← Chapters

အခန်း (၃၂၈)

Vol. 33 Ch. 328

အခန်း (၃၂၈)

Vol. 33 Ch. 328

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၂၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ကျီယင်ယင်က သူမ၏ လက်သေးသေးလေးကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက်သည်။ “အစ်ကိုကြီးတုပိုင် ၊ ငါ့လက်ကို ကိုင်ထား”

တုပိုင် အနည်းငယ် တုန်လှုပ်သွားပြီး ပြောလိုက်သည်။ “အနည်းဆုံးတော့ ငါ့ကို အဝတ်အစားလေး ဘာလေး ပေးပါဦးဟ။”

၉ နှစ်အရွယ်လိုလီလေး တစ်ယောက်၏ လက်ကို ဖင်တုံးလုံးနှင် ကိုင်ထားရပါက ဦးရဲကြီးများက အိမ်တိုင်ရာအရောက် လာဖမ်းကြပေလိမ့်မည်။

ကောင်းကင်မိစ္ဆာဂိုဏ်း အစေခံမိန်းကလေးတစ်ဦးက အဝတ်အစားတစ်စုံ ယူလာပေးသည်။ တုပိုင် ဝတ်ဆင်ပြီးနောက် ကျီယင်ယင်၏ လက်သေးသေးလေးကို ကိုင်ကာ အပြင်သို့ လျှောက်ထွက်လာခဲ့ကြသည်။

“မီးတုတ်တွေ ထွန်းလိုက်”

မီးတုတ်များအားလုံး လင်းထိန်သွားသည်။ တုပိုင်သည် ဤ ကောင်းကင်မိစ္ဆာဂိုဏ်း ကလေးစစ်သည်များကို မြင်လိုက်ရ၏။ သူတို့သည် ကလေးများ မဟုတ်ကြတော့ပေ။ အားလုံးက အသက် ၃၀ အရွယ်များ ဖြစ်နေကြလေ၏။ မှောင်မိုက်နေသော နေရာ၌ သူတို့သည် အလွန်ကြောက်မက်ဖွယ် ကောင်းနေပြီး မျက်လုံးများက တောရိုင်းသားရဲများကဲ့သို့ အစိမ်းရောင် တောက်လောင်နေသည်။

ဤသည်မှာ သူတို့ ငယ်စဉ်ကတည်းက သောက်သုံးခဲ့ရသော ဆေးဝါးတစ်ခု၏ ဘေးထွက်ဆိုးကျိုး ဖြစ်သည်။ ထိုဆေးသည် နာကျင်မှုကို ထုံထိုင်းစေနိုင်ပြီး စစ်မြေပြင်တွင် နာကျင်မှုကို လုံးဝ မသိရှိစေသော်လည်း ၊ သူတို့၏ မျက်လုံးများကို ကြောင်မျက်လုံးအရောင်ကဲ့သို့ ပြောင်းလဲသွားစေသည်။

သို့သော် မီးရောင်က သူတို့အပေါ် လင်းလက်သွားသောအခါ တုပိုင်သည် လုံးဝ ကွဲပြားခြားနားသော လူအုပ်စုတစ်စုကို မြင်တွေ့လိုက်ရသည်။ သူတို့သည် သားရဲများနှင့် လုံးဝ မတူတော့ဘဲ ၊ တိတ်ဆိတ်ငြိမ်သက်ပြီး သိမ်မွေ့သော ပုံစံရှိကြသည်။

လူတိုင်း ပိန်ပါးနေကြသော်လည်း ၊ လူတိုင်းက သန်မာပြီး ကြွက်သားများဖြင့် ပြည့်နှက်နေကာ ခန္ဓာကိုယ်များက သံမဏိကဲ့သို့ဖြစ်၏။ သူတို့အားလုံးသည် ဉာဏ်ရည်မသန်စွမ်းသော အော်တစ်ဇင် ဝေဒနာရှင်များနှင့် တူနေကြသည်။

အကျဉ်းထောင်ထဲတွင် ရောက်နေသည့်တိုင် သူတို့သည် နေ့စဉ် စေ့စပ်သေချာသော ဘဝကို ဆက်လက်ဖြတ်သန်းနေကြပြီး ၊ ကောင်းကင်မိစ္ဆာဂိုဏ်းတွင် ရှိစဉ်ကနှင့် ဘာမျှ မခြားနားပေ။ ဘယ်အချိန် အိပ်ရမည် ၊ ဘယ်အချိန် ထရမည် ၊ ဘယ်အချိန် စားရမည် ၊ ဘယ်အချိန် ကျင့်ကြံရမည်။

ကောင်းကင်မိစ္ဆာဂိုဏ်းသည် သူတို့ကို သိုင်းပညာရှင်များဟု ခေါ်ဆိုခြင်းထက် လက်ရွေးစင် စစ်တပ်တစ်ပ်အဖြစ် လေ့ကျင့်ပေးထားခြင်း ဖြစ်သည်။ သိုင်းပညာရှင်များသည် တစ်ဦးချင်း တိုက်ခိုက်ရာတွင် အစွမ်းထက်သော်လည်း စစ်မြေပြင်တွင်မူ စုပေါင်းအင်အားသည်သာ အမှန်တကယ် အကြီးမားဆုံး ဖြစ်သည်။

ကောင်းကင်မိစ္ဆာ ကလေးစစ်သည်များသည် စက်ရုပ်များကဲ့သို့သော သံမဏိစစ်တပ်တစ်ခု ဖြစ်သည်။ သူတို့သည် ဆေးဝါးများ ၊ စည်းကမ်းများနှင့် ဆိုးရွားလွန်းသော ဦးနှောက်ဆေးကြောခြင်း နည်းလမ်းများဖြင့် လေ့ကျင့်ထားသော သံမဏိစစ်တပ် ဖြစ်သည်။ ဆယ်စုနှစ်တစ်ခုကျော် အကျဉ်းချခံထားရသော်လည်း သူတို့သည် ညစ်ပတ်ခြင်း အလျဉ်းမရှိပေ။ ဆံပင်မှသည် လက်သည်းခြေသည်းများအထိ အရာအားလုံး သန့်ရှင်းသပ်ရပ်နေသည်။

တုပိုင်နှင့်အဖွဲ့ ရုတ်တရက် ရောက်ရှိလာခြင်း ဖြစ်ပြီး ပြင်ဆင်ချိန် မရှိသော်လည်း ၊ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤလူများသည် စားသောက်နေစဉ် ၊ လေ့ကျင့်နေစဉ် သို့မဟုတ် ရေချိုးနေစဉ် အချိန်တိုင်းတွင် စစ်ရေးပြတန်းစီထားသကဲ့သို့ ညီညာစွာ ရှိနေကြကြောင်း တွေ့ရသည်။

ထို့အပြင် သူတို့၏ မျက်လုံးများသည် ထုံထိုင်းနေပြီး မည်သည့် ခံစားချက်မျှ မရှိသလောက်ပင်။ သို့သော် ကျီယင်ယင် ပေါ်လာသောအခါ သူတို့၏ မျက်လုံးများက ချက်ချင်းပင် ယုံကြည်ကိုးကွယ်မှုဖြင့် အရူးအမူး ဖြစ်သွားကြသည်။ ရာပေါင်းများစွာသော လူများသည် လူတစ်ယောက်တည်းကဲ့သို့ ချက်ချင်းပင် ပြိုင်တူ ဒူးထောက်လိုက်ကြသည်။

“သခင်ကို ဂါရဝပြုပါတယ်”

သူတို့သည် ၃ နှစ် ၄ နှစ် အရွယ်ကတည်းက ကောင်းကင်မိစ္ဆာဂိုဏ်းသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရပြီး နေ့စဉ် ဦးနှောက်ဆေးကြောခံခဲ့ရသဖြင့် ၊ သူတို့၏ ကမ္ဘာကြီးထဲတွင် သခင် ကျီယင်ယင် ဆိုသော လူတစ်ယောက်တည်းသာ ရှိတော့သည်။ သူတို့ဘဝတွင် တာဝန်တစ်ခုတည်းသာ ရှိသည်။ သခင်အတွက် တိုက်ခိုက်ရန် ၊ သခင်အတွက် အသက်ရှင်ရန်နှင့် သခင်အတွက် သေဆုံးရန် ဖြစ်သည်။

ဤလူများတွင် မုတ်ဆိတ်မွှေး မရှိကြသည်ကို တုပိုင် သတိထားမိလိုက်သည်။ ဆိုလိုရင်းမှာ တစ်ခုတည်းသာ ရှိသည်။ ဤလူအားလုံး သင်းကွပ်ခံထားရပြီး သူတို့၏ ဝှေးစေ့များ ထုတ်ယူခံထားရခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဆန္ဒများသည် လူကို အာရုံလွင့်ပါးစေပြီး လောဘကြီးစေကာ တိုက်ခိုက်နိုင်စွမ်းကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။ ဤကောင်းကင်မိစ္ဆာကလေးစစ်သည်များသည် စစ်ပွဲအတွက် ယန္တရားများအဖြစ် မွေးဖွားလာကြသူများ ဖြစ်သည်။

ကံကောင်းသည်မှာ ကျီယင်ယင်၏ ကလေးစစ်သည် စီမံကိန်းသည် ထိုအချိန်ကမှ စတင်ခဲ့ခြင်းဖြစ်ပြီး ၊ သူမအနေဖြင့် လူအများအပြားကို ပြုစုပျိုးထောင်ရန် သို့မဟုတ် သူတို့ကို ကြီးပြင်းခွင့်ပေးရန် အခွင့်အရေး မရခဲ့ခြင်းပင်။

သို့မဟုတ်ပါက နောက်ထပ် ဆယ်စုနှစ်တစ်ခုလောက်သာ ကြာသွားခဲ့လျှင် ကျီယင်ယင်၏ လက်ထဲတွင် ကောင်းကင်မိစ္ဆာသွေးစစ်သည် ထောင်သောင်းချီ ရှိနေမည်ဆိုပါက အကျိုးဆက်များမှာ မည်သို့ ဖြစ်လာမည်နည်း။ ထိုအရာက အနောက်တောင်ပိုင်းဒေသ တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီး ကောင်းကင်မိစ္ဆာ အင်ပါယာတစ်ခု တည်ထောင်နိုင်မည့် အနေအထား ဖြစ်ပေလိမ့်မည်။

တုပိုင် အမြန် ရေတွက်ကြည့်လိုက်ရာ ကောင်းကင်မိစ္ဆာစစ်သည် ခြောက်ရာခန့် ရှိသည်။ သူ မြင်ရတာ မှားနေသလား မသိသော်လည်း သူတို့၏ ရုပ်ရည်များသည် အတော်လေး ဆင်တူသည်ဟုပင် ခံစားမိလိုက်သည်။

ခြောက်ရာဆိုသည်မှာ မများလွန်းသော်လည်း လုံလောက်သော ပမာဏ ဖြစ်သည်။ ရေစက်ပါပေသည်။ ဤလူတွေသည် သင်းအကွပ်ခံထားကြရပြီး အဆုံးသတ်တွင်တော့ မိန်းမစိုးဂိုဏ်းဝင်ဖြစ်သည့် တုပိုင်နဲ့ လာဆုံတွေ့ကြရလေ၏။

ကျီယင်ယင်က တုပိုင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ “ဒီနေ့ကစပြီး သူက ငါ့ရဲ့ အစ်ကိုကြီးပဲ”

သူမသည် အသက် ၅၀ ကျော်နေပြီ ဖြစ်သော်လည်း ၈ နှစ် ၉ နှစ်အရွယ် မိန်းကလေးတစ်ယောက်လို ဖြစ်နေသောကြောင့် ဤစကားကို ပြောခြင်းမှာ ဘာမျှ မှားယွင်းခြင်း မရှိပေ။ ကျီယင်ယင်က ဆက်ပြောလိုက်သည်။ “ဒါကြောင့် ဒီနေ့ကစပြီး သူက မင်းတို့ရဲ့ သခင်လည်း ဖြစ်တယ်”

သိုင်းပညာရှင် ခြောက်ရာသည် တုပိုင်ကို ကြည့်ကာ ပြိုင်တူ ဒူးထောက်ပြီး ဦးခိုက်လျက် ပြောလိုက်ကြသည်။ “သခင်ကို ဂါရဝပြုပါတယ်”

လူခြောက်ရာ၏ လှုပ်ရှားမှုများက တစ်သားတည်း ဖြစ်နေသကဲ့သို့ ပြီးပြည့်စုံစွာ ထပ်တူကျနေသည်။ ထို့နောက် သူတို့သည် ခန္ဓာကိုယ်ကို မတ်လိုက်ကြပြီး တုပိုင်၏ မျက်နှာကို သေချာစွာ မှတ်သားထားလိုသည့်အလား ၊ တုပိုင်ကို သူတို့၏ စိတ်ထဲတွင် စွဲထင်သွားစေရန် ရည်ရွယ်သည့်အလား စိုက်ကြည့်နေကြသည်။

ဖမ်းဆီးခံရခြင်းက သူတို့အတွက် ကိစ္စကြီးမဟုတ်သော်လည်း ၊ ယခုအချိန်သည် သေချာပေါက် ကိစ္စကြီးတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ စိတ်ထဲတွင် နောက်ထပ်လူတစ်ယောက် ဝင်ရောက်လာတော့မည် ဖြစ်သောကြောင့်ပင်။ တုပိုင်ကို တစ်မိနစ်ခန့် စိုက်ကြည့်ပြီးနောက် သူတို့ လုံးဝ မှတ်သားပြီးသွားပြီဖြစ်လေ၏။

တုပိုင်ကိုကြည့်သည့် သူတို့၏ အကြည့်များ ပြန်လည်ပြောင်းလဲသွားကာ ၊ ကျီယင်ယင်အပေါ် ထားရှိသကဲ့သို့ မဟုတ်သော်လည်း ယုံကြည်ကိုးကွယ်မှုဖြင့် အရူးအမူး ဖြစ်လာကြသည်။

သူတို့၏ စိတ်နှလုံးထဲတွင် ရှင်းလင်းစွာ ခွဲခြားထားပြီး ဖြစ်ပေလိမ့်မည်။ ပထမသခင် ကျီယင်ယင်သည် အမြင့်ဆုံးအာဏာကို ကိုင်စွဲထားပြီး ၊ တုပိုင်သည် ဒုတိယအာဏာကိုသာ ကိုင်စွဲနိုင်ပေသည်။ ပထမနှင့် ဒုတိယ အာဏာပိုင်များအကြား ပဋိပက္ခ ဖြစ်ပွားလာပါက ပထမသခင်၏ ဆန္ဒသည်သာ အဓိက ဖြစ်ပေလိမ့်မည်။

“ကျီယိ ၊ ကျီအော့ ၊ ကျီဆန်း ၊ ကျီစွတ် ၊ ကျီဝူ ၊ ကျီလျို့… ထွက်ခဲ့ကြစမ်း”

ချက်ချင်းပင် ကောင်းကင်မိစ္ဆာ သွေးစစ်သည် ခြောက်ဦး ရှေ့ထွက်လာပြီး တန်းစီလိုက်ကြသည်။

ကျီယင်ယင်က ပြောလိုက်၏။ “ဒီခြောက်ယောက်က ဒီသွေးစစ်တပ်ရဲ့ တပ်မှူးငယ်တွေပဲ။ အားလုံးက အဆင့် ၄ သိုင်းပညာရှင်တွေ ဖြစ်ပြီး စစ်မြေပြင် အတွေ့အကြုံ မြင့်မားသလို ၊ စစ်ရေးကျမ်းစာ အများအပြားကို ဖတ်ရှုထားပြီး စစ်မြေပြင် တိုက်ခိုက်ရေး အစီအရင်တွေကို အလွန်ကျွမ်းကျင်ကြတယ်”

စစ်မြေပြင် အရာရှိများအတွက် အဆင့် ၄ သိုင်းပညာရှင် ဖြစ်ရုံနှင့် လုံလောက်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အတွင်းအားအပေါ် မှီခိုပြီး တိုက်ခိုက်ခြင်းထက် ရုပ်ပိုင်းဆိုင်ရာ ခွန်အားအပေါ် အားပြုပြီး သတ်ဖြတ်ခြင်းကို ပို၍ လုပ်ဆောင်ရသောကြောင့် ဖြစ်၏။

အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်တို့သည် ဓားချက် အနည်းငယ်လောက်သာ ခံနိုင်ရည်ရှိပြီး ၊ စစ်မြေပြင်တွင်မူ ရာနှင့်ချီ ၊ ထောင်နှင့်ချီသော ဓားချက်များကို ခုတ်ပိုင်းရလေ့ရှိသည်။

ထို့ကြောင့် သိုင်းပညာ မည်မျှပင် မြင့်မားပါစေ ၊ ဆရာသခင်အဆင့် ကျွမ်းကျင်သူ ဖြစ်နေပါစေဦး ၊ ရွှမ်းချီနှင့် အတွင်းအား ကုန်ခမ်းသွားသည်နှင့် စစ်သည်တစ်စုက ဝိုင်း၍ သတ်ဖြတ်နိုင်ပေသည်။

“ဒီနေ့ကစပြီး ငါ အမိန့်ပေးတော့မှာ မဟုတ်ဘူး။ ငါက ပျော်ရွှင်စရာကောင်းတဲ့ ကလေးမလေးတစ်ယောက်ပဲ လုပ်ချင်တော့တယ်” ကျီယင်ယင်က ပြုံးလျက် ပြောလိုက်သည်။ “မင်းရဲ့ ပထမဆုံးအမိန့်ကို စတင် ပေးလိုက်ပါတော့”

တုပိုင်သည် ကောင်းကင်မိစ္ဆာ သွေးစစ်သည် ခြောက်ရာကို ကြည့်ပြီး ပြောလိုက်သည်။ “ထောင်ဖောက်ထွက်မယ်”

“အမိန့်အတိုင်းပါ”

**--**--**--**--**--**--**--**

နာရီဝက်ခန့် ကြာပြီးနောက် တုပိုင်သည် ကောင်းကင်မိစ္ဆာ သွေးစစ်သည် ခြောက်ရာနှင့်အတူ ထောင်ဖောက်ထွက်ခြင်း အောင်မြင်သွားလေသည်။

ရေထဲမှ ပေါ်လာပြီးနောက် လူခြောက်ရာသည် မြေပြင်ပေါ်၌ ချက်ချင်း တန်းစီလိုက်ကြသည်။ လူနှစ်ယောက်ထက် ပိုနေသမျှ ကာလပတ်လုံး သူတို့သည် သပ်ရပ်စွာ တန်းစီနေတတ်ကြသည်။ ထိုနေရာတွင် စောင့်ဆိုင်းနေကြသော ကျီပြောင်ပြောင် ၊ မိုယဲ့နှင့် အခြားသူများသည် ထိုအရာအားလုံးကို အလွန်အံ့သြ ဝမ်းသာစွာဖြင့် ကြည့်နေကြသည်။

လွန်ခဲ့သော တစ်နာရီသည် သူတို့အတွက် အလွန်ကြာရှည်ပြီး နှလုံးမီးဟုန်းဟုန်း တောက်လောင်နေရသကဲ့သို့ ခံစားခဲ့ရသည်။ လျှို့ဝှက်လမ်းကြောင်းထဲသို့ ခုန်ဆင်းပြီး ကျောက်နက်ကမ်းပါး ထောင်ထဲ ဝင်ရောက်သွားချင်စိတ် ပေါက်ခဲ့သည့် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရှိခဲ့သော်လည်း ကျီပြောင်ပြောင်က တားဆီးထားခဲ့ခြင်း ဖြစ်သည်။

အကယ်၍သာ သူတို့ ထိုအချိန်က ကျောက်နက်ကမ်းပါး ထောင်ထဲ ဝင်ရောက်သွားခဲ့လျှင် တုပိုင်ကို ကူညီကယ်တင်ပေးနိုင်မည် မဟုတ်သည့်အပြင် ၊ တုပိုင်၏ အစီအစဉ်ကိုပါ ပျက်စီးသွားစေနိုင်သည်။

ယခုအခါ တုပိုင် အောင်မြင်စွာ ပြန်ရောက်လာပြီး ဤ ကောင်းကင်မိစ္ဆာ သွေးစစ်တပ်ကိုပါ ရရှိလာခဲ့သည်ကို မြင်လိုက်ရရာ သူတို့ မည်သို့ ပျော်ရွှင်အီဆိမ့်မသွားဘဲ နေနိုင်မည်နည်း။

ထို့အပြင် အကြွင်းအကျန် သွေးဂိုဏ်းမှ မိုမိသားစုဝင်များနှင့် ယှဉ်လျှင် ဤစစ်တပ်သည် အဆပေါင်းများစွာ ပိုမို အစွမ်းထက်ပေသည်။

ကောင်းကင်မိစ္ဆာ သွေးစစ်သည် ခြောက်ရာစလုံး စုရုံးပြီးနောက် တုပိုင် ဒုတိယအမိန့်ကို ပေးလိုက်သည်။ “ကျောက်နက်ကမ်းပါးထောင်ကို တိုက်ခိုက်မယ်။ လက်နက် ၊ သံချပ်ကာနဲ့ လေးမြှားတွေကို သိမ်းပိုက်ကြ”

“အမိန့်အတိုင်းပါ” တပ်မှူးငယ် ခြောက်ဦးက ပြန်ဖြေလိုက်ကြသည်။

သူတို့၏ ကွပ်ကဲမှုအောက်တွင် ဤ ကောင်းကင်မိစ္ဆာ သွေးစစ်သည် ခြောက်ရာသည် အစီအရင်ကို လျင်မြန်စွာ ပြောင်းလဲလိုက်ကြပြီး ၊ သပ်ရပ်သော စစ်ရေးပြ တန်းစီခြင်းပုံစံမှ ပြန့်ကျဲပြီး တိတ်ဆိတ်ငြိမ်သက်သော ဓားမြှောင်ပုံစံ အစီအရင်သို့ ပြောင်းလဲသွားကြသည်။

လူခြောက်ရာသည် ခါးကိုကိုင်းလျက် ကျောက်နက်ကမ်းပါး ထောင်၏ ဝင်ပေါက်ဆီသို့ လျင်မြန်စွာ တိုးကပ်သွားကြသည်။ နာရီဝက်အကြာတွင် တိုက်ပွဲ ပြီးဆုံးသွားလေ၏။

ကျောက်နက်ကမ်းပါး ထောင်မှ အစောင့် တစ်ရာကျော် အားလုံး လုံးဝ သတ်ဖြတ်ချေမှုန်းခံလိုက်ရပြီး ၊ သူတို့အများစုမှာ အိပ်ပျော်နေစဉ် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ကောင်းကင်မိစ္ဆာ သွေးစစ်သည် ခြောက်ရာအနက် လူတစ်ရာကျော်လောက်သာ လက်နက်များ ရရှိထားကြသေးသည်။

“ပိုင်ဆယ်မြို့ထဲ ဝင်မယ်။ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးကို ပြန်လည်သိမ်းပိုက်မယ် ၊ သစ္စာဖောက် ကျန်းရှောင်ကို သတ်မယ်”

ထို့အပြင် ပိုင်ဆယ်မြို့အတွင်း၌ လီဝမ်ဟွေ့ နှစ်ပေါင်းများစွာ တည်ထောင်ထားခဲ့သော လျှို့ဝှက်စခန်း အများအပြားတွင် ယူနီဖောင်းများ ၊ လက်နက်များနှင့် ဒူးလေးအများအပြားကို ဝှက်ထားလျက် ရှိသေးသည်။

အာရုဏ်တက်တော့မည် ဖြစ်လေ၏။

**--**--**--**--**--**--**--**

အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး အဟောင်း အတွင်း၌ ဖြစ်သည်။ သစ္စာဖောက် တပ်ရင်းမှူး ကျန်းရှောင်သည် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။

တုပိုင်နှင့် အဖွဲ့ကို ဆက်လက်ရှာဖွေနေသော်လည်း မည်သည့်ရလဒ်မှ မရရှိသလောက်ပင်။ အမှန်တကယ်တော့ လုံးဝ အရာမထင်သည်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ တုပိုင်၏ ကြံရာပါ နှစ်ဦးကို ဖမ်းဆီးရမိထားသည်။

ချန်ဖိန်သည် ခြေထောက်ကျိုးနေပြီး ၊ ကျန်းယွီလွန်းမှာမူ သိုင်းမတတ်သူ ဖြစ်သည်။ ထိုနှစ်ဦးသည် လူစုကွဲကျန်ရစ်ခဲ့ပြီး ပိုင်ဆယ်မြို့အတွင်းရှိ အရှေ့ဘက်ကွပ်ကဲရေးရုံး စခန်းတစ်ခုတွင် ပုန်းအောင်းနေခဲ့ကြခြင်း ဖြစ်သည်။

မည်သူကမျှ သူတို့ကို သစ္စာဖောက်ခြင်း မဟုတ်ဘဲ ၊ ကြီးမားသော ရှာဖွေမှုများကို မရှောင်တိမ်းနိုင်တော့ဘဲ ကျန်းရှောင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

ယခုအချိန်တွင် ထိုနှစ်ဦးစလုံးသည် သစ်သားတိုင်များတွင် ကြိုးတုပ်ခံထားရပြီး ၊ သူတို့၏ အောက်တွင် ထင်းပုံများ ပုံထားလေသည်။

“ဖြောင်းးး ဖြောင်းးး ဖြောင်းးး ဖြောင်းးး”

ကျန်းရှောင် ကိုယ်တိုင် ထိုနှစ်ဦးကို ကြိမ်ဒဏ် ဒါဇင်နှင့်ချီ ရိုက်နှက်ခဲ့ရာ သူတို့၏ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့် ပြည့်နှက်သွားတော့သည်။ ခြေထောက်ကျိုးနေသော ချန်ဖိန်ဆိုလျှင် ရိုက်နှက်ခံရမှုကြောင့် သတိလစ်မေ့မြောသွားခဲ့ရသည်။ ရိုးရိုးသားသား ပြောရလျှင် ကျန်းရှောင် ကိုယ်တိုင်လည်း သူ အဘယ်ကြောင့် ဤမျှလောက် ဒေါသထွက်နေရသလဲ ဆိုတာကို မသိပေ။

အကြောင်းပြချက် ရေရေရာရာ မရှိပေ။ တုပိုင်က ထွက်ပြေးသွားခဲ့ပြီဖြစ်ပြီး သူကလည်း အရှေ့ဘက်ကွပ်ကဲရေး တပ်ရင်းမှူးရုံးဟောင်းကို သိမ်းပိုက်ပြီးပြီ ဖြစ်သည်။ တုပိုင်မှာ လမ်းဘေးခွေးပမာ ဖြစ်သွားပြီး သူကမူ အောင်နိုင်သူ ဖြစ်နေချေပြီ။ သို့သော် ဤအခြေအနေကို သူ အဘယ်ကြောင့် ဒေါသထွက်နေရသနည်း။ မနာလိုဝန်တိုမှုကြောင့်လော။ မဟုတ်သေးပေ…။

သူ့အမြင်တွင် တုပိုင်သည် တန်ဖိုးမဲ့သော အခွင့်အရေးသမား သက်သက်သာ ဖြစ်သည်။ သို့သော် အကြောင်းရင်းမရှိဘဲ ဒေါသများ ဖြစ်ပေါ်နေမိပြီး တုပိုင်ကို အပိုင်းပိုင်းဆုတ်ဖြဲကာ အရိုးများကို အမှုန့်ကြိတ်ပစ်ချင်စိတ်များသာ လွှမ်းမိုးနေတော့သည်။

ရုတ်တရက် သူသည် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး အဟောင်း၏ အမြင့်ဆုံးနေရာသို့ တက်သွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

“တုပိုင်… လူပြက်ကောင် ထွက်ခဲ့စမ်း” ကျန်းရှောင်က ဟိန်းဟောက်လိုက်သည်။ “လာကြည့်စမ်း… ဒါတွေက မင်းရဲ့ နောက်လိုက်ခွေးနှစ်ကောင်ပဲ။ အခု ငါ့ရဲ့ နှိပ်စက်တာကို ခံနေရပြီ။ သခင်တစ်ယောက်အနေနဲ့ မင်းက ကိုယ့်လက်အောက်ငယ်သားကိုတောင် မကာကွယ်နိုင်ဘူး။ မင်းက ဘာကောင်မို့လို့လဲ။ လူပြက်သက်သက်ပဲ”

“လီဝမ်ဟွေ့က မင်းကို မွေးစားသားအဖြစ် လက်ခံလိုက်တာ မျက်လုံးကန်းနေလို့ ဖြစ်ရမယ်”

“တုပိုင်… မင်းလို လူပြက်ကောင်က ကိုယ့်ကိုယ်ကိုယ် တကယ် အထင်ကြီးလွန်းနေတာပဲ။ ပိုင်ဆယ်စီရင်စုကိုတောင် လာရဲသေးတယ်။ ပြီးတော့ လူနည်းနည်းလေးနဲ့ လာတယ်ပေါ့လေ။ လီဝမ်ဟွေ့က မင်းလို လူပြက်ကောင်ကို ပိုင်ဆယ်စီရင်စုဆီ လွှတ်လိုက်တာ လုံးဝကို စိတ်ကူးယဉ် အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်”

“မင်းလို အရည်အချင်းမျိုးနဲ့က ငါ့ဖိနပ်ကို သယ်ပေးဖို့တောင် မထိုက်တန်ဘူး။ ဒါကို ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ သခင်လေး ဖြစ်ချင်နေတယ်ပေါ့။ ဟားဟားဟားဟား… ရယ်စရာကောင်းလိုက်တာကွာ”

“တုပိုင်… လူပြက်ကောင်… မင်းက ပုန်းအောင်းပြီး ခိုးကြောင်ခိုးဝှက်ပဲ လုပ်တတ်တာလား။ မင်းရဲ့ ဝှေးစေ့တွေ သင်းကွပ်ခံထားရလို့ မင်းရဲ့ သတ္တိတွေပါ သင်းကွပ်ခံလိုက်ရပြီလား”

“လူပြက်ကောင်… မင်းရဲ့ နောက်လိုက်ခွေး နှစ်ကောင်တော့ ငါ့လက်ချက်နဲ့ သေတော့မယ်”

ရုတ်တရက် သူ လက်ဝှေ့ယမ်းပြလိုက်ရာ ချက်ချင်းပင် သစ္စာဖောက် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်တစ်ဦးက မီးတုတ်ကို ကိုင်လျက် သစ်သားတိုင်များဆီသို့ လျှောက်သွားလိုက်သည်။

အမိန့်တစ်ခွန်း ပေးလိုက်ရုံဖြင့် သူက ထင်းပုံကို မီးရှို့လိုက်မည်ဖြစ်ပြီး ၊ ချန်ဖိန်နှင့် ကျန်းယွီလွန်းကို မီးသွေးတုံးဖြစ်အောင် တိုက်ရိုက် လောင်ကျွမ်းစေတော့မည် ဖြစ်သည်။

အပိုင်း ၃၂၈ ပြီး။

All Chapters