← Chapters

အခန်း (၃၂၅)

Vol. 33 Ch. 325

အခန်း (၃၂၅)

Vol. 33 Ch. 325

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၂၅

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ပိုးပုဝါဖြင့် ဘုရင့်အမိန့်ပေးလက်စွပ်ကို ကိုင်ဆောင်ကာ မီးရောင်အောက်တွင် သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။ မိုဟန်က ခေါင်းညိတ်ပြီး ပြောလိုက်သည် “မှန်တယ်… ဒါက ငါ့မိုမိသားစုရဲ့ ဘုရင့်အမိန့်ပေးလက်စွပ် အစစ်ပဲ။ တုပိုင်… မင်းက ဘုရင်မဆီကို အမိန့်ပေးလက်စွပ် လာဆက်သတဲ့အတွက် ဘာဆုလာဘ် လိုချင်သလဲ”

တုပိုင် ဆွံ့အသွားသည်။ ‘ခင်ဗျားအမေ ဘယ်ရောက်နေလဲဆိုတာ အရင် မမေးသင့်ဘူးလား။’

သူ့ဘေးနားရှိ မိုယဲ့က ပြောလိုက်သည် “သခင်မလေး သုံး…တုပိုင်ဆီမှာ သခင်မကြီးရဲ့ သတင်း ရှိပါတယ်”

“အော်” မိုဟန်က ပြောလိုက်သည် “ဘုရင်မဟောင်း ဘယ်ရောက်နေလဲဆိုတဲ့ သတင်း ရထားတာလား။ ပြောစမ်း”

တုပိုင်က ပြောလိုက်သည် “သခင်မကြီးက နက်ရှိုင်းတဲ့ ဂူထဲမှာ အကျဉ်းချခံထားရပြီး ကွယ်လွန်သွားပါပြီ။ မဆုံးပါးခင်မှာ သူ့ရဲ့ ချီစွမ်းအင်တချို့ကို ကျွန်တော့်ဆီ လွှဲပြောင်းပေးခဲ့ပြီး မိုမိသားစု ဆက်ခံသူဆီ ဘုရင့်အမိန့်ပေးလက်စွပ်ကို ပေးအပ်ဖို့ မှာကြားခဲ့ပါတယ်”

သို့သော် ၊ ဘုရင့်အမိန့်ပေးလက်စွပ်ကို ထိန်းသိမ်းထားသော မိုယဲ့က မိုဟန်ကို ဘာကြောင့် တန်းမပေးလိုက်သလဲဟု တုပိုင် တွေးတောမိလိုက်သည်။

တကယ်တမ်းတွင် ထိုအချိန်က စော်ဘွားမိုယင်သည် ကန်ထော်ကို ကာကွယ်ရန်အတွက် ဘုရင့်အမိန့်ပေးလက်စွပ်ကို မိုယဲ့ထံ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် မိုယဲ့သည် မိုမိသားစုနှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့သည်။

သို့သော် မိုမိသားစု စော်ဘွား အသတ်ခံရပြီးနောက် မိုယဲ့သည် သခင်မလေး မိုစန်းကို ကာကွယ်ရန် တာဝန်ရှိသည်ဟု ခံစားရသောကြောင့် အဆက်အသွယ် ပြန်လုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စော်ဘွားမိုယင်၏ အမိန့်မပါဘဲ သူသည် လက်စွပ်ကို ဘယ်တော့မှ လွှဲပြောင်းပေးမည် မဟုတ်ပေ။

“ဆုံးပါးသွားပြီလား” မိုဟန်၏ လှပသော မျက်နှာသည် ရှေးဟောင်းရေတွင်းပျက် တစ်ခုအလား တည်ငြိမ်နေဆဲပင်။ “အော်… သိပြီ”

တုပိုင် လုံးဝ အံ့အားသင့်သွားသည်။ ဤသည်မှာ သူမ၏ မိခင်အရင်း ဖြစ်ပါလျက်နှင့် ၊ ကွယ်လွန်သွားပြီဟူသော သတင်းကို ကြားသိလိုက်ရသည့်တိုင် သူမ၏ တုံ့ပြန်မှုမှာ ဤမျှလောက်သာ ရှိပါသလော။

မိုဟန်က ဆက်ပြောသည် “ဘာဆုလာဘ် လိုချင်သလဲ”

တုပိုင် လုံးဝ ပြောစရာ စကားမဲ့သွားသည်။ ‘ဘာဆုလာဘ် လိုချင်သလဲ ဟုတ်လား ၊ ခင်ဗျား ညီမလေးကိုပဲ လိုချင်တော့တယ်။ ခင်ဗျားကိုယ်ခင်ဗျား တကယ်ပဲ ဘုရင်မလို့ ထင်နေတာလား။’

တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည် “တာ့နင်အင်ပါယာ အရှေ့ဘက်ကွပ်ကဲရေးရုံး ကိုယ်စား ၊ ကျွန်တော်က မိုမိသားစုနဲ့ မဟာမိတ် ဖွဲ့လိုပါတယ်။ ကျွန်တော်တို့ နှစ်ဖက်စလုံးမှာ လီမိသားစု စော်ဘွားဆိုတဲ့ ဘုံရန်သူ ရှိနေပါတယ်။ သခင်မလေးမိုဆီက စစ်သည်တစ်ထောင်လောက် ငှားရမ်းချင်ပါတယ်။ ဒါတင်မကဘူး ၊ ကျွန်တော့်ရဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံးက အနာဂတ်မှာ မိုမိသားစုကို အပြည့်အဝ ပံ့ပိုးပေးသွားမှာပါ ၊ စော်ဘွား ရာထူးပြန်ရတဲ့အထိပါပဲ။ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ပံ့ပိုးမှုနဲ့ဆိုရင် မိုမိသားစုက အရင်က ဘုန်းတန်ခိုးကို သေချာပေါက် ပြန်လည် ရရှိမှာပါ”

“အဓိပ္ပာယ်မရှိတာ ၊ ရယ်စရာကောင်းလိုက်တာ” မိုဟန်က ငေါက်ငမ်းလိုက်သည် “ရှင်က တာ့နင်အင်ပါယာရဲ့ အဆင့်ဘယ်လောက်ရှိတဲ့ အရာရှိမို့လို့ ငါနဲ့ မဟာမိတ်ဖွဲ့ဖို့ ဆွေးနွေးချင်ရတာလဲ။ လီမိသားစုက ငါ့ရဲ့ ပထမရန်သူ ဖြစ်ပြီး ၊ ရှင်တို့ တာ့နင်အင်ပါယာက ငါ့ရဲ့ ဒုတိယရန်သူပဲ။ တကယ်လို့ ငါနဲ့ စည်းကမ်းချက်တွေ ဆွေးနွေးချင်ရင် အနည်းဆုံးတော့ ဧကရာဇ်ရဲ့ တော်ဝင်သံတမန်ကို လွှတ်လိုက်ပါ ၊ ဒါမှမဟုတ် ကွေ့မင်းသားဆိုရင်တော့ အရည်အချင်း ပြည့်မီကောင်း ပြည့်မီလိမ့်မယ်”

ဤအမျိုးသမီး၏ ဦးနှောက်က တကယ်ရော ပုံမှန်ဟုတ်ရဲ့လားဟု တွေးရင်း တုပိုင်သည် မိုယဲ့ကို လှမ်းကြည့်လိုက်မိသည်။

မိုယဲ့ ရှေ့တိုးလာပြီး ဦးညွှတ်ကာ ပြောလိုက်သည် “သခင်မလေးသုံး… ရောင်ရင်းတုပိုင်က လီဝမ်ဟွေ့ရဲ့ မွေးစားသားပါ ၊ ပြီးတော့ လီဝမ်ဟွေ့က အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ အနာဂတ် ညွှန်ကြားရေးမှူးချုပ် ဖြစ်လာမယ့်သူပါ။ သူ့နဲ့ မဟာမိတ်ဖွဲ့တာက အင်အားကြီးမားတဲ့ ပေါင်းစပ်မှုတစ်ခုပါ ၊ လက်လွတ်မခံသင့်တဲ့ အခွင့်အရေးပါပဲ”

မိုဟန်က အေးစက်စွာ ပြောလိုက်သည် “လီဝမ်ဟွေ့ဆိုတာလည်း နန်းတွင်းကျွန်တစ်ယောက်ပဲလေ။ ငါနဲ့ ဆွေးနွေးဖို့ ဘာအရည်အချင်း ရှိလို့လဲ”

ထို့နောက် သူမဘေးရှိ မိန်းမစိုးက ပြောလိုက်သည် “ဒါ့အပြင် ၊ ကျွန်တော်တို့ ဘုရင်မမှာ အစွမ်းထက်တဲ့ မဟာမိတ် ရှိပြီးသားပါ။ အနာဂတ် ကြင်ယာတော်ရဲ့ နောက်ကွယ်က အင်အားက ခင်ဗျားတို့ အရှေ့ဘက်ကွပ်ကဲရေးရုံးထက် အများကြီး သာလွန်တယ်။ ပြီးတော့ ကျွန်တော် မှတ်မိသလောက်ဆိုရင် အရှင်တုပိုင်က အန္တရာယ်ကြီးကြီးမားမားနဲ့ ကြုံနေရပြီး ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်တဲ့ အခြေအနေမလား။ ခင်ဗျားက ရှင်းရှင်းလင်းလင်းကို ကျွန်တော်တို့ဆီ အကူအညီ လာတောင်းနေတာလေ ၊ ဘာမဟာမိတ်အကြောင်း လာပြောနေတာလဲ”

မိုယဲ့က စကားထပ်ပြောရန် ပြင်လိုက်သော်လည်း မိုဟန်က တားဆီးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည် “တစ်ယောက်ယောက်… တုပိုင်ကို ရွှေတုံး တစ်ရာ ဆုချပြီး ပြန်ပို့လိုက်ကြ”

တုပိုင်က အေးစက်သော လေသံဖြင့် ပြောလိုက်သည် “ငါက ဘုရင့်အမိန့်ပေးလက်စွပ်ကို လာပို့ပေးတာနော်။ ရွှေတုံး တစ်ရာနဲ့ပဲ တန်သလား”

မိုဟန်က ပြောလိုက်သည် “ရှင်က ငါ့ရဲ့ မျက်နှာအစစ်ကိုလည်း မြင်တွေ့ခွင့် ရခဲ့တယ်လေ ၊ အဲဒါက တန်ဖိုးမဖြတ်နိုင်ဘူး”

ဤဖာသည်မက တကယ့်ကို မောက်မာလွန်းသည်။

သူမဘေးရှိ မိန်းမစိုးက ပြောလိုက်သည် “ဒါ့အပြင် ၊ အရှင်တုပိုင်… ခင်ဗျားက အခု အပြင်မှာ ဖမ်းဆီးခံနေရတဲ့သူလေ။ ကျွန်တော်တို့က ခင်ဗျားကို ဖမ်းပြီး လီမိသားစုဆီ လွှဲမပေးတာကတင် ခင်ဗျားကို ကျေးဇူးဆပ်ပြီးသား ဖြစ်နေပါပြီ”

ထို့နောက် မိုဟန်က ပြောလိုက်သည် “ဝန်ကြီးချုပ်… နောက်ဆိုရင် ငါတို့ရဲ့ မြေအောက်နန်းတော်ထဲကို လူတွေကို ပေါ့ပေါ့ဆဆ ခေါ်မလာပါနဲ့”

ထို့နောက် စစ်သည် ဒါဇင်ပေါင်းများစွာ ရှေ့တိုးလာပြီး တုပိုင်နှင့် အဖွဲ့သားများကို မောင်းထုတ်လိုက်ကြသည်။ မိုယဲ့၏ နေအိမ်သို့ ပြန်ရောက်သောအခါ တုပိုင် မနေနိုင်တော့ဘဲ ပြောလိုက်မိသည်။

“ခင်ဗျားတို့ သခင်မလေးသုံးရဲ့ ဦးနှောက်က တစ်ခုခု မှားယွင်းနေတာလား။ ဒါ ဘယ်ခေတ်ကြီးလဲ။ သူက ကိုယ့်ကိုယ်ကိုယ် ပိုင်ဆယ်မြို့ ဘုရင်လို့ ခေါ်နေတုန်းပဲလား။ မိုမိသားစုက အန်နမ် တော်ဝင်မိသားစု ဖြစ်ခဲ့တာ လွန်ခဲ့တဲ့ နှစ် ၃၀၀ ကျော်ကလေ။ ပြီးတော့ ဒီ ပိုင်ဆယ်မြို့ဘုရင်ဆိုတာ ကန်ထော်က ကိုယ့်ကိုယ်ကိုယ် ကြေညာခဲ့တာ ၊ ပြီးတော့ တစ်လတောင် မခံဘဲ အသတ်ခံလိုက်ရတာကို”

မိုယဲ့က ခါးသက်သက် ပြုံးပြီး ပြောသည် “သူက ငယ်ငယ်ကတည်းက မိုမိသားစုရဲ့ မိတ်ဆွေဟောင်းတွေနဲ့ ကြီးပြင်းလာခဲ့ရတာပါ။ ဒီလူတွေက မိုမိသားစုရဲ့ အတိတ်က ဘုန်းတန်ခိုးတွေထဲမှာ လုံးဝ စီးမျောနေကြတာလေ။ ကျွန်တော် သူ့ကို သွားတွေ့တဲ့အချိန်မှာ သူက ဒီလို ဖြစ်နေပြီ”

ထို့နောက် မိုယဲ့က ဆက်ပြောသည် “ဒါကြောင့်လည်း ကျွန်တော်က ဘုရင့်အမိန့်ပေးလက်စွပ်ကို သူ့ဆီ မပေးဘဲ ဒီလောက်ကြာအောင် ထိန်းသိမ်းထားခဲ့တာပါ”

မိုမိသားစုအတွက် အရေးပါမှုမှလွဲ၍ လက်စွပ်ကိုယ်တိုင်က မည်သည့်တန်ဖိုးမှ မရှိပေ။ ယင်း၏ တန်ဖိုးရှိမှုသည် အတွင်း၌ ပါဝင်သော ရတနာသိုက် လျှို့ဝှက်ချက်တွင် တည်ရှိသည်။

မိုမိသားစု၏ မျှော်လင့်ချက်ဟု ဆိုသော အရာသည် လွန်ခဲ့သော ရာစုနှစ်များစွာက မိုမိသားစု တော်ဝင်ရတနာသိုက်ပင် ဖြစ်သည်။

ထို ရတနာသိုက်၏ လျှို့ဝှက်ချက်သည် လက်စွပ်၏ ပုံဆောင်ခဲထဲရှိ ပုံစံဒီဇိုင်းတွင် တည်ရှိနေသည်။ ထိုပုံစံသည် အလွန်ထူးဆန်းသော်လည်း တုပိုင်သည် အလွတ်ကျက်မှတ်ပြီးသား ဖြစ်သည်။ ဤလက်စွပ်ကို ပေးလိုက်ရခြင်းက ပြဿနာမရှိပေ ၊ သူက ကုဒ်ဖော်ရန် ပုံစံကို မှတ်မိနေသရွေ့ လက်စွပ် ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ကိစ္စမရှိတော့ပေ။

တုပိုင်က ပြောလိုက်သည် “မိုမိသားစု တော်ဝင်ရတနာသိုက်ရဲ့ လျှို့ဝှက်ချက်က လက်စွပ်ပုံဆောင်ခဲထဲက ပုံစံထဲမှာ ဝှက်ထားတာလား”

မိုယဲ့က ခေါင်းညိတ်ပြီး ပြောသည် “ဟုတ်ပါတယ်… ဒါပေမဲ့ မိုမိသားစုရဲ့ ဆက်ခံသူ ခေါင်းဆောင်တွေက နှစ်ပေါင်းတစ်ရာကျော် လေ့လာခဲ့တာတောင် ဘာသဲလွန်စမှ မရခဲ့ဘူး။ ဒီ ရတနာသိုက်မြေပုံကို လုံးဝ ကုဒ်ဖော်လို့ မရနိုင်ဘူး”

ဤမိုမိသားစု ရတနာသိုက် ကိစ္စကို ခဏထားလိုက်ဦးမည်။ အဓိက အချက်မှာ မိုမိသားစုထံမှ စစ်သည်ငှားရမ်းမည့် တုပိုင်၏ အစီအစဉ် ပျက်ပြားသွားခြင်း ဖြစ်သည်။

စစ်တပ်မရှိဘဲနှင့် သူသည် ကျန်းရှောင်ကို မသုတ်သင်နိုင် ၊ အရှေ့ဘက်ကွပ်ကဲရေးရုံး၏ တပ်ရင်းမှူးရုံးကို ပြန်မယူနိုင်ပေ။ ဆိုလိုသည်မှာ မစ်ရှင် ကျရှုံးသွားခြင်းပင် ဖြစ်သည်။

အိပ်မက်စနစ် မရှိဘဲနှင့် သူ တကယ်ပဲ မအောင်မြင်နိုင်တော့ဘူးလော။ တကယ်ပဲ လမ်းဆုံးသွားပြီလော။

**--**--**--**--**--**--**--**

ထိုအချိန်… ဟင်းလင်းပြင်နယ်ပယ် တစ်နေရာ၌။

အနီရောင် အလင်းရိပ်က ပြောလိုက်သည် “ငါ ပြောတယ်လေ… ဒီ စနစ်ရှင်က ရည်မှန်းချက်ကြီးပြီး အရည်အချင်းမရှိတဲ့ကောင်ပါ။ သူက ရိုးရိုးရှင်းရှင်းပဲ အသုံးမကျတဲ့ လူတစ်ယောက်ပါပဲ။ ငါတို့ စီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်း လိုက်လျှောက်တာတောင် ၊ ငါတို့ရဲ့ လမ်းညွှန်မှု မပါတာနဲ့ သူက ကျရှုံးတော့တာပဲ။ စစ်တပ်တစ်တပ်တောင် မရှာနိုင်ဘူး။ သူ့အတွက် အချိန်ထပ်မဖြုန်းနဲ့တော့။ သူ့ကို ဖျက်ဆီးပစ်လိုက်တော့”

အပြာရောင် အလင်းရိပ်က ပြောသည် “သူက ငါ့ကို တကယ်ပဲ စိတ်ပျက်စေတာ အမှန်ပဲ။ ဖျက်ဆီးပစ်ဖို့ ငါ သဘောတူတယ်”

ရွှေရောင် အလင်းရိပ်က ပြောလိုက်သည် “ခဏလောက် စောင့်ကြည့်ရအောင်။ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမှာ လူတွေက ကြောက်မက်ဖွယ်ကောင်းတဲ့ အလားအလာတွေကို ထုတ်သုံးတတ်ကြတယ်”

**--**--**--**--**--**--**--**

တုပိုင်သည် မျက်လုံးများကို မှိတ်ပြီး မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်သည်။ မိုမိသားစု၏ အကြွင်းအကျန် သွေးဂိုဏ်းက လုံးဝ အားကိုးမရပေ။

သူ့၏ စစ်တပ်ဖွဲ့စည်းရေး အစီအစဉ်မှာ လုံးဝ ပျက်စီးသွားပြီလော။ ယခုအချိန်တွင် အိပ်မက်စနစ်သည် သူ့ကို လှောင်ပြောင်ရယ်မောနေလောက်ပေသည်။ စနစ်သာ မရှိလျှင် တုပိုင်ဆိုသည်မှာ အမှိုက်သရိုက်သာဖြစ်ကြောင်း ကဲ့ရဲ့နေတော့မည်။ သူတို့အနေဖြင့် တုပိုင်ကို အပြီးတိုင် ဖျက်ဆီးပစ်ရန်အတွက်ပင် တွန့်ဆုတ်နေကြမည် မဟုတ်ပေ။

သူ လေးလေးနက်နက် စဉ်းစားလိုက်သည်။ အန္တရာယ်အရှိဆုံး အချိန် ရောက်လာလေ၏ ၊ သူ အဖြေတစ်ခုကို အမြန်ဆုံး ရှာဖွေရမည်။

စစ်တပ်က ဘယ်ဆီမှာနည်း… စစ်တပ်က ဘယ်ဆီမှာနည်း…။ ပိုင်ဆယ်မြို့တစ်ခုလုံးတွင် လီမိသားစုမှလွဲလျှင် အပြာရောင်နဂါးဂိုဏ်းနှင့် မိုမိသားစု၏ လက်ကျန်အင်အားစုများသာ ရှိတော့သည်။ ထိုလမ်းကြောင်းနှစ်ခုလုံးသည် မူလက စနစ်စီစဉ်ပေးထားသော လမ်းကြောင်းများ ဖြစ်သော်လည်း ယခုအခါ နှစ်ခုစလုံး လမ်းပိတ်သွားသည်။ ထိုအရာများမှလွဲ၍ အခြားမည်သည့် စစ်တပ်မျှ မရှိတော့ပေ။

တုပိုင်သည် နာကျင်စွာဖြင့် အသက်ရှူလိုက်ပြီး အံကြိတ်ကာ သူ၏ စိတ်အာရုံတစ်ခုလုံးကို အာရုံအစူးစိုက်ဆုံးနှင့် အကြည်လင်ဆုံး အခြေအနေသို့ ပို့ဆောင်လိုက်သည်။

ရုတ်တရက်… မြင်ကွင်းတစ်ခု သူ့စိတ်ထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားသည်။ ယင်းမှာ သူ့ပိုင်ဆိုင်သော အရာ မဟုတ်သည့် မှတ်ဉာဏ်အပိုင်းအစတစ်ခု ဖြစ်သည်။

“ဟုတ်ပြီ… ငါ သိပြီ”

“စစ်တပ်တစ်တပ် ရှိသေးတယ်… ယုံနိုင်စရာမရှိအောင် အစွမ်းထက်ပြီး ၊ ယုံနိုင်စရာမရှိအောင် ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်တစ်တပ် ရှိသေးတယ်”

“ငါ စစ်သည်တွေ ငှားချင်တာ မဟုတ်ဘူး။ ငါ ကိုယ်ပိုင်စစ်တပ် လိုချင်တာ။ ငါတစ်ယောက်တည်း ပိုင်ဆိုင်တဲ့ စစ်တပ်ကို လိုချင်တာ”

တုပိုင်သည် ဦးစွာ သူ့ခေါင်းထဲတွင်သာ တွေးလိုက်မိပြီးနောက် သူ့ပါးစပ်မှ ထုတ်ပြောလိုက်မိသည်။ ထို့နောက် သူ ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ပြောလိုက်သည် “သွားကြစို့… ငါတို့အစစ်အမှန် ပိုင်ဆိုင်တဲ့ စစ်တပ်ကို သွားရှာကြမယ်”

သူ့တစ်ကိုယ်လုံး တက်ကြွ လန်းဆန်းလာသည်။

လီဝေက မေးလိုက်သည် “ဘယ်ကိုလဲ”

တုပိုင်က ပြောလိုက်သည် “ကျောက်နက်ကမ်းပါး ထောင်”

ထိုစကားကို ပြောလိုက်သည်နှင့် တပြိုင်နက် လူတိုင်း၏ မျက်နှာထားများ လုံးဝ ပြောင်းလဲသွားကြသည်။

ကျောက်နက်ကမ်းပါးထောင်…။ ထိုနေရာသည် အဆိုးရွားဆုံး၊ အကြောက်မက်ဖွယ်အကောင်းဆုံး အရူးများကို ဖမ်းချုပ်ထားသည့် နေရာဖြစ်သည်။ ထိုသူတို့မှာ သိုင်းပညာ အစွမ်းထက်မြက်သည့် ကောင်းကင်မိစ္ဆာဂိုဏ်းမှ မိစ္ဆာစစ်သည်များ ဖြစ်ကြသည်။ မိုမိသားစု စော်ဘွားလက်ထက်ကတည်းက စတင်ဖမ်းဆီးထားခဲ့ပြီး၊ နောက်ပိုင်းတွင် လီမိသားစု စော်ဘွားက ဆက်လက် ချုပ်နှောင်ထားခဲ့သည်။ သို့ပါလျက် အဘယ်ကြောင့် သူတို့ကို မသတ်ပစ်ခဲ့ကြသနည်း။

အဘယ်ကြောင့်ဆိုသော် နှမြောသောကြောင့် ဖြစ်သည်။ အတွင်းရှိ မိစ္ဆာနောက်လိုက် ရူးသွပ်သူ ရာပေါင်းများစွာစလုံးသည် သိုင်းပညာရှင်များ ဖြစ်ကြပြီး ၊ အဓိကအချက်မှာ သူတို့တစ်ဦးစီတိုင်းသည် ဦးနှောက်ဆေးကြော ခံထားရသကဲ့သို့ သေခြင်းတရားကို လုံးဝ မကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ စစ်မြေပြင်သို့ ရောက်သည်နှင့် ဤမိစ္ဆာနောက်လိုက် ရူးသွပ်သူများသည် ရက်စက်ကြမ်းကြုတ်သော သားရဲများအဖြစ် လုံးဝ ပြောင်းလဲသွားတတ်ကြသည်။

တစ်ချိန်က ကောင်းကင်မိစ္ဆာဂိုဏ်းသည် အင်ပါယာ၏ အနောက်တောင်ပိုင်း တစ်ခွင်လုံးတွင် သောင်းကျန်းခဲ့ပြီး ၊ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုကာ လူတို့၏ စိတ်နှလုံးကို အမှန်တကယ် ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

တာ့နင်အင်ပါယာ ၊ မိုမိသားစု စော်ဘွားနှင့် လီမိသားစု စော်ဘွားတို့သည် သောင်းနှင့်ချီသော စစ်သည်များကို စေလွှတ်ကာ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရပြီး ၊ ကောင်းကင်မိစ္ဆာဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းရန် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည်။ လီမိသားစုသည် ဤနောက်ဆုံး ကျန်ရစ်သော ကောင်းကင်မိစ္ဆာဂိုဏ်းသား ရာဂဏန်းကို သတ်ပစ်ရန် မရက်စက်နိုင်ခဲ့ပေ။ သူတို့ကို သိမ်းသွင်းပြီး အသုံးပြုလိုခဲ့သော်လည်း ကြိုးပမ်းမှုတိုင်း ကျရှုံးခဲ့သည်။ ထို့ကြောင့် ဤကြောက်မက်ဖွယ် ကောင်းကင်မိစ္ဆာဂိုဏ်းသားများကို ကျောက်နက်ကမ်းပါး ထောင်ထဲတွင် အကျဉ်းချထားခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။

တုပိုင်က မေးလိုက်သည် “ပိုင်ဆယ်စီရင်စုက မိုမိသားစု လက်အောက်မှာ ကာလရှည်ကြာ ရှိခဲ့တာလေ။ ကျောက်နက်ကမ်းပါး ထောင်ကို ခင်ဗျားတို့ တည်ဆောက်ခဲ့တာ။ ဒီထောင်ကို သွားတဲ့ လျှို့ဝှက်လမ်းကြောင်းကို ခင်ဗျား သိတယ်မလား”

မိုယဲ့က ပြောလိုက်သည် “သိပါတယ်… ဒါပေမဲ့ သခင်လေး ၊ သခင်လေးက တကယ်ပဲ လုပ်ချင်လို့လား။ အဲဒီလူတွေက… အဲဒီလူတွေက အရူးတစ်သိုက်ပါ ၊ မိစ္ဆာနောက်လိုက် ရူးသွပ်သူတွေပါ”

ပိုင်ဆယ်မြို့ကဲ့သို့သော နေရာမျိုးတွင် ကောင်းကင်မိစ္ဆာဂိုဏ်းမှ အရူးများသာလျှင် မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်း မရှိကြပေ။ သူတို့သာလျှင် လီမိသားစုနှင့် သေသည်အထိ ယှဉ်ပြိုင်တိုက်ခိုက်ရဲကြသည်။ ဤကမ္ဘာလောကကြီးတွင် တစ်ခါတစ်ရံ၌ အရူးများကသာလျှင် ရှင်သန်ရပ်တည်နိုင်ကြသည် မဟုတ်ပါလော။

မိုယဲ့က ပြောလိုက်သည် “ဒါပေမဲ့ အဲဒီ မိစ္ဆာနောက်လိုက်တွေက ရက်စက်ကြမ်းကြုတ်ပြီး ဆွေမျိုးသားချင်းလည်း နားလည်တာ မဟုတ်ဘူး။ သူတို့က ဘယ်လိုလုပ် သခင်လေးကို သစ္စာခံပါ့မလဲ။ ကျွန်တော် စိုးရိမ်တာက သခင်လေးကို မြင်တာနဲ့ သူတို့ လုပ်မာက သခင်လေးကို တစ်စစီ ဆွဲဖြဲပစ်ကြမှာကိုပဲ”

တုပိုင်က ပြောလိုက်သည် “မဟုတ်ဘူး… ငါ့မှာ သူတို့ကို ကိုင်တွယ်မယ့် နည်းလမ်းရှိတယ်။ ဒါက တကယ့်ကို ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးပဲ”

အကယ်၍သာ ဤကောင်းကင်မိစ္ဆာဂိုဏ်းသား ရာပေါင်းများစွာကို သိမ်းသွင်းနိုင်လိုက်ပါက ၊ သူတို့သည် အကြွင်းအကျန် သွေးဂိုဏ်းထက် များစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းသော ၊ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော စစ်တပ်တစ်တပ် ဖြစ်လာပေလိမ့်မည်။

“ကျောက်နက်ကမ်းပါး ထောင်ဆီကို သွားမယ်”

**--**--**--**--**--**--**--**

ကျောက်နက်ကမ်းပါး ထောင်သည် မြို့ပြင်ရှိ တောင်တန်းများထဲတွင် ရှိပြီး ၊ သဘာဝ လိုဏ်ဂူတစ်ခုကို အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ မိုယဲ့၏ ဦးဆောင်မှုဖြင့် တုပိုင်သည် လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ပိုင်ဆယ်မြို့မှ ထွက်ခွာလာပြီး လီပေါင်း တစ်ရာခန့် ခရီးနှင်ပြီးနောက် ၊ နောက်ဆုံးတွင် ဤကြောက်မက်ဖွယ် ကျောက်နက်ကမ်းပါး ထောင်ရှေ့သို့ ရောက်ရှိလာသည်။

ဤကျောက်တောင်ကမ်းပါးပြောင်ကြီး၏ အလယ်တွင် အက်ကွဲကြောင်းကြီးတစ်ခု ရှိပြီး ၊ ဤအက်ကွဲကြောင်းသည် ကျောက်နက်ကမ်းပါး ထောင်၏ ဝင်ပေါက်ဖြစ်သည်။ အပြင်ပန်းတွင် ထူးခြားမှု မရှိသော်လည်း ၊ အတွင်း၌ အဆိုးရွားဆုံးနှင့် အကြောက်မက်ဖွယ် အကောင်းဆုံးသော ကောင်းကင်မိစ္ဆာဂိုဏ်းသား ရာပေါင်းများစွာကို ချုပ်နှောင်ထားသည်ကို မည်သူမျှ မသိရှိကြပေ။

အပိုင်း ၃၂၅ ပြီး။

All Chapters