← Chapters

အခန်း (၃၂၄)

Vol. 33 Ch. 324

အခန်း (၃၂၄)

Vol. 33 Ch. 324

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၂၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

သို့သော် ဤ မိုယဲ့သည် တုပိုင်က ဘယ်သူဘယ်ဝါမှန်းပင် မသိရသေးဘဲ တန်းပြီး ဒူးထောက်ကာ သစ္စာခံနေခြင်းက သူ၏ ပြတ်သားသော စိတ်ဓာတ်ကို ပြသနေသည်။

“ခင်ဗျားက အာမိသားစုကလား” တုပိုင်က မေးလိုက်သည်။

မိုယဲ့က ဦးညွှတ်ပြီး ပြောသည် “ဟုတ်ပါတယ်”

တုပိုင်နားလည်သွားလေ၏။ အာမိသားစုဝင်များသည် တစိုက်မတ်မတ် သစ္စာရှိခြင်းဖြင့် နာမည်ကျော်ကြားသူများ ဖြစ်သည်။ သူတို့သည် တစ်ချိန်က အနောက်တောင်ပိုင်းရှိ ဒေသခံခေါင်းဆောင်များ ဖြစ်ခဲ့ဖူးသော်လည်း ကြာမြင့်စွာကတည်းက သိမ်းပိုက် ဖျက်ဆီးခံခဲ့ရသည်။ ဤ မိုယဲ့သည် ထိုအချိန်ကတည်းက မိဘမဲ့ ဖြစ်ခဲ့ခြင်း ဖြစ်တန်ရာ၏။

တုပိုင်က ပြောလိုက်သည် “ငါ စစ်တပ်တစ်တပ် လိုအပ်တယ်။ ကျေးဇူးပြုပြီး ငါ့ကို အကြွင်းအကျန် သွေးဂိုဏ်းဆီ ခေါ်သွားပေးပါ။ မိုမိသားစုရဲ့ နောက်ဆုံး ဆက်ခံသူနဲ့ တွေ့ချင်တယ်”

“ဟုတ်ကဲ့ပါ” မိုယဲ့က ပြောလိုက်သည် “ကျွန်တော် အရှင့်ကို သခင်မလေး မိုစန်းဆီ ခေါ်သွားပေးပါမယ်။ ခဏစောင့်ပါ”

ထို့နောက် သူသည် အနောက်ဘက် အခန်းဆီသို့ ဦးတည်သွားလိုက်ပြီး ထိုနေရာတွင် လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိလေသည်။ ထိုအချိန်တွင် တုပိုင်သည် မိုမိသားစု ဘုရင့်အမိန့်ပေးလက်စွပ်ကို ကိုင်ဆောင်ကာ ဖယောင်းတိုင်မီးရောင်အောက်တွင် သေချာ ကြည့်ရှုလိုက်သည်။

မိုမိသားစုကို ပြန်လည်ဦးမော့လာစေမည့် တော်ဝင်ရတနာသိုက်နှင့် မျိုးနွယ်စု၏ မျှော်လင့်ချက်များက ဤနေရာတွင် ကိန်းအောင်းနေသည်ဟု ဆိုသော်လည်း ၊ သူ၏မျက်စိရှေ့တွင်မူ သာမန်သာဖြစ်လေ၏။

ထို့အပြင် မျိုးဆက်ပေါင်းများစွာသော မိသားစုခေါင်းဆောင်များသည် ဤလက်စွပ်၏ တန်ဖိုးကို စဉ်းစားခဲ့ကြသော်လည်း မည်သူမျှ အတွင်းရှိ ရတနာသိုက် လျှို့ဝှက်ချက်ကို မရှာဖွေနိုင်ခဲ့ကြပေ။

တုပိုင်သည် ထောင့်ချိုးကို ချိန်ညှိလိုက်ပြီး အမိန့်ပေးလက်စွပ်၏ ပုံဆောင်ခဲထဲသို့ အလင်းရောင် ဖြတ်သန်းသွားစေလိုက်သည်။ ရုတ်တရက် သူ့မျက်လုံးများ တောက်ပသွားသည် ၊ သူ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့လိုက်ပြီ ဖြစ်သည်။

ထိုအချိန်မှာပင် မိုယဲ့ ပြန်ဝင်လာပြီး ပြောလိုက်သည် “သခင်ကြီး… ကြွပါ”

**--**--**--**--**--**--**--**

ထိုအချိန် ၊ တချိန်တည်းမှာပင် ဤကမ္ဘာ၏ ဟင်းလင်းပြင်နယ်ပယ်တစ်နေရာတွင် နက်နဲဆန်းကြယ်သော အလင်းရိပ်တစ်ခု လေထဲတွင် ပျံဝဲနေပြီး ရုတ်တရက် အလင်းရိပ် လေးခုအဖြစ် ကွဲထွက်သွားသည်။ သူတို့သည် အရေးကြီးဆုံးသော အစည်းအဝေးကို ပြုလုပ်နေကြခြင်း ဖြစ်သည်။

“ဒီ စကားနားမထောင်တဲ့ စနစ်ရှင်ကို ရင်ဆိုင်ဖို့ ငါတို့ ဘာလုပ်ကြမလဲ။ ဘယ်လို ရွေးချယ်ကြမလဲ”

“သူ့ကို ဖျက်ဆီးပစ်မလား။ ဒါမှမဟုတ်…”

“ဒီ ခက်ခဲနက်နဲတဲ့ မစ်ရှင်ကြီး ပြီးမြောက်ဖို့အတွက် ဒီကမ္ဘာက ဒေသခံတွေကို အပြည့်အဝ ပံ့ပိုးပေးဖို့ လိုအပ်သလား”

“ကြည့်စမ်း… သူ ရှာဖွေနေတဲ့ စစ်တပ်က ငါတို့ စီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်း မိုမိသားစုရဲ့ အကြွင်းအကျန်တွေ ဖြစ်နေတုန်းပဲ။ သူက ရည်မှန်းချက်ကြီးပြီး အရည်အချင်းမရှိတဲ့ လူတစ်ယောက်ပါပဲ”

“ဒါပေမဲ့ သူက နောက်ဆုံးကျန်တဲ့ မျိုးရိုးဗီဇကိုက်ညီသူပဲ။ နောက်ထပ် မျိုးရိုးဗီဇကိုက်ညီသူကို ရှာဖွေပြီး မစ်ရှင်ကို ထမ်းဆောင်နိုင်တဲ့ အရွယ်ရောက်လာအောင် စောင့်ဖို့ဆိုရင် အနည်းဆုံး ၁၇ နှစ် ကြာဦးမယ်။ ဒါပေမဲ့ ငါတို့မာနောက်ထပ် ၁၇ နှစ်မရှိဘူး”

“ငါကတော့ ဒီကမ္ဘာက ဒေသခံတွေကိုပဲ အားသွန်ခွန်စိုက် ပံ့ပိုးသင့်တယ်လို့ ထင်တုန်းပဲ။ ဒီမှာ အများကြီး တိုးတက်နေတဲ့ သူရဲကောင်းတွေ အများကြီး ရှိတယ် ၊ တာဝန်ယူနိုင်စွမ်းလည်း ရှိကြတယ်”

“သူတို့က ခေတ်သစ်ကမ္ဘာက ပညာရေးကို မသင်ကြားဖူးဘူး။ ဒါကြောင့် ကမ္ဘာ့အမြင်တွေကို မပုံဖော်နိုင်ကြဘူး”

“သူတို့က အထူးတလည် ကမ္ဘာ့အမြင်တွေ ပုံဖော်နေစရာ မလိုပါဘူး။ စကားနားထောင်ပြီး အစွမ်းထက်ရင် ရပြီပဲ”

“ငါ ယုံကြည်တာကတော့ စနစ်ရှင်တစ်ယောက်အတွက် အဓိက လိုအပ်ချက်က နာခံမှုနဲ့ လိုက်နာမှုပဲ။ ဒါမှမဟုတ်ရင် အရာအားလုံး အလကားပဲ။ ငါတို့ရဲ့ အမိန့်ကို ဖီဆန်ရဲတဲ့ ဘယ်စနစ်ရှင်ကိုမဆို လုံးဝ ကွပ်မျက်ပစ်ရမယ်။ ဒါက အမြဲတမ်း ကျင့်သုံးလာတဲ့ ထုံးတမ်းစဉ်လာပဲ။ ခြွင်းချက် မရှိစေရဘူး”

“အရင်တုန်းက စကားနားမထောင်တဲ့သူတွေကို ကွပ်မျက်ခဲ့တာက ငါတို့မှာ အရန်လူ ရှိနေလို့လေ။ အခုတော့ အရန်လူ မရှိတော့ဘူး”

“မမေ့နဲ့… စနစ်ရှင် တုပိုင်ကိုတောင် သူ့မှာ ကြီးမားတဲ့ အားနည်းချက်တွေ ရှိနေလို့သာ ငါတို့ရဲ့ နောက်ဆုံး အရန်လူအဖြစ် သတ်မှတ်ခဲ့ကြတာ”

အလင်းရောင်ပုံရိပ် လေးခုသည် အဆုံးမရှိ ငြင်းခုံနေကြသည်။

“မဲခွဲကြမယ်… သူ့ကို ဆက်ပြီး ပံ့ပိုးမလား ၊ ဒါမှမဟုတ် လုံးဝ ကွပ်မျက်ပစ်မလား”

“ကွပ်မျက်မယ်”

“ကွပ်မျက်မယ်”

“စောင့်ကြည့်မယ်”

ကွပ်မျက်မည့်သူ နှင့် စောင့်ကြည့်မည့်သူ ၂ မဲ ၁ မဲ ဖြစ်နေသည်။

အကယ်၍ ကျန်ရှိနေသော အလင်းရောင်ပုံရိပ်ကသာ ကွပ်မျက်ရန် ရွေးချယ်လိုက်ပါက အပြီးသတ် ဆုံးဖြတ်ချက်သည် ကွပ်မျက်ခြင်း ဖြစ်သွားမည်ဖြစ်ပြီး ဤကမ္ဘာမှ ဒေသခံများကို ပံ့ပိုးရန် အာရုံစိုက်ကြတော့မည် ဖြစ်သည်။

ရွှေရောင် အလင်းရိပ်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ပြောလိုက်သည် “မင်းတို့ ဒီမေးခွန်းကို စဉ်းစားဖူးလား။ စနစ်ရှင် တုပိုင် ပြောသလိုမျိုး… ငါတို့က အဲဒီလောက် အစွမ်းထက်တယ် ၊ ဉာဏ်ကောင်းတယ် ၊ ငါတို့ စီစဉ်ထားတဲ့ လမ်းကြောင်းက အဲဒီလောက် မှန်ကန်တယ်ဆိုရင် ဘာလို့ ရာစုနှစ်ပေါင်းများစွာ ဆက်တိုက် ကျရှုံးနေရတာလဲ။ အချိန်တွေ အများကြီး ရှိခဲ့ရာကနေ အခုတော့ ပျက်သုဉ်းခါနီး အခြေအနေအထိ ရောက်လာရပြီ”

ထိုစကားကို ကြားသောအခါ အခြား အလင်းရိပ်များ အားလုံး တိတ်ဆိတ်သွားကြသည်။

ထို့နောက် ရွှေရောင်အလင်းရိပ်က ဆက်ပြောသည် “တကယ်လို့များ တုပိုင်က ငါတို့ရဲ့ အကူအညီ မပါဘဲ အောင်မြင်သွားရင်ရော။ ဒါမှမဟုတ် ငါတို့ စီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်း မသွားဘဲနဲ့ ဒီ တိုက်ပွဲကြီးတွေကို ဆက်တိုက် အနိုင်ရသွားရင်ရော… အဲဒီကျရင် ဘယ်လိုလုပ်မလဲ”

“မဖြစ်နိုင်ဘူး” အနီရောင် အလင်းရိပ်က ပြန်လည် ချေပလိုက်သည် “သူက အခု သူများတွေကို လိုက်တုနေရုံသက်သက်ပဲ။ ငါတို့ စီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်း လျှောက်နေတာ။ မိုမိသားစု အကြွင်းအကျန်တွေကို သိမ်းသွင်းတာက ငါတို့ရဲ့ အစီအစဉ်ထဲမှာ အမြဲပါပြီးသား။ ငါတို့ သူ့ကို ဖြတ်တောက်လိုက်ပေမဲ့ သူက ငါတို့ရဲ့ အမွေအနှစ်တွေကနေ အကျိုးအမြတ် ရနေတုန်းပဲ။ ငါ ပြောတယ်လေ… သူက ရည်မှန်းချက်ကြီးပြီး အရည်အချင်းမရှိတဲ့ လူတစ်ယောက်ပါလို့။ အရင် စနစ်ရှင်တွေလောက်တောင် မတော်ဘူး”

ရွှေရောင် အလင်းရိပ်က ပြောလိုက်သည် “ငါ ပြောတာက… တကယ်လို့များ ၊ တိုက်ဆိုင်မှု တစ်ခုခုကြောင့် သူက ငါတို့ စီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်း မသွားဘဲနဲ့ နိုင်သွားခဲ့ရင်ရော။ အဲဒီကျရင် ဘာလုပ်သင့်သလဲ”

**--**--**--**--**--**--**--**

မိုမိသားစု စော်ဘွား မိုယင်၏ မွေးစားသား ဖြစ်သည့်အားလျော်စွာ မိုယဲ့သည် မိုမိသားစု၏ လက်ကျန် အင်အားစုများကြားတွင် မြင့်မားသော ရာထူးနေရာ ရှိကြောင်း ထင်ရှားပေသည်။

အကြွင်းအကျန် သွေးဂိုဏ်း၏ မြေအောက် လျှို့ဝှက်စခန်းများထဲမှ တစ်ခုသည် သူ၏ အရက်ဆိုင်နှင့် မဝေးလှပေ။

သူသည် မီးတုတ်ကို ကိုင်ဆောင်၍ လမ်းပြကာ လျှို့ဝှက်လမ်းကြောင်း အတိုင်း လျှောက်လှမ်းသွားသည်။

“ဒီ လျှို့ဝှက်လမ်းကြောင်းက အရင်ကတည်းက ရှိတာလား ၊ ဒါမှမဟုတ် နောက်မှ တူးတာလား” တုပိုင်က မေးလိုက်သည်။

မိုယဲ့က ပြန်ဖြေသည် “ပိုင်ဆယ်မြို့က တစ်ချိန်တုန်းက ကျွန်တော်တို့ မိုမိသားစုရဲ့ အဓိက မြို့တော် ဖြစ်ခဲ့ပြီး ရာစုနှစ်နဲ့ချီ အုပ်ချုပ်ခဲ့တာပါ။ ဒီ လျှို့ဝှက်လမ်းကြောင်းတွေနဲ့ မြေအောက်စခန်းတွေကို အဲဒီအချိန်ကတည်းက တူးဖော်ထားခဲ့တာ ၊ အရပ်မျက်နှာ အနှံ့အပြားကို ဖြန့်ကျက်ထားပါတယ်”

လျှို့ဝှက်လမ်းကြောင်းသည် တကယ်ပင် ရှည်လျားလှပြီး မိုင်ပေါင်းများစွာ ကွေ့ကောက်သွားကာ နောက်ဆုံးတွင် လမ်းဆုံးသို့ ရောက်ရှိသွားပြီး သံတံခါးကြီး တစ်ချပ် ပိတ်ဆို့ထားလေသည်။

မိုယဲ့သည် ရှေ့တိုးသွားပြီး သံတံခါးကို အထူးစည်းချက်တစ်ခုဖြင့် ခေါက်လိုက်သည်။

ခဏအကြာတွင် သံတံခါး ပွင့်သွားပြီး စစ်သည်နှစ်ဦး ဦးညွှတ်ကာ ပြောလိုက်သည် “အကြီးအကဲမို”

ဤလူနှစ်ဦးသည် လက်စားချေလိုစိတ်နှင့် သွေးကို ကိုယ်စားပြုသော အနီရောင် ခေါင်းစည်းများ စည်းနှောင်ထားကြသည့် အကြွင်းအကျန် သွေးဂိုဏ်းဝင်များ ဖြစ်တန်ရာ၏။

သူတို့၏ အကြည့်များက တုပိုင်နှင့် အပေါင်းအပါများထံသို့ ရောက်ရှိလာသည်။

“ဒါက စော်ဘွားကြီးရဲ့ တမန်တော်ပဲ” မိုယဲ့က ပြောလိုက်သည်။

ချက်ချင်းပင် သွေးဂိုဏ်းဝင် စစ်သည်နှစ်ဦးသည် တုပိုင်ကို ဦးညွှတ်လိုက်ကြသည်။

“သခင်မလေး သုံး ရှိလား” မိုယဲ့က မေးလိုက်သည်။

“ရှိပါတယ်” သွေးဂိုဏ်းဝင် စစ်သည်က ပြန်ဖြေသည်။

ထို့နောက် မိုယဲ့သည် တုပိုင်နှင့် အခြားသူများကို သံတံခါးမှတစ်ဆင့် ကြီးမားသော မြေအောက်ခန်းမကြီးထဲသို့ ခေါ်ဆောင်သွားသည်။

“ကြီးလိုက်တဲ့ မသေမျိုးလိုဏ်ဂူပါလား”

ဤမြေအောက်ခန်းမသည် စတုရန်းမီတာ ရာပေါင်းများစွာ ကျယ်ဝန်းပြီး ကျောက်ပြားများဖြင့် လုံးဝ တည်ဆောက်ထားသည်။ အလယ်တွင် ခေါင်းတလားများစွာကို ထားရှိထားသည်။ သူ မမှားဘူးဆိုလျှင် ဤနေရာသည် မျိုးဆက်ပေါင်းများစွာသော မိုမိသားစု စော်ဘွားများ တူးဖော်ခဲ့သည့် မြေအောက်ဂူသင်္ချိုင်း ဖြစ်ပေလိမ့်မည်။

ခေါင်းတလားတစ်လုံးကို ဖွင့်လိုက်သောအခါ အောက်သို့ဆင်းသော လှေကားထစ်များ ပေါ်လာပြီး ၊ ထိုမှတစ်ဆင့် ဆင်းသွားသောအခါ နောက်ထပ် လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိနေပြန်သည်။

လျှို့ဝှက်လမ်းကြောင်းအတိုင်း ဆင်းသွားပြီးနောက် အတွင်းပိုင်းသည် မှောင်မည်းနေလေသည်။

“မွေးစားအစ်ကိုကြီး မိုယဲ့… အစ်ကိုကြီးက လူစိမ်းတွေကို ခေါ်ပြီး ငါ့ရဲ့ မိုမိသားစု မြေအောက်နန်းတော်ထဲကို ဝင်လာတယ်ပေါ့” အမျိုးသမီးတစ်ဦး၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။

တကယ့်ကို ရေခဲအလား အေးစက်လှပေသည်။ ထို့နောက် မီးတုတ်များစွာ တပြိုင်နက် လင်းထိန်လာသည်။ ရုတ်တရက် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး တုပိုင်၏ မျက်လုံးများကိုပင် ကျိန်းစပ်သွားစေသည်။

အကြွင်းအကျန် သွေးဂိုဏ်း၏ မြေအောက်စခန်း အူတိုင်သည် ရွှေရောင်များဖြင့် တောက်ပနေသော ၊ နံရံများတွင်ပင် ရွှေပြားများ ကပ်ထားသော မြေအောက်နန်းတော်ကြီး ဖြစ်နေလေသည်။

နန်းတော်ခန်းမ၏ အလယ် ဗဟိုအထက်တွင် နဂါးရုပ်များ ထွင်းထုထားပြီး ရွှေပြားများ ကပ်ထားသော ရာဇပလ္လင်တစ်ခု ရှိနေသည်။ ဤသည်မှာ ဘုရင့်ရာဇပလ္လင်ဟု ယူဆရပေမည်။

ရွှေရောင် ရာဇပလ္လင်ပေါ်တွင် နှင်းခဲအလား အေးစက်ပြီး ပြိုင်ဘက်ကင်း လှပသော အမျိုးသမီးတစ်ဦး ထိုင်နေသည်။ သူမသည် အလွန်တရာ ခမ်းနားထည်ဝါသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမ၏ ခေါင်းပေါ်တွင် သေသပ်လှပသော ရွှေရောင်သရဖူကိုပင် ဆောင်းထားသေးသည်။

ဤအရာက မိုမိသားစု ဘိုးဘေးများသည် တစ်ချိန်က အန်နမ်နိုင်ငံ၏ တော်ဝင်မိသားစု ဖြစ်ခဲ့ဖူးကြောင်း တုပိုင်ကို သတိရသွားစေသည်။ မိုမိသားစု စော်ဘွား မိုယင် ပုန်ကန်ထကြွစဉ်ကလည်း ပိုင်ဆယ်ဘုရင်အဖြစ် ကြေညာခဲ့ဖူးသည် မဟုတ်ပါလော။ ဤ အေးစက်လှပသော အမျိုးသမီး၏ ဘေးတွင် တောက်ပသော သံချပ်ကာများ ဝတ်ဆင်ထားသည့် စစ်သည် ဒါဇင်ပေါင်းများစွာ ရပ်နေကြသည်။

တုပိုင်သည် မိုမိသားစု၏ အကြွင်းအကျန် အင်အားစုများကို အထင်လွဲခဲ့မိကြောင်း သဘောပေါက်လိုက်သည်။ သူက ယင်းတို့ကို အသက်လုပြေးနေရသော ဝရမ်းပြေးများဟု ထင်မှတ်ခဲ့သော်လည်း သူတို့သည် တော်ဝင်မိသားစု၏ အရှိန်အဝါကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်နေသည်။

“မင်းတို့ရဲ့ ရှေ့မှာ ရှိနေတာက အန်နမ်နိုင်ငံရဲ့ ၃၅ ဆက်မြောက် ဘုရင် ၊ ပိုင်ဆယ်နိုင်ငံရဲ့ ဒုတိယမြောက် ဘုရင်မ ၊ ဧကရီမိုဟန် ဖြစ်တယ်” မိန်းမစိုးတစ်ဦးက စူးရှစွာ အော်ဟစ်လိုက်သည်။

သူတို့တွင် မိန်းမစိုးများပင် ရှိနေသေးသည်မှာ အံ့ဩစရာပင်။ အပြင်လောကတွင်မူ အကြွင်းအကျန် သွေးဂိုဏ်း ဟု အမည်ခံထားသော်လည်း ၊ အတွင်းပိုင်း၌မူ မိမိကိုယ်ကို ဘုရင်များသဖွယ် သတ်မှတ်ကာ မင်းစိုးရာဇာတို့၏ ဟန်ပန်အတိုင်း နေထိုင်နေကြခြင်း ဖြစလေ၏။

ဤကဲ့သို့နေထိုင်ရအောင် လူဦးရေ မည်မျှရှိသည်နည်း။

တုပိုင်သည် ဤအေးစက်ပြီး လှပသော အမျိုးသမီးကို မည်သို့ ခေါ်ဝေါ်ရမည်ကို ခဏမျှ ဇဝေဇဝါ ဖြစ်သွားလေသည်။

တုပိုင်က ပြောလိုက်သည် “တုပိုင်က သခင်မလေး မိုစန်းကို ဂါရဝပြုပါတယ်”

တုပိုင်သည် စေ့စပ်သေချာစွာ ဦးညွှတ်လိုက်သည်။ မှန်ပေသည် ၊ ခါးကိုင်း၍ အရိုအသေပေးခြင်း ဖြစ်သည်။

မိုဟန်၏ လှပသော မျက်ဝန်းများသည် တုပိုင်၏ အနောက်ရှိ ကျီပြောင်ပြောင်ကို လှမ်းကြည့်လိုက်ပြီး ပြိုင်ဆိုင်လိုစိတ်များ ပြည့်နှက်နေလေသည်။

ဤအရာက တုပိုင်အား အနောက်တောင်ပိုင်း၏ အလှမယ်လေးဦး ဆိုသည်ကို သတိရသွားစေသည်။ လီချန်ချန် ၊ ကျီပြောင်ပြောင် နှင့် ဒဏ္ဍာရီလာ မိုမိသားစု မင်းသမီးတို့ ဖြစ်ကြသည်။ သူ၏ ရှေ့မှောက်တွင် ရှိနေသော နှင်းခဲအလား အလှမယ်လေးသည် မိုဟန် ဖြစ်၏။

မိုဟန်က မေးလိုက်သည် “ဘယ်သူလဲ”

“တာ့နင်အင်ပါယာ အရှေ့ဘက်ကွပ်ကဲရေးရုံးက တပ်မှူးငယ် တုပိုင်ပါ”

မိုဟန်က မေးပြန်သည် “ဘာကိစ္စ ရှိလို့လဲ”

တုပိုင် ဆွံ့အသွားသည်။ ဤသည်မှာ မိန်းမစိုးဂိုဏ်းဝင်တစ်ဦးနှင့် ဂိုဏ်းခေါင်းဆောင်တစ်ဦးတို့၏ စကားပြောဆိုမှုသာ ဖြစ်ပြီး ၊ တာ့နင်အင်ပါယာ၏ အရာရှိနှင့် တိုင်းပြည်တစ်ခု၏ ဘုရင်မတို့ ပြောဆိုနေခြင်း မဟုတ်ပေ။ အဘယ်ကြောင့် ဤမျှအထက်စီးဆန်နေရသနည်း။

တုပိုင်က ပြောလိုက်သည် “မိုမိသားစု စော်ဘွား မိုယင်ရဲ့ မှာကြားချက်အရ မိုမိသားစု ဘုရင့်အမိန့်ပေးလက်စွပ်ကို မိုမိသားစု ဆက်ခံသူဆီ လာပြန်ပေးတာပါ”

ထိုစကားကို ကြားသောအခါ မိုဟန်၏ မျက်လုံးများ တောက်ပသွားပြီး မျက်နှာပေါ်ရှိ အမူအရာသည် နောက်ဆုံးတွင် အနည်းငယ် ပြောင်းလဲသွားကာ ရေခဲတုံးကဲ့သို့ တောင့်တင်းမနေတော့ပေ။

“ဘုရင့်အမိန့်ပေးလက်စွပ်လား”

မိုဟန်သည် နေရာမှ ထလုနီးပါး ဖြစ်သွားသော်လည်း သူမ၏ နူးညံ့သော တင်ပါးသည် ရာဇပလ္လင်မှ မခွာရသေးမီ ပြန်ထိုင်ချလိုက်သည်။ ဘုရင်မတစ်ပါးအနေဖြင့် တည်ငြိမ်မှုကို မပျက်ပြားစေရကြောင်း သိသာထင်ရှားစွာ သတိပြုမိလိုက်ခြင်း ဖြစ်သည်။

မိုဟန်က အမိန့်ပေးလိုက်သည် “ဆက်သစေ”

ထို့နောက် သူမဘေးရှိ မိန်းမစိုးသည် ရှေ့တိုးလာပြီး တုပိုင်၏ လက်ထဲမှ မိုမိသားစု အမိန့်ပေးလက်စွပ်ကို ယူလိုက်ကာ ဒူးထောက်လျက် မိုဟန်အား ဆက်သလိုက်ပြီး စူးရှစွာ ပြောဆိုလိုက်သည် “ဂုဏ်ယူပါတယ် ဘုရင်မမင်းမြတ်… ဘုရင့်အမိန့်ပေးလက်စွပ်ကို ပြန်လည် ရရှိတဲ့အတွက်ပါ။ ဒီအရာနဲ့ဆိုရင် ပိုင်ဆယ်နိုင်ငံနဲ့ အန်နမ်နိုင်ငံက သစ္စာခံအဟောင်းတွေကို အမိန့်ပေးအုပ်ချုပ်တာက တရားဝင်သွားပါပြီ”

တုပိုင် ခေါင်းနပန်းကြီးသွားသည်။ ။ လက်ရှိ လီမိသားစု မင်းဆက်သည်ပင်လျှင် ယခင်မင်းဆက် ဖြစ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ မိုမိသားစုသည် အန်နမ် တော်ဝင်မိသားစု ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ရာ သစ္စာခံအဟောင်းများ မည်သည့်နေရာတွင် ကျန်ရှိနိုင်ပါတော့မည်နည်း။ သူမသည် ဤဇာတ်လမ်းထဲတွင် အလွန်အမင်း စီးမျောနေခြင်းသာ ဖြစ်ပေသည်။

မိုဟန်သည် ဘုရင်မတစ်ပါး၏ ဟန်ပန်ကို စေ့စပ်သေချာစွာ တုပနေသည်ကို ကြည့်ရင်း သူမ၏ စိတ်အခြေအနေ ကောင်းမွန်ရဲ့လားဟု တုပိုင် တကယ်ပင် သံသယ ဝင်မိသည်။

ဤအမျိုးသမီးက တကယ့်ကို လှပလွန်းသည်။ သူမ၏ အသားအရေသည် တုပိုင် မြင်ဖူးသမျှထက် ပိုမို ဖြူစင်ပြီး ခေတ်သစ်ကမ္ဘာမှ ဥရောပမြောက်ပိုင်း အမျိုးသမီးများထက်ပင် ပိုဖြူနေသေးသည်။ သူမ၏ အေးစက်သော အမူအရာသည် ရှောင်လုံနွီ၏ အရိပ်အငွေ့ပင် ပါနေသေးသည်။

ရုပ်ရည်သွင်ပြင် ကြည်လင်ပြတ်သားမှု အပိုင်းတွင် သူမက တကယ့်ကို ပြိုင်ဘက်ကင်းပြီး ရေခဲကဲ့သို့ အသားအရေ ၊ ကျောက်စိမ်းကဲ့သို့ အရိုးတည်ဆောက်ပုံရှိသည့် အစစ်အမှန် အလှပဂေးတစ်ဦး ဖြစ်သည်။ မှန်ပေသည် ၊ ရှောင်လုံနွီ၏ စိတ်အခြေအနေကလည်း အနည်းငယ် ပုံမှန်မဟုတ်ပေ။ သူမက ဦးနှောက်ပိုင်း အနည်းငယ်တော့ နေမကောင်းချေ။ ခေတ်စကားဖြင့် ပြောရလျှင် ဘုရင်မရူး ရူးနေ၏။

မိုဟန်သည် ဘုရင့်အမိန့်ပေးလက်စွပ်ကို လက်ခံရာတွင် ပိုးပုဝါကိုပင် အသုံးပြုခဲ့ပြီး တုပိုင် ထိတွေ့ကိုင်တွယ်ထားသည်ကို ရွံရှာကြောင်း ပြသလိုက်သည်။

အပိုင်း ၃၂၄ ပြီး။

All Chapters