အခန်း (၃၂၇)
Vol. 33 Ch. 327
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၂၇
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
သို့သော် တျန်ရှန် ကလေးဝါရင့်သိုင်းသမားမှာ ငယ်စဉ်ကတည်းက ထိုပုံစံအတိုင်း ရှိနေခြင်းဖြစ်ပြီး ၊ ကျီယင်ယင်နှင့် မတူညီချေ။ ကျီယင်ယင်မှာမူ သွေးကြောပြောင်းပြန်စီးဆင်းမှုကို အမှန်တကယ် ကြုံတွေ့နေရပြီး တစ်နေ့ထက်တစ်နေ့ ငယ်ရွယ်နုပျိုလာခြင်း ဖြစ်လေသည်။ ဤအရာ၏ နောက်ကွယ်မှ သဘောတရားမှာ အဘယ်နည်း။ အမှန်တကယ်ပင် ထူးဆန်းလွန်းလှပေ၏။
ကောင်းကင်မိစ္ဆာဂိုဏ်း ပျက်သုဉ်းသွားရသည့် အကြောင်းရင်းမှာ သူမ ငယ်ရွယ်နုပျိုခြင်းသို့ ပြန်လည်ရောက်ရှိသွားခြင်းကြောင့် ဖြစ်ပေသည်။ ထိုအချက်က သူမ၏ ကျင့်ကြံမှုကို တစ်နေ့ထက်တစ်နေ့ ကျဆင်းစေခဲ့ပြီး ၊ နောက်ဆုံးတွင် ကျွမ်းကျင်သူ အများအပြားကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိတော့သည်အထိ ဖြစ်စေခဲ့၏။
မိုမိသားစုရော လီမိသားစုပါ သူမကို ရတနာတစ်ပါးအဖြစ် သတ်မှတ်ထားသောကြောင့် အကျဉ်းချထားခဲ့ကြသော်လည်း ၊ သူမကို မည်သို့ အသုံးချရမည်ကိုမူ မသိနားမလည်ခဲ့ကြပေ။
“မင်းက ဒီလျှို့ဝှက်ချက်ကို ဘာလို့ သိနေတာလဲ” ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ကျီယင်ယင်က မေးလိုက်သည်။ ကလေးမလေးတစ်ယောက်၏ ရုပ်သွင်ဖြင့် ထိုကဲ့သို့ ရင့်သီးသော ၊ ရင့်ကျက်သော လေသံမျိုး ပြောဆိုနေခြင်းမှာ အမှန်တကယ်ပင် ထူးဆန်းနေလေသည်။
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော့်ဆရာ ချွမ်ရှယ်က ခင်ဗျားတို့ဂိုဏ်းမှာ တစ်ခဏလောက် နေခဲ့ဖူးတယ်။ ခင်ဗျား သတ်ဖြတ်တာတွေ လျှော့ချဖို့ မျှော်လင့်ချက်နဲ့ ဗုဒ္ဓတရားတော်တွေကို ဟောကြားပြသပေးခဲ့တယ်။ ခင်ဗျားက သူ့ကို ဧည့်သည်အဖြစ် နှစ်ဝက်ကျော်လောက် ထားခဲ့ပြီး ၊ စကားပြောဖော်ကောင်းမွန်တဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ သတ်မှတ်ခဲ့ပေမဲ့ မထူးခြားဘူး။ ကျွန်တော့်ဆရာရဲ့ စကားတွေကြောင့် ခင်ဗျားက သတ်ဖြတ်မှု တစ်ခုလေးတောင် လျှော့ချခဲ့တာ မရှိပါဘူး”
ထို့နောက် တုပိုင်က ဆက်ပြောလိုက်သည်။
“ခင်ဗျား ကောင်းကင်မိစ္ဆာကျမ်းနောက်ဆုံးပိုင်းကို အတင်းအဓမ္မ ကျင့်ကြံခဲ့ရတဲ့ အကြောင်းရင်းက ထာဝရ ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းဖို့ ၊ ခင်ဗျားထက် ဆယ်နှစ်ငယ်တဲ့ အဲဒီယောက်ျားကို ခင်ဗျားအပေါ် စွဲလမ်းလာအောင် လုပ်ဖို့အတွက်ပဲ။ ရလဒ်ကတော့ ကျရှုံးမှုနဲ့ ကြုံရပြီး ခင်ဗျားရဲ့ ကျင့်ကြံမှုကို ကျဆင်းစေခဲ့သလို ငယ်ရွယ်နုပျိုခြင်းဆီ ပြန်လည်ရောက်ရှိသွားစေခဲ့တယ်”
သို့မဟုတ် ဤသည်မှာ ကျရှုံးမှုမဟုတ်ဘဲ အခြားတစ်ဖက်မှ အောင်မြင်မှုတစ်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
“အဲဒီယောက်ျားက လက်ရှိ ပေမင်ဓားဂိုဏ်းချုပ် နင်တောက်ရွှမ်ကလွဲပြီး တခြားသူ မဟုတ်ဘူး။ အဲဒီတုန်းက ကောင်းကင်မိစ္ဆာဂိုဏ်းကို ဖျက်ဆီးဖို့ ပေမင်ဓားဂိုဏ်း ကျွမ်းကျင်သူတွေကို ဦးဆောင်လာခဲ့တာ သူပဲ” တုပိုင်က ပြောလိုက်သည်။ “ခင်ဗျားဘေးနားမှာ သူ ရှိနေခဲ့တာက ပူးပေါင်းကြံစည်မှု သက်သက် ၊ ပျားရည် ထောင်ချောက်တစ်ခု သက်သက်ပဲ”
သံသယဖြစ်စရာ မလိုလောက်အောင်ပင် ၊ ဤအရာသည် ကျီယင်ယင်၏ နာကျင်စရာအကောင်းဆုံး မှတ်ဉာဏ်ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကြာပြီးနောက် ယခု ပြန်ပြောသည့်တိုင် သူမ၏ နှလုံးသားကို လိမ်ချိုးခံလိုက်ရသကဲ့သို့ နာကျင်စေဆဲ ဖြစ်သည်။
“မင်းက ဒီအကြောင်းတွေကို ပြောဖို့အတွက်နဲ့ ငါ့ဆီကို ပင်ပင်ပန်းပန်း လာတွေ့တာလား” ကျီယင်ယင်က အေးစက်စွာ ပြောလိုက်သည်။ “မင်း ပြောလို့ ပြီးရင်တော့ သေလို့ရပြီ”
၇ နှစ် ၈ နှစ်အရွယ် ကလေးမလေးတစ်ယောက်၏ ရုပ်သွင်ဖြင့် ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော စကားများကို ပြောဆိုနေခြင်းမှာ တကယ့်ကို ရှေ့နောက်မညီ ဖြစ်နေတော့သည်။
တုပိုင်က ပြောလိုက်သည်။ “ခင်ဗျားနဲ့ ညှိနှိုင်းဖို့ လာခဲ့တဲ့သူက ကျွန်တော်ပါ။ ကျွန်တော် မမှားဘူးဆိုရင် အခုဆို လီရူဟိုင်တောင် ခင်ဗျားကို သိပ်ဂရုမစိုက်တော့ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားက အကျဉ်းချခံထားရတာ ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပြီဖြစ်သလို ၊ ဘာထူးခြားတဲ့ အရည်အသွေးမှလည်း မပြနိုင်တော့ဘဲ နေ့တိုင်း ငယ်ရွယ်နုပျိုခြင်းဆီ ပြန်ရောက်သွားရုံ သက်သက်မို့လို့ပဲ။ ဒီ ကလေးစစ်သည်ဟောင်း ရာဂဏန်းလောက်ကလွဲရင် ကျန်တဲ့လူတိုင်း နီးပါးက ခင်ဗျားကို မေ့နေကြပြီ”
ကျီယင်ယင်သည် တုပိုင်ကို မလှုပ်မယှက် စိုက်ကြည့်နေပြီး ပြောလိုက်သည်။ “မင်းမှာ နောက်ထပ် စကားသုံးခွန်း ပြောခွင့်ရှိတယ်။ ပြောပြီးတာနဲ့ မင်း သေရမယ်”
ချက်ချင်းပင် အမျိုးသမီး ဒါဇင်ပေါင်းများစွာ ဝင်ရောက်လာကြပြီး အားလုံးက တုပိုင်ကို ဓားဖြင့် ချိန်ွယ်ထားကြသည်။ အမိန့်တစ်ခွန်း ပေးလိုက်သည်နှင့် သူတို့က တုပိုင်ကို ပျားအုံကဲ့သို့ ဆန်ခါပေါက်ဖြစ်အောင် ထိုးစိုက်နိုင်ပြီး ၊ သူ့အနေဖြင့် စိတ်စွမ်းအင်တိုက်ခိုက်မှုကို အသုံးပြုလျှင်ပင် ပစ်မှတ်များစွာကို တစ်ပြိုင်နက် မတိုက်ခိုက်နိုင်ပေ။
“အခု အသက် ၃၀ အရွယ်တွေ ဖြစ်နေကြပြီဖြစ်တဲ့ ခင်ဗျားရဲ့ ဒီကလေးစစ်သည် ရာပေါင်းများစွာကို ကျွန်တော် လိုချင်တယ်။ သူတို့ကို ကျွန်တော့်ဆီမှာ သစ္စာဆိုခိုင်းပေးပါ” တုပိုင်က ပြောလိုက်သည်။
“ပထမ စကားတစ်ခွန်း ပြီးသွားပြီ” ကျီယင်ယင်က ပြောလိုက်သည်။
ချက်ချင်းပင် အမျိုးသမီး ဒါဇင်ပေါင်းများစွာက ရှေ့သို့ တစ်လှမ်းတိုးလာကြရာ သူတို့၏ ထက်မြက်သော ဓားများသည် တုပိုင်နှင့် တစ်ပေအကွာသို့ ရောက်ရှိလာတော့သည်။
တုပိုင်က ပြောလိုက်သည်။ “ခင်ဗျား ငယ်ရွယ်နုပျိုခြင်းဆီ ပြန်သွားတာက အရှိန်မြန်လာနေပြီ။ တစ်နှစ်ခွဲထက် မပိုတဲ့ အချိန်အတွင်းမှာ ခင်ဗျားက ဘဝရဲ့ ကနဦး အစပျိုးချိန်ကို ပြန်ရောက်သွားလိမ့်မယ်။ တစ်နည်းပြောရရင် နောက်ထပ် တစ်နှစ်ခွဲနေရင် ခင်ဗျား သေရလိမ့်မယ်”
“ဒုတိယ စကားတစ်ခွန်း ပြီးသွားပြီ” ကျီယင်ယင်က ထပ်ပြောလိုက်သည်။ “နောက်ဆုံး စကားတစ်ခွန်းပဲ ကျန်တော့တယ်။ ဘာပြောရမလဲဆိုတာ သေချာစဉ်းစားထား ၊ မဟုတ်ရင် မင်း သေပြီ”
အမျိုးသမီး ဒါဇင်ပေါင်းများစွာသည် နောက်ထပ် ခြေတစ်လှမ်း ရှေ့တိုးလာကြရာ ဓားပေါင်းများစွာသည် တုပိုင်၏ ခန္ဓာကိုယ်ကို ဖိကပ်ထားပြီ ဖြစ်သည်။ အနည်းငယ် ရှေ့တိုးလိုက်ရုံဖြင့် တုပိုင်သည် အပေါက်ပေါင်းများစွာ ဖောက်ခံရပြီး သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
နောက်ဆုံး စကားတစ်ခွန်းသာ ကျန်တော့သည်။ တုပိုင် မျက်လုံးများကို မှိတ်လိုက်၏။ သူ့ထံတွင် အိပ်မက်စနစ်၏ ကြိုတင်သိမြင်နိုင်စွမ်း မရှိတော့သလို ၊ အိပ်မက်ထဲတွင် ကြိုတင်လေ့ကျင့်ထားနိုင်ခြင်းလည်း မရှိတော့ပေ။
ဤနောက်ဆုံး စကားတစ်ခွန်းအတွက် သူ့တွင် ရွေးချယ်စရာ နှစ်ခု ရှိနေသည်။ ပထမရွေးချယ်မှုမှာ ကျီယင်ယင်ကို ကယ်တင်နိုင်မည့် နည်းလမ်းရှိကြောင်း ပြောရန်ဖြစ်သည်။ အမှန်တကယ်တော့ အတိုင်းအတာတစ်ခုအထိ တုပိုင် လိမ်ညာနေခြင်း ဖြစ်သည်။ ကျီယင်ယင်ကို ဘယ်လိုကယ်ရမလဲဆိုတာ သူ တကယ် မသိပေ။
သို့သော် သူသည် ကျီယင်ယင်ကို ချက်ချင်း အေးခဲစေမည့် နည်းလမ်းကို ရှာဖွေနိုင်သည်။ ဤကမ္ဘာတွင် နိုက်ထရိုဂျင်အရည်နှင့် တူသော အရာတစ်ခုခုကို ရှာဖွေပြီး သူမကို ဆောင်းခိုခြင်းပုံစံမျိုး ချက်ချင်း အေးခဲထားလိုက်ခြင်း ဖြစ်သည်။
အမှန်တကယ်တော့ ဤနည်းပညာက ခေတ်သစ်ကမ္ဘာမြေပေါ်တွင်ပင် အောင်မြင်ခြင်းမရှိသေးပေ။ လူတစ်ယောက်ရဲ့ အသက်ကို မထိခိုက်စေဘဲ အေးခဲထားဖို့ မဖြစ်နိုင်သေးပေ။
သို့သော် ကျီယင်ယင်၏ သိုင်းပညာမှာ တစ်ချိန်က အလွန်မြင့်မားခဲ့ပြီး ၊ သူမ၏ ငယ်ရွယ်နုပျိုခြင်းဆီ ပြန်လည်ရောက်ရှိစေသော စွမ်းအင်မှာ အလွန်ထူးဆန်းသည်။ အေးခဲထားခြင်းက သူမကို သေဆုံးခြင်းမှ အမှန်တကယ် ကာကွယ်ပေးနိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။ တုပိုင်က နည်းလမ်းရှာတွေ့သည့်အချိန်အထိ စောင့်ဆိုင်းပြီးမှ သူမကို ပြန်လည် အသက်သွင်းပေးမည် ဖြစ်သည်။
ဒုတိယရွေးချယ်မှုမှာ သူမ သေဆုံးပြီးနောက် သူမ၏ ကလေးစစ်သည် ရာပေါင်းများစွာ မည်သို့ဖြစ်သွားမည်နည်းဟု ကျီယင်ယင်ကို မေးမြန်းရန် ဖြစ်သည်။ ထို့အပြင် တုပိုင်က သူတို့ကို ကာကွယ်ပေးမည် ၊ ပျိုးထောင်ပေးမည် ဖြစ်ပြီး ၊ ဤမှောင်မိုက်သော ထောင်ထဲတွင် သူမ၏ အသုဘအခြွေအရံများအဖြစ် သေဆုံးစေမည့်အစား သူတို့၏ ဘဝတန်ဖိုးကို အပြည့်အဝ အသုံးချခွင့်ပေးမည်ဟု ပြောရန်ဖြစ်သည်။
အကယ်၍သာ အိပ်မက်စနစ်သာဆိုလျှင် ပထမရွေးချယ်မှုကို သေချာပေါက် ရွေးချယ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စနစ်များသည် လုံးဝ ဆင်ခြင်တုံတရားနှင့် ပြည့်စုံသောကြောင့် ဖြစ်သည်။ စက်ကြီးတစ်ခုကဲ့သို့ ပြီးပြည့်စုံသော လမ်းကြောင်းကိုသာ ရွှေးချယ်ပြီး လူသားဆန်ခြင်းမရှိကြချေ။
ကျီယင်ယင်သည် သွေးအေးပြီး ရက်စက်သောသူ ဖြစ်လေရာ သူမ၏ ကိုယ်ပိုင်အသက်ရှင်သန်ရေးကိုသာ အလေးထားမည် ဖြစ်သဖြင့် ပထမရွေးချယ်မှုမှာ အမှန်ကန်ဆုံး ဖြစ်ပေသည်။
တုပိုင်သည် သူ့အသက်ကို ထပ်မံ လောင်းကြေးထပ်လိုက်ပြန်၏။
“နောက်ဆုံး စကားတစ်ခွန်းအနေနဲ့ကတော့ ၊ ဒီကလေးစစ်သည် ရာပေါင်းများစွာကို ခင်ဗျားနဲ့အတူ အသေမခံခိုင်းပါနဲ့။ ဒီနေ့ကစပြီး သူတို့ကို ကျွန်တော် ကာကွယ်ပေးမယ် ၊ ကျွန်တော် ဦးဆောင်ပေးမယ် ၊ သူတို့ရဲ့ အသက်တွေကို အလဟဿ မဖြစ်စေရဘူး။ မနက်ဖြန် စစ်မြေပြင်မှာ သူတို့ သေချင်သေရလိမ့်မယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ဒီမှောင်မိုက်တဲ့ ထောင်ထဲမှာ အသေမခံရတော့ဘူး” တုပိုင်သည် နောက်ဆုံးတွင် စိတ်ခံစားမှုကို ရွေးချယ်လိုက်လေသည်။
ကျီယင်ယင်သည် သူမ၏ ကိုယ်ပိုင်အသက်ထက် ဤကလေးစစ်သည်များကို ပိုမိုတန်ဖိုးထားကြောင်း သူ လောင်းကြေးထပ်လိုက်ခြင်း ဖြစ်သည်။ ဤတစ်ခါမှာတော့ သူသည် မည်သည့် ဉာဏ်နီဉာဏ်နက်မှ မသုံးခဲ့သလို ၊ စနစ်ကို အသုံးပြုပြီး မသမာမှုလည်း မလုပ်ခဲ့ပေ။ သူ့အသက်ကို လောင်းကစားဝိုင်းပေါ် တိုက်ရိုက် တင်လိုက်ခြင်းသာ ဖြစ်သည်။
လူသားတို့၏ စိတ်ခံစားမှုသည် ဆင်ခြင်တုံတရားကို အနိုင်ယူနိုင်ကြောင်း သူ လောင်းကြေးထပ်လိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်နယ်ပယ်ထဲရှိ အနီရောင်အလင်းတန်းနှင့် အရိပ်က ပြောလိုက်သည်။ “မိုက်မဲလိုက်တဲ့ စနစ်ရှင် ၊ သူ သေချာပေါက် သေပြီ”
“မိုက်မဲလိုက်တဲ့ ကတိစကားပါလား” ကျီယင်ယင်က သက်ပြင်းချလိုက်သည်။
ဟုတ်ပေသည်။ ဤသည်မှာ တုပိုင် ပေးခဲ့ဖူးသမျှ ကတိများထဲတွင် အမိုက်မဲဆုံး ဖြစ်ပြီး ၊ ခိုင်လုံသော သက်သေပြစရာ တစ်ခုမျှ မရှိချေ။
ကျီယင်ယင်သည် တုပိုင်၏ မျက်နှာကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။ “စောစောက မင်း တုံ့ဆိုင်းနေခဲ့တယ်။ နောက်ဆုံးစကားအတွက် မင်းမှာ တခြားရွေးချယ်စရာ ရှိနေခဲ့တယ်ဆိုတာ ထင်ရှားတယ်။ အဲဒါ ဘာလဲ”
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် ခင်ဗျားကို အေးခဲထားဖို့ နည်းလမ်းရှာပေးနိုင်တယ်။ အဲဒီနည်းနဲ့ ဖြေရှင်းနည်း တွေ့တဲ့အချိန်ကျရင် ခင်ဗျားကို ရေခဲပြန်ဖျော်ပြီး အသက်ပြန်သွင်းပေးလို့ ရမယ်”
“မင်းက ဘာလို့ ဒီနောက်ဆုံးအခွင့်အရေးအတွက် အဲဒီစကားကို မရွေးချယ်ခဲ့တာလဲ”
တုပိုင်က ပြောလိုက်သည်။ “ဒီလူတွေကို ခင်ဗျားနဲ့အတူ အသေမခံစေချင်ဘူးလို့ ကျွန်တော် လောင်းကြေးထပ်လိုက်တာ။ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်ထက် ဒီလူတွေကို ပိုတန်ဖိုးထားမယ်လို့ ကျွန်တော် ယုံကြည်လိုက်တာပါ”
ကျီယင်ယင်က ဖြည်းညှင်းစွာ ပြောလိုက်၏။ “လူအများကြီး ငါ့ကို စည်းရုံးဖို့ ကြိုးစားခဲ့ကြဖူးတယ်။ အားလုံးက ငါ့အတွက် ဘာလုပ်ပေးမယ် ၊ ညာလုပ်ပေးမယ် ၊ ငါ့ကို ဘယ်လိုကူညီကုသပေးမယ်လို့ ပြောခဲ့ကြတယ်။ မင်း တစ်ယောက်တည်းပဲ ခြွင်းချက်အနေနဲ့ ငါ့ကလေးစစ်သည်တွေကို လွတ်မြောက်စေချင်တယ် ၊ ကယ်တင်ချင်တယ်လို့ ပြောခဲ့တဲ့ အရူးကောင်ပဲ”
ထို့နောက် ကျီယင်ယင်က မေးလိုက်သည်။ “မင်းရဲ့ ရာထူးက ဘာလဲ”
တုပိုင်က ပြောလိုက်သည်။ “အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ယာယီတပ်မှူးငယ်ပါ”
ကျီယင်ယင် မျက်နှာမဲ့သွားသည်။ “ရာထူးလေးက သေးလိုက်တာ”
ထို့နောက် သူမသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။ “မင်း နိုင်သွားပြီ။ ဒီ ကောင်းကင်မိစ္ဆာစစ်တပ်က မင်းအပိုင်ပဲ။ သူတို့ကို ငါနဲ့အတူ အသေမခံစေချင်ဘူး”
တုပိုင်၏ စိတ်နှလုံး လှုပ်ရှားသွားရသည်။ သူ့အတွက် ပထမဆုံး စစ်တပ်ကို ရရှိခဲ့ပြီ ဖြစ်သည်။ ပြန်လည်တိုက်ခိုက်ရမည့် အချိန်ရောက်ပြီ ဖြစ်သလို ၊ စနစ်ကို ဆုံးဖြတ်ချက်ချဖို့ ဖိအားပေးရမည့် အချိန် ရောက်လာပြီ ဖြစ်သည်။
“ပြီးတော့ မင်းပြောတာ မှန်တယ် ၊ ငါ့မှာ အသက်ရှင်ဖို့ တစ်နှစ်ကျော်လောက်ပဲ အချိန်ကျန်တော့တယ်” ကျီယင်ယင်က သက်ပြင်းချကာ ပြောလိုက်၏။ “ဒီတစ်နှစ်အတွင်းမှာ ငါက သာမန်မိန်းကလေးငယ်လေးတစ်ယောက်လို ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝကို ဖြတ်သန်းချင်တယ်”
သူမက ရွှေရောင်လွှမ်းနေသော ခမ်းနားထည်ဝါသည့် အခန်းကို မော့ကြည့်လိုက်ပြီး ပြောလိုက်၏။ “ဒါတွေအားလုံးကို မိုမိသားစုက ငါ့အတွက် ပြင်ဆင်ပေးခဲ့တာ။ နောက်ပိုင်းမှာ လီမိသားစုက ထပ်ဖြည့်စွက်ပေးခဲ့တာပေါ့။ ဒါပေမဲ့ ဒါတွေက ငါလိုချင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ လီမိသားစုက ငါ့ကို လုံးဝ ဂရုမစိုက်တော့ဘူး။”
“ငါ့ကို လက်နက်ချဖို့ လာပြီး စည်းရုံးတဲ့လူ မရှိတာ အတော်ကို ကြာခဲ့ပြီ။ ကောင်းကင်ဘုံက ငါ့မှာ မရှိခဲ့ဖူးတဲ့ ကလေးဘဝကို အစားပြန်ပေးဖို့ ၊ ပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ပေးဖို့အတွက် ငါ့ကို ကလေးဘဝဆီ ပြန်ရောက်သွားစေခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်”
ထို့နောက် သူမ၏ အသံသည် ၈ နှစ် ၉ နှစ်အရွယ် သာမန်မိန်းကလေးတစ်ဦး၏ အသံအဖြစ် လုံးဝ ပြောင်းလဲသွားပြီး ပြောလိုက်လေသည်။ “ဒီနေ့ကစပြီး ငါက သာမန်မိန်းကလေးတစ်ယောက်ပဲ။ ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် မဟုတ်တော့ဘူး”
ဤအချက်သည် တုပိုင် သူမကို စည်းရုံးနိုင်ခဲ့သည့် အကြောင်းရင်း ဖြစ်ပေသည်။ လူတစ်ယောက် သေခါနီးပြီဆိုလျှင် သူတို့၏ အတွေးများ ပြောင်းလဲတတ်ကြစမြဲ ဖြစ်၏။ ယခုအချိန်တွင် ကျီယင်ယင်သည် သူမဘဝ၏ နောင်တများကို ပြန်လည်အစားထိုးရန်အတွက် ဤနောက်ဆုံးအဆင့် ဘဝခရီးလမ်းကို ကောင်းမွန်စွာ ဖြတ်သန်းချင်ရုံသာ ရှိတော့သည်။
ထို့အပြင် သူမ လက်မလွှတ်နိုင်သော တစ်ခုတည်းသော အရာမှာ ဤ ကလေးစစ်သည် ရာဂဏန်းသာ ဖြစ်သည်။ လွန်ခဲ့သော နှစ် ၂၀ က ဤ ကောင်းကင်မိစ္ဆာစစ်တပ်ဝင်များသည် သူမအတွက် ကိရိယာတန်ဆာပလာများ သက်သက်သာ ဖြစ်ခဲ့သော်လည်း ၊ ယခုအခါတွင် သူမသည် ၈ နှစ် ၉ နှစ်အရွယ် ကလေးတစ်ယောက် ဖြစ်နေသည့်တိုင် သူတို့သည် သူမ၏ တစ်ခုတည်းသော စိုးရိမ်ပူပန်မှု ၊ သူမ၏ ကလေးများ ဖြစ်လာကြ၏။
ဤ ကောင်းကင်မိစ္ဆာ ကလေးစစ်သည် ရာပေါင်းများစွာသည် စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေကြသူများ ဖြစ်ကြသည်။ ထိုအချိန်က ကောင်းကင်မိစ္ဆာဂိုဏ်းသည် မိဘမဲ့ကလေး အများအပြားကို အထူးတလည် ရှာဖွေခဲ့ပြီး ၊ ငယ်စဉ်ကတည်းက ဦးနှောက်ဆေးကြောကာ ဂိုဏ်းချုပ် ကျီယင်ယင်အပေါ် သစ္စာရှိရန်နှင့် တိုက်ခိုက်ရန်မှလွဲ၍ အခြားဘာကိုမျှ နားမလည်ကြသူများ ဖြစ်သည်။
သူတို့ ဆယ်ကျော်သက်အရွယ် ရောက်သောအခါ ကျီယင်ယင်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။ ကျောက်နက်ကမ်းပါး ထောင်ထဲတွင် ဆယ်စုနှစ်တစ်ခုကျော် အကျဉ်းချခံထားရပြီးနောက် သူတို့၏ စိတ်ပိုင်းဆိုင်ရာသည် ပို၍ပင် ဆိုးရွားလာကြသည်။
ကျီယင်ယင် သေဆုံးပြီးနောက် ဤလူများအတွက် အဆုံးသတ် ရလဒ် နှစ်ခုသာ ရှိနိုင်သည်။ အဖြစ်နိုင်ဆုံးမှာ အားလုံးက သူမနှင့်အတူ လိုက်ပါအသေခံကြမည့် အချက်ဖြစ်သည်။ ဒုတိယ ဖြစ်နိုင်ခြေမှာ သူတို့သည် ပြင်ပကမ္ဘာသို့ ရောက်ရှိသွားပြီး သတ်ဖြတ်ခြင်းနတ်ဆိုးများ ဖြစ်လာကာ ၊ ထို့နောက် ပိုမိုဆိုးရွားစွာ သေဆုံးသွားကြလိမ့်မည်။
ဤလူအုပ်စုတွင် ခေါင်းဆောင်တစ်ယောက် ရှိကိုရှိရမည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မစဉ်းစားတတ်ကြ ၊ အမိန့်နာခံခြင်းကိုသာ ပြုလုပ်တတ်ကြသောကြောင့် ဖြစ်သည်။ တုပိုင်သည် ရင့်ကျက်မှု မရှိသေးသလို ၊ ရာထူးလည်း မမြင့်မားလှပေ။ ကောင်းမွန်သော ကမ်းလှမ်းချက်များ သို့မဟုတ် ကတိများကိုလည်း မပေးနိုင်ချေ။
သို့သော် ကျီယင်ယင်၏ အမြင်တွင်မူ သူသည် ဤကလေးစစ်သည်များအတွက် အကောင်းဆုံး သခင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လုံလောက်သော အပြစ်ကင်းစင်မှု ရှိသောကြောင့်ပင်။
အပိုင်း ၃၂၇ ပြီး။