အခန်း (၃၂၆)
Vol. 33 Ch. 326
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၂၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
“ကျောက်နက်ကမ်းပါး ထောင်ကို ကျွန်တော်တို့ မိုမိသားစုက တည်ဆောက်ခဲ့တာပါ။ ထောင်ရဲ့ အောက်ခြေကို တိုက်ရိုက်ရောက်နိုင်တဲ့ လျှို့ဝှက်လမ်းကြောင်းတစ်ခုကို အထူးတလည် ဖောက်လုပ်ထားခဲ့ပါတယ် ၊ အစောင့်တွေ အားလုံးကို ရှောင်ကွင်းသွားနိုင်ပါတယ်” မိုယဲ့က ပြောလိုက်သည် “ဒါပေမဲ့… သခင်လေး တကယ်ပဲ ဝင်သွားပြီး သူတို့ကို သိမ်းသွင်းချင်တာ သေချာရဲ့လား။ အဲဒီလူတွေက… လူသတ်ဖို့ပဲ သိတဲ့ ၊ အစွမ်းထက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာနောက်လိုက်တွေနော်။ သူတို့က တကယ်ပဲ သခင်လေးကို တစ်စစီ ဆွဲဖြဲပစ်ကြမှာ”
တုပိုင်က ပြောလိုက်သည် “စိတ်မပူပါနဲ့… ဒီတစ်ကြိမ်တော့ ငါ တကယ် ယုံကြည်ချက်ရှိတယ်။ ဒါက တကယ့်ကို ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးပဲ။ ဒီ ကောင်းကင်မိစ္ဆာစစ်တပ်က ငါ ပိုင်ဆိုင်ဖို့အတွက် မွေးဖွားလာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်”
မိုယဲ့သည် တုပိုင်အား ရေကန်တစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး ပြောလိုက်သည် “ကျောက်နက်ကမ်းပါး ထောင်ထဲဝင်တဲ့ လျှို့ဝှက်လမ်းကြောင်းက ရေအောက်မှာပါ”
“လူတိုင်း အပြင်ကနေ ငါ့ကို စောင့်နေကြ” တုပိုင်က ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် တပြိုင်နက် လီဝေ ၊ လီစစ် ၊ ကျီပြောင်ပြောင်နှင့် အခြားသူများ ထိတ်လန့်သွားကြသည်။
သူတို့၏ သခင်လေးသည် တစ်ယောက်တည်းသွားမညလော။ ထိုကောင်းကင်မိစ္ဆာဂိုဏ်းသားများကို ချုပ်နှောင်ထားသည့် မိစ္ဆာတွင်းထဲကို တစ်ယောက်တည်းသွားမည်လော။
“ငါ ပြန်ထွက်လာမယ့်အချိန်ကို စောင့်နေကြ” တုပိုင်က ပြောလိုက်ပြီးနောက် တွန့်ဆုတ်ခြင်းမရှိဘဲ ရေထဲသို့ ခုန်ဆင်းလိုက်သည် ၊ လျှို့ဝှက်လမ်းကြောင်းကို ရှာဖွေပြီး ကျောက်နက်ကမ်းပါး ထောင်၏ အနက်ရှိုင်းဆုံး အလွှာဆီသို့ ဆက်တိုက် ငုပ်လျှိုးသွားတော့သည်။
**--**--**--**--**--**--**--**
ဟင်းလင်းပြင်နယ်ပယ်၌။
ရွှေရောင် အလင်းရိပ်က ပြောလိုက်သည် “ကြည့်စမ်း… စနစ်ရှင် တုပိုင်က သူ့ဘာသာ လမ်းကြောင်းတစ်ခု ရှာတွေ့သွားပြီ။ အလွန် ရူးသွပ်တဲ့ လမ်းကြောင်းပဲ… သူက ငါတို့ စီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်း မလိုက်တော့ဘူး”
အပြာရောင် အလင်းရိပ်က ပြောသည် “ဒီလမ်းကြောင်းက အရမ်းကို အန္တရာယ်များပြီး ကြောက်စရာကောင်းတယ်။ အကျိုးဆက်ကို တွေးကြည့်လို့တောင် မရဘူး ၊ ဒါကြောင့် ငါတို့ ဒီလမ်းကြောင်းကို ဘယ်တုန်းကမှ မစီစဉ်ခဲ့ဘူး”
ရွှေရောင် အလင်းရိပ်က ပြောလိုက်သည် “ဒါပေမဲ့ တကယ်လို့ သူ အောင်မြင်သွားရင် ၊ အဲဒါက ယုံနိုင်စရာမရှိအောင် အစွမ်းထက်တဲ့ စစ်တပ်တစ်တပ် ဖြစ်လာလိမ့်မယ်။ တကယ်လို့ သူ အောင်မြင်သွားရင် ၊ အဲဒါက ငါတို့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားလိမ့်မယ်။ အဲဒီကျရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ”
အနီရောင် အလင်းရိပ်က ပြောသည် “သူ မအောင်မြင်နိုင်ပါဘူး။ ဒီလမ်းကြောင်းက အရမ်း အန္တရာယ်များပြီး အခွင့်အလမ်း နည်းပါးလွန်းတယ်”
ရွှေရောင် အလင်းရိပ်က ပြောလိုက်သည် “ဒါဆိုရင် သူ အောင်မြင်မလားဆိုတာ စောင့်ကြည့်ကြတာပေါ့”
**--**--**--**--**--**--**--**
“ရွှီးးး ရွှီးးး ရွှီးးး ရွှီးးး”
ဤလျှို့ဝှက်လမ်းကြောင်းသည် မြေအောက်ရေလမ်းကြောင်းတစ်ခု ဖြစ်သည်။ တုပိုင်သည် ဆက်တိုက် လျှောဆင်း ၊ လျှောဆင်း ၊ လျှောဆင်း သွားနေသည်။
“ဗွမ်း”
ချက်ချင်းပင် သူသည် ကျောက်နက်ကမ်းပါး ထောင်၏ အနိမ့်ဆုံးအလွှာသို့ ရောက်ရှိသွားသည်။ ထိုအချိန် ၊ တချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင် မျက်လုံးပေါင်း ဒါဇင်များစွာ လင်းလက်လာလေသည်။
လူတစ်ယောက်ရဲ့ မျက်လုံးတွေကနေ အစိမ်းရောင်အလင်းတန်းတွေ တကယ် ထုတ်လွှတ်နိုင်မှန်း တုပိုင် ပထမဆုံးအကြိမ်အဖြစ်သင်ယူလိုက်ရသည်။
ထို့အပြင် ထိုကဲ့သို့ အစိမ်းရောင် မျက်လုံးပေါင်း ရာပေါင်းများစွာက သူ့ကို စိုက်ကြည့်နေကြသဖြင့် သူ့ကျောရိုးတစ်လျှောက် စိမ့်ခနဲ တုန်သွားရလေသည်။
နောက်တစ်စက္ကန့်တွင် သူ့ကို လက်ကြီးကြီးများစွာက ဖမ်းချုပ်လိုက်ကြပြီး အဝတ်အစားများကို ချွတ်ပစ်လိုက်ရာ လုံးဝ ဗလာကျင်း ဖြစ်သွားတော့သည်။ ဤသည်မှာ တုပိုင် တစ်ယောက် ဤကဲ့သို့ အဝတ်ချွတ်ခံရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။
အကျဉ်းထောင်အချို့တွင် မိန်းမမရှိကြသော ရက်စက်ကြမ်းကြုတ်သည့် အကျဉ်းသားများသည် သူတို့၏ စိတ်အလိုဆန္ဒကို ဖြေဖျောက်ရန် နူးညံ့ပျော့ပျောင်းသော ကောင်လေးများကို ရွေးချယ်တတ်ကြသည်။ အမေရိကန် ဇာတ်လမ်းတွဲများထဲမှ အကျဉ်းသားများနှင့် နှိုင်းယှဉ်လျှင် ဤအကျဉ်းသားများမှာ သိုးငယ်လေးများကဲ့သို့ ယဉ်ပါးနေကြသော်လည်း ၊ သူတို့သည် တကယ့်ကို ရက်စက်ကြမ်းကြုတ်သော လူယုတ်မာများ ဖြစ်ကြသည်။
သို့သော် တုပိုင် အတွေးလွန်နေခြင်း ဖြစ်သည်မှာ ထင်ရှားပါ၏။ အဘယ်ကြောင့်ဆိုသော် သူ့ကို အဝတ်ဆွဲချွတ်နေသူ အားလုံးမှာ အမျိုးသမီးများ ဖြစ်ကြသောကြောင့်ပင်။ သို့ရာတွင် အမျိုးသမီးဆိုလျှင်လည်း လက်ခံနိုင်စရာ မဟုတ်ချေ။ အထူးသဖြင့် တစ်ဒါဇင်ခန့် ရှိနေခြင်း ဖြစ်သည်။
ထို့အပြင် တုပိုင်သည် မိန်းမစိုးတစ်ယောက် ဖြစ်လေရာ ဝံပုလွေများကဲ့သို့သော ဤကောင်းကင်မိစ္ဆာဂိုဏ်းသူများကို ကျေနပ်အောင် ဖြည့်ဆည်းပေးချင်လျှင်ပင် ဖြစ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း တုပိုင် အတွေးလွန်နေဆဲ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးများသည် သူ့ကို ရေထဲသို့ တိုက်ရိုက် တွန်းချလိုက်ပြီးနောက် နေရာလပ်မကျန်အောင် အသည်းအသန် ပွတ်တိုက်ဆေးကြောပေးနေကြသောကြောင့် ဖြစ်သည်။ ထို့နောက် သူတို့က သူ့ကို ကျောက်ပြားတစ်ခုပေါ်တွင် တင်လိုက်ပြီး ကျောက်နက်ကမ်းပါး ထောင်၏ အတွင်းပိုင်းနက်ရှိုင်းရာဆီသို့ သယ်ဆောင်သွားကြသည်။
ယခုအချိန်တွင် တုပိုင်အနေဖြင့် စိတ်စွမ်းအင်တိုက်ခိုက်မှု နည်းစနစ်များဖြင့် ပြန်လည်တိုက်ခိုက်နိုင်သော်လည်း သူ မလုပ်ခဲ့ပေ။ ယဇ်ကောင် ပူဇော်သက္ကာတစ်ခုကဲ့သို့ပင် တုပိုင်သည် အကျဉ်းခန်းငယ်လေးတစ်ခုထဲသို့ သယ်ဆောင်သွားခြင်း ခံလိုက်ရသည်။ ကျောက်နက်ကမ်းပါး ထောင်တစ်ခုလုံးကို သဘာဝလိုဏ်ဂူများမှ ပြုပြင်ပြောင်းလဲထားခြင်း ဖြစ်ရာ အခြေခံအားဖြင့် ကျောက်ဂူများသာ ဖြစ်သည်။ သို့သော် ဤအကျဉ်းခန်းငယ်လေးမှာမူ ရှားရှားပါးပါး ခမ်းနားထည်ဝါနေသော အခန်းများထဲမှ တစ်ခု ဖြစ်သည်။
အခန်းထဲတွင် စာအုပ်အမျိုးမျိုး၊ ပြောင်မြောက်သော အစားအသောက်များနှင့် လှပသော အဝတ်အစားများဖြင့် ပြည့်နှက်နေသည်။ ဤနေရာရှိ ပရိဘောဂတိုင်းသည် အလွန်လက်ရာမြောက်ပြီး အလွန်သက်တောင့်သက်သာ ရှိပုံရသော ကုတင်ကြီးတစ်လုံးလည်း ရှိသည်။
ဤနေရာရှိ အဝတ်အစားများကို ကြည့်လိုက်လျှင် အရွယ်အစားစုံ ရှိသော်လည်း အများစုမှာ ဂါဝန်များ ဖြစ်ကြသည်။ ပို၍ ရှက်စရာကောင်းသည်မှာ ဤနေရာတွင် ပိုးသား အတွင်းခံဘောင်းဘီများနှင့် ရင်စည်းအများအပြား ရှိနေခြင်းပင်။
ဤနေရာရှိ ခွက်များအားလုံးကို ရွှေနှင့် ကျောက်စိမ်းများဖြင့် စီခြယ်ထားသည်။ အကျဉ်းထောင်ထဲတွင် ဤမျှ ဇိမ်ကျသော အခန်းတစ်ခန်း ရှိနေသည်ဆိုရာ ဤနေရာ၌ မည်သူနေထိုင်သည်ကို အမှန်တကယ် မသိနိုင်ပေ။
အဝတ်အစားများကို ကြည့်ရသည်မှာ ပိုင်ရှင်သည် အမျိုးသမီးတစ်ဦး ဖြစ်လောက်သည်။ တုပိုင်ကို ရေဆေး၊ အဝတ်ဗလာကျင်းပြီး ပူဇော်သက္ကာတစ်ခုလို သယ်ဆောင်လာခြင်းမှာ အဆင့်မြင့် အမျိုးသမီးပုဂ္ဂိုလ်ကြီး တစ်ဦးဦးကို ဖြည့်ဆည်းပေးရန်အတွက်လော။
ချက်ချင်းပင် လှပသော အမျိုးသမီးတစ်ဦးပြီး တစ်ဦး ဝင်ရောက်လာကြသည်။
သူတို့သည် အဝတ်မဲ့နေသော တုပိုင်ကို လုံးဝ ဂရုမစိုက်ဘဲ အရသာရှိသော စားဖွယ်သောက်ဖွယ် ပန်းကန်များကို တစ်ခုပြီးတစ်ခု ယူဆောင်လာကြသည်။ စားပွဲတစ်ခုလုံး ပြည့်သွားသည်အထိ အစားအစာမျိုးစုံ ရောက်ရှိလာသည်။
ဤသည်မှာ ထောင်ဖြစ်၏။ သို့သော် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများမာမူ သောက်ကျိုးနည်း အဆင့်မြင့်လှ၏။ တာ့နင်အင်ပါယာ၏ ချွေတာလွန်းသည့် ဧကရာဇ်မင်းမြတ်ပင် ဤမျှလောက် ခမ်းနားထည်ဝါအောင် မစားသုံးချေ။ ဤသည်များမှာ မည်သူ့အတွက်နည်း။
ဟင်းပွဲအားလုံး ချပြီးသောအခါ ဖယောင်းတိုင်အားလုံးကို ငြှိမ်းသတ်လိုက်ကြသဖြင့် အခန်းငယ်လေးမှာ လုံးဝ မှောင်မိုက်သွားတော့သည်။
“သခင်… သုံးဆောင်ပါရှင်” အမျိုးသမီးတစ်ဦးက ပြောလိုက်သည်။
ခဏအကြာတွင် ခြေသံများ နီးကပ်လာသည်။ သူမ ပြောသော သခင်ဆိုသူ လျှောက်လာပြီး ဇိမ်ခံထိုင်ခုံပေါ်တွင် ထိုင်ကာ တင့်တယ်သော အသုံးအဆောင်များဖြင့် တစ်ကိုက်ချင်းစီ စတင် စားသောက်လေသည်။ တုပိုင်သည် သခင်ဆိုသူ၏ ရုပ်သွင်ကို မမြင်ရသော်လည်း ဤလူသည် အစားအသောက်နှင့် ပတ်သက်၍ အလွန်စေ့စပ်သေချာကြောင်း ခံစားမိသည်။ ဟင်းပွဲတစ်မျိုးစီကို အနည်းငယ်သာ မြည်းစမ်းပြီး ဒုတိယအကြိမ် ပြန်စားခဲလှသည်။
“သခင် ရေဆာနေပြီလား” အမျိုးသမီးက မေးလိုက်သည်။
“အင်း” သခင်က တိုးညှင်းစွာ ပြန်ဖြေသည်။ အသံမှာ အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမ၏ အသံမှာ အနည်းငယ် ထူးဆန်းနေသည်။
“ဒီကျွန်မ သခင့်အတွက် အသောက်အစား ပြင်ဆင်ပေးပါ့မယ်” အမျိုးသမီးက ပြောလိုက်ပြီးနောက် ဓားတစ်ချောင်းကို ယူကာ တုပိုင်၏ လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်ရာ သွေးများ စီးကျလာတော့သည်။
တုပိုင်ထံတွင် ခုခံနိုင်စွမ်းရှိနေသော်လည်းပဲ သူမတုန့်ပြန်ချေ။ သခင်ဆိုသူက သွေးတစ်ခွက်ကို ယူလိုက်ပြီး ဝိုင်နီသောက်သကဲ့သို့ မော့သောက်လိုက်သည်။
“သခင် ဘယ်လိုနေလဲဟင်။ နောက်ထပ် လိုချင်ပါသေးလား” အမျိုးသမီးက မေးသည်။
သခင်က နောက်ထပ်မလိုချင်ကြောင်း ခေါင်းခါပြလိုက်၏။ ထို့နောက် အမျိုးသမီးက တုပိုင်၏ အသက်ကို ယူရန် ရည်ရွယ်ချက်ဖြင့် သူ့ရင်ဘတ်ကို ပြင်းထန်စွာ ထိုးစိုက်တော့မည့်ဟန် ပြင်လိုက်သည်။
သူ့ကို ယခုကဲ့သို့ ဖမ်းခေါ်လာပြီး သန့်စင်ဆေးကြောပေးသည်မှာ သွေးတစ်ခွက်စာ သက်သက်သာဖြစ်၏။ ကောင်းကင်မိစ္ဆာဂိုဏ်း ပီသလေသည်။ ထိုအချိန်တွင် တုပိုင်၏ အတွင်းအားများ ပေါက်ကွဲထွက်လာသည်။
ဓားမြှောင်ဖြင့် ထိုးရန် ပြင်နေသော အမျိုးသမီးသည် အဆင့် ၆ သိုင်းပညာရှင်တစ်ယောက်၏ အတွင်းအားကို ခံစားလိုက်ရသော်လည်း အရေးမစိုက်ဘဲ လက်တစ်ဖက်ဖြင့် တိုက်ရိုက် ကာကွယ်လိုက်သည်။
“ဝုန်းးးး”
ပြင်းထန်သော ဝိညာဉ်အရိပ် စိတ်စွမ်းအင်သည် အမျိုးသမီး၏ ဦးနှောက်ကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
“အားးးး”
ချက်ချင်းပင် သူမ၏ ဦးနှောက် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး စိတ်စွမ်းအင်နယ်ပယ် ဗလာဖြစ်သွားကာ စူးစူးဝါးဝါး အော်ဟစ်လျက် လွင့်ထွက်သွားလေသည်။
“စိတ်စွမ်းအင် တိုက်ခိုက်မှု နည်းစနစ်လား” သခင်ဆိုသူက အလွန်အံ့သြတကြီး ရေရွတ်လိုက်ပြီး မေးလိုက်သည်။ “မင်း ဘယ်သူလဲ”
တုပိုင်က ပြောလိုက်သည်။ “ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ကျီယင်ယင် ၊ ခင်ဗျားရဲ့ ရုပ်သွင်ကို ကျွန်တော် သိပြီးသားပါ။ ဖယောင်းတိုင်တွေ အကုန် ငြှိမ်းထားစရာ မလိုပါဘူး။ အခု ရှက်ရမှာက ကျွန်တော်ပါဗျ”
ဇိမ်ခံအခန်းထဲတွင် နေထိုင်ပြီး သွေးသောက်ကာ လူ့အသက်ကို မြက်ပင်များအလား သဘောထားသော ဤပုဂ္ဂိုလ်သည် တစ်ချိန်က ကျော်ကြားခဲ့သော ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ကျီယင်ယင်မှလွဲ၍ အခြားသူ မဟုတ်ပေ။
လွန်ခဲ့သော နှစ် ၂၀ က နင်ဇောင်ဝူ ၊ လီတောက်ကျိန်း ၊ ကျီချင်းကျူနှင့် လီရူဟိုင်တို့ မထင်ရှားသေးခင် အချိန်ကတည်းက ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ကျီယင်ယင်သည် နိုင်ငံတစ်ဝန်း ကျော်ကြားပြီးသား ဖြစ်သည်။
သူမ၏ ကောင်းကင်မိစ္ဆာဂိုဏ်းသည် အနောက်တောင်ပိုင်းဒေသ တစ်ခုလုံးကို လွှမ်းမိုးထားခဲ့ပြီး ပြိုင်ဘက်ကင်း ဖြစ်ခဲ့ကာ ဆရာသခင်ကြီး ၅ ဦးထက်မနည်း သူမ၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
ထိုအချိန်က အနောက်တောင်ပိုင်းရှိ သိုင်းသင်တန်းကျောင်းအားလုံးကို သူမက ရှင်းလင်းပစ်ခဲ့ပြီး ကောင်းကင်မိစ္ဆာဂိုဏ်းသည် အနောက်တောင်ပိုင်း သိုင်းလောကတစ်ခုလုံး နီးပါးကို ထိန်းချုပ်ထားခဲ့သည်။
တကယ့်ကို ထူးကဲပြီး ထိပ်တန်းအဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သို့သော် မသိရသော အကြောင်းရင်းများကြောင့် ကောင်းကင်မိစ္ဆာဂိုဏ်းသည် လအနည်းငယ်အတွင်း ရုတ်တရက် ကျဆင်းသွားခဲ့ပြီး အဆင့်မြင့် ကျွမ်းကျင်သူ အများအပြား သေဆုံးခဲ့ရသည်။
ထို့နောက် ချက်ချင်းပင် နန်းတွင်း ၊ မိုမိသားစုနှင့် လီမိသားစုတို့က အခွင့်ကောင်းယူကာ ဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းရန် စစ်တပ်များ စေလွှတ်ခဲ့ကြသည်။ နှစ်နှစ်အတွင်း ထိုအဆုံးအဖြတ် တိုက်ပွဲ၌ ပေမင်ဓားဂိုဏ်းမှ ကျွမ်းကျင်သူ ရာပေါင်းများစွာ ၊ အနောက်တောင်ပိုင်း ဒေသခံစော်ဘွား မဟာမိတ်တပ်ပေါင်းစုမှ သောင်းနှင့်ချီသော တပ်သားများ ၊ သိုင်းသင်တန်းကျောင်း ဒါဇင်ပေါင်းများစွာမှ သိုင်းပညာရှင် ထောင်ပေါင်းများစွာတို့ ပူးပေါင်းပြီး ကောင်းကင်မိစ္ဆာဂိုဏ်း၏ ပင်မအခြေစိုက်ရာ အော်ယွန်းတောင်ကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။
ထိုတိုက်ပွဲတွင် တစ်ချိန်က ထင်ရှားကျော်ကြားခဲ့သော ကောင်းကင်မိစ္ဆာဂိုဏ်းသည် လုံးဝနီးပါး ချေမှုန်းခံခဲ့ရပြီး ဂိုဏ်း၏ အဆင့်မြင့်ကျွမ်းကျင်သူ အားလုံးနီးပါး သေဆုံးခဲ့ရသည်။
အသက်ရှင်ကျန်ရစ်သူများမှာ ကောင်းကင်မိစ္ဆာဂိုဏ်းချုပ်ကို ကာကွယ်ပေးခဲ့ကြသော ကလေးစစ်သည်များသာ ဖြစ်ပြီး ထိုအချိန်က သူတို့အားလုံးသည် အသက် ၁၇ နှစ်အောက်များသာ ဖြစ်ကြသည်။
ယခုအခါ ကောင်းကင်မိစ္ဆာဂိုဏ်းချုပ်နှင့် သူမ၏ နောက်လိုက်များသည် ထောင်သွင်းအကျဉ်းချခံထားရသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာပြီ ဖြစ်ပြီး ၊ ထိုလူများသည်လည်း ယခုအခါ အသက် ၃၀ ဝန်းကျင်အရွယ်သို့ ရောက်နေပြီဖြစ်၏။
ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ကိုယ်တိုင် ငယ်စဉ်ကတည်းက ပျိုးထောင်ပေးခဲ့သော ဤကလေးစစ်သည်များသည် သူမကို သခင်အဖြစ်သာမက မိခင်တစ်ဦးကဲ့သို့ပါ သဘောထားကြသည်။ ဂိုဏ်းအတွင်း သူတို့၏ သိုင်းပညာအဆင့်အတန်းမှာ မမြင့်မားသော်လည်း သူတို့သည် သတ္တိအရှိဆုံး ၊ သစ္စာအရှိဆုံးနှင့် အာဇာနည်စိတ် အပြည့်ဆုံးသူများ ဖြစ်ကြသည်။
ကောင်းကင်မိစ္ဆာဂိုဏ်း၏ လျင်မြန်သော တိုးတက်မှုနှင့် ရုတ်တရက် ကျဆုံးမှုသည် လူတိုင်းကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။ အကြောင်းရင်းအမှန်ကို မည်သူမျှ မသိကြပေ။ သို့သော် တုပိုင် သိသည်။ ပို၍ တိတိကျကျ ပြောရလျှင် ဝိညာဉ်ဆရာသခင် ချွမ်ရှယ် သိနေခြင်း ဖြစ်သည်။
ဝိညာဉ်ဆရာသခင် ချွမ်ရှယ်၏ မှတ်ဉာဏ်များကို ဖတ်ရှုခြင်းအားဖြင့် တုပိုင် သိရှိခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဤကောင်းကင်မိစ္ဆာဂိုဏ်းချုပ်သည် အသက် ၅၀ အရွယ်ခန့် ရှိသင့်ပြီ ဖြစ်သည်။
“လျှာရှည်နေတယ် ၊ သတ်လိုက်” ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ကျီယင်ယင်က ပြောလိုက်သည်။
အမျိုးသမီး အများအပြား ရှေ့တိုးလာပြီး တုပိုင်၏ အသက်ကို ယူရန် ပြင်လိုက်ကြသည်။
“ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ကျီယင်ယင်… ကောင်းကင်မိစ္ဆာဂိုဏ်း ပျက်စီးသွားရတဲ့ အကြောင်းရင်းက ခင်ဗျား ကောင်းကင်မိစ္ဆာကျမ်းရဲ့ နဝမပိုင်းကို အတင်းအဓမ္မ ကျင့်ကြံခဲ့လို့လေ။ အဲဒါကြောင့် ခင်ဗျားရဲ့ သွေးကြောတွေ ပြောင်းပြန်စီးဆင်းပြီး သိုင်းပညာ တိုးတက်မလာဘဲ ဆုတ်ယုတ်သွားတယ်။ ပြီးတော့ ခင်ဗျားက ငယ်ရွယ်နုပျိုခြင်းဆီ ပြန်လည်ပြောင်းလဲသွားတယ်။ အခု ခင်ဗျားက ၇ နှစ် ၈ နှစ်အရွယ် ကလေးမလေးပဲ ရှိတော့တာမလား” တုပိုင်က အော်ပြောလိုက်သည်။ “ဒါကြောင့် ကျွန်တော် ပြောတာလေ။ ဖယောင်းတိုင်တွေ ငြှိမ်းစရာ မလိုပါဘူး။ ခင်ဗျားရဲ့ ရုပ်သွင်ကို ကျွန်တော် သိပါတယ်လို့”
ဤစကားများ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခန်းလုံး လုံးဝ တိတ်ဆိတ်သွားသည်။ အချိန်အတန်ကြာပြီးနောက် ဖယောင်းတိုင်များ ပြန်လည်လင်းလက်လာသည်။
နောက်ဆုံးတွင် တုပိုင်သည် ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ကျီယင်ယင်၏ ရုပ်သွင်ကို မြင်တွေ့လိုက်ရသည်။ ဧရာမ ရာဇပလ္လင်ပေါ်တွင် နူးညံ့ပြီး သေသပ်လှပသော ကလေးမလေးတစ်ဦး ထိုင်နေသည်။ တကယ့်ကို ၇ နှစ် ၈ နှစ်အရွယ်သာ ရှိသေးသည်။ ဤမျက်နှာလေးသာ ကြီးပြင်းလာပါက လီဝမ်ဝမ်ထက်ပင် ပို၍ လှပညို့ယူနိုင်ဦးမည် ဖြစ်သည်။ (Somebody call fbi 🤓)
သူမ၏ မျက်လုံးများ၌သာ အသက်အရွယ်နှင့် မလိုက်ဖက်သော ရင့်ကျက်မှုတစ်ခု ရှိနေသည်။ ဤအချက်ကို ကာလကြာရှည်စွာ သိထားသော်လည်း ကိုယ်တိုင် တွေ့မြင်လိုက်ရသောအခါ တုပိုင် လုံးဝ တုန်လှုပ်သွားရသည်။
‘ဒါက ဘာလဲဟ။ သူက တျန်ရှန် ကလေးဝါရင့်သိုင်းသမားလိုမျိုး ဖြစ်နေတာလား။’
အပိုင်း ၃၂၆ ပြီး။