောက်ပါပဲ။ လီဝမ်ဟွေ့က မျက်ကန်းဖြစ်နေတာပါ”
လီလင်းယွီက ပြောလိုက်သည် “ရှင်က လီဝမ်ဟွေ့ကို အဲဒီလို ပြောတယ်ပေါ့။ သူက တချိန်က ရှင့်ရဲ့ သခင်လေ”
ကျန်းရှောင်က ပြန်ပြောသည် “အခု ကျွန်တော့်သခင်က သခင်မလေးပါ။ ပြီးတော့ လီမိသားစုက ကျွန်တော့်သခင်ပါ။ လီဝမ်ဟွေ့က ပြီးသွားပြီ ၊ တာ့နင်အင်ပါယာလည်း ပြီးသွားပြီ”
လီလင်းယွီက ပြောလိုက်သည် “အဲဒီ ကုန်းကုန်းခွေးလေး တုပိုင်က သေသင့်ပေမဲ့ ကျွန်မ ကိုယ်တိုင် သတ်ဖို့အတွက်တော့ သူက သိပ် အရေးမပါဘူး။ နန်းတွင်းအရာရှိတစ်ယောက်ကို သတ်တဲ့ ပြစ်မှုနဲ့ ကျွန်မရဲ့ ဂုဏ်သိက္ခာကို အညစ်အကြေး မခံနိုင်ဘူး။ ရှင် သွားသတ်လိုက်။ ရှင်က အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး ၊ သူ့ရဲ့ အထက်လူကြီးပဲ။ ရှင့်အနေနဲ့ သူ့ကို သတ်တာက တရားမျှတမှု ရှိတယ်။ ဘေးလူတွေကြည့်ရင်လည်း ဒါက တာ့နင်အင်ပါယာ မိန်းမစိုးဂိုဏ်းအချင်းချင်း ပဋိပက္ခဖြစ်တာလို့ပဲ မြင်မှာ။ ကျွန်မတို့ လီမိသားစုနဲ့ မဆိုင်ဘူးပေါ့”
ကျန်းရှောင်က ပြောလိုက်သည် “ဟုတ်ကဲ့ပါ” “လက်အောက်ငယ်သားက သူ့ကို မနက်ဖြန် နေထွက်တာ မမြင်စေရပါဘူး။ ဒါပေမဲ့ သူ့ကို သတ်ပြီးရင် လက်အောက်ငယ်သားကို ဝမ်ရှန်းမြို့မှာ တာဝန်ပေးပြီး လီမိသားစုရဲ့ တရားဝင် အရာရှိအဖြစ် ခန့်အပ်ပေးဖို့ တောင်းဆိုချင်ပါတယ်”
ဤလူသည် တကယ့်ကို တိုင်းပြည်ကို လုံးဝ ရောင်းစားလိုက်သူ ဖြစ်ပေသည်။
လီလင်းယွီက ပြောလိုက်သည် “ကောင်းပြီလေ… သွားတော့။ မှတ်ထား… တုပိုင်နဲ့ သူ့လူတွေကို မနက်ဖြန် နေထွက်တာ မမြင်စေနဲ့”
**--**--**--**--**--**--**--**
ပိုင်ဆယ်မြို့ရှိ ယိုယွင်းပျက်စီးနေသော အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး အတွင်း၌ တုပိုင်နှင့် သူ့လူများသည် ဆက်လက်၍ အရက်သောက် ၊ အသားစားနေကြဆဲ ဖြစ်၏။
သို့သော် သူတို့အားလုံး ရေသောက်နေကြခြင်းသာ ဖြစ်ပြီး အရက်သောက်ဟန်ဆောင်နေကြခြင်း ဖြစ်သည်။ ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် မည်သူက အရက်သောက်ရဲမည်နည်း။
တုပိုင်က ပြောလိုက်သည် “ငါ့ရဲ့ အဆင့်အတန်းက နိမ့်လွန်းတော့ လီမိသားစုက ငါ့ကို ကိုယ်တိုင် လာသတ်မှာ မဟုတ်ဘူး။ ငါ့အတွက်နဲ့ နန်းတွင်းအရာရှိတစ်ယောက်ကို သတ်တဲ့ ပြစ်မှုကို သူတို့ မယူချင်ကြဘူး။ ဒါကြောင့် သစ္စာဖောက် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး ကျန်းရှောင်ကို လွှတ်ပြီး ငါ့ကို သတ်ခိုင်းလိမ့်မယ်။ ငါ မမှားဘူးဆိုရင် ကျန်းရှောင်က သူ့ရဲ့ အရာရှိ အာဏာကို သုံးပြီး ငါတို့ကို ဖိနှိပ်ဖို့ ကြိုးစားလိမ့်မယ်”
“ကျန်းရှောင်ရဲ့ လက်အောက်မှာ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် ၅၀၀ ရှိတယ်။ ဒါပေမဲ့ အဲဒီထဲက အများစုက လီမိသားစုက ပေးထားတဲ့ လူတွေ ၊ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်ဆိုတဲ့ နာမည်ခံထားရုံပဲ။ ဒါကြောင့် သူ့လက်အောက်က စစ်သည်တွေအပေါ် ဘာမျှော်လင့်ချက်မှ ထားလို့ မရဘူး။ သူတို့ကို ရန်သူလို့ပဲ တိုက်ရိုက် သတ်မှတ်ရမယ်”
“သူ့မှာ လူ ၅၀၀ ရှိတယ်။ ငါတို့မှာ ၇ ယောက် ၊ ၈ ယောက်လောက်ပဲ ရှိတယ်။ ဆရာသခင်ကြီး နင်ဇောင်ဝူကလည်း သေချာပေါက် ထိန်းချုပ်ခံထားရလိမ့်မယ်။ တိုက်ပွဲစတာနဲ့ သူ လုံးဝ ဝင်ကူညီလို့ ရမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ထျန်တောက်အဖွဲ့မှာလည်း ဆရာသခင်အဆင့် ပညာရှင်တွေ ရှိနေလို့ပဲ”
“ငါတို့ လူအနည်းစုက လူ ၅၀၀ ကို ရင်ဆိုင်ရမယ်။ ဒါကြောင့် ဒီတိုက်ပွဲကို ပါးပါးနပ်နပ် တိုက်မှ ရမယ်။ အချိန်ကို နေရာလွတ်နဲ့ လဲလှယ်မယ် ၊ နေရာလွတ်ကို အချိန်နဲ့ လဲလှယ်မယ်… ဒီနည်းဗျူဟာတွေကို ပြောင်းလွယ်ပြင်လွယ် သုံးရမယ်။ မိုက်မဲတဲ့ တိုက်ခိုက်နည်း ၊ ကိုယ့်သေတွင်း ကိုယ်တူးတဲ့ တိုက်ခိုက်နည်းမျိုး လုံးဝ မသုံးရဘူး”
“ဒီတိုက်ပွဲမှာ ငါတို့ တစ်ပွဲမှ ရှုံးလို့ မရဘူး။ တကယ်တော့ နောက်ဆက်တွဲ တိုက်ပွဲတိုင်းမှာလည်း ငါတို့ တစ်ပွဲမှ ရှုံးလို့ မရဘူး။ အဆုံးထိ အဆက်မပြတ် အနိုင်ယူမှသာ ငါတို့ တကယ် ခြေကုပ်ယူနိုင်ပြီး အခြေအနေကို လုံးဝ ဖွင့်လှစ်နိုင်လိမ့်မယ်။ တစ်ပွဲလောက် ရှုံးတာနဲ့ ငါတို့ လုံးဝ သွားပြီပဲ”
တုပိုင်က မေးလိုက်သည် “နောက်တစ်ဆင့်အနေနဲ့ လူတိုင်းမှာ တာဝန်ကိုယ်စီ ရှိတယ်။ လူတိုင်းရဲ့ တာဝန်က အရေးကြီးတယ်။ အားလုံး မှတ်မိကြလား”
“နားလည်ပါတယ်” ရှိသမျှ လူ ၇ ယောက် ၊ ၈ ယောက်က တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
ထိုစဉ် အပြင်ဘက်မှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
“ပိုင်ဆယ်မြို့ အရှေ့ဘက်ကွပ်ကဲရေးရုံး ယာယီတပ်မှူးငယ် တုပိုင် ဘယ်မှာလဲ”
တုပိုင် အပြင်ထွက်လိုက်သည်။ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်စုမှူးတစ်ယောက်သည် စစ်သည်တစ်ဒါဇင်ကို ဦးဆောင်ကာ ရှေ့တိုးလာပြီး တင်းမာစွာ အော်ဟစ်လိုက်သည် “မင်းက တုပိုင်လား”
တုပိုင်က ပြောလိုက်သည် “မင်းက ရန်ဟန်လား။ သူခိုးကို အဖေခေါ် ၊ အင်ပါယာကို သစ္စာဖောက် ၊ အရှေ့ဘက်ကွပ်ကဲရေးရုံးကို သစ္စာဖောက်တဲ့ လက်ပါးစေကောင် ရန်ဟန် မဟုတ်လား”
ရန်ဟန်က အေးစက်စွာ ပြောလိုက်သည် “သေခါနီးတောင် လျှာစွမ်းကောင်းနေသေးပါလား။ ဒီနေ့ မင်း လမ်းပေါ်မှာ လူသတ်ခဲ့တယ်။ ပြီးတော့ ငါတို့ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးက သူလျှိုတစ်ယောက်ကိုလည်း သတ်ခဲ့တယ်။ တပ်ရင်းမှူးကျန်းက ဒေါသထွက်ပြီး မင်းကို ဖမ်းခိုင်းလိုက်တယ်။ လိုက်ခဲ့”
ဤ သစ္စာဖောက် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး ကျန်းရှောင်သည် တကယ်ကို ရယ်စရာကောင်းလှသည်။ တုပိုင်ကို သတ်ချင်နေပါလျက် ခမ်းနားပြီး တရားဝင်သော အကြောင်းပြချက်ကို ရှာဖွေနေသေးသည်။ အရှေ့ဘက်ကွပ်ကဲရေးရုံး၏ အတွင်းစည်းမျဉ်းများကို အသုံးပြုပြီး တုပိုင်ကို သတ်ရန် ကြိုးစားနေခြင်းမှာ ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်းသာ ဖြစ်၏။
ထို့နောက် သစ္စာဖောက် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်စုမှူး ရန်ဟန်က တင်းမာစွာ ကြေညာလိုက်သည် “တပ်ရင်းမှူးကျန်းရဲ့ အမိန့်အရ တုပိုင်ကို ဖမ်း။ ခုခံတဲ့သူ ဘယ်သူမဆို ညှာတာမနေနဲ့… သတ်။ ဟေ့ကောင်တွေ… သွားဖမ်းစမ်း”
ရန်ဟန်သည် အမိန့်ပေးပြီးသည်နှင့် သူကိုယ်တိုင်ကမူ လျင်မြန်စွာ နောက်ဆုတ်သွားလေသည်။ ရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်ဟု ဆိုကြသော လူတစ်ဒါဇင်သည် ရှေ့တိုးလာပြီး ဓားများကို ဆွဲထုတ်ကာ တုပိုင်ကို ဖမ်းဆီးရန် ပြင်လိုက်ကြသည်။
“အကုန်သတ်ပစ်…” တုပိုင်က ပြောလိုက်သည်။
ချက်ချင်းပင် လီစန်း ၊ လီစစ်နှင့် လီဝေတို့ လှုပ်ရှားလိုက်ကြသည်။
“ရွှပ်… ရွှပ်… ရွှပ်…”
ခဏအတွင်းမှာပင် တုပိုင်ကို လာဖမ်းသော အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် အမည်ခံထားသည့် လူတစ်ဒါဇင်စလုံး အသတ်ခံလိုက်ရလေသည်။ သစ္စာဖောက် တပ်စုမှူး ရန်ဟန်သည် အရှိန်မြှင့်၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
“တပ်စုမှူးရန်… အဲဒီလောက် အလျင်စလို မသွားပါနဲ့ဦး” တုပိုင်က လှမ်းပြောလိုက်သည်။
ချက်ချင်းပင် လီစန်းသည် လျှပ်စီးလက်သကဲ့သို့ ပြေးထွက်သွားပြီး ရန်ဟန်၏ လည်ပင်းပေါ်သို့ ဓားတင်လိုက်လေသည်။
ရန်ဟန်က တင်းမာစွာ ပြောလိုက်သည် “တုပိုင်… မင်း ဘယ်လိုလုပ်ရဲတာလဲ။ ငါ့ကို လက်ဖျားနဲ့ ထိရဲရင် မင်း အလောင်းလှမယ် မထင်နဲ့။ ကွေ့လင်မှာရှိတဲ့ မင်းမိသားစုကို ဂရုမစိုက်တော့ဘူးလား”
တုပိုင်က သူ့ကို သနားစရာကောင်းသလို ကြည့်ပြီး ပြောလိုက်သည် “အရူးကောင်… ကျန်းရှောင်က မင်းကို အမြောက်စာအဖြစ် အသုံးချလိုက်တာ။ သတ်လိုက်”
လီစန်းက ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။
သစ္စာဖောက် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်စုမှူး ရန်ဟန်၏ ခေါင်းသည် ချက်ချင်း ပြတ်ကျသွားလေသည်။
တုပိုင်သည် ရန်ဟန်၏ ခေါင်းကို ကောက်ယူပြီး အသက်ရှင်ကျန်ရစ်သော တစ်ဦးတည်းသော အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်ကို ပြောလိုက်သည် “ဒီခေါင်းကို ယူသွားပြီး ကျန်းရှောင်ကို ပေးလိုက်။ ငါ့ကို သတ်ချင်ရင် တိုက်ရိုက် စစ်ခင်းလိုက်လို့ ပြောလိုက်။ ရှုပ်ထွေးတဲ့ အကြောင်းပြချက်တွေ ပေးမနေနဲ့.။ ပြီးတော့ သူ့လည်ပင်းကို ရေဆေးထားပြီး ငါလာဖြတ်မှာကို စောင့်နေလို့ ပြောလိုက်”
ကျန်းရှောင်၏ လက်အောက်မှ ထိုအရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်သည် ကြောက်လန့်တကြား ခေါင်းညိတ်လိုက်ပြီး ရန်ဟန်၏ ခေါင်းပြတ်ကို ကောက်ယူကာ သတင်းပို့ရန် အပြေးအလွှား ပြန်သွားလေသည်။
ထိုအချိန်တွင် ၈ လီအကွာ ပိုင်ဆယ်မြို့ရှိ အသစ်တည်ဆောက်ထားသော အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး၌ သစ္စာဖောက် တပ်ရင်းမှူး ကျန်းရှောင်သည် စစ်မြင်းပေါ်တွင် ထိုင်နေ၏။ သူ့အနောက်တွင် မြင်းစီးတပ်သား တစ်ရာကျော်နှင့် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် လေးရာကျော် ၊ စုစုပေါင်း လူ ငါးရာကျော်သည် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တန့်နေကြသည်။
ဤလူများကို အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များဟု ခေါ်ဆိုသော်လည်း အများစုမှာ လီမိသားစုမှ လူများသာ ဖြစ်ကြသည်။
ခဏအကြာတွင် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်တစ်ဦးသည် အပြေးအလွှား ရောက်ရှိလာပြီး ဒူးထောက်ကာ ပြောလိုက်သည် “တပ်ရင်းမှူး… ဟို တုပိုင်က ဖမ်းဖို့လွှတ်လိုက်တဲ့ လူတွေကို အကုန် သတ်ပစ်လိုက်ပါတယ်။ တပ်စုမှူးရန်ဟန်ကိုလည်း သတ်ပစ်လိုက်ပြီး သူ့ခေါင်းကို တပ်ရင်းမှူးဆီ ယူလာခိုင်းလိုက်ပါတယ်။ ပြီးတော့ တကယ်လို့ သူ့ကို သတ်ချင်ရင် တိုက်ရိုက် စစ်ခင်းလိုက်ပါ ၊ ရှုပ်ထွေးတဲ့ အကြောင်းပြချက်တွေ ပေးမနေပါနဲ့တဲ့ ၊ နောက်ထပ် မှာလိုက်တာက… တပ်ရင်းမှူးရဲ့ လည်ပင်းကို ရေဆေးပြီး သူ လာဖြတ်မှာကို စောင့်နေပါတဲ့”
ထိုစကားကို ကြားသောအခါ ကျန်းရှောင်သည် ဒေါသထွက်လွန်းသဖြင့် နီရဲသွားလေ၏။ သူက ဟိန်းဟောက်လိုက်သည် “မောက်မာလိုက်တဲ့ ၊ မိုက်မဲလိုက်တဲ့ ခွေးကောင်လေး။ လီဝမ်ဟွေ့က ဒီလိုအရူးကောင်ကိုမှ မွေးစားသားအဖြစ် ရွေးချယ်ခဲ့တယ်ဆိုတော့ မျက်ကန်းဖြစ်နေတာ သေချာပြီ”
“ချီတက်ကြ”
“အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးဟောင်းကို မြေလှန်ပစ်မယ်”
“တုပိုင်နဲ့ သူ့လူတွေကို မျိုးဖြုတ်ပစ်မယ်။ အဲဒီခွေးကောင်လေး တုပိုင်ကို တစ်စစီ ခုတ်ပိုင်းပစ်မယ်”
ကျန်းရှောင်၏ အမိန့်ပေးသံနှင့်အတူ သစ္စာဖောက် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် ၅၀၀ သည် ဒီရေအလား ရှေ့တိုးလာပြီး တုပိုင် ရှိနေသော တပ်ရင်းမှူးရုံးဟောင်းဆီသို့ ဦးတည်သွားကြသည်။ မြင်းခွာသံများသည် ညဉ့်ယံ၏ တိတ်ဆိတ်မှုကို ချက်ချင်းပင် စုတ်ဖြဲပစ်လိုက်တော့၏။
တစ်နာရီအကြာတွင် ကျန်းရှောင် ဦးဆောင်သော သစ္စာဖောက် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် ၅၀၀ သည် တပ်ရင်းမှူးရုံးဟောင်းကို ဝိုင်းရံလိုက်ကြပြီး ယင်ကောင်တစ်ကောင်ပင် မပျံသန်းနိုင်အောင် ပိတ်ဆို့ထားလိုက်ကြသည်။
ထိုအချိန်တွင် အတွင်းဘက်ရှိ အခန်းတစ်ခန်း၌ ဖယောင်းတိုင်မီးများ လင်းထိန်နေဆဲ ဖြစ်သည်။ အတွင်းရှိ လူ ၇ ယောက် ၊ ၈ ယောက်တို့သည် အရက်သောက် ၊ အသားစားရင်း ခွက်ချင်းတိုက်နေကြဆဲ ဖြစ်ကာ အရက်နံ့များက လေထုထဲတွင် ပျံ့လွင့်နေသည်။
တချိန်တည်းမှာပင် အလွန် အားကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး တပ်ရင်းမှူးရုံး တစ်ခုလုံးကို ဖိအားပေးထားလိုက်သည်။
ဤသည်မှာ ဆရာသခင်ကြီး နင်ဇောင်ဝူ၏ စွမ်းအားနယ်ပယ်ပင် ဖြစ်၏။
“ဆရာသခင်ကြီး တစ်ယောက်ကို အားကိုးပြီး အသက်ရှင်ဖို့ ကြိုးစားနေတာလား။ နေ့ခင်းကြောင်တောင် အိမ်မက်လာမက်နေတာပဲ” ကျန်းရှောင်က နှာခေါင်းရှုံ့လိုက်သည်။
ချက်ချင်းပင် နောက်ထပ် အားကောင်းသော စွမ်းအားနယ်ပယ်တစ်ခု မြင့်တက်လာပြီး တစ်နေရာလုံးကို ပြန်လည် ဖိအားပေးလိုက်သည်။
ထျန်တောက်အဖွဲ့ ခေါင်းဆောင် လီတောက်အန်း
၏ စွမ်းအားနယ်ပယ်သည် ယခုအချိန်၌ နင်ဇောင်ဝူထက် လုံးဝ မနိမ့်ကျပေ။ ဆရာသခင်ကြီး နင်ဇောင်ဝူသည် ဒဏ်ရာအပြင်းအထန် ရရှိထားဆဲဖြစ်ပြီး ခွန်အားထက်ဝက်ကျော်သာ ကျန်ရှိတော့သဖြင့် လီတောက်အန်း
က သူ့ကို ဖိနှိပ်ထားနိုင်လေသည်။
လီတောက်အန်းသည် လူလုံးထွက်မပြသော်လည်း ဆရာသခင်ကြီး နင်ဇောင်ဝူကို လုံးဝ ထိန်းချုပ်ထားလိုက်ပြီး မည်သူ့ကိုမျှ ကူညီကယ်တင်ခွင့် မရအောင် တားဆီးထားလိုက်သည်။
သစ္စာဖောက် တပ်ရင်းမှူး ကျန်းရှောင်က စကားပို မပြောတော့ဘဲ တိုက်ရိုက် အမိန့်ပေးလိုက်သည် “သတ်… တုပိုင်ကို တစ်စစီ ခုတ်ပိုင်းပစ်”
ချက်ချင်းပင် သစ္စာဖောက် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် ၅၀၀ သည် ဒီရေအလား တပ်ရင်းမှူးရုံးဟောင်း အတွင်းသို့ ဝင်ရောက်လာကြသည်။
ကျန်းရှောင်ကို သစ္စာခံသော စစ်သည် ၅၀၀ သည် တပ်ရင်းမှူးရုံး အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်စီးနင်းကြသည်။ သိုင်းပညာရှင်အချို့သည် တံခါးကိုပင် အသုံးပြုခြင်း မရှိဘဲ ပြတင်းပေါက်များကို ဖျက်ဆီးကာ တိုက်ရိုက် ခုန်ဝင်ကြသည်။
အတွင်း၌ အရက်နံ့များ လှိုင်နေသော်လည်း တုပိုင်နှင့် အခြားသူများ ဘယ်ရောက်နေသနည်း။ အရိပ်အယောင်မျှပင် မတွေ့ရပေ။
တောင်းရမ်းစားသောက်သူ သူတောင်းစားအချို့သာ အရက်မူးနေကြသည်ကို တွေ့ရသည်။ ကျန်းရှောင်နှင့် လူအုပ်ကြီး ဝင်ရောက်လာသည်ကို မြင်သောအခါ သူတို့က မူးမူးရူးရူးဖြင့်ပင် လှမ်းအော်လိုက်ကြသည် “ညီအစ်ကိုတို့… ဘယ်သူတွေလဲ။ လာ… ကျုပ်တို့နဲ့အတူ အရက်သောက်ကြ”
ရုတ်တရက် ကျန်းရှောင် ဒေါသထွက်သွားသည်။ သူသည် ရှေ့တိုးသွားပြီး သူတောင်းစား အားလုံးကို ရက်စက်စွာ သတ်ဖြတ်ပစ်လိုက်သည်။
“အားးးး အားးးး အားးး”
ထို့နောက် ကျန်းရှောင်သည် လူများကို စေလွှတ်၍ တပ်ရင်းမှူးရုံးဟောင်း၏ နေရာအနှံ့အပြားကို ရှာဖွေခိုင်းလိုက်သည်။ သို့သော် အားလုံး ဗလာဟင်းလင်း ဖြစ်နေ၏။ တုပိုင်နှင့် သူ့လက်အောက်ငယ်သားများသည် လုံးဝ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
“ပိုင်ဆယ်မြို့ တစ်မြို့လုံးကို ပိတ်ဆို့ထားလိုက်။ မြေကြီး သုံးပေလောက်အထိ တူးပြီးရှာရရင်တောင် တုပိုင်ကို ရှာတွေ့အောင် ရှာရမယ်”
“ရှာ… ရှာ… အိမ်တိုင်းစေ့ ဝင်ရှာ”
“ဖမ်းဝရမ်းထုတ် ၊ ပုံတူပန်းချီကားတွေ ကပ်ပြီး နေရာတိုင်းမှာ ကြေညာထား”
ကျန်းရှောင်က ဒေါသတကြီး အမိန့်ပေးလိုက်သည်။
ထိုစဉ် ဘေးနားမှ တပ်မှူးငယ်တစ်ယောက်က မေးလိုက်သည် “တပ်ရင်းမှူး… ကျွန်တော်တို့ တပ်ဆုတ်လိုက်ကြမလား”
ကျန်းရှောင်က ပြောလိုက်သည် “မဆုတ်ဘူး… ဒီနေရာကို သိမ်းပိုက်ထားမယ်။ ဒါက တုပိုင်ရဲ့ တစ်ခုတည်းသော အခြေစိုက်စခန်းပဲ။ ဒီနေရာပါ ဆုံးရှုံးသွားရင် သူက မင်းကြီးလီယွီထန်ကို ဘယ်မျက်နှာနဲ့ သွားတွေ့တော့မလဲ”
ထိုကဲ့သို့ပင် ကျန်းရှောင်သည် စစ်သည် ၅၀၀ ကို ဦးဆောင်၍ တုပိုင်၏ တပ်ရင်းမှူးရုံးဟောင်းကို သိမ်းပိုက်လိုက်လေသည်။
**--**--**--**--**--**--**--**
ထိုအချိန်တွင် ပိုင်ဆယ်မြို့ရှိ မြေအောက်လျှို့ဝှက်ခန်း တစ်ခု၌ သာမန်ရုပ်ရည်ရှိသော လူတစ်ယောက်သည် တုပိုင်၏ ရှေ့တွင် ဒူးထောက်ကာ ပြောလိုက်သည် “လက်အောက်ငယ်သား ၊ လျှို့ဝှက်အမည် မိုးတိမ်မည်း ၊ သခင်လေးကို ဂါရဝပြုပါတယ်”
လွန်ခဲ့သော နှစ်များအတွင်း လီဝမ်ဟွေ့သည် လီမိသားစု ပိုင်နက်ဖြစ်သော ပိုင်ဆယ်စီရင်စုသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့သော်လည်း လျှို့ဝှက်သူလျှိုအချို့ကို မြှုပ်နှံထားနိုင်ခဲ့သည်။ ဤ မိုးတိမ်မည်းသည် ထိုအထဲမှ တစ်ယောက် ဖြစ်သည်။
“ငါတို့ရဲ့ ပထမဆုံး ခြေလှမ်းကို ကျားကို တွင်းအပြင် ထွက်လာအောင် မျှားခေါ်ခြင်းလို့ ခေါ်တယ်”
“ကျန်းရှောင်ရဲ့ တပ်ရင်းမှူးရုံးသစ်က ငါတို့ လုံးဝ တိုက်ခိုက်လို့ မရနိုင်တဲ့ ထျန်တောက်အဖွဲ့ အနီးမှာ ရှိတယ်။ သူသာ အဲဒီရုံးသစ်ကနေ အပြင်မထွက်လာရင် ငါတို့ သူ့ကို ကိုင်တွယ်ဖို့ နည်းလမ်းမရှိဘူး။ အခု ငါတို့ သူ့ကို တွင်းအပြင် ထွက်လာအောင် အောင်မြင်စွာ မျှားခေါ်နိုင်ခဲ့ပြီ။ ငါ့ကို စိန်ခေါ်ဖို့အတွက် သူက တပ်ရင်းမှူးရုံးဟောင်းကနေ ခဏလောက် ထွက်သွားမှာ မဟုတ်တော့ဘူး”
ဤအချက်မှာ မှန်ကန်ပေသည်။ ကျန်းရှောင်၏ အမြင်တွင် တပ်ရင်းမှူးရုံးဟောင်းသည် နန်းတွင်းကို ကိုယ်စားပြုပြီး ၊ ပိုင်ဆယ်မြို့ရှိ အရှေ့ဘက်ကွပ်ကဲရေးရုံး၏ တစ်ခုတည်းသော ခြေကုပ်စခန်း ၊ တုပိုင်၏ အကြွင်းမဲ့ အခြေစိုက်စခန်း ဖြစ်သည်။ ထိုသည်ကိုကို ဆုံးရှုံးလိုက်ရခြင်းသည် မျက်နှာပျက်စရာ ကိစ္စဖြစ်ပြီး စစ်တပ်တစ်ခုက တပ်စခန်းကို လက်လွှတ်လိုက်ရခြင်းနှင့် အတူတူပင် ဖြစ်၏။
သို့သော် တုပိုင်အတွက်မူ ပိုင်ဆယ်စီရင်စု အတွင်း သူ ရောက်ရှိသော နေရာတိုင်းသည် အရှေ့ဘက်ကွပ်ကဲရေးရုံး ဖြစ်သည်။ အရေးကြီးသော အချိန်များတွင် သူတို့အဖွဲ့သည် ယန်အန်းကိုပင် ငါးစာအဖြစ် အသုံးပြုနိုင်သေးရာ ဤ တပ်ရင်းမှူးရုံးဟောင်းလောက်ကတော့ အေးဆေးပင်ဖြစ်၏။
“ပိုင်ဆယ်စီရင်စုမှာ ငါတို့ရဲ့ ပထမဆုံး တိုက်ပွဲက အရှေ့ဘက်ကွပ်ကဲရေးရုံး သစ္စာဖောက် တပ်ရင်းမှူး ကျန်းရှောင်ကို ရှင်းလင်းရေးပဲ။ ဒါက ကွပ်ကဲရေးမှူးရုံးက ထုတ်ပြန်တဲ့ သစ္စာဖောက် ဖယ်ရှားရှင်းလင်းရေး အမိန့်ပဲ”
တုပိုင်သည် အမိန့်စာ တစ်စောင်ကို ထုတ်ယူလိုက်သည်။ ထိုအမိန့်စာတွင် ကွပ်ကဲရေးမှူးရုံး၏ တံဆိပ်တုံးသာမက မြို့တော်ရှိ အရှေ့ဘက်ကွပ်ကဲရေးရုံးချုပ်၏ တံဆိပ်တုံးကြီးပါ ပါရှိလေသည်။
“နောက်ရက်အနည်းငယ်အတွင်း ကျန်းရှောင်နဲ့ သူ့ရဲ့ စစ်သည် ရာချီက တပ်ရင်းမှူးရုံးဟောင်းမှာပဲ နေလိမ့်မယ်။ ဒါပေမဲ့ သူ ကြာကြာနေမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီမှာ နေထိုင်ရတာ အဆင်မပြေဘူး ၊ ပြီးတော့ သူ အသိဝင်လာတာနဲ့ လုပ်ကြံခံရမှာ ကြောက်ပြီး ထျန်တောက်အဖွဲ့နားကို ချက်ချင်း ပြန်ပြေးလိမ့်မယ်။ ဒါပေမဲ့ လီလင်းယွီရဲ့ အမိန့်မရဘဲ သူ လုံးဝ ပြန်မသွားရဲဘူး”
“ဒါကြောင့် နောက်ရက်အနည်းငယ်အတွင်း သစ္စာဖောက် တပ်ရင်းမှူး ကျန်းရှောင်နဲ့ သူ့ရဲ့ စစ်သည် ရာချီကို ရှင်းလင်းဖို့ ငါတို့ အမြန် လှုပ်ရှားရမယ်”
“ဒါကြောင့် ငါတို့ စစ်တပ်တစ်တပ် လိုတယ်။ အရမ်းကြီးစရာ မလိုဘူး ၊ လူရာဂဏန်းလောက်ဆို လုံလောက်ပြီ။ ဒီစစ်တပ်ကို ပိုင်ဆယ်စီရင်စု အတွင်းကပဲ ရှာရမယ်။ အပြင်ကနေ လုံးဝ ခေါ်လာလို့ မဖြစ်ဘူး”
အကယ်၍ တာ့နင်အင်ပါယာက ပြင်ပမှ စစ်တပ်များကို ပိုင်ဆယ်မြို့အတွင်းသို့ စေလွှတ်လိုက်လျှင် လီမိသားစု စော်ဘွားကလည်း ပိုင်ဆယ်စီရင်စုကို စစ်ကူများ ပို့လာမည် ဖြစ်ပြီး ပဋိပက္ခများ ကြီးထွားလာကာ စစ်ပွဲစောစီးစွာ ဖြစ်ပေါ်လာနိုင်သည်။
လက်ရှိတွင် ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ အန်နမ်နိုင်ငံနှင့် အဆုံးအဖြတ်တိုက်ပွဲ စတင်နေပြီ ဖြစ်ရာ လီမိသားစုကို လုံးဝ ပုန်ကန်ခွင့် မပေးနိုင်ပေ။
တဖက်တွင်လည်း လီမိသားစုသည် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို ပေါင်းစည်းရန် အရေးကြီးသော အချိန်ရောက်နေသဖြင့် ပုန်ကန်ရန် အကောင်းဆုံးအချိန် မဟုတ်သေးပေ။
အပိုင်း ၃၂၂ ပြီး။