← Chapters

အခန်း (၃၂၃)

Vol. 33 Ch. 323

အခန်း (၃၂၃)

Vol. 33 Ch. 323

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၂၃

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

တုပိုင်က ပြောလိုက်သည် “မိုးတိမ်မည်း… လီစန်းကို မြို့ပြင်ထွက်ပြီး အန်လုံစော်ဘွားစီရင်စုကို သွားနိုင်အောင် လျှို့ဝှက်စီစဉ်ပေးလိုက်။ ဗိုလ်ချုပ်ချူဟုန်ယဲ့ကို ဝံပုလွေတပ်ဖွဲ့ဝင် သုံးထောင် ဦးဆောင်ပြီး ပိုင်ဆယ်စီရင်စု တောင်ဘက်အထိ ချီတက်လာခိုင်းလိုက် ၊ ဒါပေမဲ့ ဘာတိုက်ခိုက်မှုမှ မလုပ်ခိုင်းနဲ့”

“ဒါက ငါ့ရဲ့ မွေးစားအဖေ လီဝမ်ဟွေ့နဲ့ ဘိုးဘေးကြီး လီလျန်တင်းရဲ့ ကိုယ်ပိုင်စာပဲ။ ဒါကို ဖတ်ပြီးရင် သူ ကူညီလိမ့်မယ်”

“ဟုတ်ကဲ့ပါ” လီစန်းက ပြန်ပြောလိုက်သည်။

တုပိုင်က ဆရာသခင်ကြီး နင်ဇောင်ဝူကို ကြည့်ပြီး ပြောလိုက်သည် “ဆရာသခင်ကြီးနင်… လီမိသားစု စော်ဘွားပိုင်နက်ထဲကို နောက်တစ်ခေါက်လောက် သွားပေးဖို့ အကူအညီ တောင်းချင်ပါတယ်”

နင်ဇောင်ဝူက ခေါင်းညိတ်ပြီး မေးလိုက်သည် “ဘာကိစ္စအတွက်လဲ”

တုပိုင်က ပြောသည် “လက်ရှိမှာ လီမိသားစုက အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို လျင်မြန်စွာ ပေါင်းစည်းနေတယ် ၊ သိမ်းပိုက်ဖို့တောင် လုပ်နေတာ။ ဒေသခံခေါင်းဆောင် အများစုက လီမိသားစု နောက်လိုက်ရင် အနာဂတ် မီးနတ်ဘုရားအင်ပါယာ တည်ထောင်တဲ့အခါ ဘုရင်တွေ ၊ နယ်စားတွေ ဖြစ်လာမယ်ဆိုပြီး မျှော်လင့်နေကြတာ။ ဒါပေမဲ့ အသိမ်းပိုက်မခံချင်တဲ့ ဒေသခံခေါင်းဆောင် အနည်းစုလည်း ရှိသေးတယ်။ ဥပမာ မိုးကြိုးစော်ဘွားလိုမျိုးပေါ့။ ဆရာသခင်ကြီးအနေနဲ့ မိုးကြိုးစော်ဘွားကို သွားရောက်လုပ်ကြံပြီး အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ အတွင်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင် လုပ်ပေးပါ။ ဒီလို အရေးကြီးတဲ့အချိန်မှာ လီရူဟိုင်ပဲဖြစ်ဖြစ် ၊ လီဝမ်ဝမ်ပဲဖြစ်ဖြစ် ၊ ကျန်နေတဲ့ ဒေသခံခေါင်းဆောင်တွေ စိတ်ဝမ်းမကွဲအောင် ၊ ယုန်သေလို့ ခွေး ဝမ်းနည်းသလို မဖြစ်ရအောင် သေချာပေါက် လိုက်ပြီးတော့ နှစ်သိမ့်ရလိမ့်မယ်။ ဒါမှ သူတို့ရဲ့ ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို မထိခိုက်မှာလေ။ ဒီနည်းနဲ့ လီရူဟိုင်ရော ၊ လီဝမ်ဝမ်ပါ ဗျာများနေလိမ့်မယ်။ ဒါဆို ဗိုလ်ချုပ်ချူဟုန်ယဲ့အတွက် ဘာအန္တရာယ်မှ ရှိတော့မှာ မဟုတ်ဘူး”

နင်ဇောင်ဝူက ခေါင်းညိတ်ပြီး ပြောလိုက်သည် “ကောင်းပြီ… ငါ အခုချက်ချင်း သွားလိုက်မယ်”

တုပိုင်က ဦးညွှတ်လိုက်သည်။ ဆရာသခင်ကြီး နင်ဇောင်ဝူကဲ့သို့သော အင်ပါယာ၏ ရတနာ ၊ ဂုဏ်သရေရှိ ဆရာသခင်ကြီး တစ်ဦးကို သူက လူသတ်သမားအဖြစ် အသုံးပြုနေရသဖြင့် စိတ်ထဲတွင် အလွန် အားနာမိလေသည်။

“အခု အရေးကြီးဆုံးအချက်က ပိုင်ဆယ်စီရင်စု အတွင်းမှာရှိတဲ့ ငါတို့ပိုင် စစ်တပ်တစ်တပ်ကို ဘယ်လို ရှာမလဲ ဆိုတာပဲ” တုပိုင်က ပြောလိုက်သည် “ဆရာလီဝေ ၊ အစ်မပြောင်ပြောင် ၊ လီစစ်… ခင်ဗျားတို့အားလုံး ဒီည ကျုပ်နဲ့အတူ ကိုယ်ပိုင်စစ်တပ် သွားရှာကြမယ်”

“ကောင်းပြီ” လူများက ပြန်ဖြေလိုက်ကြသည်။

**--**--**--**--**--**--**--**

ညမထွက်ရ အမိန့် ထုတ်ထားသော်လည်း လီဝေ ၊ ကျီပြောင်ပြောင်နှင့် လီစစ်တို့မှာ သိုင်းပညာရှင်များ ဖြစ်ကြပြီး ၊ တုပိုင် ကိုယ်တိုင်လည်း အဆင့် ၆ သိုင်းပညာရှင် ဖြစ်နေပြီ ဖြစ်ရာ ကင်းလှည့်စစ်သည်များကို ရှောင်ကွင်းသွားရန်မှာ ပြဿနာ မဟုတ်ပေ။

နံနက် ၁ နာရီခန့်တွင် တုပိုင်သည် အိမ်တစ်အိမ်၏ ရှေ့သို့ ရောက်ရှိလာသည်။

ဤသည်က မီးဟွမ်းလောင်ဖြစ်သည်လော။ တုပိုင်သည် မိစ္ဆာမကြီးမိုယင်ပြောခဲ့သည့် မိုမိသားစုလက်စွပ်ကို လာရောက်ယူဆောင်းခြင်းဖြစ်လေ၏။

လွန်ခဲ့သော နှစ်ပေါင်းရာချီက မိုမိသားစုသည် အန်နမ်နိုင်ငံ၏ တော်ဝင်မိသားစု ဖြစ်ခဲ့ဖူးသဖြင့် ဤလက်စွပ်ကို ဘုရင့်အမိန့်ပေးလက်စွပ်ဟုလည်း ခေါ်ဆိုကြသည်။

ဤလက်စွပ်ထဲတွင် မိုမိသားစု၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည့် မိုမိသားစု ရတနာသိုက်၏ လျှို့ဝှက်ချက် ပါဝင်လေသည်။

မသေဆုံးမီတွင် ဒေသခံခေါင်းဆောင် မိုယင်သည် တုပိုင်ကို ဤလျှို့ဝှက်ချက်အား ပြောပြခဲ့ပြီး ၊ မိုမိသားစု၏ အနာဂတ် မျှော်လင့်ချက်ကို တုပိုင်ထံ အပ်နှံခဲ့သလို ၊ မိုမိသားစု၏ ကျန်ရှိနေသော အင်အားစုများကိုလည်း တုပိုင်ထံ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် တုပိုင်၏ စစ်တပ်သည် မိုမိသားစု၏ အစောင့်အရှောက်ဟောင်းများ ၊ တိတိကျကျ ပြောရလျှင် အကြွင်းအကျန် သွေးဂိုဏ်း ဖြစ်လာမည်။

ပိုင်ဆယ်စီရင်စု၏ အင်အားဖြန့်ကျက်မှုမှာ အောက်ပါအတိုင်း ဖြစ်သည်။ လီမိသားစုက ဆယ်ပုံခြောက်ပုံ ၊ ကျီချင်းကျူ၏ အပြာရောင်နဂါးဂိုဏ်းက ဆယ်ပုံသုံးပုံနှင့် မိုမိသားစု၏ အကြွင်းအကျန် သွေးဂိုဏ်းက ဆယ်ပုံတစ်ပုံ ပိုင်ဆိုင်ထားသည်။

အရှေ့ဘက်ကွပ်ကဲရေးရုံး သူလျှိုများ၏ သတင်းအချက်အလက်အရ အကြွင်းအကျန် သွေးဂိုဏ်းသည် ပိုင်ဆယ်စီရင်စု၏ အောက်ခြေပိုင်းတွင် အများဆုံး လှုပ်ရှားလေ့ရှိပြီး စုစုပေါင်း လူအင်အား လေးထောင်ကျော် ရှိသည်။

ပိုင်ဆယ်မြို့တွင်မူ စစ်သည် ရာဂဏန်းခန့်သာ ရှိပြီး အားလုံး မြေအောက်တွင် လှုပ်ရှားကြသည်။ ယခုအချိန်အထိ အကြွင်းအကျန် သွေးဂိုဏ်းသည် လီမိသားစုကို အကြိမ်ကြိမ် လျှို့ဝှက်တိုက်ခိုက်ခဲ့ဖူးသည်။

တာ့နင်အင်ပါယာနှင့် ယှဉ်လျှင် သူတို့က လီမိသားစုကို ပိုမို မုန်းတီးကြသည်။ အဘယ်ကြောင့်ဆိုသော် လီမိသားစု၏ သစ္စာဖောက်မှုကြောင့် သူတို့ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရပြီး ၊ ကြီးမြတ်သော မိုမိသားစု စော်ဘွားစီရင်စုကြီး ပျက်သုဉ်းခဲ့ရသောကြောင့် ဖြစ်သည်။

လီမိသားစု၏ အကြီးမားဆုံး ရန်သူဖြစ်သည့်အားလျော်စွာ အကြွင်းအကျန် သွေးဂိုဏ်း၏ လှုပ်ရှားမှုများသည် အလွန် လျှို့ဝှက်ပြီး နေ့ဘက်တွင် တွေ့ရခဲကာ သူတို့၏ ပုန်းခိုရာ နေရာများကိုလည်း မည်သူမျှ သေချာ မသိရှိကြပေ။

တုပိုင်သည် မီးဟွန်းလောင်ဟူသော အမည်ကို စတင် ကြားသိရစဉ်က ကြောက်မက်ဖွယ် ကောင်းသော အဆောက်အအုံတစ်ခု ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ယင်းသည် သာမန် အရက်ဆိုင်လေးတစ်ဆိုင် ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ တုပိုင်နှင့် အဖွဲ့သားများသည် တံခါးမခေါက်ဘဲ ပြတင်းပေါက်မှတစ်ဆင့် တိုက်ရိုက် ကျော်ဝင်လိုက်ကြသည်။

“ရွှီးးး ရွှီးးး ရွှီးးး”

ချက်ချင်းပင် အမှောင်ထဲမှ လက်နက်ဝှက်များစွာသည် သူတို့ထံသို့ လျင်မြန်စွာ ပျံဝဲလာသည်။.တုပိုင်နှင့် လူများသည်လည်း လျင်မြန်စွာ ရှောင်တိမ်းလိုက်ကြသည်။

နောက်တစ်စက္ကန့်တွင် မဲနက်သော အရိပ်တစ်ခု လေကိုခွင်း၍ ရောက်ရှိလာပြီး ထက်ရှသော ဓားတစ်လက်သည် သူတို့ထံသို့ တည့်တည့် ထိုးစိုက်လာလေသည်။

ကျီပြောင်ပြောင်နှင့် လီစစ်တို့ လှုပ်ရှားလိုက်ကြပြီး ထိုလူ၏ ဓားကို ပိတ်ဆို့လိုက်ကြသည်။

“ထန်းးး” ကျီပြောင်ပြောင်၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် အနည်းငယ် တုန်ခါသွားသည်။

သူမ၏ သွေးကြောများ ထိခိုက်ဒဏ်ရာ ရထားသဖြင့် ဆရာသခင်အဆင့် စွမ်းအားကို အပြည့်အဝ မထုတ်သုံးနိုင်ပေ။ လီစစ်နှင့် ပူးပေါင်းတိုက်ခိုက်သည့်တိုင် ထိုလူ၏ ဓားကို ကောင်းစွာ မပိတ်ဆို့နိုင်ခဲ့ပေ။

နောက်တစ်စက္ကန့်တွင် ထိုလူ၏ ပုံရိပ်သည် လျှပ်စီးကဲ့သို့ လှုပ်ရှားသွားပြီး ထက်ရှသော ဓားသည် သရဲတစ္ဆေတစ်ကောင်အလား အလွန်မြန်ဆန်သော အရှိန်ဖြင့် တုပိုင်ထံသို့ ထိုးစိုက်လာသည်။

ဤလူ၏ သိုင်းပညာအဆင့်အတန်းမှာ အံ့သြဖွယ် ကောင်းလောက်အောင် မြင့်မားလှပေသည်။ အကယ်၍ သူ မခန့်မှန်းမိသည်သာ မမှားယွင်းခဲ့ပါက ဤလူသည် ပထမအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ပေလိမ့်မည်။

တုပိုင်က ပြောလိုက်သည် “ငါ အာယဲ့ကို ရှာနေတာ”

ထိုစကားကို ကြားလိုက်ရသည်နှင့် တဖက်လူ၏ လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤအမည်သည် သူ၏ နာမည်ပြောင်ဖြစ်ပြီး သူ့ကို မွေးစားခဲ့သော မိခင်မှလွဲ၍ မည်သူမျှ မသိရှိသောကြောင့် ဖြစ်သည်။

သူသည် ဦးစွာ ကြက်သေသေသွားပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားလာကာ တုန်ယင်စွာဖြင့် မေးလိုက်သည် “ကျွန်တော့်ရဲ့ မွေးစားအမေက လွှတ်လိုက်တာလား”

ထို့နောက် သူသည် ပြတင်းပေါက်များကို လျင်မြန်စွာ ပိတ်လိုက်ပြီး လိုက်ကာထူကြီးများဖြင့် အလစ်အဟပ် မရှိအောင် ကာရံလိုက်ကာ ဖယောင်းတိုင် မီးညှိလိုက်သည်။

တုပိုင်သည် ထိုလူ၏ ရုပ်ရည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ လူအုပ်ထဲတွင် ရောနှောနေပါက မည်သူမျှ သတိထားမိမည် မဟုတ်သော သာမန်ရုပ်ရည်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သို့သော် ဤလူသည် ပထမအဆင့် သိုင်းပညာရှင်တစ်ဦး၏ စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

မှန်ပေသည် ၊ ဤကဲ့သို့ ကျွမ်းကျင်ပညာရှင်မျိုးကသာလျှင် မိုမိသားစု၏ အမိန့်ပေးလက်စွပ်ကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

“မိုမိသားစု စော်ဘွား မိုယင်က ငါ့ကို လွှတ်လိုက်တာ။ ငါက မိုမိသားစုရဲ့ ဘုရင့်အမိန့်ပေးလက်စွပ်ကို လာယူတာ” တုပိုင်က ပြောလိုက်သည်။

အာယဲ့က မေးလိုက်သည် “စကားဝှက်က ဘာလဲ”

ထိုသို့ မေးလိုက်စဉ် သူ၏ မျက်နှာသည် အနည်းငယ် နီမြန်းသွားသည်။ အဘယ်ကြောင့်ဆိုသော် စကားဝှက်သည် အနည်းငယ် ရှက်စရာ ကောင်းနေသောကြောင့် ဖြစ်၏။

တုပိုင်က ပြောလိုက်သည် “အာယဲ့… မင်း အသက် ၁၁ နှစ်တုန်းက အိပ်ရာထဲ ရှူးပေါက်ချတဲ့အကြောင်း ငါ ဘယ်သူ့ကိုမှ မပြောပြထားဘူး”

ထိုစကားကို ကြားသောအခါ ပထမအဆင့် သိုင်းပညာရှင် လူလတ်ပိုင်းအရွယ် အာယဲ့သည် ချက်ချင်း ဒူးထောက်ချလိုက်ပြီး တုန်ယင်စွာ ပြောလိုက်သည် “ဆယ်နှစ်ကျော်ပြီ… ဆယ်နှစ်ကျော်ခဲ့ပြီပဲ။ နောက်ဆုံးတော့ မွေးစားအမေဆီက သတင်းရခဲ့ပြီ။ ဒီနေ့ကို မြင်တွေ့ခွင့် ရလိမ့်မယ်လို့ ထင်တောင် မထင်ထားခဲ့ဘူး”

ဤစကားတစ်ခွန်းတည်းဖြင့် သူသည် မိုမိသားစုအပေါ် ၊ ပို၍ တိကျစွာ ပြောရလျှင် မိုမိသားစု စော်ဘွား မိုယင်အပေါ် မည်မျှ သစ္စာရှိကြောင်း သိသာထင်ရှားလှပေသည်။

ထို့နောက် အာယဲ့က မေးလိုက်သည် “မွေးစားအမေ နေကောင်းရဲ့လား။ သူ ဘယ်မှာလဲ”

တုပိုင်က ဖြေသည် “သူ… သူ မရှိတော့ဘူး။ သူ့ခင်ပွန်း ကန်ထော်က သူ့ကို နက်ရှိုင်းတဲ့ ဂူထဲမှာ ပိတ်လှောင်ထားပြီး သတ်လိုက်ပြီ”

“ငါ ထင်သားပဲ… ငါ ထင်သားပဲ” အာယဲ့သည် ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည် “ကန်ထော်က လူကောင်း မဟုတ်ဘူး ၊ နှလုံးသားမရှိတဲ့ တိရစ္ဆာန်ကောင်ဆိုတာ ငါ သိတယ်။ သူ့ကို တစ်စစီ ခုတ်ပိုင်းသတ်ပစ်သင့်တယ်”

ထို့နောက် အာယဲ့က မေးပြန်သည် “မွေးစားအမေ မဆုံးခင် ခံစားသွားရသေးလား”

တုပိုင်က ပြောလိုက်သည် “မခံစားရပါဘူး… သူ ကောင်းကောင်းမွန်မွန်ပဲ ထွက်ခွာသွားပါတယ်”

မှန်ပေသည် ၊ ကြီးမားသော လွတ်မြောက်မှုကြီးပင်။ သူမ၏ ချီစွမ်းအင်များ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်လည်း ပျော်ဝင်သွားခဲ့သည်။

အာယဲ့သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ထိန်းချုပ်မရအောင် ရှိုက်ငိုနေလေသည်။ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီးနောက် ဤကဲ့သို့သော သတင်းဆိုးကို ကြားလိုက်ရသဖြင့် သူ၏ ချစ်လှစွာသော ၊ သူ အသစ္စာအရှိဆုံး မွေးစားမိခင်ကြီး ဤလောကတွင် မရှိတော့ကြောင်း သိလိုက်ရသောအခါ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ကြီးစွာသော ဝမ်းနည်းပူဆွေးမှုက လွှမ်းမိုးသွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် အာယဲ့သည် သူ၏ ဝမ်းနည်းမှုကို ထိန်းသိမ်းလိုက်ပြီး မေးလိုက်သည် “အရှင်… ဘာလို့ မွေးစားအမေက မိုမိသားစုရဲ့ မျှော်လင့်ချက်ကို အရှင့်ဆီ အပ်နှံခဲ့တာလဲ။ ပြီးတော့ ဘာလို့ အမိန့်ပေးလက်စွပ်ကို လာယူခိုင်းတာလဲ”

တုပိုင်က ပြောလိုက်သည် “ဘာလို့လဲဆိုတော့ ငါက ဆရာသခင်ကြီး ခွေးအိမ်ရဲ့ ဆက်ခံသူ ဖြစ်နေလို့ပဲ”

“မွေးစားအဖေလား” အာယဲ့ တုန်လှုပ်သွားသည် “အရှင်က… အရှင်က မွေးစားအဖေရဲ့ ဆက်ခံသူလား”

တုပိုင် အံ့အားသင့်သွားသည်။ ဤ အာယဲ့က ဆရာသခင်ကြီး ခွေးအိမ်ကို သူ့မွေးစားအဖေဟု ခေါ်နေသည်လော။

အာယဲ့က ရှင်းပြသည် “ကျွန်တော်က ငယ်ငယ်ကတည်းက မိဘမဲ့ပါ။ အအေးမိပြီး ငတ်သေဖို့ ဖြစ်လာမယ့် ကံကြမ္မာပါပဲ။ ဒါပေမဲ့ ဆရာသခင်ကြီး ခွေးအိမ်က ကျွန်တော့်ကို တွေ့ပြီး အသက်ကယ်ခဲ့တယ်။ အဲဒီနောက်ပိုင်း နှစ်အနည်းငယ်လောက် ကျွန်တော် သူ့နောက်လိုက်ပြီး ကမ္ဘာအနှံ့ လှည့်လည်သွားလာခဲ့တယ်။ နောက်တော့ မိုမိသားစု စော်ဘွားအိမ်တော်ကို ရောက်လာပြီး မွေးစားအဖေက စော်ဘွားမိုယင်နဲ့ တွေ့ဆုံခဲ့တယ်။ ကျွန်တော်က ကလေးပဲ ရှိသေးတော့ တည်ငြိမ်တဲ့ အိမ်တစ်လုံး လိုအပ်တယ်ဆိုပြီး မိုမိသားစု စော်ဘွား မိုယင်ဆီမှာ အပ်နှံခဲ့တယ်။ အဲဒီလိုနဲ့ သူက ကျွန်တော့်ရဲ့ မွေးစားအမေ ဖြစ်လာခဲ့တာပါ”

ထို့နောက် အာယဲ့က တုန်ယင်စွာ မေးလိုက်သည် “မွေးစားအဖေရော နေကောင်းရဲ့လား”

တုပိုင်က ပြောလိုက်သည် “သူလည်း ဆုံးပါပြီ”

ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် တုပိုင်သည် သူ၏ စိတ်အာရုံထဲမှ ဆရာသခင်ကြီး ခွေးအိမ်၏ မှတ်ဉာဏ်အပိုင်းအစတစ်ခုကို ရှာဖွေလိုက်သည်။

ချက်ချင်းပင် သူ၏ မျက်နှာပေါ်၌ ဆရာသခင်ကြီး ခွေးအိမ်၏ ဝိညာဉ်ရောင်ခြည်များ ပေါ်လာပြီး အာယဲ့နှင့် ပတ်သက်သော အမှတ်တရများ ဝင်ရောက်လာသည်။ ထိုအချိန်က အာယဲ့သည် ကလေးလေးသာ ရှိသေးပြီး ဆရာသခင်ကြီး ခွေးအိမ်က သူ့ကို ခွေးပေါက်လေးတစ်ကောင် ပေးလိုက်ရာ အလွန် ပျော်ရွှင်သွားခဲ့သည်။

“အရူးလေး…” တုပိုင်သည် ဆရာသခင်ကြီး ခွေးအိမ်၏ လေသံဖြင့် ပြောလိုက်သည်။

အာယဲ့သည် တဖန် ဒူးထောက်ကျသွားပြန်ပြီး ရှိုက်ကြီးတငင် ငိုကြွေးကာ ဦးခိုက်လိုက်လေသည်။

“အရှင်… ခဏစောင့်ပါ”

အချိန်အတော်ကြာပြီးနောက် သူသည် ထရပ်လိုက်ပြီး အတွင်းခန်းထဲသို့ ဝင်ကာ လျှို့ဝှက်အခန်းတစ်ခုကို ဖွင့်လိုက်ပြီး သေတ္တာတစ်လုံးကို ယူထုတ်လာသည်။ အတွင်း၌ လက်စွပ်တစ်ကွင်း ရှိနေပြီး ယင်းမှာ မိုမိသားစု၏ ဘုရင့်အမိန့်ပေးလက်စွပ် ဖြစ်သည်။

အနက်ရောင် သံလက်စွပ်ကိုယ်ထည်ပေါ်တွင် နက်နဲဆန်းကြယ်သော စွမ်းအင်များ ပြည့်နှက်နေသည့် ပုံဆောင်ခဲတစ်ခုကို မြှုပ်နှံထားသည်။ ဤလက်စွပ်သည် မိုမိသားစု ပြန်လည် နိုးထလာမည့် မျှော်လင့်ချက်လော။ ဤလက်စွပ်ထဲတွင် မိုမင်းဆက်၏ ရတနာသိုက် ရှိနေသည်လော။

အာယဲ့သည် ဦးညွှတ်ပြီး မိုမိသားစု ဘုရင့်အမိန့်ပေးလက်စွပ်ကို တုပိုင်ထံ ပေးအပ်လိုက်သည်။

ထို့နောက် သူသည် တဖန် ဒူးထောက်လိုက်ပြီး ပြောလိုက်သည် “မိုယဲ့က သခင်ကြီးကို ဂါရဝပြုပါတယ်”

သခင်ကြီးလော။ တုပိုင် အံ့အားသင့်သွားပြီး ပြောလိုက်သည် “ငါက ဒီလက်စွပ်ကို ခဏ ထိန်းသိမ်းထားပေးရုံပါပဲ။ မိုမိသားစုရဲ့ ဆက်ခံသူအစစ်ကို ပြန်ပေးရမှာ”

မိုယဲ့က ပြောလိုက်သည် “ကျွန်တော့်ကို မွေးစားအဖေက ကယ်တင်ပြီး ပြုစုပျိုးထောင်ပေးခဲ့တာပါ။ ကျွန်တော်က မိုမိသားစု စော်ဘွားအိမ်တော်မှာ ခေတ္တ ခိုလှုံခဲ့ရုံပါပဲ။ အရှင်က မွေးစားအဖေရဲ့ ဆက်ခံသူ ဖြစ်တဲ့အတွက် အရှင်က ကျွန်တော် မိုယဲ့ရဲ့ သခင်ပါပဲ”

တုပိုင် ဤယုတ္တိကို နားလည်လိုက်သည်။ အရေးပါသော ပုဂ္ဂိုလ်ကြီးများသည် သူတို့၏ သားအရင်းများကို ကူညီရန်အတွက် မွေးစားသားများကို မွေးစားလေ့ ရှိကြသည်။ ထို မွေးစားသားများနှင့် သားအရင်းများ၏ ဆက်ဆံရေးသည် ညီအစ်ကိုသဖွယ် ဖြစ်သလို သခင်နှင့် ကျွန်ကဲ့သို့လည်း ဖြစ်ကြသည်။

အပိုင်း ၃၂၃ ပြီး။

All Chapters